News @ M-Media

Tag: UAE

  • ချက်လက်မှတ်အတုဖြင့် ဒေါ်လာ ၈ သန်းတန် ကားနံပါတ်ပြားဝယ်သူကို ယူအေအီးက ထောင်ချ

    ချက်လက်မှတ်အတုဖြင့် ဒေါ်လာ ၈ သန်းတန် ကားနံပါတ်ပြားဝယ်သူကို ယူအေအီးက ထောင်ချ

    ဖေဖော်ဝါရီ ၈၊ ၂၀၁၈
    M-Media

    – သုံးလို့မရတဲ့ ချက်လက်မှတ်နဲ့ ကားနံပါတ်ပြားဝယ်တဲ့ အမျိုးသားတစ်ဦးကို ယူအေအီး တရားရုံးက ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ပါတယ်။

    ၂၀၁၆ ခုနှစ်က အထူး ကားနံပါတ်ပြားတွေကို လေလံတင်ရောင်းချချိန်မှာ စီပွားရေးသမားတစ်ယောက်ဟာ နံပါတ် ၁ နံပါတ်ပြားကို ယူအေအီး ဒီရ်ဟမ် ၃၁ သန်း (ကန်ဒေါ်လာ ၈.၄ သန်း)နဲ့ ၀ယ်ယူခဲ့တာပါ။

    ဒီအတွက် ချက်လက်မှတ် ရေးပေးခဲ့ပေမယ့် တာဝန်ရှိသူတွေက သွားထုတ်ချိန် ဘဏ်ထဲမှာ ငွေအလုံလောက်မရှိတာတွေကို တွေ့ခဲ့ရပါတယ်။

    ဒါ့ကြောင့် ဒီအမျိုးသားကို လိမ်လည်မှုနဲ့ ထောင် ၃ နှစ် ချမှတ်ခဲ့ပြီး အယူခံဝင်ခဲ့ပေမယ့် အဘူဒါဘီ တရားရုံးက အယူခံကို ပယ်ချခဲ့ပါတယ်။

    ဒီအမျိုးသားကလည်း သူ့အနေနဲ့ နောက်ပိုင်းမှာ နံပါတ်ပြားကို ဈေးတင်ပြီး ပြန်ရောင်းဖို့အတွက် ဒီလိုလုပ်ခဲ့တာဖြစ်တယ်လို့ ၀န်ခံခဲ့ပါတယ်။

    အဘူဒါဘီက ကားနံပါတ်ပြားတစ်ခုကို ၂၀၀၈ ခုနှစ်မှာ စီးပွားရေးသမားတစ်ယောက်က ဒီရ်ဟမ် ၅၂.၂ သန်းနဲ့ ၀ယ်ယူခဲ့ပြီး ယူအေအီးမှာ ကားနံပါတ်ပြားတစ်ခုအတွက် စံချိန်တင်ဈေး ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့လတုန်းက ဒူဘိုင်းအခြေစိုက် အိန္ဒိယ စီးပွားရေးသမားတစ်ဦးဟာ ဒူဘိုင်း နံပါတ်ပြားတစ်ခုကို ဒီရ်ဟမ် ၃၃ သန်း (ကန်ဒေါ်လာ ၈.၉၈ သန်း) နဲ့ ၀ယ်ယူဖို့ ကမ်းလှမ်းခဲ့ပါတယ်။

    Ref: alarabiya

  • ကမ္ဘာ့အမြန်ဆုံး အရေးပေါ်ဆိုင်ကယ်ကို ဒူဘိုင်းထုတ်ပြ

    ကမ္ဘာ့အမြန်ဆုံး အရေးပေါ်ဆိုင်ကယ်ကို ဒူဘိုင်းထုတ်ပြ

    ဖေဖော်ဝါရီ ၂၊ ၂၀၁၈
    M-Media

    – ပြိုင်ကားတစ်စီးလောက်အရှိန်နဲ့ မောင်းနိုင်တဲ့ ဆိုင်ကယ်လူနာတင်ယာဉ်တစ်စီးကို ဒူဘိုင်း အရေးပေါ်ဌာန DCAS က ထုတ်ပြန်လိုက်ပါတယ်။

