News @ M-Media

Tag: UAE

  • ယူအေအီးနှင့် ဘာရိန်းတို့ တရားမျှတမှုနှင့် ငြိမ်းချမ်းရေးကို ချိုးဖောက်ခဲ့သည်ဟု အဘတ်စ်ပြော

    ယူအေအီးနှင့် ဘာရိန်းတို့ တရားမျှတမှုနှင့် ငြိမ်းချမ်းရေးကို ချိုးဖောက်ခဲ့သည်ဟု အဘတ်စ်ပြော

    စက်တင်ဘာ ၂၆၊ ၂၀၂၀
    M-Media

    -အစ္စရေးနဲ့ ဆက်ဆံရေးတည်ဆောက်ခဲ့တဲ့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နဲ့ ဘာရိန်းတို့ရဲ့လုပ်ရပ်ကို ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်က ကုလသမဂ္ဂမိန့်ခွန်းမှာ ဝေဖန်ရှုတ်ချလိုက်ပြီး နိုင်ငံတကာ ဥပဒေအောက်မှာ တရားမျှတပြီး ရေရှည်တည်တံ့မယ့် အဖြေတစ်ခု ပေါ်ပေါက်လာရေးကို ဆန့်ကျင် ချိုးဖောက်လိုက်တာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အွန်လိုင်းကတစ်ဆင့် ပြုလုပ်နေတဲ့ ၇၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မနေ့က အဘတ်စ်ဟာ မိန့်ခွန်းပြောခဲ့ပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပေါ်လာရေးအတွက် နိုင်ငံတကာညီလာခံတစ်ခု လာမယ့်နှစ်စောပိုင်းမှာ ခေါ်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    “နိုင်ငံတကာဥပဒေကို အခြေခံပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စတင်ရေး အာဏာအပြည့်အ၀ ရှိနိုင်မယ့် ညီလာခံမျိုးပါ။ ကျူးကျော်သိမ်းပိုက်မှုတွေကို အဆုံးသတ်ပြီး ပါလက်စတိုင်းတွေ မိမိတို့ရဲ့ဇာတိမြေမှာ ၁၉၆၇ ခုနှစ်က နယ်နမိတ်အတိုင်း အရှေ့ဂျေရုစလင်ကို မြို့တော်အဖြစ်ထားကာ လွတ်လပ်တဲ့နိုင်ငံတစ်ခု ရရှိရေး၊ ဒုက္ခသည်ပြဿနာလို အရေးပါတဲ့ ကိစ္စတွေတွေအတွက် နောက်ဆုံးအဆင့် အဖြေထွက်ရေး ရည်ရွယ်တဲ့ ညီလာခံမျိုး ဖြစ်သင့်ပါတယ်”

    အခုနှစ်စောပိုင်းက ပါလက်စတိုင်း-အစ္စရေးပြဿနာဖြေရှင်းရေး အမေရိကန်က အဆိုပြုချက်တစ်ခု ထုတ်ပြန်ခဲ့ပေမယ့် ဒါကို ပါလက်စတိုင်းအာဏာပိုင်အဖွဲ့က လက်မခံပါဘူး။ ဒီအဆိုပြုချက်ဟာ အစ္စရေးကို လုံးလုံးလျားလျား အသာပေးထားတယ်လို့ဆိုကာ အမေရိကန်၊ အစ္စရေးတို့နဲ့ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့က အဆက်အသွယ် ဖြတ်တောက်ခဲ့ပါတယ်။

    ကုလရဲ့ အရင်က ဆုံးဖြတ်ချက်တွေ၊ သဘောတူညီချက်တွေ၊ နှစ်ဖက် အပြန်အလှန် ငြိမ်းချမ်းရေးဆွေးနွေးမှု သဘောတူညီချက်တွေကို အခြေခံကာ ဒီပြဿနာကို ဖြေရှင်းဖို့လည်း ပါလက်စတိုင်းအာဏာပိုင်တွေက တိုက်တွန်းခဲ့ပါတယ်။

