News @ M-Media

Tag: UAE

  • မေတ္တာကိုအခြေခံ၍ ရှေ့ဆက်လျှောက်လှမ်းသွားမည့် ယူအေအီး

    မေတ္တာကိုအခြေခံ၍ ရှေ့ဆက်လျှောက်လှမ်းသွားမည့် ယူအေအီး

    နိုဝင်ဘာ ၂၂၊ ၂၀၁၆
    M-Media

    uae-2
    နိုဝင်ဘာ ၁၆ ရက်နေ့က ဒူဘိုင်း၌ပြုလုပ်သော သည်းခံမှုကို ဖော်ကျူးသည့် ချီတက်လမ်းလျှောက်ပွဲမှ ပုံရိပ်တစ်ခု

    – အဘူဒါဘီ၏ အိမ်ရှေ့မင်းသားဖြစ်ပြီး အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) စစ်တပ်၏ ဒုတိယ စစ်ဦးစီးချုပ် ရှိခ် မိုဟာမက် ဘင် ဇေယဒ် အလ်-နဟ်ယန်က မိမိတို့နိုင်ငံအနေဖြင့် ပွင့်လင်းမှု၊ သည်းခံမှုနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုတို့ကို အခြေခံ၍ ဆက်လက် လျှောက်လှမ်းသွားမည်ဟု ပြောကြားခဲ့သည်။

    “ကွယ်လွန်သွားပြီဖြစ်တဲ့ ရှိခ် ဇေယဒ် ဘင် ဆူလ်တန် အလ် နဟ်ယန်ရဲ့ လူသားချင်းစာနာထောက်ထားမှု အမွေအနှစ်ကို ကျွန်တော်တို့ မေ့သွားမှာမဟုတ်ဘဲ ဒီအမွေအနှစ်ကို ဆက်လက်ဖွံ့ဖြိုးအောင်၊ တိုးတက်အောင်လုပ်ကာ ကျွန်တော်တို့ရဲ့ စီမံကိန်းတွေ၊ လှုပ်ရှားမှုတွေအားလုံးမှာ ဦးစားပေး ပါဝင်အောင် ဆောင်ရွက်သွားမှာပါ။ သည်းခံမှု စံနမူနာကောင်းတစ်ခုဖြစ်ဖို့၊ မေတ္တာတရားလွှမ်းခြုံရာ၊ နှလုံးသားချင်း၊ စိတ်ဓာတ်ချင်း စည်းလုံးညီညွတ်ရာ ဘူမိနက်သန် ဖြစ်လာဖို့အတွက် ငြိမ်းချမ်းရေး၊ အတူယှဉ်တွဲနေထိုင်ရေး တန်ဖိုးတွေကို ချဲ့ထွင်ဖို့ လိုအပ်တယ်ဆိုတာ ယူအေအီးက ယုံကြည်ပါတယ်” ဟု ‘နိုင်ငံတကာ သည်းခံခွင့်လွှတ်ခြင်းနေ့’ အထိမ်းအမှတ်အဖြစ် ရှိခ် မိုဟာမက် ဘင် ဇေယဒ်က Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။

    ထို့ပြင် ယူအေအီးအနေဖြင့် နိုင်ငံအတွင်း လက်ခံကျင့်သုံးနေသည့် ဘာသာလူမျိုးစုံဝါဒ၊ မတူကွဲပြားစွာညီညွတ်မှုတို့မှ ထိရောက်သည့် ရင်းနှီးမြှုပ်နှံမှု၊ ကြီးပွားတိုးတက်ပြီး သာယာဝပြောသည့် ရင်းမြစ်များအဖြစ် ပြောင်းလဲနိုင်ခဲ့သည်ဟုလည်း အိမ်ရှေ့မင်းသားက ဆိုသည်။

    ယူအေအီးကို ချစ်ခြင်းမေတ္တာအခြေပြုသော တိုင်းပြည်ဖြစ် ဆက်လက်လျှောက်လှမ်းသွားမည်ဖြစ်ပြီး ထိုသို့ ဆောင်ရွက်ခြင်းက နိုင်ငံအား တည်ထောင်ခဲ့သည့် ရှိခ် ဇေယဒ် မျိုးစေ့ချပေးခဲ့သော တိုးပြည်တန်ဖိုး၊ ယဉ်ကျေးမှုအမွေအနှစ်တို့ကို ကိုယ်စားပြုခြင်း ဖြစ်သည်ဟုလည်း ရှိခ် မိုဟာမက်က ထည့်သွင်းပြောကြားခဲ့သည်။

    ‘နိုင်ငံတကာ သည်းခံခွင့်လွှတ်ခြင်းနေ့’ အဖြစ် နိုဝင်ဘာ ၁၆ ရက်နေ့က ဒူဘိုင်းတွင် သည်းခံမှုကို ဖော်ကျူးသည့် ချီတက်လမ်းလျှောက်ပွဲတစ်ခု ပြုလုပ်ခဲ့ကြပြီး ဘာသာစုံလူမျိုးစုံမှ ဘာသာရေးခေါင်ဆောင်များ၊ ပြည်သူများ ထောင်ချီ တက်ရောက်ခဲ့ကြသည်။

