News @ M-Media

Tag: UAE

  • ကမ္ဘာ့ပထမဆုံး Virtual Reality ပန်းခြံ ဒူဘိုင်းတွင် ဖွင့်လှစ်မည်

    ကမ္ဘာ့ပထမဆုံး Virtual Reality ပန်းခြံ ဒူဘိုင်းတွင် ဖွင့်လှစ်မည်

    မတ် ၁၊ ၂၀၁၈
    M-Media

    – ကမ္ဘာ့ ပထမဆုံး Virtual Reality ပန်းခြံကို ဒူဘိုင်းမှာ အခုနှစ် နှစ်လယ်ပိုင်းလောက်ကျရင် ဖွင့်လှစ်တော့မယ်လို့ သိရပါတယ်။

    မကြုံစဖူး ဂိမ်းတွေ၊ အစီးအနင်းတွေအပါအ၀င် အသက်အရွယ်တိုင်းနဲ့ သင့်လျော်မယ့် အပန်းဖြေရေး၊ ဖျော်ဖြေရေးနည်းအစီအစဉ်တွေ ပါဝင်မယ့် အဲဒီ VR ပန်းခြံကို Dubai Mall မှာ ဖွင့်လှစ်မှာဖြစ်ကာ ဒေသတွင်း ဖျော်ဖြေမှုနယ်ပယ်ရဲ့ အနာဂတ်သစ် ဖြစ်လာမှာ ဖြစ်ပါတယ်။

    ဒီပန်းခြံမှာ ပါဝင်မယ့် အစီအစဉ်တွေကို ကမ္ဘာ့ထိပ်တန်း Virtual Reality ကုမ္ပဏီတွေက ပူးပေါင်းဖန်တီးပေးထားတာဖြစ်ပြီး တစ်မူးထူးခြားတဲ့ ဖျော်ဖြေမှုတွေ၊ အပန်းဖြေမှုအတွေ့အကြုံတွေကို ခံစားရမှာဖြစ်တယ်လို့ VR Park ကို တည်ဆောက်ခဲ့တဲ့ Emaar Entertainment ကုမ္ပဏီက ပြောပါတယ်။

    ဒီပန်းခြံထဲမှာ ဂိမ်းတွေ၊ အစီးအနင်းတွေ၊ လေ့လာရေးခရီးတွေ၊ အပြန်အလှန် ရင်ဆိုင်ရတဲ့ ဂိမ်းတွေ၊ ရိုလာကိုစတာတွေ အပါအ၀င် ကစားနည်းတွေ၊ အပန်းဖြေအစီအစဉ်တွေဟာ VR နဲ့ တကယ့် အတွေ့အကြုံတွေကို ပေါင်းစပ်ထားမှာ ဖြစ်ပါတယ်။

    Emaar Entertainment ဟာ ပြီးခဲ့တဲ့နှစ်အတွင်း ဆန်းသစ်တဲ့ ရုပ်ရှင်ရုံတစ်ခုကို Dubai Mall မှာ ဖွင့်လှစ်ခဲ့ပြီး အခုနှစ်အတွင်းမှာလည်း မိသားစုတွေ ညစာစားရင်းနဲ့ ကြည့်ရှုနိုင်မယ့် ရုပ်ရှင်ရုံတစ်ခုကို ဖွင့်လှစ်ဖို့ ရှိနေပါတယ်။

    Ref: Alarabiya

  • ယူအေအီး၏ အာကာသယာဉ်မှူးသင်တန်း အမျိုးသမီးများအပါအ၀င် လူ ၃၀၀၀ ကျော် လျှောက်ထား

    ယူအေအီး၏ အာကာသယာဉ်မှူးသင်တန်း အမျိုးသမီးများအပါအ၀င် လူ ၃၀၀၀ ကျော် လျှောက်ထား

    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၈
    M-Media

    – အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံက ပထမဆုံး အာကာသယာဉ်မှူး စီမံကိန်းကို စတင်လိုက်ပြီး လျှောက်ထားသူ ၃၀၀၀ ကျော်လောက်ရှိတယ်လို့ သိရပါတယ်။

