News @ M-Media

Tag: UAE

  • ကမ္ဘာ့အကြီးဆုံး နေစွမ်းအင်သုံး ဓာတ်အားပေးစီမံကိန်း ဒူဘိုင်းတွင်စတင်

    ကမ္ဘာ့အကြီးဆုံး နေစွမ်းအင်သုံး ဓာတ်အားပေးစီမံကိန်း ဒူဘိုင်းတွင်စတင်

    မတ် ၂၁၊ ၂၀၁၈
    M-Media

    စီမံကိန်းပုံစံ

    – နေအိမ်ပေါင်း ၂၇၀၀၀၀ လောက်ကို ဓာတ်အားပေးနိုင်ပြီး ကမ္ဘာပေါ်မှာ အကြီးဆုံး ပြည့်ဖြိုးမြဲစွမ်းအင်ရင်းမြစ်ဖြစ်လာမယ့် နေစွမ်းအင်သုံး ဓာတ်အားပေးစီမံကိန်းကို ဒူဘိုင်းက စတင်တော့မယ်လို့ သိရပါတယ်။

    ‘မိုဟာမက် ဘင် ရာရှစ် ဆိုလာပန်းခြံ’ လို့ အမည်ပေးထားတဲ့ အဲဒီစီမံကိန်းကို မကြာခင် တည်ဆောက်တော့မှာဖြစ်ပြီး ပထမဆင့် မီဂါဝပ် ၇၀၀၊ ၂၀၂၀ ခုနှစ်မှာ ဓာတ်အား မီဂါဝပ် ၁၀၀၀၊ ၂၀၃၀ ပြည့်နှစ်မှာ မီဂါဝပ် ၅၀၀၀ အထိ ထုတ်လုပ်သွားနိုင်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

    ယူအေအီး ဒုတိယသမ္မတဖြစ်ပြီး ဒူဘိုင်းအုပ်ချုပ်ရေးမှူးဖြစ်တဲ့ ရှိခ်မိုဟာမက် အလ် မခ်သွမ်က “ဒူဘိုင်းဟာ ကမ္ဘာပေါ်မှာ ဈေးအချိုဆုံး နေစွမ်းအင်ထုတ်လုပ်တဲ့နေရာပါ။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ၂၀၅၀ ပြည့်နှစ်ရောက်ရင် စွမ်းအင်ထုတ်လုပ်မှု စုစုပေါင်းရဲ့ ၇၅ ရာခိုင်နှုန်းကို ပြည့်ဖြိုးမြဲရင်းမြစ်တွေကနေ ရရှိဖို့ပါ” လို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    စီမံကိန်းကို ဒူဘိုင်း ရေနှင့် လျှပ်စစ်ဆိုင်ရာ အာဏာပိုင်အဖွဲ့ (Dewa)၊ ဆော်ဒီက Acwa Power တို့ ပူးပေါင်းက ဆောင်ရွက်တာဖြစ်ပြီး နောက်ထပ် ၄ နှစ်အတွင်း
    ကာဘွန်ထုတ်လွှတ်မှု တန်ပေါင်း ၁.၄ သန်းလောက် လျော့ချဖို့ ရည်ရွယ်ထားပါတယ်။

    စီမံကိန်းအတွက် ဒီရဟမ် ၁၄ ဘီလီယံလောက် ကုန်ကျမှာဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး နေရောင်ခြည်သုံး စွမ်းအင်သိုလှောင်ရာနေရာ ဖြစ်လာမှာဖြစ်သလို၊ မီတာ ၂၆၀ မြင့်တဲ့ ကမ္ဘာ့အမြင့်ဆုံး ဆိုလာဝါတစ်ခုလည်း ပါဝင်မှာ ဖြစ်ပါတယ်။