    သည်းခံခွင့်လွှတ်မှု အစီအစဉ်

    uae
    နိုဝင်ဘာ ၁၆ ရက်နေ့က ဒူဘိုင်း၌ပြုလုပ်သော သည်းခံမှုကို ဖော်ကျူးသည့် ချီတက်လမ်းလျှောက်ပွဲမှ ပုံရိပ်တစ်ခု

    ‘ကျွန်မတို့အတွက်တော့ နေ့တိုင်းဟာ သည်းခံတဲ့နေ့ပါပဲ’ ဟု သည်းခံခွင့်လွှတ်မှုဆိုင်ရာ ၀န်ကြီး ရှိခ်ခါ လွဘ်နာ ဘင်တီ ခါလစ် အလ် ကာစီမီက နိုဝင်ဘာ ၁၆ ရက်နေ့တွင် အဘူဒါဘီ၌ နိုင်ငံခြားသံတမန်များကို ပြောကြားခဲ့သည်။ နိုင်ငံတကာ သည်းခံခွင့်လွှတ်မှုနေ့ အထိမ်းအမှတ်အဖြစ် ပြုလုပ်သော အခမ်းအနားတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ယူအေအီး နိုင်ငံလုံးဆိုင်ရာ သည်းခံခွင့်လွှတ်မှု အစီအစဉ်ကိုလည်း ထိုအခမ်းအနားတွင် မိတ်ဆက်ခဲ့သည်။

    ဒူဘိုင်းရှိ Ritz Carlton ဟိုတယ်တွင်ပြုလုပ်သော အဆိုပါအခမ်းအနားသို့ နိုင်ငံပေါင်း ၁၅၀ နီးပါးမှ သံအမတ်များ၊ ကောင်စစ်ဝန်များ၊ သံတမန်များ တက်ရောက်ခဲ့ကြသည်။ ထိုအခမ်းအနားက ယူအေအီး၏ ပြည်တွင်းနှင့် နိုင်ငံရပ်ခြား ဆက်ဆံမှုနည်းလမ်းကို နိုင်ငံခြားတိုင်းပြည်များအား ရှင်းပြနိုင်မည့် အခွင့်အလမ်းတစ်ခုလည်း ဖြစ်ခဲ့သည်။

    ရှိခ်ခါ လွဘ်နာကမူ နိုင်ငံခြား သံတမန်အသိုင်းအ၀ိုင်း၏ ယူအေအီး လူ့အဖွဲ့အစည်းအပေါ် အကျိုးပြုမှုကို ကျေးဇူးတင်ခဲ့ပြီး ‘နိုင်ငံလုံးဆိုင်ရာ သည်းခံခွင့်လွှတ်မှု အစီအစဉ်’ ၏ အရေးပါမှုကိုလည်း ပြောကြားခဲ့သည်။

    “ကျွန်မတို့ဟာ သည်းခံခွင့်လွှတ်မှုနဲ့ အတူယှဉ်တွဲ နေထိုင်မှုတို့ရဲ့ အပြုသဘောဆောင်တဲ့ စကားမျိုးကို ကျယ်ကျယ်လောင်လောင် ပြောရပါလိမ့်မယ်”

    ယူအေအီး၏ ထိုအစီအစဉ်အတွက် အခြားသော အသင်းအဖွဲ့များနှင့် ညှိနှိုင်းဆွေးနွေးမှုများ အများအပြားပြုလုပ်ကာ အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။ ရှိခ်ခါကတော့ သည်းခံခွင့်လွှတ်မှု သတင်းစကား ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေရန်အတွက် သူမ၏ ၀န်ကြီးဌာနက လော်စပီကာဖြစ်သည်ဟု ဖွင့်ဟခဲ့သည်။

    နိုင်ငံတကာ သည်းခံခွင့်လွှတ်မှုနေ့ဆိုတာ

    နိုင်ငံတကာ သည်းခံခွင့်လွှတ်မှုနေ့ကို ၁၉၉၆ ခုနှစ် ကုလက အဖွဲ့ဝင်နိုင်ငံများကိုခေါ်ကာ ပထဆုံး ကျင်းပသည့် အချိန်မှစ၍ နှစ်စဉ် နိုဝင်ဘာ ၁၆ ရက်နေ့တိုင်း ကမ္ဘာတစ်ဝှမ်းတွင် ပြုလုပ်ကြခြင်းဖြစ်သည်။ ၁၉၉၅ ခုနှစ်က ကုလ၏ ‘သည်းခံခွင့်လွှတ်မှုနှစ်’ နောက်ပိုင်း ယခုခဲ့သို့ နေ့ရက်တစ်ခုအဖြစ် သတ်သတ်မှတ်မှတ် ပေါ်ထွက်လာခြင်းလည်းဖြစ်သည်။ ၁၉၉၅ ခုနှစ်က ကုလတည်ထောင်မှု နှစ် ၅၀ ပြည့်မြောက်သည့်နေ့ဖြစ်ပြီး ငြိမ်းချမ်းရေးဗိသုကာ မဟတ္တမဂန္ဒီ၏ ၁၂၅ နှစ်မြောက် မွေးနေ့လည်းဖြစ်သည်။ ထိုနှစ်တွင် ယူနက်စကိုအဖွဲ့ဝင်နိုင်ငံများက ‘သည်းခံမှုစည်းမျဉ်းများဆိုင်ရာ ကြေငြာစာတမ်း’ ကို အတည်ပြုခဲ့လေသည်။