    မနေ့ကပြီးဆုံးခဲ့တဲ့ အာရပ်ဒေသ ကျန်းမာရေးဆိုင်ရာပြပွဲမှာ ထုတ်ပြလိုက်တာဖြစ်ပြီး ဒီ Polaris ဆိုင်ကယ်ဟာ အမြင့်ဆုံး တစ်နာရီကို ကီလိုမီတာ ၂၀၀ ကျော်လောက် မောင်းနိုင်မှာဖြစ်ပါတယ်။

    ဒီဆိုင်ကယ်အပါအ၀င် ဒူဘိုင်း အရေးပေါ်ဌာနမှာ တန်ဖိုးကြီး မြန်နှုန်းဖြင့် လူနာတင်ယာဉ်ဟာ ၁၀ စီးအထိ ရှိလာပြီး ကား ၆ စီးနဲ့ ဆိုင်ကယ် ၄ စီး ဖြစ်ပါတယ်။

    DCAS ရဲ့ အမှုဆောင်ဒါရိုက်တာ ခါလီဖာ ဘင် ဒရေးက အရေးပေါ်လူနာတွေဆီကို အလျင်အမြန်ရောက်နိုင်ဖို့အတွက် ဒီလို မြန်နှုန်းမြင့် အားကစားဆိုင်ကယ်တွေကို ပြင်ဆင်ပြီး လူနာတင်ယာဉ်အဖြစ် အသုံးပြုတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ပြပွဲမှာ ပြသခဲ့တဲ့ ဒီဆိုင်ကယ်ဟာ နောက်ဆုံးပေါ်ကိရိယာတွေ၊ ဉာဏ်ရည်တုစနစ်တွေလည်း ပါဝင်တယ်လို့လည်း သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဆိုင်ကယ်မှာ အရေးပေါ်လူနာတွေအတွက် သက်ကယ်ပစ္စည်း အပြည့်အစုံပါဝင်ပြီး ဒူဘိုင်းရဲ့ အထင်ကရနေရာတွေမှာ ဒီဆိုင်ကယ်တွေကို ထားရှိသွားမှာဖြစ်ပါတယ်။

    ဘင် ဒရေးကတော့ ဆိုင်ကယ်ဟာ လူနာတွေဆီကို ၄ မိနစ်ကနေ ၈ မိနစ်အတွင်း ရောက်ရှိမှာဖြစ်ပြီး ကမ္ဘာ့ လူနာတင်ယာဉ် အမြန်ဆုံးမြို့တွေကို ကျော်ဖြတ်သွားမှားဖြစ်တယ်လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

    Ref : Alarabiya

  • ယူအေအီးနိုင်ငံ အဘူဒါဘီတွင် မဟတ္တမဂန္ဒီရုပ်တု ထားရှိမည်

    ယူအေအီးနိုင်ငံ အဘူဒါဘီတွင် မဟတ္တမဂန္ဒီရုပ်တု ထားရှိမည်

    ဇန်န၀ါရီ ၃၁၊ ၂၀၁၈
    M-Media

    – အာရပ်စော်ဘွားများပြည်ထောင်စု ယူအေအီးနိုင်ငံ အဘူဒါဘီရှိ အိန္ဒိယလူမှုရေးနှင့် ယဉ်ကျေးမှုစင်တာ ISCတွင် အိန္ဒိယ လွတ်လပ်ရေးခေါင်းဆောင် မဟတ္တမဂန္ဒီ၏ ပုံတူရုပ်တုကို ထားရှိသွားမည်ဟု သိရသည်။