    Ref: Khaleejtimes

  • လူမလိုသည့် ရဲတပ်ဖွဲ့စီမံကိန်း ဒူဘိုင်းစတင်

    လူမလိုသည့် ရဲတပ်ဖွဲ့စီမံကိန်း ဒူဘိုင်းစတင်

    မတ် ၁၃၊ ၂၀၁၈
    M-Media

    – ဒူဘိုင်းရဲတပ်ဖွဲ့ ကမ္ဘာ့ အစွမ်းထက်ဆုံး နည်းပညာတွေကိုသုံးပြီး ရဲလုပ်ငန်းစဉ်တွေ ဆောင်ရွက်မယ့် စီမံကိန်းတစ်ခုကို စတင်နေတယ်လို့ ဒူဘိုင်းအနာဂတ်ဖောင်ဒေးရှင်း DFF က မနေ့မှာ ကြေငြာလိုက်ပါတယ်။

    ‘ရဲသားမရှိသော ရဲတပ်ဖွဲ့’ လို့ နာမည်ပေးထားပြီး ဒူဘိုင်းရဲ့ ရည်မှန်းချက်ကြီးတဲ့ ၁၀ စုနှစ်တစ်ခု ခုန်ကျော်ရေး အစီစဉ် Dubai 10X ရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။

    အဆင့်မြင့်နည်းပညာတွေကိုသုံးပြီး ရဲလုပ်ငန်းစဉ်ဆောင်ရွက်မယ့် ဒီစီမံကိန်းမှာ အဆင့် ၃ ဆင့် ပါဝင်မှာဖြစ်ပြီး ပထမအဆင့်က နိုင်ငံတစ်ဝှမ်း အိမ်တိုင်း၊ ခြံတိုင်းမှာ ကင်မရာတွေ တပ်ဆင်တာ၊ crowdsourcing စနစ်၊ အဆင့်မြင့်နည်းပညာများ ဖြန့်ကျက် ချထားတာတွေနဲ့ ပြည်သူ့လုံခြုံရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးကို ဆောင်ရွက်မှု ဖြစ်ပါတယ်။

    ဒုတိယအဆင့် ဆောင်ရွက်မှုက surveillance blimp လို့ခေါ်တဲ့ လေကြောင်းအခြေပြု သတိပေးစနစ် တပ်ဆင်အသုံးပြုတာဖြစ်ပြီး နိုင်ငံရဲ့ ဝေဟင်ပိုင်နက်နဲ့ မြေပြင်က ကိစ္စတွေကိုပါ ထောက်လှမ်း စောင့်ကြည့်နိုင်မှာဖြစ်ပါတယ်။

    တတိယအဆင့်ကတော့ ရဲစခန်းတွေ တိုးချဲ့စရာမလိုမယ့် Station on Patrol စနစ် အကောင်အထည်ဖော်ရေးဖြစ်ပြီး အရေးပေါ်အခြေအနေတွေကို အမြန်ဆုံးတုန့်ပြန်နိုင်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

    ဒူဘိုင်းရဲချုပ် အဘ်ဒူလာ အလ်-မာရီက ဒီလို နည်းပညာသစ်တွေဟာ လုံခြုံရေးနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးအဆင့်ကို မြင့်မားစေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒီစီမံကိန်းတွေနဲ့ ကျွန်တော်တို့ဟာ လူမလိုတဲ့ ရဲလုပ်ငန်းစဉ်ကို အမှန်တကယ် အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။ ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ လုံခြုံရေး အဆင့်အတန်းမြင့်စေဖို့၊ စိန်ခေါ်မှုတွေကို အမြန်ဆုံး တုန့်ပြန်နိုင်ဖို့၊ ကျွန်တော်တို့နိုင်ငံသားတွေ၊ ကျွန်တော်တို့တိုင်းပြည်မှာ နေထိုင်တဲ့သူတွေ ပျော်ရွှင်ချမ်းမြေ့စေဖို့အတွက် ပြည်သူလူထုနဲ့ပူးပေါင်းကာ ဒီစီမံကိန်းတွေကို ဆောင်ရွက်ဖို့ ရည်ရွယ်ထားပါတယ်”

