News @ M-Media

Tag: UAE

  • ရေနစ်နေသည့် ဖိလစ်ပိုင်နှစ်ဦးကို ယူအေအီးအမျိုးသားက ကယ်တင်

    ရေနစ်နေသည့် ဖိလစ်ပိုင်နှစ်ဦးကို ယူအေအီးအမျိုးသားက ကယ်တင်

    အောက်တိုဘာ ၁၆၊ ၂၀၁၇
    M-Media

    ဖိလစ်ပိုင် ၂ ဦးကို ကယ်တင်ခဲ့သည့် အိုစမန် အလီ စအစ် အလ် နက္ကဘီ

    – အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) ရှိ Khor Fakkan မြို့ ပင်လယ်ကမ်းခြေတစ်ခု၌ ရေလွှာလျှောစီးယာဉ်ကို မောင်းကွေ့လိုက်စဉ် ရေထဲပြုတ်ကျကာ ရေနစ်သွားသည့် ဖိလစ်ပိုင်၂ ဦး၏ အသက်ကို ယူအေအီးနိုင်ငံသားတစ်ဦးက ကယ်ဆယ်ခဲ့သည်ဟု သိရသည်။

    အိုစမန် အလီ စအစ် အလ် နက္ကဘီဆိုသူဖြစ်ပြီး ၎င်း၏ ရဲစွမ်းသတ္တိနှင့် လူသားချင်းစာနာပေးမှုအတွက် အသိအမှတ်ပြုသောအားဖြင့် ရှာရ်ဂျာပြည်နယ် ရဲတပ်ဖွဲ့က ဂုဏ်ပြုခဲ့သည်။

    အလ် နက္ကဘီက ရေနစ်နေသူ ၂ ယောက် အော်ဟစ်အကူအညီတောင်းနေသည်ကို ကြားခဲ့ရပြီးနောက် အာဏာပိုင်အဖွဲ့အား ချက်ချင်းအသိပေးပြောကြားခဲ့ကာ ရေထဲသို့ ခုန်ဆင်း၍ ရေနစ်နေသူ ၂ ဦးကို ကယ်ဆယ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ကယ်ဆယ်ရေးအဖွဲ့မှာ အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာခဲ့ပြီးနောက် ရေနစ်သူ ၂ ဦးအား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

    ရဲတပ်ဖွဲ့ကမူ အလ် နက္ကဘီ၏ ထိုလုပ်ရပ်မှာ ၎င်း၏ ရဲစွမ်းသတ္တိ၊ ရဲတပ်ဖွဲ့နှင့်ပြည်သူ ပူးပေါင်းဆောင်ရွက်နိုင်မှုကို ပြသခြင်းဖြစ်သည်ဟု ချီးကျူးပြောကြားခဲ့သည်။

    Ref : Khaleejtimes

  • ယူအေအီးတွင် အင်္ဂါဂြိုဟ်ပုံတူ သိပ္ပံမြို့တော် တည်ဆောက်မည်

    ယူအေအီးတွင် အင်္ဂါဂြိုဟ်ပုံတူ သိပ္ပံမြို့တော် တည်ဆောက်မည်

    စက်တင်ဘာ ၃၀၊ ၂၀၁၇
    M-Media

    သိပ္ပံမြို့တော် ဒီဇိုင်း

    – အင်္ဂါဂြိုဟ်ပေါ်မှာ ကြုံတွေ့ရမယ့် အခြေအနေတိုင်း ဖန်တီးထားမယ့် သိပ္ပံမြို့တော်တစ်ခု တည်ဆောက်သွားမယ်လို့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)နိုင်ငံက ကြေငြာလိုက်ပါတယ်။

    စကွဲယားမီတာ ၁.၉ သန်းအကျယ်အ၀န်းမှာ တည်ဆောက်မယ့် ဒီ သိပ္ပံမြို့တော်ကို Mars Science City လို့ အမည်ပေးထားပြီး ဒီရ်ဟမ် သန်း ၅၀၀ သုံးစွဲမှာဖြစ်တယ်လို့ ယူအေအီး ၀န်ကြီးချုပ် ရှိခ် မိုဟာမက် ဘင် ရာရှစ် အလ် မခ်တွမ်က အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။

    ဒီမြို့တော် တည်ဆောက်ရေးလုပ်ငန်းဟာ ၂၁၁၇ ခုနှစ်မှာ အင်္ဂါဂြိုဟ်ကို လူလွှတ်နိုင်ရေး ယူအေအီးရဲ့ စီမံကိန်း အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အင်္ဂါဂြိုဟ်ပေါ်မှာ နေထိုင်တဲ့အခါ ကြုံတွေ့ရမယ့် အခြေအနေအတိုင်း အတိအကျ ဖန်တီးထားမှာပါ။