    စက်တင်ဘာ ၁၅ ရက်နေ့မှာ တရားဝင်လက်မှတ်ရေးထိုးပြီး အစ္စရေးနဲ့ ဆက်ဆံရေး ထူထောင်ခဲ့ကြတဲ့ ယူအေအီးနဲ့ ဘာရိန်တို့က သူတို့ရဲ့ ဆောင်ရွက်မှုဟာ ပါလက်စတိုင်းလွတ်မြောက်ရေးကို ပိုမိုအားထုတ် ကြိုးပမ်းပေးနိုင်ဖို့ ဖြစ်တယ်လို့ တုန့်ပြန်ပြောကြားခဲ့ပါတယ်။

    လွတ်လပ်ရေးဆိုတဲ့ မျှော်လင့်ချက်ကို ပါလက်စတိုင်းတွေ မရမချင်း ဒီပြဿနာကို ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့လည်း အဘတ်စ်က မနေ့မှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “ကျူးကျော်သိမ်းပိုက်မှုတွေ အဆုံးမသတ်ဘဲနဲ့ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ အတူယှဉ်တွဲနေထိုင်ရေးဆိုတာ ကျွန်တော်တို့ဒေသမှာ ရှိလာမှာ မဟုတ်ပါဘူး”

    Ref: Aljazeera

  • လာမည့် ၂ ရက်အတွင်း နောက်ထပ်အာရပ်နိုင်ငံတစ်ခု အစ္စရေးနှင့် ငြိမ်းချမ်းရေးလက်မှတ်ထိုးမည်

    လာမည့် ၂ ရက်အတွင်း နောက်ထပ်အာရပ်နိုင်ငံတစ်ခု အစ္စရေးနှင့် ငြိမ်းချမ်းရေးလက်မှတ်ထိုးမည်

    စက်တင်ဘာ ၂၄၊ ၂၀၂၀
    M-Media

    အစ္စရေး၊ အမေရိကန်၊ ဘာရိန်းနှင့် ယူအေအီးခေါင်းဆောင်များကို အိမ်ဖြူတော်တွင် တွေ့ရစဉ်

    -လာမယ့်တစ်ရက်၊ နှစ်ရက်အတွင်း နောက်ထပ်အာရပ်နိုင်ငံတစ်ခုဟာ အစ္စရေးနဲ့ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုတော့မယ်လို့ ကုလဆိုင်ရာ အမေရိကန်သံအမတ် ကီလီခရက်ဖ်က အလ်အာရေဗျ သတင်းဌာနကို ပြောကြားလိုက်ပါတယ်။

    အမေရိကန်ရဲ့ ကြားဝင်ညှိနှိုင်းမှုနဲ့အတူ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နဲ့ ဘာရိန်းနိုင်ငံတို့ဟာ ဩဂုတ်နဲ့ စက်တင်ဘာတွေမှာ အစ္စရေးနဲ့ ဆက်ဆံရေးထူထောင်ကြောင်းကြေငြာခဲ့ပါတယ်။ ဒါ့ကြောင့် အာရပ်နဲ့ မွတ်စလင်ကမ္ဘာမှာ အစ္စရေးနဲ့ တရားဝင် ဆက်ဆံရေးထူထောင်တဲ့ နိုင်ငံတွေဟာ အီဂျစ်၊ ဂျော်ဒန်တို့အပါအဝင် ၄ နိုင်ငံ ဖြစ်လာတာပါ။

    ပင်လယ်ကွေ့ဒေသက အိုမန်၊ အာဖရိကက မော်ရိုကိုနဲ့ ဆူဒန်တို့လည်း အစ္စရေးနဲ့ ဆက်ဆံရေးထူထောင်တော့မယ်လို့ သတင်းထွက်နေပါတယ်။

    အမေရိကန်သံအမတ် ကီလီခရက်ဖ်က မိမိတို့ရဲ့ အစီအစဉ်ဟာ ဒီလမ်းကြောင်းမှာ အခြားနိုင်ငံတွေ ပါဝင်လာရေးဖြစ်ပြီး လာမယ့်ရက်အနည်းငယ်အတွင်း နောက်ထပ် နိုင်ငံတစ်ခု အစ္စရေးနဲ့ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုတော့မယ်လို့ ဆိုပါတယ်။