    အဆိုပါ ကြေငြာချက်တွင် သည်းခံမှုဆိုသည်က ‘မိမိတို့ကမ္ဘာကြီး၏ ကြွယ်ဝသော ယဉ်ကျေးမှုများ၊ စိတ်ခံစားမှုကို ဖော်ပြသည့် ပုံစံအမျိုးမျိုး၊ လူသားဖြစ်တည်မှု ပုံစံများကို လေးစားလက်ခံကြရန်’ နှင့် ‘ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးနှင့် အခြားသူများ၏ အခြေခံလွတ်လပ်ခွင့်ကို အသိအမှတ်ပြုရန်’ စသဖြင့် ဖော်ပြထားလေသည်။

    “သည်းခံမှုဆိုတာ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ တာဝန်တစ်ခုသာ မဟုတ်ဘဲ၊ လူတစ်ဦးချင်း၊ အုပ်စုတစ်ခုချင်းနဲ့ နိုင်ငံတစ်နိုင်ငံချင်းအတွက် နိုင်ငံရေးလိုအပ်ချက်၊ ဥပဒေရေးရာ လိုအပ်ချက်ဖြစ်ပါတယ်” ဟု ကြေငြာချက်က ဆိုသည်။

    သည်းခံမှုဆိုင်ရာ ဆောင်ရွက်ချက်များ

    ယူအေအီးနိုင်ငံမှာ နိုင်ငံအတွင်းနှင့် နိုင်ငံပြင်ပတွင်ပါ သည်းခံမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု၊ အခြားသူများအားလက်ခံမှု စသည်တို့ကို လူ့အဖွဲ့အစည်းတွင် သွတ်သွင်းနိုင်ရေးနှင့် လူ့အဖွဲ့အစည်းတွင် ရေရှည်တည်တံ့သည့် အစိတ်အစိတ်အပိုင်းဖြစ်လာရေးအတွက် ‘နိုင်ငံလုံးဆိုင်ရာ သည်းခံမှုအစီအစဉ်’ ကို ဖော်ဆောင်ခြင်းဖြစ်လေသည်။

    ထို့ပြင် Voice of Tolerance ဆိုသည့် လှုပ်ရှားမှုတစ်ခုလည်း ရှိသေးပြီး ထိုလှုပ်ရှားမှုက လူ့အဖွဲ့အစည်းတွင်းမှ အသံများ၊ သည်းခံမှုတန်ဖိုးကို လူ့အဖွဲ့အစည်းအတွင်း ပြန့်နှံ့ရေး ဆောင်ရွက်နေသူများထံမှ အသံများကို အဓိကနားထောင်သည့် လှုပ်ရှားမှုဖြစ်သည်။

    သည်းခံမှု ပြန့်နှံ့ရေးနှင့်ပတ်သက်သည့် ပေါ်လစီများ၊ မဟာဗျူဟာများကို ချမှတ်ရန်အတွက် Tolerance Thinkers Council ကိုလည်း ဖွဲ့စည်းထားပြီး၊ Tolerance, Co-existence and Peace Charter အဖွဲ့ကမူ သည်းခံမှု၊ ငြိမ်းချမ်းရေးနှင့် အတူယှဉ်တွဲနေထိုင်ရေးနှင့် ဆက်စပ်သည့် နိုင်ငံတကာ ဥပဒေများ၊ ပြည်တွင်းဥပဒများကို ကျောင်းဆရာများ၊ နိုင်ငံသားများ၊ နိုင်ငံခြားသားများနှင့် အလုပ်သမားများ နားလည်နိုင်စေရန်အတွက် အသိပညာပေးမှုများ ပြုလုပ်နေသည်။

    Corporate Tolerance Responsibility လှုပ်ရှားမှုကမူ ပုဂ္ဂလိက အသင်းအဖွဲ့များအနေဖြင့် သည်းခံနိုင်စွမ်းနှင့်ပတ်သက်သည်များကို တိုက်တွန်းအားပေးသည့် ဆောင်ရွက်မှုများကို လေ့လာစောင့်ကြည့်ခြင်းဖြစ်သည်။

    ထို့ပြင် ယူအေအီးမှာ လူသားများ၏ အသိပညာနယ်ပယ်၊ စာပေဖန်တီးမှုနယ်ပယ်နှင့် အနုပညာနယ်ပယ်တွင် သည်းခံနိုင်စွမ်း မြှင့်တင်ပေးသည့် နိုင်ငံတကာမှ ပုဂ္ဂိုလ်များ၊ အာရပ်လူငယ်များအတွင်း သည်းခံနိုင်မှုတန်ဖိုးကို သွတ်သွင်းပေးသည့် ပုဂ္ဂိုလ်များကို ဂုဏ်ပြုပေးအပ်ချီးမြှင့်ရန်အတွက် Mohammed Bin Rashid Tolerance Award ဆုကိုလည်း ဖန်တီးထားသည်။

