News @ M-Media

Tag: UAE

  • နိုင်ငံတကာ အမျိုးသမီးများနေ့အကြို အမျိုးသမီးများ၏ စွမ်းရည်ကို ထုတ်ဖော်လိုက်တဲ့ Emirate လေကြောင်းလိုင်း

    နိုင်ငံတကာ အမျိုးသမီးများနေ့အကြို အမျိုးသမီးများ၏ စွမ်းရည်ကို ထုတ်ဖော်လိုက်တဲ့ Emirate လေကြောင်းလိုင်း

    မေ ၇၊ ၂၀၁၇
    M-Media

    – မတ်လ ၈ ရက်နေ့မှာ ကျရောက်မယ့် ‘နိုင်ငံတကာအမျိုးသမီးများနေ့’ ကို ဂုဏ်ပြုတဲ့အနေနဲ့ Emirate လေကြောင်းလိုင်းဟာ ကမ္ဘာ့အကြီးဆုံးလေယာဉ် Airbus A380 ကို အာရပ် အမျိုးသမီး လေယာဉ်မှူးနှစ်ဦးက မောင်းနှင်နေတဲ့ ဗီဒီယိုကို မတ်လ ၆ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

    ယူအေအီးကနေ ဗီယင်နာကို ပျံသန်းတဲ့ ဒီလေယာဉ်ကို အီဂျစ်နိုင်ငံသူ လေယာဉ်မှူး နီဗင် ဒါဝစ်ရှ်နဲ့ ယူအေအီးနိုင်ငံသူ အလီယာ အလ်-မူဟိုင်ရီတို့က ကိုင်တွယ်မောင်းနှင်တာဖြစ်ပါတယ်။ ဒါဝစ်ရှစ်ဟာ A380 ကို ကိုယ်တွယ်မောင်းနှင်တဲ့ ပထမဆုံး အာရပ်အမျိုးသမီးအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး၊ အလ်-မူဟိုင်ရီက ယူအေအီးရဲ့ အသက်အငယ်ဆုံး အမျိုးသမီး လေယာဉ်မှူးပါ။

    Emirate လေကြောင်းလိုင်းရဲ့ ၀န်ထမ်းပေါင်း ၂၉၀၀၀ မှာ ၄၄ ရာခိုင်နှုန်းနီးပါးဟာ အမျိုးသမီးတွေဖြစ်ပါတယ်။ ၀န်ထမ်းအားလုံးထဲက ၁၈၀၀၀ ဟာ လေယာဉ်အမှူးထမ်းအဖြစ် အလုပ်လုပ်ကြပြီး ၂.၅ ရာခိုင်နှုန်းနီးပါးက စီမံခန့်ခွဲရေး တာဝန်တွေကို ယူထားကြပါတယ်။

    အမျိုးသမီး လေယာဉ်အမှုထမ်းတွေဟာ နိုင်ငံပေါင်း ၂၄ နိုင်ငံကဖြစ်ပြီး အသက် ၂၀ ကနေ ၅၉ နှစ်အကြားမှာ ရှိနေပါတယ်။

    Emirate လေကြောင်းလိုင်း တိုးတက်လာမှုနဲ့အတူ အမျိုးသမီးအမှုထမ်းအရေအတွက်ဟာလည်း မြင့်တက်လာခဲ့ပြီး ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ အမျိုးသမီးဝန်ထမ်းဟာ ၆ ရာခိုင်နှုန်းလောက် တိုးတက်လာတယ်လို့ ဆိုပါတယ်။

    Ref: The National, Gulf News

  • စာအုပ် ၆ သန်းပါသည့် အွန်လိုင်းစာအုပ်စတိုး အရှေ့အလယ်ပိုင်းတွင်ဖွင့်လှစ်

    စာအုပ် ၆ သန်းပါသည့် အွန်လိုင်းစာအုပ်စတိုး အရှေ့အလယ်ပိုင်းတွင်ဖွင့်လှစ်

    မေ ၅၊ ၂၀၁၇
    M-Media

    – အရှေ့အလယ်ပိုင်း၏ အကြီးဆုံး အွန်လိုင်းစတိုးဖြစ်သော Souq.com မှာ စာအုပ်ပေါင်း ၆ သန်းပါဝင်မည့် အွန်လိုင်း စာအုပ်စတိုးတစ်ခုကို ဖွင့်လှစ်လိုက်ပြီဟု သိရသည်။