    “အခြားနိုင်ငံတွေလည်း ဒီလမ်းစဉ်ကို လိုက်လာလိမ့်မယ်ဆိုတာ ကျွန်မ သိနေပါတယ်”

    ဆော်ဒီအာရေဗျနိုင်ငံကလည်း ဒီစာချုပ်မှာ လက်မှတ်ရေးထိုးမယ်လို့ မျှော်လင့်ကြောင်း ဘာရိန်း၊ ယူအေအီးနဲ့ အစ္စရေးတို့ရဲ့ စိတ်ဆန္ဒအမှန်ကို အီရန်က အမြတ်ထုတ်မှာကို မိမိတို့ ခွင့်ပြုမှာမဟုတ်ကြောင်း ခရက်ဖ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ယူအေအီးနဲ့ ဘာရိန်းတို့ရဲ့လုပ်ရပ်ကို အီရန်က ရှုတ်ချခဲ့ပြီး၊ ပါလက်စတိုင်း ခေါင်းဆောင်ပိုင်းနဲ့ ပြည်သူတွေကလည်း ဒီလုပ်ရပ်ဟာ နောက်ကျောကို ဓားနဲ့ထိုးတဲ့ လုပ်ရပ်မျိုးဖြစ်တယ်လို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။

    Ref: Alarabiya

  • အစ္စရေးအပေါ် စီးပွားရေး သပိတ်မှောက်ထားမှုကို ယူအေအီး ရုပ်သိမ်း

    အစ္စရေးအပေါ် စီးပွားရေး သပိတ်မှောက်ထားမှုကို ယူအေအီး ရုပ်သိမ်း

    ဩဂုတ် ၃၁၊ ၂၀၂၀
    M-Media

    -အစ္စရေးအပေါ် စီးပွားရေး သပိတ်မှောက်ထားမှုကို အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) က ဖယ်ရှားလိုက်ပြီး နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ ဘဏ္ဏာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နိုင်တော့မှာ ဖြစ်ပါတယ်။

    ယူအေအီးနဲ၌ အစ္စရေးတို့ဟာ အမေရိကန်ရဲ့ ညှိနှိုင်းမှုနဲ့ ဩဂုတ်လ ၁၃ ရက်နေ့က တရား၀င် သံတမန်ဆက်ဆံရေး ထူထောင်ခဲ့တာပါ။

    တိုင်းပြည်စတင်တည်ထောင်တဲ့ ၁၉၇၂ ခုနှစ်ကစတင်ပြီး ယူအေအီးဟာ အစ္စရေးအပေါ် စီးပွားရေးအရ သပိတ်မှောက်ထားတာ ဖြစ်ပါတယ်။ ယူအေအီးခေါင်းဆောင် ရှိခ် ခါလီဖာ ဘင် ဇယဒ် အလ် နဟ်ယန်က အစ္စရေးအပေါ် ဒီသပိတ်မှောက်မှုကို မနေ့မှာ ပယ်ဖျက်လိုက်ပါတယ်။

    ဒါ့ကြောင့် အစ္စရေးလုပ်ငန်းတွေဟာ ယူအေအီးမှာ အလုပ်လာလုပ်နိုင်မှာဖြစ်သလို၊ အစ္စရေးကုန်ပစ္စည်းတွေကိုလည်း ယူအေအီးက ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်။

    ဒီလိုခွင့်ပြုလိုက်ခြင်းဟာ နှစ်နိုင်ငံ စီးပွားရေနဲ့ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်နိုင်ဖို့အတွက် လမ်းစဉ်တစ်ခု ချမှတ်လိုက်တာ ဖြစ်တယ်လို့ ယူအေအီး နိုင်ငံပိုင်မီဒီယာ WAM က ဖော်ပြခဲ့ပါတယ်။ ဩဂုတ် ၃၁ ရက် တနင်္လာနေ့မှာ ယူအေအီးနဲ့ အစ္စရေးတို့အကြား ပထမဆုံး ကုန်သွယ်ရေးလေကြောင်းခရီးစဉ် ပြေးဆွဲမှာ ဖြစ်ပါတယ်။

