News @ M-Media

Tag: UAE

  • ဆိုမာလီမိုးခေါင်မှုအတွက် ယူအေအီးက အရေးပေါ်အကူအညီများ ပေးပို့

    ဆိုမာလီမိုးခေါင်မှုအတွက် ယူအေအီးက အရေးပေါ်အကူအညီများ ပေးပို့

    မတ် ၂၂၊ ၂၀၁၆
    M-Media

    somali

    – မိုးခေါင်ရေရှားမှုများနှင့် ကြုံတွေ့နေရသည့် ဆိုမာလီနိုင်ငံအား ယူအေအီးနိုင်ငံက အရေးပေါ်အကူအညီများကို သင်္ဘောဖြင့် ယခုတစ်ပတ်အတွင်း ပေးပို့ခဲ့သည်ဟု သိရသည်။

    Sheikh Khalifa Bin Zayed Al-Nahyan ဖောင်ဒေးရှင်းက ဦးဆောင်ကာ ပေးပို့ခဲ့ခြင်းဖြစ်ပြီး စားနပ်ရိက္ခာ တန်ချိန် ၁၀၆၀ တန် ပါဝင်သည်။ ထိုအစားအသောက်များကို မိုးခေါင်ရေရှားမှုဒဏ် အခံရဆုံး ပြည်နယ် ၃ ခုမှ ပြည်သူများကို ဝေငှသွားမည်ဖြစ်သည်။

    ဖောင်ဒေးရှင်းမှ ပြောရေးဆိုခွင့်ရှိသူကမူ ၎င်းတို့၏ ထောက်ပံ့မှုကို မိသားစုပေါင်း ၈၀၀၀ အား ဖြန့်ဖြူးသွားမည်ဖြစ်ပြီး မိမိတို့ကိုယ်တိုင် ကြီးကြပ်သွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။ အဆိုပါ စားနပ်ရိက္ခာများတွင် ဆန်၊ သကြား၊ ဂျုံ၊ စွန်ပလွန်သီး၊ နို့မှုန့် စသည်တို့ ပါဝင်သည်ဟု သိရသည်။

    အာဖရိကတိုက်ရှိ နိုင်ငံတစ်ချို့တွင် မိုးခေါင်ရေရှားမှုဒဏ်ကို အပြင်းအထန် ခံစားနေရပြီး နိုင်ငံတကာမှ အကူအညီများကိုလည်း ပေးပို့နေကြသည်။

    Ref: IINA

  • ဒူဘိုင်းလေယာဉ်တစ်စင်း ရုရှားတွင်ပျက်ကျ

    ဒူဘိုင်းလေယာဉ်တစ်စင်း ရုရှားတွင်ပျက်ကျ

    မတ် ၁၉၊ ၂၀၁၆
    M-Media

    dubai
    flydubai လေကြောင်းလိုင်းမှ လေယာဉ်တစ်စီး

    – ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှ အနည်းဆုံး ခရီးသည် ၅၀ ကို သယ်ဆောင်လာသည့် လေယာဉ်တစ်စင်းမှာ ရုရှားနိုင်ငံ ရို့စ်တော့ဗ် အွန် ဒွန်မြို့လေဆိပ်သို့ ဆင်းသက်စဉ် ယနေ့မနက်ပိုင်းက ပျက်ကျခဲ့သည်ဟု သိရသည်။

    အဆိုပါလေယာဉ်မှာ flydubai လေကြောင်းလိုင်းမှ ဘိုးအင်း ၇၃၇ လေယာဉ်ဖြစ်ပြီး ရုရှနိုင်ငံပိုင်သတင်းဌာန RT က လေယာဉ်မှ ကြီးမားသည့်ပေါက်ပွဲမှုပုံကို လွှင့်တင်ခဲ့သည်။