    “ISC မှာ ဒီရုပ်တုကို ထားရှိခြင်းအားဖြင့် မဟတ္တမကြီးကို ယူအေအီးမှာ ထာဝရနေရာပေးလိုက်တာ ဖြစ်ပါတယ်။ အိန္ဒိယနဲ့ ယူအေအီးတို့အကြား မိတ်ဖက်ဆက်ဆံမှုကို ဒီရုပ်တုက ပဲ့တင်ထပ်စေပါတယ်” ဟု ISC ဥက္ကဌ ဂျာယာချန်ဒရန် နီးရ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    ရုပ်တုဖွင့်ပွဲကို ဖေဖော်ဝါရီ ၁ ရက် (မနက်ဖြန်) တွင် ပြုလုပ်ရန် စီစဉ်ထားသည်။

    ရုပ်တုဖြစ်မြောက်ရေး တာဝန်ယူဆောင်ရွက်ခဲ့သော ဗီတီဗီ ဒါမိုဒါရန်က ISC အတွင်းရေးမှူဟောင်း၏ စိတ်ကူးကို မိမိတို့က အကောင်အထည်ဖော်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံမှ ဂန္ဒီရုပ်ထုကို ယူအေအီးသို့ တင်ပို့ပေးခဲ့ခြင်းမှာ ပထမဆုံးဖြစ်ပြီး သမိုင်းဝင်ဆောင်ရွက်မှုဖြစ်ကြောင်း ပြောကြားခဲ့သည်။

    အဘူဒါဘီရှိ အိန္ဒိယနိုင်ငံသားများ အသိုင်းအ၀ိုင်မှ အကြီးအကဲ ဆူဒီရ် ကူးမားရ် ရှက်တီးကလည်း ယခုကဲ့သို့ ဂန္ဒီရုပ်တု ဖွင့်လှစ်နိုင်မှုကို ချီးကျူးခဲ့သည်။

    “‘ဇေယဒ်နှစ်’ ဖြစ်တဲ့ ၂၀၁၈ ခုနှစ်မှာ ဒါဟာ ပျော်ရွှင်စရာကောင်းတဲ့အချိန် ဖြစ်ပါတယ်။ အခမ်းအနားနဲ့ ဖွင့်လှစ်ရမှာက ပိုပြီး ကောင်းမွန်ပါတယ်။ ရုပ်တု ဒီကိုရောက်လာဖို့အတွက် အိန္ဒိယသံရုံးက အပြည့်အ၀ တာဝန်ယူပေးခဲ့ပါတယ်။ အိန္ဒိသံရုံးလိပ်စာနဲ့ ဒါကို ပို့ခဲ့တာပါ”

    ရုပ်တုကို အိန္ဒိယ ပန်းပုဆရာ ချစ်ထရန် ကွန်ဟီမန်ဂလမ်က ၆ လကြာ ထုလုပ်ခဲ့ခြင်းဖြစ်သည်။

    “ကျွန်တော့်လက်ရာ အိန္ဒိယအပြင်ဘက်ကိုရောက်ရှိတာ ဒါဟာ ပထမဆုံးပါပဲ” ဟု ချစ်ထရန်က ပြောကြားခဲ့သည်။

    Ref: Khallejtimes

  • ယူအေအီး၏ တတိယမြောက် ပြည်တွင်းဖြစ် ဂြိုဟ်တုကို အောင်မြင်စွာလွှင်တင်နိုင်ခဲ့

    ယူအေအီး၏ တတိယမြောက် ပြည်တွင်းဖြစ် ဂြိုဟ်တုကို အောင်မြင်စွာလွှင်တင်နိုင်ခဲ့

    ဇန်န၀ါရီ ၂၇၊ ၂၀၁၈
    M-Media

    – အာရပ်စော်ဘွားများပြည်ထောင်စု ယူအေအီးနိုင်ငံမှာ ၎င်းတို့၏ ပြည်တွင်းဖြစ် တတိယမြောက်ဆက်သွယ်ရေးဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည်ဟု သိရသည်။

    Al Yah 3 ဟု အမည်ပေးထားသည့် အဆိုပါ ဂြိုဟ်တုကို အဘူဒါဘီအစိုးရ၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း Mubadala က ပိုင်ဆိုင်သည့် Yahsat မှ ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ဇန်န၀ါရီ ၂၅ ရက်နေ့ ညနေပိုင်းတွင် ပြင်သစ်ပိုင် ဂီနီကျွန်းမှ Ariane 5 ဒုံးပျံဖြင့် ပစ်လွှတ်ခဲ့သည်။