    အစ္စရေးနဲ့ ယူအေအီးတို့အကြား သံတမန်ဆက်ဆံရေး ထူထောင်မှုကို ပါလက်စတိုင်းခေါင်းဆောင်ပိုင်းနဲ့ ပြည်သူတွေက ကန့်ကွက်ခဲ့ကြပါတယ်။

    Ref : Aljazeera

  • သမိုင်းဝင် သဘောတူညီချက်ရခဲ့သည့် အစ္စရေးနှင့် ယူအေအီးတို့ မကျေမလည် စဖြစ်

    သမိုင်းဝင် သဘောတူညီချက်ရခဲ့သည့် အစ္စရေးနှင့် ယူအေအီးတို့ မကျေမလည် စဖြစ်

    ဩဂုတ် ၂၅၊ ၂၀၂၀
    M-Media

    ယူအေအီး အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဇယဒ် (ဝဲ) နှင့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု (ယာ)

    -အမေရိကန်ထံကနေ F-35 တိုက်လေယာဉ်ဝယ်ယူရေး ​စီစဉ်ထားတဲ့ ဆွေးနွေးပွဲကို အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) က ဖျက်သိမ်းလိုက်ပြီး အစ္စရေးဝန်ကြီးချုပ်ရဲ့ ကန့်ကွက်မှုကြောင့် ဖြစ်ပါတယ်။

    ယူအေအီးက တိုက်လေယာဉ်တွေဝယ်ယူရေး ကမ်းလှမ်းမှုကို သုံးသပ်နေတယ်လို့ ပြီးခဲ့တဲ့တစ်ပတ်မှာ သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ပြန်ခဲ့ပြီး၊ ကန် ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးကလည်း ၆ လအတွင်း သဘောတူညီချက်ရလိမ့်မယ်လို့ ဆိုပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်လို့ ယူအေအီး၊ အမေရိကန်နဲ့ အစ္စရေးတို့ အခုတစ်ပတ်သောကြာနေ့မှာ ဆွေးနွေးဖို့ စီစဉ်ထားတာပါ။ ဒါပေမယ့် အစ္စရေးဝန်ကြီးချုပ် ​နေတန်ယာဟုက ဒီကိစ္စကို သူမသိဘူးလို့ ပြောကြားခဲ့သလို၊ အမေရိကန်က လွှတ်တော်အမတ်တွေနဲ့တွေ့ပြီး တားဆီးသွားမယ်လို့လည်း သူ့အစိုးရအဖွဲ့ဝင်တွေကို ပြောကြားခဲ့ကြောင်း အမေရိကန်သတင်းဌာန Axios က ဖော်ပြခဲ့ပါတယ်။

    ၃ ပွင့်ဆိုင်ဆွေးနွေးမှုကို ဖျက်ပစ်လိုက်တာဟာ အစ္စရေးရဲ့ လုပ်ရပ်ကို မကျေနပ်ကြောင်း၊ ဩဂုတ်လ ၁၃ ရက်နေ့က ရရှိခဲ့တဲ့ သမိုင်းဝင် ငြိမ်းချမ်းရေးသဘောတူညီချက်ကို ချိုးဖောက်တာဖြစ်ကြောင်း ယူအေအီးက အစ္စရေးကို ပြသချင်တာဖြစ်တယ်လို့လည်း Axios က ဆိုပါတယ်။

    F-35 တိုက်​လေယာဉ်တွေကို တောင်ကိုရီးယား၊ ဂျပန်နဲ့ အစ္စရေးတို့အပါအဝင် မဟာမိတ်နိုင်ငံတွေကို အမေရိကန်က ရောင်းချထားပါတယ်။ ဒါပေမယ့် အရှေ့အလယ်ပိုင်းမှာ အစ္စရေးက စစ်အင်အားသာလွန်ရေးဆိုတဲ့ ပေါ်လစီကြောင့် အခြားပင်လယ်ကွေ့နိုင်ငံတွေကို ရောင်းချဖို့ကိစ္စမှာ အသေအချာသုံးသပ်ဖို့ လိုအပ်နေတာပါ။