    မိုဟာမက် ဘင် ရာရှစ် အာကာသစင်တာက စီစဉ်တဲ့ ဒီစီမံကိန်းမှာ လျှောက်ထားသူတွေရဲ့ ၄ ပုံ ၁ ပုံဟာ အမျိုးသမီးတွေ ဖြစ်ပါတယ်။

    စီမံကိန်းမန်နေဂျာ စလင်း ဟူမိုက် အလ်-မာရီက ယူအေအီးလို နိုင်ငံသေးသေးလေးမှာ ဒီအရေအတွက်ဟာ တော်တော်များတဲ့ ပမာဏဖြစ်တယ်လို့ တနင်္ဂနွေနေ့က ဒူဘိုင်းမှာကျင်းပတဲ့ ကမ္ဘာ့အစိုးရများ ထိပ်သီးညီလာခံမှာ ပြောကြားခဲ့ပါတယ်။

    “ဒါဟာ အမျိုးသမီးတွေကို စွမ်းအားမြှင့်တင်ပေးရေး အစိုးရရဲ့ ပေါ်လစီတွေ အလုပ်ဖြစ်တယ်ဆိုတာကို ပြသနေတာပါ” လို့ စလင်းက ဆိုပါတယ်။

    ဘင်ရာရှစ် အာကာသစင်တာဟာ အာကာသယာဉ်မှူးတွေကို လေ့ကျင့်ပေးဖို့အတွက် နာဆာအပါအ၀င် ရုရှား၊ ဥရောပတို့က အာကာသစင်တာတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

    လျှောက်ထားသူ ၃၀၀၀ ကျော်ကနေ ဒီနှစ်နှောင်းပိုင်းမှာ ၄ ဦး ရွေးထုတ်မှာဖြစ်ပြီး သူတို့တွေဟာ နိုင်ငံတကာ အာကာသစခန်းကို သွားရောက် လေ့ကျင့်ရမှာပါ။

    ယူအေအီးဟာ ပထမဆုံး ကမ္ဘာဂြိုဟ်စူးစမ်းရေးဂြိုဟ်တု KhalifaSat ကို ဆောက်လုပ်နေပြီး ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှာ ဂျပန်ကနေတစ်ဆင့် အာကာသထဲကို လွှတ်တင်မှာ ဖြစ်ပါတယ်။

    Ref: Alarabiya

  • ဒူဘိုင်းတွင် ကမ္ဘာ့ပထမဆုံး မောင်းသူမဲ့လျှပ်စစ်ကားရထားကို စမ်းသပ်

    ဒူဘိုင်းတွင် ကမ္ဘာ့ပထမဆုံး မောင်းသူမဲ့လျှပ်စစ်ကားရထားကို စမ်းသပ်

    ဖေဖော်ဝါရီ ၁၂၊ ၂၀၁၈
    M-Media

    – ဒူဘိုင်း လမ်းပမ်းဆက်သွယ်ရေးနဲ့ ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ (RTA) က ကမ္ဘာ့ပထမဆုံး မောင်းသူမဲ့ ခရီးသည်တင် ကားရထားကို စမ်းသပ်ခဲ့ပြီး ဒူဘိုင်းရဲ့ အနာဂတ် သယ်ယူပို့ဆောင်ရေး စီမံကိန်း တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။

    သတ်မှတ်ထားတဲ့ လမ်းကြောင်းတွေအတိုင်း ခရီးတိုတွေနဲ့ အလယ်အလတ်ခရီးတွေကို ပို့ဆောင်ပေးဖို့ ရည်ရွယ်တည်ဆောက်ထားတဲ့ အဲဒီ ကားရထားတွေဟာ
    တစ်တွဲနဲ့တစ်တွဲ ၁၅ စက္ကန့်ကနေ စက္ကန့် ၂၀ အတွင်းမှာ ချိတ်နိုင်ပြီး ၅ စက္ကန့်အတွင်းမှာ ဖြုတ်နိုင်မှာ ဖြစ်ပါတယ်။