    ရာဇ၀တ်ကောင်တွေကို အတည်ပြုရတာ၊ ဖမ်းဆီးရတာတွေမှာ ပုံမှန်ရဲလုပ်ငန်းစဉ်တွေက အချိန်ကြာမြင့်ကြောင်း၊ နောက်ဆုံးပေါ် နည်းပညာတွေနဲ့ ဆောင်ရွက်မယ့် အခုစီမံကိန်းက လုပ်ငန်းစဉ်ကို လွယ်ကူချောမွေ့ မြန်ဆန်စေမှာ ဖြစ်ကြောင်းလည်း ရဲချုပ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Alarabiya

  • ယူအေအီး-ဆော်ဒီ နိုင်ငံချင်းဆက်ရထားလမ်း ၂၀၂၁ တွင် အသုံးပြုနိုင်မည်

    ယူအေအီး-ဆော်ဒီ နိုင်ငံချင်းဆက်ရထားလမ်း ၂၀၂၁ တွင် အသုံးပြုနိုင်မည်

    မတ် ၁၂၊ ၂၀၁၈
    M-Media

    – ယူအေအီးနှင့် ဆော်ဒီအာရေဗျ နိုင်ငံချင်းဆက် ရထားလမ်းတစ်ခုကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာတွင် ဖွင့်လှစ်နိုင်မည်ဟု ယူအေအီး ပို့ဆောင်ရေးဝန်ကြီးဌာနမှ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ယနေ့တွင် ပြောကြားလိုက်သည်။

    ပင်လယ်ကွေ့ ၆ နိုင်ငံ နိုင်ငံချင်းဆက် ရထားလမ်းစီမံကိန်း GCC Railway ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ကုန်များနှင့် လူများပါ သွားလာနိုင်မည်ဖြစ်သည်။

    GCC Railway စီမံကိန်းအတွက် ကန်ေါ်လာ ဘီလီယံ ၂၅၀ ကုန်ကျမည်ဟု ခန့်မှန်းထားပြီး အဖွဲ့ဝင် ၆ နိုင်ငံက ၎င်းတို့နိုင်ငံအတွင်း ရထားလမ်းများ၊ ဘူတာရုံများ၊ ရထားခရီးစဉ်နှင့် သက်ဆိုင်သည့် အဆောက်အဦးများကို ကိုယ်ပိုင်ငွေဖြင့် ဆောင်လုပ်ရသည်။ စတင်ပြေးဆွဲမှုကို ၂၀၂၁ ခုနှစ်တွင် ပြုလုပ်ရန် သတ်မှတ်ထားသည်။

    စီမံကိန်းတွင် ဆော်ဒီနှင့် ယအေအီးတို့က ငွေကြေးအများဆုံးအသုံးပြုပြီး အိုမန်၊ ကာတာ၊ ကူဝိတ်နှင့် ဘာရိန်းတို့က ၎င်းတို့နောက်တွင် အစဉ်လိုက် ရှိနေကြသည်။

    “၂၀၂၁ ခုနှစ် ဒီဇင်ဘာမှာ ကျွန်တော်တို့နဲ့ ဆော်ဒီကို ဆက်သွယ်မယ့် ရထားလမ်းတစ်ခု ရရှိမှာပါ” ဟု ယူအေအီး၏ ကုန်လမ်း၊ ရေလမ်း ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် အဘ်ဒူလာ စလင်း အလ်ကက်သီရိက ပြောကြားခဲ့သည်။

    GCC Railway စီမံကိန်းကို ၂၀၀၉ ခုနှစ် အကြိမ် ၃၀ မြောက် ပင်လယ်ကွေ့နိုင်ငံများ ထိပ်သီးအစည်းအဝေးတွင် အတည်ပြုခဲ့သော်လည်း ရေနံဈေးကျဆင်းမှုနောက်ဆက်တွဲ ဘဏ္ဍာရေးဂယက်၊ အဖွဲ့ဝင်နိုင်ငံများက ဆောင်ရွက်ရန် စိတ်မပါမှုတို့ကြောင့် အလွန်အမင်း ကြာမြင့်ခဲ့ရသည်။