    ကမ္ဘာကျော် Amazon ၏ Kindle စာအုပ်များကဲ့သို့ ဖြစ်ပြီး Global Bookstore ဟု အမည်ပေးထားသည့် Souq.com ၏ ယခု အွန်လိုင်းစာအုပ်စတိုးမှာ အရှေ့အလယ်ပိုင်း ဒေသအတွက် စာအုပ်များကို ပိုမိုရရှိစေနိုင်မည် ဖြစ်သည်။ ထို အွန်လိုင်းစာအုပ်စတိုးကို ယူအေအီး အစိုးရ၏ Year of Reading initiative က ကူညီပံ့ပိုးပေးမည်ဖြစ်သည်။

    Global Bookstore တွင် ယဉ်ကျေးမှု၊ မိသားစု၊ ပညာရေး၊ စီးပွားရေး စသည်တို့ အပါအ၀င် ကဏ္ဍပေါင်းစုံမှ စာအုပ်များ ပါဝင်မည်ဖြစ်သည်။

    Souq.com ကို ပူးတွဲတည်ထောင်သူနှင့် စီအီးအို ရော်နယ်ဒို မူချာဝါရ်က “ကျွန်တော်တို့ရဲ့ ဖောက်သည်တွေအတွက် စာအုပ်ပေါင်းစုံကို လွယ်လွယ်ကူကူနဲ့ ရရှိစေဖို့ စာအုပ်စတိုး ဖန်တီးပေးရတာကို ကျွန်တော်တို့ ပျော်ရွှင်မိပါတယ်။ အနာဂတ်မှာလည်း ဒီထက် ပိုပြီး တိုးတက်အောင်လုပ်သွားဖို့ စီစဉ်ထားပါတယ်” ဟု ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့အနေဖြင့် နိုင်ငံအတွင်းမှ အဖွဲ့အစည်းများ အထူးသဖြင့် Mohammed Bin Rashid Al Maktoum Foundation၊ Dubai e-Library တို့နှင့် ပူးပေါင်းကာ စာဖတ်ခြင်း၊ အသိပညာ ရှာဖွေခြင်းနှင့် ပတ်သက်၍ ရှေ့ဆက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မူချာဝါရ်က ထပ်လောင်း ပြောကြားခဲ့သည်။

    “ယူအေအီးရဲ့ National Reading လှုပ်ရှားမှုနဲ့အညီ လုပ်ဆောင်တာဖြစ်ပြီး ဒီလို စာအုပ်စာပေကဏ္ဍမှာ ချဲ့ထွင်မှုဟာ ဒေသတစ်ဝှမ်း စာဖတ်မှုဓလေ့ အရှိအဟုန်အသစ်ကို မြင်နေရတဲ့ စိတ်ဝင်စားစရာကာင်းတဲ့ အချိန်မှာ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ဟာ ဒေသတွင်းကလူတွေကို စာအုပ်စာပေတွ ပိုမိုဖတ်ရှုစေနိုင်မှာ ဖြစ်ပါတယ်”

    မကြာသေးမီက ထွက်ပေါ်လာခဲ့သည့် Arab Reading Index အညွှန်းကိန်းအရာ အာရပ်စော်ဘွားများပြည်ထောင်စု ယူအေအီးမှ ပြည်သူတစ်ဦးလျှင် တစ်နှစ် ပျမ်းမျှ ၅၁ နာရီဝန်းကျင် စာဖတ်ပြီး ကျန်သည့် အာရပ်ဒေသက စာဖတ်ချိန် ၃၅ နာရီထက် ပို၍ မြင့်မားသည်။

