News @ M-Media

Tag: UAE

  • ဒူဘိုင်းလေဆိပ်မှာ စံချိန်တင် ခရီးသည်ပမာဏဖြင့် ကမ္ဘာ့ထိပ်တန်းအဖြစ် ရပ်တည်

    ဒူဘိုင်းလေဆိပ်မှာ စံချိန်တင် ခရီးသည်ပမာဏဖြင့် ကမ္ဘာ့ထိပ်တန်းအဖြစ် ရပ်တည်

    ဇန်န၀ါရီ ၂၅၊ ၂၀၁၇
    M-Media

    Dubai International လေဆိပ်

    – ပြီးခဲ့သည့်နှစ်အတွင်း ဒူဘိုင်းလေဆိပ် Dubai International မှာ ခရီးသည်ပေါင်း ၈၃.၆ သန်းကို ၀န်ဆောင်မှုပေးခဲ့ပြီး နိုင်ငံတကာ ခရီးသည်များအတွက် ကမ္ဘာ့နံပါတ်တစ် ထိပ်တန်းလေဆိပ်ဟူသော ဘွဲ့ကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့သည်။

    ၂၀၁၅ ခုနှစ်က ခရီးသည် ၇၈ သန်းကျော်ကို ၀န်ဆောင်မှုပေးခဲ့ပြီး ၂၀၁၆ ခုနှစ်တွင်မူ ၇.၂ ရာခိုင်နှုန်း တိုးလာခြင်ဖြစ်သည်။ အားလပ်ရက်ကာလဖြစ်သော ဒီဇင်ဘာတွင် ခရီးသည်စုစုပေါင်း ၇.၇ သန်း လာရောက်ခဲ့ကြပြီး ၂၀၁၅ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၉.၃ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်သည်။

    ၂၀၁၆ ခုနှစ်အတွင်း Nepal Airlines Corporation လေကြောင်းလိုင်းနှင့် Rossiya လေကြောင်းလိုင်းတို့အပါအ၀င် လေကြောင်းလိုင်းသစ်များ ၀င်ရောက်လာခြင်း၊ flydubai၊ Emirates နှင့် အခြား နိုင်ငံတကာ လေကြောင်းလိုင်းများက ခရီးစဉ်အသစ်များကို ချဲ့ထွင်ပြေးဆွဲခြင်းတို့ကြောင့် ယခုကဲ့သို့ အရေအတွက် တိုးမြင့်လာခြင်းလည်းဖြစ်သည်။

    Dubai Airports လုပ်ငန်းအုပ်စုမှ စီအီးအိုဖြစ်သူ ပေါလ် ဂရစ်ဖစ်က Dubai International လေဆိပ်ကို နိုင်ငံတကာ ခရီးသည်များ ၀န်ဆောင်မှုလုပ်ငန်းတွင် ရှေ့ဆောင်အဖြစ် တည်ဆောက်နိုင်ခဲ့ပြီဟု ဆိုသည်။

    “၂၀၁၇ ခုနှစ်မှာ ခရီးသည် ၈၉ သန်း ရှိမယ်လို့ မျှော်မှန်းထားမှုနဲ့အတူ Dubai International လေဆိပ်ဟာ စုစုပေါင်း လေယာဉ်ခရီးစဉ်မှာ ထိပ်တန်းအဖြစ် ရပ်တည်နေတဲ့ အတ္တလန်တာနဲ့ ဘေဂျင်းတို့ကို လိုက်မီဖို့ နီးစပ်နေပါပြီ။ ၂၀၁၇ နဲ့ နောက်ပိုင်း ကျွန်တော်တို့ရဲ့ မျှော်မှန်းချက်က ခရီးသည်တွေအတွက် ပိုပြီး အဆင်ပြေအောင်၊ စွဲဆောင်မှုရှိအောင်နဲ့ သက်တောင့်သက်သာဖြစ်အောင် လုပ်ပေးဖို့လည်း ပါဝင်ပါတယ်” ဟု ဂရစ်ဖစ်က ပြောကြားခဲ့သည်။