    Ref: Khaleejtimes

  • အာရပ်ကမ္ဘာ၏ အကြီးဆုံးစာကြည့်တိုက် ဒူဘိုင်းတွင်ဆောက်မည်

    အာရပ်ကမ္ဘာ၏ အကြီးဆုံးစာကြည့်တိုက် ဒူဘိုင်းတွင်ဆောက်မည်

    နိုဝင်ဘာ ၂၁၊ ၂၀၁၆
    M-Media

    dubai
    ‘မိုဟာမက် ဘင် ရာရှစ် စာကြည့်တိုက်’ ပုံစံငယ်

    – အာရပ်ကမ္ဘာတွင် အကြီးဆုံးစာကြည့်တိုက် ဖြစ်လာမည့် စာကြည့်တိုက်တစ်ခုကို ဆောက်လုပ်ရန်အတွက် အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) ၏ ဒုတိယသမ္မဖြစ်ပြီး ဒူဘိုင်းအုပ်ချုပ်ရေးမှူး ရှိခ် မိုဟာမက် ဘင် ရာရှစ်က အမိန့်ထုတ်ပြန်လိုက်သည်ဟု သိရသည်။

    ‘မိုဟာမက် ဘင် ရာရှစ် စာကြည့်တိုက်’ ဟု အမည်ပေးမည့် အဆိုပါစာကြည့်တိုက်မှာ စုစုပေါင်း ဒီရ်ဟမ် ၁ ဘီလီယံ ကုန်ကျမည်ဖြစ်ပြီး စာအုပ်ပေါင်း ၁.၅ သန်း၊ အသံစာအုပ် (Audio book) ၁ သန်း၊ အီလက်ထရောနစ်စာအုပ် (e-book) ၂ သန်း ပါဝင်မည်ဖြစ်သည်။

    အဆိုပါ စာကြည့်တိုက်မှာ အာရပ်ကမ္ဘာတွင် အကြီးဆုံး စာကြည့်တိုက်နှင့် အကြီးဆုံး အီလက်ထရောနစ်စာအုပ်များရှိရာ နေရာ ဖြစ်လာမည်ဖြစ်သည်။

    “ဒီစာကြည့်တိုက်ကြီးက ပေးမယ့် အသိပညာတွေဟာ ကျမ်းပြုမှုတွေ၊ ဘာသာပြန်မှုတွေလုပ်ဖို့၊ နက်နက်နဲနဲ စဉ်းစားတွေးခေါ်ဖို့၊ မတူညီတဲ့ယဉ်ကျေးမှုတွေအကြား သည်းခံမှု၊ တစ်ဦးကိုတစ်ဦးလက်ခံမှုနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြန့်နှံ့စေဖို့၊ အသိပညာတွေဆောင်ကျဉ်းပေးဖို့ စတာတွေအတွက် တွန်းအားဖြစ်စေမှာ ဖြစ်ပါတယ်” ဟု ရှိခ် မိုဟာမက် ဘင် ရာရှစ်က ပြောကြားခဲ့သည်။

    အဆိုပါ စာကြည့်တိုက်ကို ဒူဘိုင်း၏ အလ် ဂျဒ်ဒက်ဖ်ဒေသရှိ မြေနေရာ ၉၂၀၀၀ စကွဲယားမီတာ အကျယ်အ၀န်းတွင် တည်ဆောက်သွားမည်ဖြစ်ပြီး အထပ်ပေါင်း ၇ ထပ် ပါဝင်မည်ဖြစ်သည်။ စာကြည့်တိုက်တွင် ကလေးကဏ္ဍ၊ အာရဘီကဏ္ဍ၊ နိုင်ငံတကာကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ မီဒီကဏ္ဍ စသည့် ကဏ္ဍများခွဲ၍ စာအုပ်များ ထားရှိသွားမည်ဖြစ်သည်။

    ထို့ပြင် သမိုင်းဝင်လက်ရေးမှုများ ထိန်းသိမ်းစောင့်ရှောက်ရေးဌာန တစ်ခု၊ ယူအေအီး အုပ်ချုပ်သူမိသားစုမှ စုဆောင်ထားသည့် ရှားပါး အနုပညာလက်ရာများကို ပြသသော ပြတိုက်ငယ်တစ်ခုတို့လည်း ပါဝင်မည်ဖြစ်သည်။

    တစ်နှစ်လျှင် ထိုစာကြည့်တိုက်တွင် ယဉ်ကျေးမှုနှင့် အသိပညာဆိုင်ရာ အခမ်းအနားပေါင်း ၁၀၀ ကျော် ပြုလုပ်ရန်လည်း စီစဉ်ထားပြီး တစ်နှစ်လျှင် လူပေါင်း ၄၂ သန်း လာရောက်လည်ပတ်နိုင်မည်ဖြစ်သည်။