    Ref: Alarabiya

  • ယူအေအီးအမျိုးသမီးများ၏ စွမ်းဆောင်ရည်ကို ခေါင်းဆောင်များ ချီးကျူး

    ယူအေအီးအမျိုးသမီးများ၏ စွမ်းဆောင်ရည်ကို ခေါင်းဆောင်များ ချီးကျူး

    မတ် ၉၊ ၂၀၁၈
    M-Media

    ဒူဘိုင်းအစိုးရ၀န်ထမ်း အမျိုးသမီးများနှင့်အတူ တွေ့ရသည့် ရှိခ် မိုဟာမက် ဘင် ရာရှစ် အလ် မခ်တွန်

    – အာရပ်စော်ဘွားများပြည်ထောင်စု ယူအေအီးရဲ့ ဒူဘိုင်းပြည်နယ် အုပ်ချုပ်ရေးမှူးက သူ့အစိုးရမှာ ၇၀ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေဖြစ်ကြပြီး၊ သူတို့တွေရဲ့ စွမ်းဆောင်ရည်အတွက် ဂုဏ်ယူရတယ်လို့ ပြောကြားလိုက်ပါတယ်။

    မနေ့ကကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများကို ဂုဏ်ပြုတဲ့အနေနဲ့ Twitter စာမျက်နှာမှာ ရေးသားရာမှာ ရှိခ် မိုဟာမက် ဘင် ရာရှစ် အလ် မခ်တွန်က ဒီလို ပြောဆိုခဲ့တာပါ။

    “ကျွန်တော့်အစိုးရရဲ့ ၇၀ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေပါ။ ဒီအတွက်၊ သူတို့ရဲ့ နေ့စဉ် ကြိုးပမ်းအားထုတ်မှုတွေအတွက် ကျေးဇူးတင်ပါတယ်။ သူတို့သာမရှိဘူးဆိုရင် ဒီကနေ့ ကျွန်တော်တို့ရှိနေတဲ့အဆင့်မျိုးကို ရောက်လာမှာ မဟုတ်ပါဘူး။ ၀န်ကြီးတိုင်း၊ အစိုးရတာဝန်ရှိသူတိုင်းဟာ ဒီအမျိုးသမီးတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ဂုဏ်ယူမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ခင်ဗျားတို့ကြောင့် ယူအေအီးဟာ ကြီးကျယ်ခမ်းနားတဲ့နိုင်ငံ ဖြစ်လာတာပါ” လို့ ရေးသားခဲ့ပါတယ်။

    ယူအေအီးက အမျိုးသမီးတွေဟာ မျိုးဆက်သစ်တွေရဲ့ ဗိသုကာ၊ ဖွံ့ဖြိုးတိုးတက်မှု မိတ်ဖက်၊ တိုင်းပြည်ကို ပြောင်းလဲနိုင်စွမ်းရှိသူတွေဖြစ်ပြီး သူတို့ရဲ့ စွမ်းအား၊ အိနြေ္ဒသိက္ခာနဲ့ သဒ္ဓါတရား ထက်သန်မှုတွေဟာ နှစ်စဉ်နဲ့အမျှ တိုးတက်နေမယ်လို့ မျှော်လင့်ကြောင်းလည်း အလ် မခ်တွန်က ပြောကြားခဲ့ပါတယ်။