    Ref:Gulfnews

  • ယူအေအီးမှ သူဌေးတစ်ဦး ထောင်ကျနေသည့် နိုင်ငံခြားအလုပ်သမား ၁၃၀ ကျော်ကို ကယ်ထုတ်

    ယူအေအီးမှ သူဌေးတစ်ဦး ထောင်ကျနေသည့် နိုင်ငံခြားအလုပ်သမား ၁၃၀ ကျော်ကို ကယ်ထုတ်

    ဇန်န၀ါရီ ၂၅၊ ၂၀၁၇
    M-Media

    အကျဉ်းထောင်အရာရှိများနှင့်အတူ တွေ့ရသည့် မစ္စတာ ဖီရို့ဇ် မားချန့် (လယ်)

    – အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံမှ မွတ်စလင်ဘီလီယံနာတစ်ဦးမှာ အကြွေးမပေးနိုင်မှုကြောင့် ထောင်ကျနေသည့် နိုင်ငံခြားအလုပ်သမား ၁၃၂ ဦးအတွက် လျော်ကြေး ဒီရ်ဟန် ၁၅၀၀၀၀ ပေးကာ ထောင်မှ လွတ်မြောက်စေခဲ့သည်ဟု သိရသည်။

    ဖီရို့ဇ်မားချန့်ဖြစ်ပြီး ရွှေလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ၎င်းမှာ ယခုနှစ်တွင် နိုင်ငံအတွင်း ထောင်များရှိ အကျဉ်းသားများ လွတ်မြောက်စေရန်အတွက် ဒီရ်ဟမ် ၃.၈ သန်း သုံးစွဲရန် လျာထားသည်။

    မားချန့်၏ ထိုကဲ့သို့ ကူညီမှုကြောင့် အိန္ဒိယ၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ ဥဇဘက်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ နီပေါလ်၊ အီသီယိုးပီးယား၊ ဆီးရီးယား၊ ယီမင်နှင့် ဂါနာနိုင်ငံတို့မှ အလုပ်သမား ၁၃၂ ဦး လွတ်မြောက်မည်ဖြစ်သည်။ ၎င်းတို့မှာ ချမှတ်ခံထားရသည့် ထောင်ဒဏ်ကာလ ပြည့်မြောက်သွားသော်လည်း ၎င်းတို့အပေါ် တင်ရှိနေသည့် အကြွေးများ မပေးနိုင်ခြင်းကြောင့် ထောင်မှ မထွက်ရခြင်းဖြစ်သည်။

    “ဒီအကျဉ်းသားတွေဟာ အခြေအနေတစ်ခုခုကြောင့် ထောင်ထဲရောက်နေတာဖြစ်ပြီး ရာဇ၀တ်ကောင်တွေ မဟုတ်ပါဘူး။ သူတို့တွေဟာ အကြွေးမပေးနိုင်လို့ ထောင်ကျနေတာပါ။ ပြီးခဲ့တဲ့နှစ်မှာ လူတော်တော်များများဟာ ချက်လက်မှတ်စာအုပ်ထဲမှာ ငွေမရှိတာ၊ ငွေသားအကြွေး မပေးနိုင်တာတွေကြောင့် ထောင်နန်းစံခဲ့ရပါတယ်။ ဒ့ါကြောင့် သူတို့ရဲ့ အကြွေးတွေကို ပေးချေဖို့၊ သူတို့ကို လေယာဉ်လက်မှတ်ဝယ်ပေးပြီး မိသားစုနဲ့ ပြန်လည်ပေါင်းစည်းစေဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့ပါတယ်” ဟု မားချန့်က ပြောကြားခဲ့သည်။

    အသက် ၅၈ နှစ်အရွယ်ရှိ မားချန့်မှာ အကြွေးမပေးနိုင်သော အကျဉ်းသားများအတွက် လျော်ကြေးပေးကာ လွတ်မြောက်အောင် ကူညီမှုကို ၂၀၀၈ ခုနှစ်ကတည်းက စတင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထိုနှစ်အတွင်း ဒီရ်ဟမ် ၉ သန်းသုံးကာ အကျဉ်းသား ၄၅၀၀ ကို စေလွှတ်ပေးခဲ့သည်။