    အုပ်ချုပ်ရေးမှူး၏ အမိန့်တွင် အာရပ်ကမ္ဘာ၏ အကြီးဆုံး အသိပညာမျှဝေရာ ထိုစာကြည့်တိုက်အား လည်ပတ်ရန်၊ ဖွံ့ဖြိုးအောင်ဆောင်ရွက်ရန်အတွက် ‘MBR စာကြည့်တိုက် ဖောင်ဒေးရှင်း’ တည်ထောင်ရန်လည်း ပါဝင်သည်။

    ယူအေအီးသမ္မတ ရှိခ် ခါလီဖာက ‘စာဖတ်ခြင်းနှစ်’ အဖြစ် သတ်မှတ်ကြေငြာခဲ့သည့် ဖေဖော်ဝါရီလကတည်းက ရှိခ် မိုဟာမက် ဘင် ရာရှစ်မှာ ထိုစာကြည့်တိုက်ဆောက်လုပ်ရန် အစီအစဉ်ကို ဖွင့်ဟခဲ့ခြင်းဖြစ်သည်။ စာကြည့်တိုက်ကိုမူ လာမည့် နှစ်ကုန်ပိုင်းတွင် ဖွင့်လှစ်နိုင်ရန် စီစဉ်ထားသည်။

    Ref: The National

  • ယူအေအီးရှိ ဗလီဝတ်ကျောင်းတော်သို့ ချားလ်စ်မင်းသားနှင့် ဇနီးတို့ သွားရောက်လည်ပတ်ခဲ့

    ယူအေအီးရှိ ဗလီဝတ်ကျောင်းတော်သို့ ချားလ်စ်မင်းသားနှင့် ဇနီးတို့ သွားရောက်လည်ပတ်ခဲ့

    နိုဝင်ဘာ ၇၊ ၂၀၁၆
    M-Media

    charls

    – အာရပ်စော်ဘွားများပြည်ထောင်စု ယူအေအီးနိုင်ငံသို့ ရောက်ရှိနေသည့် ဗြိတိန်အိမ်ရှေ့စံ ချားလ်စ်မင်းသားနှင့် ကြင်ယာတော် ကာမီလာတို့မှာ အဘူဒါဘီရှိ ရှိခ် ဇာယစ် ဗလီဝတ်ကျောင်းတော်သို့ သွားရောက်လည်ပတ်ခဲ့သည်ဟု သိရသည်။

    ဝေလမင်းသားချားလ်စ်မှာ အဆိုပါဗလီဝတ်ကျောင်းတော် ဆောက်လုပ်မပြီးသေးခင် ၂၀၀၇ ခုနှစ်ကလည်း သွားရောက်လည်ပတ်ခဲ့ဖူးသည်။ အရှေ့အလယ်ပိုင်းဒေသ အလည်အပတ်ခရီး တစ်စိတ်တစ်ပိုင်းအဖြစ် ယူအေအီးသို့ ရောက်ရှိနေသည့် ဝေလမင်းသား၏ ရှိခ်ဇာယစ် ဗလီဝတ်ကျောင်းတော်သို့ လည်ပတ်ခြင်းမှာ ဘာသာရေးသည်းခံမှုကို မြှင့်တင်ရန်နှင့် ဗလီဝတ်ကျောင်းတော် ပြီးစီးမှုကို ကြည့်ရှုရန် ဖြစ်သည်။

    အဘူဒါဘီသို့ ရောက်ရှိလာသည့် တော်ဝင်ဇနီးမောင်နှံကို နိုင်ငံခြားရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီ ရှိခ်အဘ်ဒူလာ ဘင် ဇာယစ်၊ ၎င်း၏ နီးဖြစ်ပြီး သည်းခံမှုဆိုင်ရာ ၀န်ကြီး ရှိခ်ခါ လွဘ်နာတို့က ကြိုဆိုခဲ့ကြသည်။

    ရှိခ်ခါ လွဘ်နာကမူ ဗလီဝတ်ကျောင်းတော်အတွင်းသို့ လှည့်လည်ပြသခဲ့ပြီး အဘူဒါဘီရှိ ကက်သလစ်ဘုရာကျောင်း နှစ်ခုအနက်မှ တစ်ခုဖြစ်သည့် စိန့်ဂျိုးဆက်ပ်ဘုရားကျောင်းမှ ဂိုဏ်းအုပ်ဘုန်းတော်ကြီး ပေါလ်ဟင်ဒါနှင့်လည်း ဗလီဝတ်ကျောင်းတော်အတွင်း ဝေလမင်းသားက တွေ့ဆုံစကားပြောဆိုခဲ့သည်။

    charls-2

    “ကျွန်တော့်အတွက်တော့ ဒီလည်ပတ်မှုဟာ အသိအမှတ်ပြုဖို့အတွက်ပါ။ ဒီလိုတွေ့ဆုံမှုကနေ မင်းသားက ကျွန်တော်တို့ကို စကားပြောနိုင်မယ်။ နိုင်ငံအတွင်းမှာရှိနေတဲ့ အပြန်အလှန် နားလည်သည်းခံမှုကိုလည်း မြင်နိုင်မှာ ဖြစ်ါပတယ်။ ဒီလိုနေရာမျိုးမှာ ဒီလိုတွေ့ဆုံမှုမျိုးဟာ ကမ္ဘာတစ်ဝှမ်းမှာ မြင်ရခဲပါတယ်။ ဒီလိုနေထိုင်မှု၊ တွေ့ဆုံမှုဟာ အရာရောက်ပါလိမ့်မယ်” ဟု ဘုန်းတော်ကြီး ဟင်ဒါက ပြောကြားခဲ့သည်။