    စောစောပိုင်းတွင် ဒုံးပျံမှာ အဆက်အသွယ် ပြတ်တောက်သည်ဟု သတင်းထွက်ခဲ့သော်လည်း နောက်ပိုင်းတွင် ဒုံးပျံဖြင့် ပါဝင်သွားသည့် Al Yah 3 ဂြိုဟ်တုနှင့် SES-14 ဂြိုဟ်တုတို့မှာ ထိန်းချုပ်စင်တာနှင့် အသီးသီး ချိတ်ဆက်မိသွားသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

    Al Yah 3 ဂြိုဟ်တုမှာ အာဖရိကပြည်သူ ၆၀ ရာခိုင်နှုန်းနှင့် ဘရာဇီးလ်လူဦးရေ ၉၅ ရာခိုင်နှုန်းကို အင်တာနက်ဆယ်သွယ်မှု ပေးနိုင်မည်ဟု မျှော်မှန်းထားသည်။

    ဂြိုဟ်တုအား တည်ဆောက်ရာတွင် ယူအေအီး သိပ္ပံပညာရှင်များလည်း ပါဝင်ခဲ့သည်။ Al Yah 3 မှာ Yahsat က ထုတ်လုပ်သည့် တတိယမြောက် ဂြိုဟ်တုဖြစ်ပြီး ၂၀၁၁ ခုနှစ်က Al Yah 1၊ ၂၀၁၂ ခုနှစ်တွင် Al Yah 2 တို့ကို အသီးသီး လွှတ်တင်နိုင်ခဲ့သည်။

    Ref: KhaleejTimes

  • ယူအေအီးအမျိုးသမီးက ဖိလစ်ပိုင်ကလေးထိန်းကို အိမ်တစ်လုံးလက်ဆောင်ပေး

    ယူအေအီးအမျိုးသမီးက ဖိလစ်ပိုင်ကလေးထိန်းကို အိမ်တစ်လုံးလက်ဆောင်ပေး

    ဇန်န၀ါရီ ၁၅၊ ၂၀၁၈
    M-Media

    မက်ပိုက် (၀ဲ) နှင့် တွေ့ရသည့် ဒီနာ

    – အသက် ၄၅ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဖိလစ်ပိုင်သူ ကလေးထိန်းဟာ ယူအေအီးက အလုပ်ရှင် သူမအတွက် ဖိလစ်ပိုင်မှာ အိမ်တစ်လုံး လက်ဆောင်ပေးတယ်ဆိုတာကို မယုံကြည်နိုင်လောက်အောင် ဖြစ်နေပါတယ်။

    အိမ်ရှင် မီလီဆာ မက်ပိုက်ကတော့ ကလေးထိန်း ဒီနာ တီနီရိုက်ဖ် ဆဲလ်လိုကို ဘာ့ကြောင့် ဒီလို ချီးမြှင့်ရလဲဆိုတာ အခုလို ပြောပြခဲ့ပါတယ်။

    “စတွေ့တဲ့နေ့ကတည်းက သူ့ရဲ့ စိတ်နေစိတ်ထားကို သတိပြုမိခဲ့တာရှင့်။ သူမဟာ အရမ်းရိုးသားတယ်၊ အရမ်းလည်း ကျိုးနွံပါတယ်” လို့ မက်ပိုက်က ပြောပါတယ်။

    မက်ပိုက်ဟာ အမေရိကန်နိုင်ငံသူဖြစ်ပြီး အဘူဒါဘီမှာ နေထိုင်နေတာ ၂၆ နှစ်ရှိပါပြီ။ စအီးဒ်နဲ့ စအစ်ဖ် အ လ် မူဟိုင်ရီလို့ခေါ်တဲ့ သားနှစ်ယောက်ရှိပြီး နှစ်ယောက်စလုံးကို ဒီနာက ထိန်းကျောင်းပေးခဲ့ရတာ ဖြစ်ပါတယ်။