    “ဒူဘိုင်းကနေ ရို့စ်တော့ဗ် အွန် ဒွန် မြို့ကို ပျံသန်းသွားတဲ့ ကျွန်တော်တို့ရဲ့ လေယာဉ်အမှတ် FZ981 ကိစ္စအကြောင်း ကျွန်တော်တို့ သိထားပါတယ်။ အသေးစိတ်သိရအောင် ကျွန်တော်တို့ စုံစမ်းနေပါတယ် ပြီးတော့ သတင်းအချက်အလက်ရတာနဲ့ ထုတ်ပြန်သွားမှာပါ” ဟု flydubai မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    ဘိုအင်းကုမ္ပဏီကလည်း မိမိတို့အနေဖြင့် အချက်အလက်များကို စုဆောင်းနေသည်ဟု Twitter စာမျက်နှာတွင် ဖော်ပြခဲ့သည်။

    Ref: Aljazeera

  • အီမရိတ်လေကြောင်းလိုင်းက ကမ္ဘာ့အရှည်ဆုံး ခရီးစဉ်တစ်ခုကို ပျံသန်း

    အီမရိတ်လေကြောင်းလိုင်းက ကမ္ဘာ့အရှည်ဆုံး ခရီးစဉ်တစ်ခုကို ပျံသန်း

    မတ် ၃၊ ၂၀၁၆
    M-Media

    plane

    – အီမရိတ်လေကြောင်းလိုင်းက Airbus A380 လေယာဉ်ဟာ ကမ္ဘာ့အရှည်ကြာဆုံး ပျံသန်းမှုအဖြစ် ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ကနေ နယူးဇီလန်နိုင်ငံ အောက်ကလန်မြို့ကို မရပ်မနား ပျံသန်းခဲ့တယ်လို့ သိရပါတယ်။

    ဗုဒ္ဓဟူးနေ့က ပျံသန်းခဲ့သည့် အဆိုပါ ခရီးစဉ်ဟာ မိုင်ပေါင်း ၈၈၂၄ မိုင် အကွာအဝေးရှိခဲ့ပြီး၊ ပြန်လည်ထွက်ခွာမယ့် လမ်းကြောင်းဟာလည်း အရှည်ဆုံးခရီးစဉ် ဖြစ်မှာဖြစ်ပါတယ်။ အပြန်ခရီးမှာတော့ ခရီးသည်တွေအနေနဲ့ လေယာဉ်ပေါ်မှာ ၁၇ နာရီနဲ့ ၁၅ မိနစ်ခန့် လိုက်ပါရမှာ ဖြစ်ပါတယ်။

    ဒါပေမယ့် ယခုလ နှောင်းပိုင်းမှာလည်း အီမရိတ်လေကြောင်းလိုင်းဟာ ဒူဘိုင်း-ပနားမား ခရီးစဉ်ကို ၁၇ နာရီနဲ့ ၃၅ မိနစ်ကြာ ပျံသန်းမှာ ဖြစ်တဲ့အတွက်ကြောင့် ယခုခရီးစဉ်ရဲ့ စံချိန်ဟာ သိပ်ကြာကြာခံမှာ မဟုတ်ပါဘူး။ ဒူဘိုင်း-အောက်ကလန် ခရီးစဉ် ပထမဆုံပျံသန်းမှုကို A380 လေယာဉ်နဲ့ ပြုလုပ်ခဲ့ပေမယ့် နောက်ပိုင်း ပုံမှန်ပြေးဆွဲမှုမှာတော့ ဘိုးအင်း ၇၇၇ လေယာဉ်ကိုသာ အသုံးပြုမှာ ဖြစ်ပါတယ်။