    ထိုအကျဉ်းသားများကို ၎င်းတို့ မိခင်နိုင်ငံ ပြန်ရောက်သည်အထိ ကူညီသွားမည်ဖြစ်ပြီး၊ ရထား သို့မဟုတ် တက္ကဆီခအတွက် ဒီရ်ဟမ် ၁၀၀ ထပ်ဆောင်းပေးသွားမည်ဟုလည်း မားချန့်က ပြောကြားခဲ့သည်။

    “အကျဉ်းသားအများစုက သူတို့လွတ်မြောက်တဲ့အခါမှာ အိမ်ပြန်ဖို့ ပိုက်ဆံမရှိကြဘူးလို့ ကျွန်တော်တို့ကိုပြောပါတယ်။ သူ့တို့နိုင်ငံ ပြန်ရောက်တဲ့အခါမှာ ကား၊ ဒါမှမဟုတ် ရထားထပ်စီးရပါတယ်။ ဒါ့ကြောင့် လေယာဉ်လက်မှတ်ဝယ်ပေးတာအပြင် ကျွန်တော်တို့ဟာ သူတို့ သွားဖို့လာဖို့အတွက် ထပ်ကူညီဖို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟု မားချန့်က ထပ်လောင်း ပြောကြားခဲ့သည်။

    အိန္ဒိယဇာတိဖြစ်သည့် မစ္စတာမားချန့်မှာ ၁၉၈၉ ခုနှစ်က ရွှေလုပ်ငန်းအတွင်းသို့ စတင်ဝင်ရာက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ကန်ဒေါ်လာ ၁ ဘီလီယံကျော် ပိုင်ဆိုင်ထားကာ ပင်လယ်ကွေ့ဒေသနှင့် အိန္ဒိယတို့တွင် အလုပ်အကိုင်ပေါင်း ၅၀၀၀ ခန့် ဖန်တီးပေးထားနိုင်သည်။

    Ref: The National

  • ဆရာထက် လက်စောင်းပိုထက်နေတဲ့ ဒူဘိုင်းက မွတ်စလင်ဘောက်ဆာမယ်လေး

    ဆရာထက် လက်စောင်းပိုထက်နေတဲ့ ဒူဘိုင်းက မွတ်စလင်ဘောက်ဆာမယ်လေး

    ဇန်န၀ါရီ ၂၁၊ ၂၀၁၇
    M-Media

    အသက် ၉ နှစ်အရွယ် မွတ်စလင် ဘောက်ဆာမယ်လေး အဇီဇာဟ် နူရ် လိုင်လာ

    – ဒူဘိုင်းက အသက် ၉ နှစ်အရွယ် မွတ်စလင် ဘောက်ဆာမယ်လေးတစ်ယောက်ဟာ အရွယ်နဲ့မလိုက်အောင် လက်သီးချက်တွေ လျင်လျင်မြန်မြန်ထိုးနိုင်တဲ့အတွက် နည်းပြရဲ့ ချီးကျူးမှုကို ခံခဲ့ရပါတယ်။

    အဇီဇာဟ် နူရ် လိုင်လာလို့ အမည်ရတဲ့ မိန်းကလေးငယ်လေးဖြစ်ပြီး လွန်ခဲ့တဲ့တစ်နှစ်အရင်ကစလို့ နည်းပြ အဒမ် ကချီလ်ဆီမှာ လေ့ကျင့်ခဲ့တာပါ။

    လာရောက်လေ့ကျင့်ကြတဲ့ သင်တန်းသားတွေထဲမှာ အဇီဇာဟ်ဟာ အခြားသူတွေထက်ပိုပြီး မြန်မြန်ထိုးနိုင်တယ်ဆိုတာ အဒမ်က တွေ့ရှိခဲ့ပြီးနောက်မှာတော့ သီးသန့်လေ့ကျင်ပေးခဲ့ပြီး ၃ လအကြာမှာ အဇီဇာဟ်ဟာ ဆရာထက်တောင် လက်စောင်းပိုထက်လာခဲ့ပါတယ်။