    ကနဦးအနေနဲ့ မက်ပိုက်ဟာ ဖိလစ်ပိုင်နိုင်ငံ ကာမာရင်း ဆူရ်ဒေသမှာ မြေကွက်တစ်ကွက်ဝယ်ဖို့အတွက် ကန် ၆၂၆၁ ဒေါ်လာကို ဒီနာထံ ပေးအပ်ခဲ့ပါတယ်။ မြေကွက်မှာ အိမ်ဆောက်ဖို့အတွက်ကိုတော့ သားဖြစ်သူ စအီးဒ်က ဖိလစ်ပိုင်အထိ သွားရောက်ကြီးကြပ်မှာ ဖြစ်ပါတယ်။

    “ဒီနာက နည်းနည်းတော့ တုန်လှုပ်နေတယ်ရှင့်။ အရမ်းကို ရက်ရောလွန်းတယ်လို့ သူက ထင်နေတာ။ ‘မလုပ်နဲ့ သိပ်များနေပြီ’ လို့ သူက ဆက်တိုက်ပြောနေတာ” လို့ မက်ပိုက်က ဖွင့်ဟခဲ့ပါတယ်။

    အိမ်ဆောက်ဖို့အတွက် နောက်ထပ် ကန်ဒေါ်လာ ၄ ထောင်ကျော်ကို စအီးဒ်က ဒီနာရဲ့ ဘဏ်စာရင်းထဲ လွှဲပေးခဲ့ပြီး ‘ဖြစ်သလိုဆောက်မှာမဟုတ်ပါဘူး။ ရှယ်ဆောက်မှာပါ’ လို့ စအီးဒ်က ပြောကြားခဲ့ပါတယ်။

    မက်ပိုက်က သူ့အနေနဲ့ အရင်တုန်းကလည်း ဒီနာကို ငွေသား၊ လက်ကိုင်အိတ်လိုမျိုး လက်ဆောင်တွေပေးဖူးပြီး နောက်ပိုင်းမှာ ဒီနာက သူ့မိသားစုတွေကို ပြန်ပေးခဲ့ကြောင်း၊ ဒါ့ကြောင့် ဒီတစ်ခေါက်မှာတော့ ဒီနာရဲ့ဘ၀ ပြောင်းလဲသွားစေမယ့် လက်ဆောင်မျိုးကို ပေးဖို့ စိတ်ကူးရခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

    ဒီနာကတော့ ဖိလစ်ပိုင်က ကျေးလက်ပြည်သူတွေရဲ့ ဆန္ဒဟာ တိုက်နဲ့တာနဲ့ နေထိုင်ချင်တာဖြစ်တယ်လို့ ဆိုပါတယ်။

    စအီးဒ်နဲ့ စအစ်ဖ်တို့ ၆ နှစ်နဲ့ ၄ နှစ်အရွယ်မှာ ဒီနာကို မက်ပိုက်တို့က ကလေးထိန်းအဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ ကလေးထိန်းထားတဲ့ဓလေ့ ကျယ်ကျယ်ပြန့်ပြန့်ရှိနေတဲ့ အရှေ့အလယ်ပိုင်းမှာ ကလေးထိန်းတွေဟာ မိဘတွေအပေါ် မကျေနပ်မှုကြောင့် ကလေးတွေကို လက်တုန့်ပြန်တာမျိုး ဖြစ်လေ့ရှိပေမယ့် ဒီနာဟာ လုံးဝ ယုံကြည်ရသူမျိုးဖြစ်တယ်လို့ မက်ပိုက်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “ဒီနာဟာ ကျွန်မရဲ့ ဘဏ်စာရင်းအသေးစိတ်နဲ့ အိမ်မှာရှိသမျှအားလုံးကို ကိုယ်တွယ်ရသူပါ။ သူရှိလို့ သော့ခတ်ရမယ်ဆိုတဲ့ စိတ်မျိုး ဘယ်တုန်းကမှ ကျွန်မ မဖြစ်ခဲ့ဖူးပါဘူး ”

    Ref: Alarabiya