    ယူအေအီး ဒုတိယကာကွယ်ရေးဦးစီးချုပ် အဘူဒါဘီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဇာယဒ် အလ် နဟ်ယန်ကလည်း အမျိုးသမီးတွေဟာ နိုင်ငံရဲ့ နှလုံးသည်းပွတ်တွေဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “အမျိုးသမီးများနေ့ဟာ ကျွန်တော်တို့အမိမြေက အမျိုးသမီးတွေရဲ့ ထူးခြားတဲ့အဆင့်အတန်းကို ထပ်မံမှတ်ကျောက်တင်ရမယ့် ကမ္ဘာလုံးဆိုင်ရာ အခမ်းအနားတစ်ခုပါ။ အမျိုးသမီးတွေဟာ ကျွန်တော်တို့တိုင်းပြည်ရဲ့ နှလုံးသား၊ အာဇာနည်တွေရဲ့ မိခင်၊ ဖွံ့ဖြိုးတိုးတက်မှုရဲ့ မိတ်ဖက်တွေ ဖြစ်ပါတယ်။ သူတို့ရဲ့ တည်ရှိမှုက ကျွန်တော်တို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ သာယာဝပြောတဲ့အနာဂတ်ကို ချီတက်ရာမှာ အင်အားတွေဖြစ်ပါတယ်”

    Ref: Khaleej Times

  • အမျိုးသမီးတွေရဲ့ စွမ်းအားကို ထုတ်ပြလိုက်တဲ့ အီမရိတ်လေကြောင်းလိုင်း

    မတ် ၇၊ ၂၀၁၈
    M-Media

    – မတ်လ ၈ ရက်နေ့မှာ ကျရောက်မယ့် နိုင်ငံတကာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အီမရိတ်လေကြောင်းလိုင်းဟာ အမျိုးသမီးတွေသာ စီစဉ်ပျံသန်းတဲ့ လေယာဉ်ခရီးစဉ် ဗီဒီယိုတစ်ခုကို လွှင့်တင်လိုက်ပါတယ်။

    အာရပ်စော်ဘွားများပြည်ထောင်စု ဒူဘိုင်းကနေ အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စ္စကိုမြို့ကို ပျံသန်းတဲ့ အဲဒီ Airbus A380 လေယာဉ်ကို အင်ဂျင်နီယာ၊ လေဆိပ်ပို့ဆောင်ရေး၊ စီမံခန့်ခွဲရေ၊ လုံခြုံရေး၊ ကုန်တင်ကုန်ချတွေ အပါအ၀င် ဌာနအားလုံးက အမျိုးသမီး စုစုပေါင်း ၇၅ ဦးက စီမံပြင်ဆင်ပေးတာ ဖြစ်ပါတယ်။

    လေယာဉ်ကို ကနေဒါလေယာဉ်မှူး ပက်ထရီကာ ဘီရှော့ဖ်၊ ဗြိတိန်က လက်ထောက်လေယာဉ်မှူး ရေဘက်ကာ လောင်ဟိဒ်တို့က မောင်းနှင်ကာ လေယာဉ်အတွင်း ၀န်ဆောင်မှုကို ပိုလန်က ပါဆာ ၀ီရိုနီကာဦးဆောင်တဲ့ အဖွဲ့က တာဝန်ယူတာ ဖြစ်ပါတယ်။

    လေယာဉ်ခရီးစဉ်ကို စီစဉ်တဲ့အမျိုးသမီးတွေဟာ နိုင်ငံပေါင်း ၂၅ နိုင်ငံကျော်ကဖြစ်ပြီး အီမရိတ်လေကြောင်းလိုင်းက သူတို့ကို Superwomen လို့ ဂုဏ်ပြုခေါ်ဝေါ်ခဲ့ပါတယ်။

    အီမရိတ်လေကြောင်းလိုင်းက ၀န်ထမ်းတွေရဲ့ ၄၀ ရာခိုင်နှုန်းကျော်ဟာ အမျိုးသမီးတွေဖြစ်ပြီး အဲဒီအထဲက ၁၁၅၀ ဟာ ယူအေအီးနိုင်ငံသားတွေ ဖြစ်ကြပါတယ်။

    Ref : Alarabiya