    အာရပ်ဒေသတွင် လူတစ်ဦးမှာ တစ်နှစ်လျှင် ပျမ်းမျှ စာအုပ် ၁၆ အုပ် ဖတ်ရှုပြီး ယူအေအီးတွင် ပြည်သူတစ်ဦး တစ်နှစ် ပျမ်းမျှ ဖတ်ရှုသော စာအုပ်မှာ ၂၄ အုပ်ရှိသည်။

    Ref: Arabian Business

  • ယူအေအီးက နောက်ထပ် နှစ် ၁၀၀ အတွင်း အင်္ဂါဂြိုဟ်၌ မြို့တည်မည်

    ယူအေအီးက နောက်ထပ် နှစ် ၁၀၀ အတွင်း အင်္ဂါဂြိုဟ်၌ မြို့တည်မည်

    ဖေဖော်ဝါရီ ၁၈၊ ၂၀၁၇
    M-Media

    ယူအေအီးက အင်္ဂါဂြိုဟ်တွင်တည်ဆောက်မည့် လူသားမြို့တော်ဒီဇိုင်း

    – ၂၁၁၇ ခုနှစ်အရောက်မှာ အင်္ဂါဂြိုဟ်ပေါ် ပထမဆုံး လူသားမြို့တော် တည်ဆောက်ပြီးဖြစ်ရမယ်ဆိုတဲ့ အံ့သြဖွယ် စီမံကိန်းတစ်ခုကို အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) က ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ကြေငြာလိုက်ပါတယ်။

    ဒူဘိုင်းအုပ်ချုပ်ရးမှူး ရှိခ် မိုဟာမက် ဘင် ရာရှင် အလ် မခ်တွန်မ်က ဒီလို ပြောကြားလိုက်တာဖြစ်ပြီး Mars 2117 Project လို့ အမည်ပေးထားတဲ့ ဒီစီမံကိန်းဟာ လူတွေကို အင်္ဂါဂြိုဟ်ပို့နိုင်မယ့် သိပ္ပံဆိုင်ရာ တစ်မူထူးတဲ့ အောင်မြင်မှုရရှိရေး အမျိုးသားစီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တယ်လို့လည်း ဆိုပါတယ်။

    စီမံကိန်းကို World Government Summit (ကမ္ဘာ့အစိုးရ ထိပ်သီးအစည်းအဝေး) မှာ ကြေငြာရာမှာ အင်္ဂါဂြိုဟ်ပေါ် မြို့ တစ်ခုတည်ဆောက်ဖို့အတွက် ကနဦး သုံးသပ်ချက်ဆိုင်ရာတွေကို ဗီဒီယိုနဲ့ ရှင်းလင်းတင်ပြမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။

    ဒီစီမံကိန်းကို နိုင်ငံတကာက အထူးအဖွဲ့တွေ၊ သိပ္ပံအသင်းအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဒူဘိုင်အခြေစိုက် Gulf News သတင်းစာက ဖော်ပြခဲ့ပါတယ်။

    “အင်္ဂါဂြိုဟ်ပေါ်မှာ စက်ရုပ်တွေနဲ့ လူသားမြို့တော် တည်ဆောက်ဖို့အတွက် အယူအဆတစ်ခုကို ယူအေအီးက အင်ဂျင်နီယာအဖွဲ့ဟာ သိပ္ပံပညာရှင်တွေ၊ သုတေသနပညာရှင်တွေနဲ့အတူ ဖော်ထုတ်ခဲ့ပါတယ်” လို့ သတင်းစာက ဆိုပါတယ်။