    နောက်ဆုံးပေါ် နည်းပညာတွေပါဝင်တဲ့ ဒီကားရထားတွေဟာ တစ်တွဲကို ခရီးသည် ၁၀ ယောက် (ထိုင်ခုံ ၆ ယောက်နှင့် မတ်တပ်ရပ် ၄ ယောက်) စီးနင်းနိုင်မှာဖြစ်ပါတယ်။ ဘတ္ထရီတွေဟာ ၃ နာရီကြာ ပြေးဆွဲနိုင်ကာ ပြန်အားသွင်းဖို့ ၆ နာရီကြာမြင့်မှာပါ။ မြန်နှုန်းကတော့ တစ်နာရီကို ကီလိုမီတာ ၂၀ ရှိပါတယ်။

    RTA က တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ မတ္တာ အလ် တိုင်ယာက ဒီရှေ့ပြေးစမ်းသပ်မှုဟာ ဒူဘိုင်းကို နည်းပညာအဆင့်မြင့် မြို့တော်အဖြစ် အသွင်ပြောင်းရေး ရည်မှန်းချက် တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒူဘိုင်းရဲ့ ရာသီဥတုအခြေအနေတွေမှာ အလိုအလျောက် ပို့ဆောင်ရေး နည်းလမ်း တွေကို အကောင်အထည်ဖော်ရေး RTA နည်းပညာပိုင်းဆိုင်ရာ စမ်းသပ်မှု တစ်စိတ်တစ်ပိုင်းပါ။ ဒူဘိုင်းရဲ့ အလိုအလျောက် ပို့ဆောင်ရေး မဟာဗျူဟာအရ ၂၀၃၀ ပြည့်နှစ်မှာ ပို့ဆောင်ရေးစနစ်ရဲ့ ၂၅ ရာခိုင်နှုန်းကို အလိုအလျောက် နည်းပညာတွေ အစားထိုရေး စီမံကိန်းကိုလည်း ဒါက ထင်ဟပ်စေပါတယ်။ သယ်ယူပို့ဆောင်ရေးစနစ်တွေကို အသုံးပြုရာမှာ ပြည်သူတွေနဲ့ တစ်သားတည်းဖြစ်ဖို့၊ လျင်မြန်ချောမွေ့ပြီး ထူးခြားတဲ့ စနစ်တွေကြောင့် ပြည်သူတွေ ပျော်ရွှင်စေဖို့ ဒီနည်းလမ်းက အကူအညီလည်း ဖြစ်စေမှာ ဖြစ်ပါတယ်”

    Ref: Khaleej Times

  • အာရပ်စော်ဘွားများပြည်ထောင်စုရှိ ဟိန္ဒူဘုရားကျောင်းတစ်ခုကို အိန္ဒိယ၀န်ကြီးချုပ် အုတ်မြစ်ချမည်

    အာရပ်စော်ဘွားများပြည်ထောင်စုရှိ ဟိန္ဒူဘုရားကျောင်းတစ်ခုကို အိန္ဒိယ၀န်ကြီးချုပ် အုတ်မြစ်ချမည်

    ဖေဖော်ဝါရီ ၁၀၊ ၂၀၁၈
    M-Media

    – အာရပ်စော်ဘွားများပြည်ထောင်စု ယူအေအီးနိုင်ငံ အဘူဒါဘီမြို့မှာ ပထမဆုံး တည်ဆောက်မယ့် ဟိန္ဒူဘုရားကျောင်းအတွက် သမိုင်းဝင် အခမ်းအနားတစ်ခုကို တနင်္ဂနွေနေ့မှာ ပြုလုပ်မယ်လို့ ယူအေအီးဆိုင်ရာ အိန္ဒိယသံအမတ် နက်ဗ်ဒီပ် ဆင်း ဆူရီက ပြောကြားလိုက်ပါတယ်။