    “ကောင်းလိုက်တာဗျာ။ ရိုးရိုးသားသားပြောရရင် သူဟာ လက်အိတ်ကိုင်ထားပေးတဲ့ ကျွန်တော့်ထက်တောင် မြန်မြန်ထိုးနိုင်ပါတယ်” လို့ နည်းပြ အဒမ်က ဖွင့်ဟခဲ့ပါတယ်။

    လက်အိတ်ကို ထိုးခိုင်းတဲ့ ဒီလေ့ကျင့်ခန်းဟာ လက်သီးချက်မြန်မြန်ထိုးနိုင်လာဖို့ ရည်ရွယ်တာဖြစ်ပြီး အဇီဇာဟ်ကတော့ အလိုအလျောက်ကို တုန့်ပြန်နေနိုင်တာဖြစ်ပါတယ်။

    အဒမ်ဟာ အဇီဇာဟ်ရဲ့ ဒီလိုထူးချွန်မှုကို သူ့ရဲ့ Facebook စာမျက်နှာမှာတောင် ဖော်ပြချီးကျူးခဲ့ပါတယ်။

    Ref: Insider

  • ယူအေအီးက အမျိုးသမီး ၃ ဦးကို သံအမတ်အဖြစ် ထပ်မံခန့်အပ်

    ယူအေအီးက အမျိုးသမီး ၃ ဦးကို သံအမတ်အဖြစ် ထပ်မံခန့်အပ်

    နိုဝင်ဘာ ၂၅၊ ၂၀၁၆
    M-Media

    uae-3

    – အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံမှာ ဗုဒ္ဓဟူးနေ့တွင် သံအမတ် ၈ ဦးကို ခန့်အပ်ခဲ့ပြီး ထိုအထဲမှ ၃ ဦးမှာ အမျိုးသမီးများဖြစ်သည်ဟု သိရသည်။

    အမျိုးသမီး သံအမတ်ကြီးများမှာ နူရာ မိုဟမက် ဂျူမာ၊ ဖာတီမှာ ခါမစ် အလ် မက်ဇရူဝီနှင့် ဟန်နန် ခါလ်ဖန် အလ် အလီလီတို့ ဖြစ်ကြပြီး ဖင်လန်၊ ဒိန်းမတ်နှင့် လတ်ဗီးယားနိုင်ငံဆိုင်ရာ ယူအေအီး သံအမတ်များအဖြစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။

    အဆိုပါ သံအမတ်များမှာ ယူအေအီး ဒုတိယသမ္မတဖြစ်ပြီး ဒူဘိုင်း အုပ်ချုပ်ရေးမှူး ရှိခ် မိုဟာမက် ဘင် ရာရှစ်၏ ရှေ့မှောက်တွင် ကျမ်းကျိန်ခဲ့သည်။

    ရှိခ် မိုဟာမက်ကမူ သံအမတ်များအနေဖြင့် သည်းခံမှု၊ ငြိမ်းချမ်းရေး၊ ချစ်ခြင်းမေတ္တာနှင့်အတူ နိုင်ငံကို ကိုယ်စားပြုရန်၊ သက်ဆိုင်ရာနိုင်ငံများနှင့် နှစ်နိုင်ငံ မိတ်ဖက်ဆက်ဆံမှုကို တိုးတက်အောင် ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။

    ယူအေအီးမှာ ယခင်ကလည်း အမျိုးသမီးများကို သံအမတ်မျာအဖြစ် ခန့်အပ်ဖူးပြီး စပိန်၊ ပေါ်တူဂီနှင့် မွန်တီနီဂရိုးတို့တွင် တာဝန်ထမ်းဆောင်နေသည်။ လက်ရှိ ကုလတွင် ယူအေအီးနိုင်ငံဆိုင်ရာ အမြဲတမ်းသံအမတ်အဖြစ် တာဝန်ထမ်းဆောင်နေသူမှာလည်း အမျိုးသမီး လာနာ နူဆီဘာဟ်ဖြစ်ပြီး ၂၀၁၃ ခုနှစ်က ခန့်အပ်ခံခဲ့ရခြင်းဖြစ်သည်။