    ဗလီဝတ်ကျောင်းတော်သို့ လှည့်လည်ကြည့်ရှုခဲ့ပြီးနောက် ချားလ်စ်မင်းသား ဇနီးမောင်နှံမှာ ဓာတ်ပုံနှင့် အနုပညာလက်ရာ ပြခန်းသို့လည်း သွားရောက်ကြည့်ရှုခဲ့ပြီး ဗလီဝတ်ကျောင်းတော်၏ အဓိက၀တ်ပြုဆောင်မှ ဗိသုကာလက်ရာ၊ ဒီဇိုင်းနှင့် ကော်ဇောဒီဇိုင်းတို့ကိုလည်း လေ့လာခဲ့သည်။ ထို့ပြင် ဗလီဝတ်ကျောင်းတော်အတွင်း ဘာသာပေါင်းစုံမှ ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံခဲ့သည်။

    ချားလ်စ်မင်းသား၏ ယခု ရှေ့အလယ်ပိုင်းခရီးစဉ်တွင် အိုမန်၊ ယူအေအီးနှင့် ဘာရိန်းနိုင်ငံမျာသို့ သွားရောက်မည်ဖြစ်ပြီး ၁၉၈၉ ခုနှစ်နောက်ပိုင်း ယူအေအီးသို့ ၈ ကြိမ်မြောက် လာရောက်ခြင်းလည်းဖြစ်သည်။

    charls-3

    Ref : thenatioanl.ae

  • နိုင်ငံအတွင်း စာဖတ်ခြင်းကို တွန်းအားပေးမည့် ဥပဒေတစ်ခုကို ယူအေအီး ပြဌာန်း

    နိုင်ငံအတွင်း စာဖတ်ခြင်းကို တွန်းအားပေးမည့် ဥပဒေတစ်ခုကို ယူအေအီး ပြဌာန်း

    အောက်တိုဘာ ၃၁၊ ၂၀၁၆
    M-Media

    dubai
    စာအုပ် ၁ သန်းခွဲရှိပြီး လာမည့်နှစ်တွင် ဖွင့်လှစ်နိုင်မည့် ဒူဘိုင်းမှ စာကြည့်တိုက် ပုံစံငယ်

    – ၀န်ထမ်းများ အလုပ်ချိန်တွင် စာဖတ်ခွင့်ရပြီး စာဖတ်ခြင်းနှင့်သက်ဆိုင်သည့် ပစ္စည်းများ အခွန်ကင်းလွတ်ခွင့်ရမည့် ဥပဒေတစ်ခုကို အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) က ပြဌာန်းလိုက်သည်။

    ဒုတိယသမ္မတဖြစ်ပြီး ဒူဘိုင်းအုပ်ချုပ်ရေးမှူး ရှိခ် မိုဟာမက် ဘင် ရာရှစ်က အဆိုပါ ဥပဒေပြဌာန်းမှုကို ယနေ့တွင် Twitter စာမျက်နှာမှတစ်ဆင့် ကြေငြာခဲ့ခြင်းဖြစ်ပြီး ထိုကဲ့သို့ ပြဌာန်းနိုင်မှုအတွက် ၀မ်းမြောက်ဝမ်းသာ ဖြစ်ရသည်ဟုလည်း ဆိုသည်။

    ထို့ပြင် အဆိုပါဥပဒေမှာ တစ်မူထူးခြားသည့် ယဉ်ကျေးမှုနှင့် ဥပဒေပြုမှုဆိုင်ရာ ဆောင်ရွက်ချက်ဟုလည်း ဒုတိယသမ္မတက ပြောကြားခဲ့သည်။

    ယူအေအီးသမ္မတ ရှိခ်ခါလီဖာ ထုတ်ပြန်သည့် အဆိုပါဥပဒေတွင် ၀န်ထမ်းများ အလုပ်ချိန်၌ သတ်မှတ်အချိန်ထားကာ စာဖတ်နိုင်မည့် အခွင့်အရေးကို အာမခံထားပြီး အစိုးရအနေဖြင့် နိုင်ငံအတွင်း ကလေးတစ်ယောက်မွေးသည့်အခါတိုင်း မိသားစုအား ‘ဗဟုသုတ လက်ဆွဲအိတ်’ ဟု ခေါ်သည့် စာအုပ်အိတ်များ သွားရောက်ပေးအပ်ရန် မလုပ်မနေရတာဝန်အဖြစ် သတ်မှတ်ထားသည်။