    “တိုးတက်တဲ့နည်းပညာနဲ့ ကောင်းမွန်တဲ့အစီအမံတွေရဲ့ အကူအညီကြောင့် ခရီးသည်တွေကို အချိန်အနည်းဆုံးနဲ့ တတ်နိုင်သမျှ မြန်မြန် အရောက်ပို့ဆောင်ပေးနိုင်မှာပါ” လို့ အီမရိတ်လေကြောင်းလိုင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    နယူးဇီလန်ပို့ဆောင်ရေးဝန်ကြီး ဆိုင်မွန် ဘရစ်ဂျက်စ်ကတော့ အချိန်သုံးနာရီလောက် လျှော့နိုင်ခဲ့တဲ့ ဒူဘိုင်း-အောက်ကလန် မရပ်မနားပျံသန်းမှုဟာ ဒူဘိုင်းနဲ့ နယူးဇီလန်ကြား ဆက်ဆံရေးကို ပိုမိုခိုင်မာစေတဲ့အပြင် နယူးဇီလန်နဲ့ တခြားနိုင်ငံတွေရဲ့ ဆက်ဆံရေးကိုလည်း တိုးတက်စေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒီ တိုက်ရိုက်ပျံသန်းနိုင်မှုဟာ နှစ်နိုင်ငံကြား ကုန်သွယ်မှုနဲ့ ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်းကို ပိုမိုအားပေးရာရောက်တဲ့အပြင် ခရီးသည်တွေအတွက်လည်း ပိုမိုရွေးချယ်နိုင်တဲ့ အခွင့်အလမ်းတွေ ရရှိစေပါတယ်” လို့ ဘရစ်ဂျက်စ်က ပြောကြားခဲ့ပါတယ်။

    Ref: Presstv

  • ယူအေအီး အစ္စလာမ့်အသိပညာပေးစင်တာ တစ်ခုတွင် ၂၀၁၅ ခုနှစ်အတွင်း လူပေါင်း ၂၀၀၀ ကျော် အစ္စလာမ်သို့ သက်ဝင်ခဲ့

    ယူအေအီး အစ္စလာမ့်အသိပညာပေးစင်တာ တစ်ခုတွင် ၂၀၁၅ ခုနှစ်အတွင်း လူပေါင်း ၂၀၀၀ ကျော် အစ္စလာမ်သို့ သက်ဝင်ခဲ့

    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၆
    M-Media

    dubai 4

    – ယူအေအီးရှိ အစ္စလာမ့်အသိပညာ ဖြန့်ဝေရေးအဖွဲ့ဖြစ်သော Dar AL Ber Society (Dabs) တွင် ပြီးခဲ့သည့်နှစ်အတွင်း လူပေါင်း နှစ်ထောင်ကျော်မှာ အစ္စလာမ်သာသနာအား သက်ဝင်ယုံကြည်ခဲ့ကြသည်ဟု သိရသည်။

    “သစ်လွင်မွတ်စလင် ၂၂၂၁ ယောက်ထဲမှာ ၄၉၄ ယောက်က Have you helped anyone convert to Islam လို့ခေါ်တဲ့ အစ္စလာမ့်အသိပညာပြန့်ပွားရေး အစီအစဉ်ကနေ လက်ခံခဲ့တာဖြစ်ပြီး ၁၃၅၀ ကတော့ ကျွန်တော်တို့ရုံးက ပညာရှင်တွေ၊ တရားဟောဆရာတွေရဲ့ အကူအညီနဲ့ အစ္စလာမ်ကို သက်ဝင်ယုံကြည်ခဲ့ကြတာ ဖြစ်ပါတယ်” ဟု Dar AL Ber Society မှ ဥက္ကဌဖြစ်သူ ခါလ်ဖန် ခါလီဖာ အလ် မဇ်က်ရူဝီက ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့စင်တာအနေဖြင့် အစ္စလာမ်၏ စစ်မှန်သော သင်ကြားမှုများ၊ သတင်းစကားများကို လူ့အဖွဲ့အစည်းတွင်းရှိ လူအားလုံးသို့ ရောက်ရှိရန် မရပ်မနား ကြိုးစားနေပြီး၊ ၂၀၁၅ ခုနှစ် တစ်နှစ်တာတွင် အစ္စလာမ်နှင့်ပတ်သက်သည့် သင်ကြားမှုများ၊ ဟောပြောပို့ချမှုများ စုစုပေါင်း ၃၇၇၂ ခုကို ပြုလုပ်ခဲ့သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ပြီးခဲ့သည့်နှစ်အတွင်း ထိုစင်တာ၌ အစ္စလာမ်သို့ သက်ဝင်ယုံကြည်လာခဲ့သူ နှစ်ထောင်ကျော်မှာ နိုင်ငံပေါင်း ၄၆ နိုင်ငံမှဖြစ်ပြီး စင်တာ၏ အစ္စလာမ့် သင်တင်းအချက်အလက် ဌာနကလည်း ၂၀၁၅ ခုနှစ်အတွင်း နိုင်ငံတစ်ဝှမ်းရှိ နိုင်ငံခြားသားလူ့အဖွဲ့အစည်းများထံသို သိပ္ပံနှင့် ဘာသာရေးဆိုင်ရာ လက်ကမ်းစာစောင်များ၊ ကြော်ငြာများနှင့် စီဒီပေါင်း ၁.၅၈ သန်းကို ဝေငှခဲ့ကြသည်။