    “Dubai Opea House မှာ အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီဟာ အိန္ဒိယလူ့အဖွဲ့အစည်းက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံမှာပါ။ အဓိကအဖွဲ့အစည်းအားလုံးက ကိုယ်စားလှယ်တွေ၊ အိန္ဒိနိုင်ငံသား တတ်သိပညာရှင်တွေ တော်တော်များများကိုလည်း ဖိတ်ထားပါတယ်။ အဘူဒါဘီမှာဆောက်မယ့် ပထမဆုံး ဟိန္ဒူဘုရားကျောင်း အုတ်မြစ်ချမှု ပါဝင်မယ့်အတွက် ဒီအခမ်းအနားဟာ သမိုင်းဝင်အခမ်းအနား ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒူဘိုင်း-အဘူဒါဘီ ရှိခ်ဇေယဒ် အဝေးပြေးလမ်းအနီးမှာ ဘုရားကျောင်းဆောက်ဖို့အတွက် မြေနေရာ စကွဲယားမီတာ မီတာ ၅၅၀၀ ရရှိခဲ့တဲ့အတွက်လည်း အလွန်အမင်း ပီတိဖြစ်ရပါတယ်”

    ယူအေအီးကို ရောက်ရှိလာမယ့် အိန္ဒိယ၀န်ကြီးချုပ် မိုဒီဟာ ဘုရားကျောင်းရဲ့ အုတ်မြစ်ကျောက်တုံးမှာ အလံစိုက်ပေးမှာ ဖြစ်ပါတယ်။

    ဘုရားကျောင်းကို ၂၀၂၀ မှာပြီးစီးဖို့ ရည်မှန်းထားပြီး ဘာသာပေါင်းစုံကလူတွေ အားလုံးအတွက် ဖွင့်ပေးသွားမှာဖြစ်ပါတယ်။

    ဒီဘုရားကျောင်းဟာ အရှေ့အလယ်ပိုင်းမှာ ပထမဆုံး ဟိန္ဒူ ကျောက်တုံးဘုရားကျောင်း ဖြစ်လာမှာဖြစ်တယ်လို့ ဒီဇိုင်း၊ ဆောက်လုပ်ရေးနဲ့ စီမံခန့်ခွဲရေး တာဝန်ယူထားတဲ့ BAPS Swaminarayanan Sanstha အဖွဲ့က ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

    ဘုရားကျောင်းရဲ့ အုတ်မြစ်ကျောက်တုံးကို အိန္ဒိယက ဘုရားကျောင်း ဗိသုကာပညာရှင်တွေ ထွင်းထုးပေးထားတာ ဖြစ်ပါတယ်။

    ဒူဘိုင်းမှာ ဟိန္ဒူဘုရားကျောင်းနှစ်ခု ရှိပေမယ့် အဘူဒါဘီက ဟိန္ဒူဘာသာဝင်တွေဟာ ဘုရားဝတ်ပြုဖို့အတွက် ဒူဘိုင်းအထိ လာရောက်ရတာ ဖြစ်ပါတယ်။

    BAPS Swaminarayan Sanstha အဖွဲ့ အကြီးအကဲ ဆာဒူ ဘရာမာဗီဟာရီဒက်စ်က အဘူဒါဘီ အိမ်ရှေ့မင်းသား ရှိခ် မိုဟာမက် ဘင် ဇေယဒ် အလ် နဟ်ယန်အနေနဲ့ ဘုရားကျောင်းဆောက်ဖို့ မြေကြီး လှူဒါန်းတာဟာ ယဉ်ကျေးမှုနဲ့ ဘာသာရေး ပေါင်းစည်းညီညွတ်မှုက ကမ္ဘာကြီး သဟဇာတဖြစ်ရေး နည်းလမ်းတစ်ခုဖြစ်တယ်ဆိုတာကို ပြသတဲ့ ခိုင်မာတဲ့ သတင်းစကားတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဘုရားကျောင်းကို နယူးဒေလီက ဘုရားကျောင်းတစ်ခုရဲ့ ပုံစံအတိုင်း ဆောက်လုပ်မှာဖြစ်ပြီး နယူးဂျာဆီမှာလည်း ဒီလို ပုံတူ ဘုရားကျောင်းတစ်ခုကို တည်ဆောက်နေတယ်လို့ BAPS က ပြောပါတယ်။