    “ဒီဥပဒေက ကျောင်းသားတွေအကြား စာဖတ်မှုကို တွန်းအားပေးတဲ့ နှစ်အလိုက်စီမံကိန်းတစ်ခု ကျောင်းတိုင်းမှာထားရှိဖို့၊ စာအုပ်တွေအပေါ် အလေးထားဖို့၊ စာအုပ်တွေကို ဖျက်ဆီးတာမျိုးမဟုတ်ဘဲ ထိန်းသိမ်းဖို့၊ ပြန်လည်အသုံးချဖို့၊ ဒါမှမဟုတ် လှူဒါန်းဖို့ ပြဌာန်းထားပါတယ်” ဟု ရှိခ် မိုဟာမက်က ပြောကြားခဲ့သည်။

    ထိုဥပဒေအရ စာအုပ်များ၊ စာဖတ်ခြင်းနှင့်သက်ဆိုင်သည့် ပစ္စည်းကိရိယာများမှာ ဖြန့်ဖြူးခြင်း၊ ပုံနှိပ်ထုတ်ဝေခြင်းတို့အတွက် အခွန်ကင်းလွန်ခွင့် ရမည်ဖြစ်ပြီး၊ စာရေးဆရာများ၊ အယ်ဒီတာများနှင့် ပုံနှိပ်လုပ်ငန်းများအတွက် လိုအပ်သည်များကို ထောက်ပံ့ကူညီပေးရန်လည်း ပြဌာန်းထားသည်။

    “ဒီဥပဒေက ကျွန်တော်တို့လူ့အဖွဲ့အစည်းမှာ စာအုပ်ယဉ်ကျေးမှုပုံရိပ်ကို အားကောင်းစေမှာဖြစ်ပြီး၊ ရှော့ပင်းမောလ်တွေက ကော်ဖီဆိုင်တွေမှာ ဈေးဝယ်သူတွေဖတ်ဖို့အတွက် စာအုပ်တွေထားပေးဖို့လည်း ဒီဥပဒေမှာ ပြဌာန်းထားပါတယ်”

    ထို့ပြင် ဒုတိယသမ္မတက ပုဂ္ဂလိကလုပ်ငန်းများအနေဖြင့် စာကြည့်တိုက်များ၊ ယဉ်ကျေးမှုစင်တာများ တည်ဆောက်ရေးတွင် ရင်းနှီးမြှုပ်နှံရန် ထိုဥပဒေက အားပေးထားကြောင်း၊ လိုအပ်သည်များကိုလည်း ထောက်ပံ့သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

    “စာဖတ်ခြင်းဆိုင်ရာ ဥပဒေကနေ စာဖတ်မှု ရှေ့ပြေးလုပ်ငန်းတွေကို ထောက်ပံ့ကူညီဖို့အတွက် နိုင်ငံလုံးဆိုင်ရာ ရန်ပုံငွေတစ်ခုကို တည်ထောင်ပေးသွားမှာဖြစ်ပြီး၊ မီဒီလုပ်ငန်းက စာဖတ်ခြင်းကို အားပေးတဲ့ အစီအစဉ်တွေကို သတ်မှတ်ထုတ်လွှင့်ပေးသွားဖို့ မလုပ်မနေရအဖြစ် ဒီဥပဒေမှာ ပြဌာန်းထားပါတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ၂၀၁၆ ဟာ မျိုးဆက်တွေမှာ ထာဝရတည်တံ့တဲ့ ယဉ်ကျေးမှုဆိုင်ရာ ပြောင်းလဲမှုရဲ့အစ ဖြစ်စေဖို့ဖြစ်ပြီး အဲဒီပြောင်းလဲမှုက စာဖတ်ခြင်းရဲ့ အရေးပါးမှုကို မြင်သာစေမှာဖြစ်ပါတယ်။ နောက်ပြီး ဗဟုသုတ ကြွယ်စေကာ စာဖတ်မှုအခြေအနေကို တိုးတက်စေမှာဖြစ်ပါတယ်”

    Ref : thenational.ae

  • မုန်တိုင်းသင့် ဟေတီပြည်သူများ အတွက် ဒူဘိုင်းဘုရင်ခံက ကိုယ်ပိုင်လေယာဉ်ဖြင့် အကူအညီပေးပို့

    မုန်တိုင်းသင့် ဟေတီပြည်သူများ အတွက် ဒူဘိုင်းဘုရင်ခံက ကိုယ်ပိုင်လေယာဉ်ဖြင့် အကူအညီပေးပို့

    အောက်တိုဘာ ၁၇၊ ၂၀၁၆
    M-Media
    14680763_1222920671083734_8468438631462263758_n
    – ပြီးခဲ့တဲ့ တစ်ပတ်က ဟာရီကိန်းမက်သယူးဒဏ် ခံစားခဲ့ရသည့် ဟေတီပြည်သူများအတွက် အရေးပေါ်အကူအညီများ ပေးအပ်ရန် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) ရှိ ဒူဘိုင်းဘုရင်ခံမှာ ထောက်ပံ့ရေးပစ္စည်းများကို ၎င်း၏ ကိုယ်ပိုင်လေယာဉ်ဖြင့် သွားရောက်ပို့ဆောင်ခဲ့သည်ဟု သိရသည်။