    ဒါဟာ အင်္ဂါဂြိုဟ်ပေါ် လူသားနေထိုင်ဖို့ စမ်းသပ်မှုအတွက် နောက်ထပ်နှစ် ၁၀၀ အတွင်း တစ်ခုတည်းသောပုံတူ ဖြစ်လာမှာဖြစ်ပါတယ်။ ဒီသိပ္ပံမြို့တော်မှာ လူငယ်တွေ ပညာဆည်းပူးနိုင်မယ့် နေရာတွေကိုလည်း ထည့်သွင်းပေးထားမှာပါ။

    “ဒီစီမံကိန်းသစ်ဟာ ကမ္ဘာ့သိပ္ပံဆိုင်ရာ ဆောင်ရွက်မှုတွေမှာ ယူအေအီးရဲ့ ဦးဆောင်ကူညီမှုအတွက် နောက်ထပ် ခြေလှမ်းတစ်ခုပါ။ လူသားတွေရဲ့ အာကာသခရီး ချီတက်မှုမှာ ပါဝင်ဖို့၊ ကူညီဖို့အတွက် နမူနာတစ်ခု၊ လှုံ့ဆော်မှုတစ်ခု ဖြစ်လာဖို့ ကျွန်တော်တို့ ဆောင်ရွက်တာဖြစ်ပါတယ်” လို့ ၀န်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

    အင်္ဂါဂြိုဟ်ရဲ့ ကြမ်းတမ်းတဲ့ မြေအနေအထား၊ ပြင်းထန်တဲ့ ရာသီဥတုတွေကို 3D Printing နည်းပညာနဲ့ ပုံတူဖန်တီးနိုင်မယ့် ဓာတ်ခွဲခန်းတွေ ပါဝင်မှာဖြစ်ပြီး၊ အင်္ဂါဂြိုဟ်မှာ တွေ့ကြုံရမယ့်အခြေအနေအတွက် အဲဒီမြို့တော်မှာ သိပ္ပံပညာရှင် အဖွဲ့တစ်ခုက တစ်နှစ်ကြာ နေထိုင်မယ့် အစီအစဉ်တစ်ခုလည်း ရှိနေပါတယ်။

    Mars Science City ဟာ ကမ္ဘာတစ်ဝှမ်းက အာကာသသိပ္ပံပညာရှင်တွေ၊ အာကာသချစ်သူတွေကို စွဲဆောင်သွားနိုင်ဖို့အတွက် ယူအေအီးက ရည်ရွယ်ထားပြီး၊ အင်္ဂါဂြိုဟ်ရဲ့ တကယ့် အခြေအနေအတိုင်း ဖန်တီးထားမယ့် ကမ္ဘာ့ အဆန်းသစ်ဆုံး အဆောက်အဦး ဖြစ်လာမှာဖြစ်ပါတယ်။

    Ref: Alarabiya

     

  • မုန်တိုင်းဒဏ်ခံ အမေရိကန်များအတွက် ကာတာနှင့် ယူအေအီးက ဒေါ်လာ သန်း ၄၀ လှူမည်

    မုန်တိုင်းဒဏ်ခံ အမေရိကန်များအတွက် ကာတာနှင့် ယူအေအီးက ဒေါ်လာ သန်း ၄၀ လှူမည်

    စက်တင်ဘာ ၈၊ ၂၀၁၇
    M-Media

    ဟာရီကိန်းဟာဗီး တိုက်ခတ်ပြီးနောက် မြင်ကွင်း

    – ပြီးခဲ့သည့်တစ်ပတ်က အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်တွင် တိုက်ခတ်ခဲ့သည့် ဟာရီကိန်းမုန်တိုင်းဒဏ် ခံစားရသော ပြည်သူများအတွက် ကာတာက ကန်ဒေါ်လာ သန်း ၃၀ လှူဒါန်းမည်ဟု သိရသည်။

    အမေရိကန်ဆိုင်ရာ ကာတာသံအမတ် မက်စ်ဟဲလ် ဘင် ဟာမဒ် အလ် သာနီက ယမန်နေ့တွင် ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး မကြာသေးမီကမှ မတည်ခဲ့သည့် Qatar Harvey Fund ရန်ပုံငွေမှတစ်ဆင့် လှူဒါန်းမည်ဖြစ်သည်။

    ထိုလှူဒါန်းမှုမှာ တက္ကဆက် ကမ်းရိုးတန်းတွင် ဆိုးဆိုးဝါးဝါး  ထိခိုက်ခဲ့သည့် ဟာရီကိန်းမုန်တိုင်းဒဏ်ခံ ပြည်သူများအတွက် နိုင်ငံခြားတိုင်းပြည်တစ်ခုမှ အကြီးမားဆုံး လှူဒါန်းမှု ဖြစ်လာမည်ဖြစ်သည်။

    ကာတာ၏ ထောက်ပံ့မှုကို ရေကြီးမှုကြောင့် ပျက်ဆီးသွားသည့် နေအိမ်များ ပြန်လည်တည်ဆောက်ရေးတွင် သုံးစွဲရန် ရှိနေသည်။