    ရှိခ်မိုဟာမက်ကလည်း အခြားသောဂြိုဟ်တွေပေါ်မှာ လူသားတွေ ခြေချနိုင်ရေးဟာ လူသားအားလုံးရဲ့ မဟာအိပ်မက်ဖြစ်ကြောင်း၊ မိမိတို့ရဲ့ ရည်ရွယ်ချက်မှာ အဆိုပါအိပ်မက် အမှန်တကယ်ဖြစ်လာရေး နိုင်ငံတကာ၏ ကြိုးပမ်းအားထုတ်မှုတွင် မိမိတို့ ယူအေအီးနိုင်ငံက ထိပ်တန်းမှ ပါဝင်ရေးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    “လူသားတွေရဲ့ ရည်မှန်းချက်တွေက အကန့်အသတ် မရှိပါဘူး။ လက်ရှိ ရာစုနှစ်မှာ သိပ္ပံဆိုင်ရာ ဖောက်ထွက်မှုတွေကို ကြည့်မယ်ယ်ဆိုရင် အရေးပါးဆုံး အိပ်မက်ကို အကောင်အထည်ဖော်နိုင်တဲ့ စွမ်းရည်တွေ လူသားတွေမှာ ရှိနေတယ်ဆိုတာ လူတိုင်း ယုံကြည်လာမှာပါ။ ဒီနေ့ ကျွန်တော်တို့ စိုက်ပျိုးလိုက်တဲ့ စီမံကိန်းအသစ်ကနေ နောက်မျိုးဆက်တွေ အသီးအပွင့်တွေ ဆွတ်ခူးနိုင်မယ်လို့ မျှော်လင့်ပါတယ်”

    Ref: Saudi Gazette

  • ယူအေအီးတွင် မောင်းသူမဲ့ လေပေါ်တက္ကစီ မကြာမီလာမည်

    ယူအေအီးတွင် မောင်းသူမဲ့ လေပေါ်တက္ကစီ မကြာမီလာမည်

    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၇
    M-Media

    – တရုတ်နိုင်ငံက ထုတ်လုပ်တဲ့ မောင်းသူမဲ့ ရဟတ်ယာဉ်တက္ကစီကို ဒူဘိုင်းမှာ စမ်းသပ်ခဲ့ပြီး ဇူလိုင်လလောက်မှာ ယူအေအီးတစ်နိုင်ငံလုံး ၀န်ဆောင်မှုပေးနိုင်ဖို့ ရည်ရွယ်တယ်လို့ ယူအေအီး ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့က ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

    အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) ဟာ ၂၀၃၀ ခုနှစ်အရောက်မှာ သူတို့ရဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်း ၄ ပုံ ၁ ပုံကို မောင်းသူမဲ့ ယာဉ်တွေနဲ့ ပြောင်းလဲဖို့ ရည်ရွယ်ထားပြီး ဒီ လူတစ်ယောက်စီး လျှစ်စစ် ရဟတ်ယာဉ်တက္ကစီလည်း ပါဝင်မှာဖြစ်ပါတယ်။

    EHang 184 လို့ အမည်ပေးထားတဲ့ အဲဒီယာဉ်ဟာ မီတာ ၃၀၀ အမြင့်ကနေ တစ်နာရီကို ကီလိုမီတာ ၁၀၀ လောက်သွားနိုင်မှာဖြစ်တယ်လို့ အာဏာပိုင်အဖွဲ့ရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    လိုက်ပါစီးနင်းသူဟာ မြေပြင်ထိန်းချုပ်ရေးစင်တာကို ဆက်သွယ်ကာ ဒီယာဉ်ကို လှမ်းခေါ်ရမှာဖြစ်ပြီး ရောက်လာတဲ့အခါမှာတော့ ယာဉ်ပေါ်က ကွန်ပျူတာစကရင်ပေါ်မှာ ကိုယ်သွားချင်တဲ့ နေရာကို လက်နဲ့ ထောက်လိုက်ယုံနဲ့ ပို့ဆောင်ပေးမှာဖြစ်ပါတယ်။

    တရုတ် ဒရုန်းကုမ္ပဏီ EHang က ထုတ်လုပ်တဲ့ အဲဒီ မောင်းသူမဲ့ ရဟတ်ယာဉ်ရဲ့ ဘတ္တရီဟာ ၂ နာရီလောက်သာ အားသွင်းရပြီး မိနစ် ၃၀ အထိ ပျံသန်းနိုင်ပါတယ်။