    ယူအေအီးနိုင်ငံ၏ သံတမန်ဝန်ထမ်းများတွင် အမျိုးသမီးအရေအတွက်က ၂၀ ရာခိုင်နှုန်းရှိနေပြီး နိုင်ငံအတွင်း အုပ်ချုပ်ရေးနှင့် နိုင်ငံရေးပိုင်းတွင်လည်း အမျိုးသမီးခေါင်းဆောင်များ နေရာရမှု ပိုမို မြင့်တက်လာခဲ့သည်။

    Ref: stepfeed

  • ဂရိမှ ဆီးရီးယားဒုက္ခသည်များအတွက် ယူအေအီး ကူညီ

    ဂရိမှ ဆီးရီးယားဒုက္ခသည်များအတွက် ယူအေအီး ကူညီ

    နိုဝင်ဘာ ၂၅၊ ၂၀၁၆
    M-Media

    uae
    ဒုက္ခသည်စခန်းများအား ဖွင့်လှစ်ပေးနေစဉ်

    – နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှု အစိတ်အပိုင်းအဖြစ် အာရပ်စော်ဘွားပြည်ထောင်စု (ယူအေအီး) လခြမ်းနီအဖွဲ့ (ERC) က ဆီးရီးယားစစ်ဘေးရှောင် ဒုက္ခသည်များအတွက် ဂရိတွင် ဒုက္ခသည်စခန်းနှစ်ခုကို ဖွင့်လှစ်ပေးခဲ့သည်ဟု သိရသည်။

    ယူအေအီးသမ္မတ၏ နောက်ပိုင်းဒေသ ကိုယ်စားလှယ်ဖြစ်သူ ရှိခ် ဟမ်ဒန် ဘင် ဇာယစ် အလ် နဟ်ယန်က လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အစီအစဉ်များ၊ ဖွံ့ဖြိုးရေး စီမံကိန်းများမှတစ်ဆင့် ဆီးရီးယား ပြည်တွင်းစစ်ကြောင့် ထိခိုက်ခံစားရသည့် မိမိတို့ ညီအစ်ကို မောင်နှမများအတွက် တာဝန်များကို မိမိတို့က ဆက်လက်ရယူသွားမည်ဟု ထပ်လောင်း ပြောကြားခဲ့သည်။

    အေသင်မြို့ မိုင် ၃၆၀ အကွာ လာရစ်ဆာဒေသတွင် တည်ရှိသည့် ပထမစခန်းတွင် လူ ၂၀၀၀ ခန့် နေထိုင်နိုင်မည့် အိမ်ယာ ၃၃၁ ခု၊ ဆေးခန်းတစ်ခု၊ ပန်းခြံများနှင့် ပညာရေးနှင့် အားကစားပြုလုပ်နိုင်မည့် အဆောက်အဦးများလည်း ပါဝင်သည်။ အေသင်အနီးတွင်ရှိသည့် ဒုတိယစခန်းမှာမူ လူ ၁၀၀၀ နီးပါးနေထိုင်နိုင်မည့် အိမ်ယာ ၁၅၉ ခု နှင့် အလားတူ အဆောက်အဦးများ ပါဝင်သည်။

    အဆိုပါ ဒုက္ခသည်စခန်းများ ဖွင့်ပွဲအခမ်းအနားသို့ ERC မှ ကိုယ်စားလှယ်အဖွဲ့၊ ဂရိနိုင်ငံဆိုင်ရာ ယူအေအီး သံအမတ်ကြီး ဆူလ်တန် မဂျစ် အလီနှင့် ဂရိတာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

    ယူအေအီးမှာ ပြီးခဲ့သည့် စက်တင်ဘာလကလည်း လာမယ့် ၅ နှစ်အတွင်း ဆီးရီယားဒုက္ခသည် ၁၅၀၀၀ ကို လက်ခံမည်ဟု ကြေငြာခဲ့သည်။

    Ref : IINA