    အစ္စရေးနဲ့ တရားဝင် သံတမန်ဆက်ဆံရေး ထူထောင်တဲ့ ယူအေအီးရဲ့ခြေလှမ်းမှာ အမေရိကန်ထံကနေ F-35 တိုက်လေယာဉ်တွေ ဝယ်ယူရေးကိစ္စကလည်း အဓိကအချက်တစ်ချက်အဖြစ် ပါ၀င်တယ်လို့ Axios ဝဘ်ဆိုက် ထည့်သွင်းဖော်ပြခဲ့ပါတယ်။

    Ref: Aljazeera

  • ယူအေအီး ကြီးမားသောအမှား လုပ်ခဲ့မိပြီဟု အီရန်သမ္မတ ပြော

    ယူအေအီး ကြီးမားသောအမှား လုပ်ခဲ့မိပြီဟု အီရန်သမ္မတ ပြော

    ဩဂုတ် ၁၆၊ ၂၀၂၀
    M-Media

    အီရန်သမ္မတ ဟာဆန်ရူဟာနီ

    -အစ္စရေးနဲ့ သံတမန်ဆက်ဆံရေး ထူထောင်တာဟာ ယူအေအီးအနေနဲ့ ကြီးမားတဲ့ အမှားတစ်ခု လုပ်လိုက်တာဖြစ်တယ်လို့ အီရန်သမ္မတ ဟာဆန်ရူဟာနီက မနေ့မှာ ပြောကြားလိုက်ပါတယ်။

    အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)နဲ့ အစ္စရေးတို့ဟာ ပုံမှန် သံတမန်ဆက်ဆံရေးထူထောင်ကြောင်း ကြာသာပတေးနေ့မှာ ကြေငြာခဲ့ပြီး လုံခြုံရေးအပါအဝင် ကဏ္ဍများစွာမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်သွားဖို့လည်း သဘောတူညီခဲ့ပါတယ်။

    အီရန်သမ္မတ ဟာဆန်ရူဟာနီက ဒီသဘောတူညီချက်ဟာ အစ္စရေးကို ဒေသတွင်းမှာ အခြေခိုင်အောင် လုပ်ဆောင်လိုက်တာဖြစ်တယ်လို့ မနေ့က ရုပ်သံမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

    “ယူအေအီးအနေနဲ့ ပိုပြီးသတိထားရမှာပါ။ ကြီးမားတဲ့ အမှားတစ်ခု၊ သစ္စာဖောက်တဲ့ လုပ်ရပ်တစ်ခုကို ကျူးလွန်လိုက်တာပါ။ ဒါကို သတိထားမိပြီး လမ်းမှားကို စွန့်လွှတ်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်”

    ယူအေအီး-အစ္စရေး သံတမန်ဆက်ဆံမှု ထူထောင်ရေး သဘောတူညီချက်မှာ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းက ဒေသတွေကို ပိုက်နက်ထဲသွတ်သွင်းမယ့် အစ္စရေးရဲ့အစီအစဉ်ကို ရပ်ဆိုင်းဖို့ ပါဝင်ပါတယ်။

    ယူအေအီးခေါင်းဆောင်ပိုင်းက ဒီလို ဆက်ဆံရေးထူထောင်တာဟာ ပါလက်စတိုင်းပိုင်နက်တွေကို အစ္စရေးက ထပ်မံသိမ်းပိုက်မှုကို တားဆီးနိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အနောက်ဖက်ကမ်း ဒေသတွေ အစ္စရေးနိုင်ငံထဲသွတ်သွင်းမယ့် အစီအစဉ်ကို မစွန့်လွှတ်ဘူးလို့ သဘောတူညီချက်ရပြီး နာရီပိုင်းအတွင်းမှာပဲ ထုတ်ပြန်ခဲ့ပါတယ်။

    သဘောတူညီချက်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နောက်ထပ်သက်တမ်းတစ်ခု အနိုင်ရဖို့ ရည်ရွယ်တာမျိုး ဖြစ်တယ်လို့လည်း ရူဟာနီက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    Ref: Reuters