    ယူအေအီး ပို့ဆောင်ရေး အာဏာပိုင်အဖွဲကတော့ ဒီမောင်းသူမဲ့ လေပေါ်တက္ကစီ အသုံးပြုဖို့ စီစဉ်ရခြင်းဟာ နိုင်ငံအတွင်းမှာ ကားလမ်းပိတ်မှုကို လျှော့ချဖို့ဖြစ်ကြောင်း၊ ဒီယာဉ်ငယ်ဟာ တိကျတဲ့ ဆင်ဆာပါဝင်ပြီး အလွန်အမင်း နေပူပြင်းမှုကိုလည်း ခံနိုင်ရည်ရှိကြောင်း ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    Ref: Channelnewsasia

  • ဒူဘိုင်းရှိ ဆေးရုံတစ်ခုကို ယူနီဆက်ဖ်က Baby Friendly Hospital အဖြစ် သတ်မှတ်

    ဒူဘိုင်းရှိ ဆေးရုံတစ်ခုကို ယူနီဆက်ဖ်က Baby Friendly Hospital အဖြစ် သတ်မှတ်

    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၇
    M-Media

    – အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံ ဒူဘိုင်းမြို့ရှိ ဆေးရုံတစ်ခုမှာ ယူနီဆက်ဖ်က သတ်မှတ်သည့်’ ရင်ခွင်ပိုက်ကလေးငယ်များနှင့် သင့်လျော်သောဆေးရုံ’ (Baby Friendly Hospital) အဆင့်ကို ရရှိခဲ့သည်ဟု သိရသည်။

    Dubai Hospital ဖြစ်ပြီး ဇန်န၀ါရီလနှောင်းပိုင်းက ထိုကဲ့သို့ သတ်မှတ်ခဲ့ခြင်းဖြစ်ကာ ဂုဏ်ပြုအခမ်းအနားကို ထိုဆေးရုံ၌ ကျင်းပခဲ့သည်။

    Baby-Friendly Hospital Initiative (BFHI) လှုပ်ရှားမှုကို ယူနီဆက်ဖ်နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့ ပူးပေါင်းကာ ၁၉၉၁ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ရင်ခွင်ပိုက်ကလေးငယ်များအား ကာကွယ်မှု၊ ဦးစားပေးမှုနှင့် ကူညီပံ့ပိုးမှုများကို တိုက်တွန်းအားပေးရန်နှင့် ဖွံ့ဖြိုးစေရန်ဖြစ်သည်။

    ဆေးရုံတစ်ခုမှာ Baby-Friendly Hospital အဆင့် ရရှိရန်အတွက် အဓိကအားဖြင့် မိခင်လောင်းများ၊ ရင်ခွင်ပိုက်ကလေးငယ်များကို ပြုစုခြင်း၊ ထောက်ပံ့ခြင်း၊ လေ့ကျင့်သင်ကြားပေးခြင်း စသည့် ကျန်းမာရေးဆောင့်ရှောက်မှုဆိုင်ရာ သတ်မှတ်ချက် ၁၀ ခုကို ပြည့်မီအောင် ဆောင်ရွက်ရသည်။

    Dubai Hospital ၏ စီအီးအိုဖြစ်သူ အဘ်ဒူလ် ရဟ်မန် အလ်-ဂျက်စ်မီက မိမိတို့ဆေးရုံအနေဖြင့် ရင်ခွင်ပိုက်ကလေးငယ်များအား အလုံးစုံ ကြည့်ရှုစောင့်ရှောက်နိုင်ရေး ကြိုးပမ်းအားထုတ်မှုများကို နှစ်မြှုပ်ဆောင်ရွက်နေသည်ဟု ပြောကြားခဲ့ပြီး ယူနီဆက်ဖ်ကိုလည်း ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုများအတွက် ချီးကျူးခဲ့သည်။

    Ref : IINA