    “တက္ကဆက်ပြည်သူတွေဟာ ဘယ်လိုမုန်တိုင်းမျိုးကိုမဆို ကြံ့ကြံ့ခံနိုင်ပြီး ပိုမို ကြံ့ခိုင်စွာ၊ ပိုကောင်းတဲ့ အနေအထားနဲ့ ပြန်လည် ထူထောင်လာမှာ ဖြစ်ပါတယ်။ ကာတာကလည်း မိမိတို့ရဲ့ မိတ်ဆွေတွေကို ဘယ်လိုအချိုးအကွေ့မှာမဆို ကူညီဖို့ အဆင်သင့်ရှိပါတယ်” ဟု အလ်သာနီက ပြောကြားခဲ့သည်။

    ဟာရီကိန်း ဟာဗီးဒဏ်ခံ ပြည်သူများအတွက် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) ကလည်း ကန်ဒေါ်လာ ၁၀ သန်း လှူဒါန်းမည်ဟု ပြောကြားထားသည်။

    တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး အဘော့ မိမိတို့ပြည်နယ်နှင့် ကာတာနိုင်ငံမှာ ကာလရှည်လျားသည့် မိတ်ဖက်ဆက်ဆံရေးရှိကြောင်း၊ ကာတာအစိုးရ၏ ရက်ရောမှု၊ တက္ကဆက်ပြည်နယ်အား ထောက်ပံ့မှုအတွက် ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့သည်။

    Ref: Aljazeera

  • အပြောလျှော့၍ အလုပ်လုပ်ခြင်းက နိုင်ငံဖွံ့ဖြိုးမှုသော့ချက်ဟု ယူအေအီးပြော

    အပြောလျှော့၍ အလုပ်လုပ်ခြင်းက နိုင်ငံဖွံ့ဖြိုးမှုသော့ချက်ဟု ယူအေအီးပြော

    သြဂုတ် ၁၉၊ ၂၀၁၇
    M-Media

    – မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ခြင်းမှာ အပြောကိုလျှော့ကာ အလုပ်လုပ်ခြင်းကြောင့်ဖြစ်သည်ဟု အာရပ်စော်ဘွားများပြည်ထောင်စု ယူအေအီးနိုင်ငံ၏ ဒုတိယဥက္ကဌ ရှိခ် မိုဟာမက် ဘင် ရာရှစ် အလ် မခ်တွမ်က ယမန်နေ့တွင် ပြောကြားလိုက်သည်။

    “ဒူဘိုင်းနဲ့ ယူအေအီးရဲ့ အောင်မြင်မှုသော့ချက်ကို လူတော်တော်များများက မေးကြတယ်ဗျ။ ကျွန်တော်က ဘာလျှို့ဝှက်ချက်မှမရှိဘူး။ အရင် လူတွေသိခဲ့တဲ့ အသိပညာတွေ၊ သိပ္ပံညာတွေထက် ပိုပြီး ကျွန်တော်တို့ သိထားတာလည်း မရှိဘူးလို့ ပြန်ပြောလိုက်တယ်။ ကျွန်တော်တို့လုပ်တာက အောင်မြင်မှုဟာ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုဖြစ်အောင် အသိပညာတွေကို အလုပ်အဖြစ် ပြောင်းလိုက်တာပါ” ဟု အလ် မက်ခ်တွမ်က Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။

    ၎င်းမှာ နိုင်ငံ၏ ၀န်ကြီးချုပ်ဖြစ်ပြီး ဒူဘိုင်း အုပ်ချုပ်ရေးမှူးလည်း ဖြစ်သည်။

    ထို့ပြင် လေယာဉ်ကွင်း ကာယလုပ်သားများမှ ရုံးဝန်ထမ်း မန်နေဂျာများအထိ၊ စာသင်ခန်းရှိ ခုံများမှာ တိုင်းပြည်ကောင်စီများ၊ ၀န်ကြီးများအတထိ ကြိုးစားအားထုတ်လိုစိတ် မျိုးစေ့ကို စိုက်ပျိုးပေးခြင်းသာလျှင် မှန်ကန်သည့် အောင်မြင်မှုဖြစ်သည်ဟု ၎င်းက ဆိုသည်။

    ၁၉၇၁ ခုနှစ်က စတင်တည်ထောင်ခဲ့သည့် ယူအေအီးနိုင်ငံမှာ လက်ရှိတွင် ပင်လယ်ကွေ့၌ ဆော်ဒီပြီးနောက် ဒုတိယ စီးပွားရေးအကြီးမားဆုံး နိုင်ငံတစ်ခုဖြစ်နေပြီး ရေနံကို မမှီခိုသည့် စီးပွားရေးလမ်းကြောင်းများကို အောင်မြင်စွာ ဖော်ထုတ်ထားနိုင်သည်။

    မက်ခ်တွမ်က မိမိတို့မှာ အပြောကိုလျှော့၍၊ အလုပ်ကိုတိုးလုပ်ကြောင်း၊ အသိပညာများနှင့် သိပ္ပံညာကို လက်တွေ့ အသုံးချကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

    Ref : Alarabiya