    ရှိခ် မိုဟာမက် ဘင် ရာရှစ် အလ်-မက်ခ်တွမ်ဖြစ်ပြီး အကူအညီ တန်ပေါင်း ၉၀ ကို တင်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

    မုန်တိုင်းကြောင့် ဟေတီတွင် လူပေါင်း ၁၀၀၀ ခန့် သေဆုံးခဲ့ပြီး လူပေါင်း ၃ သိန်းဝန်းကျင်မှာ အိုးအိမ်များ ပျက်ဆီးဆုံးရှုံးမှုနှင့် ရင်ဆိုင်ခဲ့ရသည်။ ဟေတီမှာ ၂၀၁၀ ခုနှစ်က ဖြစ်ပွားခဲ့သည့် ငလျင်ဘေးမှ ပြန်လည်ထူထောင်ရေး ကြိုးစားနေ
    သည့်အချိန်တွင် ယခုကဲ့သို့ မုန်တိုင်ဒဏ် ထပ်ခံရခြင်းဖြစ်သည်။ ငလျင်နောက်ဆက်တွဲ ၀မ်းရောဂါကြောင့် လူပေါင်း တစ်သောင်းဝန်းကျင် သေဆုံးခဲ့သည်။

    ဒူဘိုင်းအစိုးရကမူ ဘုရင်ခံနှင့် ကြင်ရာတော် မင်းသမီး ဟာယာ ဘင်သီ အလ် ဟူစိန်တို့မှာ ထိုကယ်ဆယ်ရေး အကူအညီကို ကိုယ်တိုင်ကြီးကြပ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ အဆိုပါပစ္စည်းများတွင် တဲများ၊ ခြင်ထောင်များ၊ ဆေးဝါးများနှင့် ရေသန့်စင်သည့် ပစ္စည်းများ ပါဝင်သည်။

    ကုလကမူ ဟေတီတွင် ပြည်သူပေါင်း ၁.၄ သန်းမှာ အရေးပေါ် အကူအညီများ လိုအပ်နေပြီး ၎င်းတို့ကို ကူညီရန်အတွက် ကန်ဒေါ်လာ သန်း ၁၂၀ တောင်းခံထားသည်။

    14713724_1222921017750366_5110753638038106566_n
    “ဟေတီအကြောင်းစဉ်းစားရင် ပုံရိပ်တစ်ခုက ကျွန်မစိတ်ထဲမှာ အမြဲတမ်း စွဲထင်နေပါတယ်။ အဲဒီ ပုံရိပ်က ၂၀၁၀ ငလျင်တုန်းက ပုံရိပ်ဖြစ်ပြီး IHC (ဒူဘိုင်းဘုရင်ခံ ဦးဆောင်သည့် အကူအညီပေးရေးအဖွဲ့) နဲ့ သွားတုန်းမှာ ကျွန်မ မြင်ခဲ့ရတာဖြစ်ပါတယ်” ဟု မင်းသမီး ဟာယာက Instagram စာမျက်နှာတွင် ရေးသားခဲ့သည်။

    “ဒီ လေယာဉ်နဲ့ပဲ ဒီနေ့ ကျွန်မသွားမှာပါ။ ဒီအချိန်မှာလဲ ဘ၀တွေက ဆုံးပါးခဲ့ရပါတယ်။ ဒါဟာ ဟေတီနိုင်ငံရဲ့ လိုအပ်ချက်အတွက်ဖြစ်ပါတယ်။ ပမာဏအချို့သာဖြစ်ပေမယ့် လှူဒါန်းပေးဖို့အတွက်ပါပဲ”

    ထို့နောက် မင်းသမီးမှာ ခင်ပွန်း၏ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများအတွက် ချီးကျူးခဲ့သည်။ မင်းသမီးမှာ ဂျော်ဒန်ဘုရင်၏ သမီးတော်လည်းဖြစ်သည်။
    14671151_1222921034417031_6453198675744243620_n
    “အာရပ်တွေဖြစ်တဲ့ ကျွန်မတို့ဟာ ဒေ၀ါလီခံနိုင်ပါတယ်။ ကျွန်မတို့ တိုက်ပွဲတွေဝင်နေရတယ်၊ ကျွေးမွေးဖို့၊ နေရာထိုင်ခင်းတွေပေးဖို့အတွက်လည်း ကျွန်မတို့ကိုယ်တိုင် လုပ်နေရပါတယ်။ ဒါပေမယ့် ကျွန်မသိတဲ့ လူသားဆန်မှုစိတ်ဓာတ်ကိုတော့ ကျွန်မ ပြောပြနိုင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတာ့ ကျွန်မတို့ ယူအေအီးနိုင်ငံက လှူဒါန်းမှုမှာရှိနေပြီး၊ ဂျော်ဒန်ပြည်သူတွေက တိုက်ပွဲဝင်မှုမှာ ရှိနေတာကြောင့် ဖြစ်ပါတယ်” ဟု မင်းသမီးက ထည့်သွင်းရေးသားခဲ့သည်။

    Ref Independent