    BAPS ဟာ အိန္ဒိယ၊ ယူကေ၊ အမေရိကန်၊ သြစတေးလျ၊ ကနေဒါနဲ့ အာဖရိကတို့မှာ ဘုရားကျောင်း ၁၂၀၀ လောက်ကို စီမံနေတဲ့အဖွဲ့ ဖြစ်ပါတယ်။

    Ref: Khaleejtimes

  • အရှေ့အလယ်ပိုင်း၏ ပထမဆုံး တီထွင်ဖန်တီးမှုစင်တာ ဒူဘိုင်းတွင် ဖွင့်လှစ်

    အရှေ့အလယ်ပိုင်း၏ ပထမဆုံး တီထွင်ဖန်တီးမှုစင်တာ ဒူဘိုင်းတွင် ဖွင့်လှစ်

    ဖေဖော်ဝါရီ ၉၊ ၂၀၁၈
    M-Media

    – အရှေ့အလယ်ပိုင်းမှာ ပထမဆုံးဖြစ်တဲ့ လူငယ် သိပ္ပံနဲ့ နည်းပညာ တီထွင်ဖန်တီးမှုစင်တာတစ်ခုကို အာရပ်စော်ဘွားများပြည်ထောင်စု ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှာ ဗုဒ္ဓဟူးနေ့က ဖွင့်လှစ်လိုက်ပါတယ်။

    Innovation Hub လို့ အမည်ပေးထားတဲ့ အဲဒီသင်တန်းကျောင်းမှာ အက်ပလီကေးရှင်းတွေ၊ ကွန်ပျူတာပရိုဂရမ်တွေ၊ ဟက်ကင်းနည်းစနစ်တွေ၊ ဉာဏ်ရည်တု နည်းပညာတွေ စသဖြင့် နောက်ဆုံးပေါ် သိပ္ပံနဲ့ နည်းပညာဆိုင်ရာ နည်းလမ်းအသစ်တွေကို လေ့လာတီထွင်နိုင်မှာ ဖြစ်ပါတယ်။

    အသက် ၈ နှစ်ကနေ ၂၄ နှစ်အထိ ကျောင်းသားပေါင်း ၁၂၀ လောက် တက်ရောက်နိုင်မှာဖြစ်ပြီး ဒေသတွင်း သိပ္ပံနဲ့ နည်းပညာပိုင်းမှာ ထိပ်တန်းအဆင့်ရောက်နိုင်ဖို့အတွက် ရည်ရွယ်တာဖြစ်ပါတယ်။

    Al Bayt Mitwahid အသင်းရဲ့ ဥက္ကဌဖြစ်တဲ့ ဆအစ်ဖ် အလီ အလ် ကူဘိုင်စီက Google က ပံ့ပိုးတဲ့ Innovation Hub ကို ဖွင့်လှစ်နိုင်တဲ့အတွက် ဂုဏ်ယူမိကြောင်း ပြောကြားခဲ့ပါတယ်။

    “ဒီစင်တာရဲ့ နောက်ဆုံးပေါ် ပစ္စည်းတွေက ကျောင်းသားတွေကို တန်ဖိုးရှိတဲ့ နည်းပညာမြင့် သင်တန်းတွေကို သင်ပေးနိုင်မှာဖြစ်ပြီး ယူအေအီးက ပါရမီရှိလူငယ်မျိုးဆက်သစ်အတွက် အကျိုးရှိစေမှာ ဖြစ်ပါတယ်”

    ဒီစင်တာကို ယူအေအီးတက္ကသိုလ်၊ အဘူဒါဘီ ပညာရေးဌာနနဲ့ Google တို့က ပူးပေါင်းပြီး တည်ထောင်ထားတာဖြစ်ပါတယ်။

    Ref: Khaleejtimes