    Dar AL Ber Society မှာ ဆိုရှယ်မီဒီယာတွင်လည်း အစ္စလာမ့်အသိပညာ ဖြန့်ဝေမှုများကို တက်တက်ကြွကြွ ပြုလုပ်နေသည်။

    Ref: Khaleejtimes

  • ဘာသာပေါင်းစုံချစ်ကြည်ရေး မြှင့်တင်ရန် ယူအေအီးတိုက်တွန်း

    ဘာသာပေါင်းစုံချစ်ကြည်ရေး မြှင့်တင်ရန် ယူအေအီးတိုက်တွန်း

    ဖေဖော်ဝါရီ ၆၊ ၂၀၁၆
    M-Media

    UAE 2

    – ယူအေအီးနိုင်ငံမှာ ယခုသီတင်းပတ်အတွင်း ကျင်းပပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ဘာသာပေါင်းစုံ သဟဇာတဖြစ်ရေးနေ့ (World
    Interfaith Harmony Day) ညီလာခံမှာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွှတ်ရေး အရေးကြီးကြောင်း ယူအေအီးနိုင်ငံ ယဉ်ကျေးမှု၊ လူငယ်နှင့် ရပ်ရွာလူထု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီး ရှိခ် နဟ်ယန် မူဘာရက် အလ်-နဟ်ယန်က ပြောကြားလိုက်ပါတယ်။

    အဲဒီညီလာခံကို ဖောဖော်ဝါရီ ၁ ရက်နေ့ကနေ ၇ ရက်အနေ့အထိ သတ်မှတ်ထားတဲ့ ကုလရဲ့ ကမ္ဘာ့ဘာသာပေါင်းစုံ သဟဇာတဖြစ်ရေးသီတင်းပတ် အထိမ်းအမှတ်အဖြစ် ကျင်းပတာဖြစ်ပြီး မိမိတို့ရဲ့ ဘာသာတရားအဆုံးအမတွေအတိုင်း တစ်ဦးအပေါ်တစ်ဦး သည်းခံတတ်ဖို့နဲ့ ဘာသာရေးအခြေခံတဲ့ ခွဲခြားမှုတွေရဲ့ အန္တရာယ်ကြီးပုံတွေကိုလည်း အလ်နဟ်ယန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ကမ္ဘာ့ဘာသာတရားကြီးတွေမှာ လေးလေးနက်နက် ပြဌာန်းထားတဲ့ တစ်ဦးအပေါ်တစ်ဦး သည်းခံမှု၊ လေးစားတတ်မှု ဆုံးမသြ၀ါဒတွေကိုလည်း အဲဒီညီလာခံမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “နားလည်မှုလွဲမှုတွေနဲ့ ယုံမှားသံသယတွေ ဖြန့်ဝေသူတွေကို ရင်ဆိုင်နေရပေမယ့်လည်း ဘာသာတရားတွေကို လိုက်နာကျင့်သုံးခြင်းက စည်းလုံးညီညွတ်မှုကို ရရှိစေပါတယ်” လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်က ကမ္ဘာ့ဘာသာပေါင်းစုံ သဟဇာတဖြစ်ရေးသီတင်းပတ်အတွက် ထုတ်ပြန်တဲ့ သ၀ဏ်လွှာမှာ ဖော်ပြထားပါတယ်။

    နဟ်ယန်ကတော့ ဒီနေ့ခေတ်မှာ ဘာသာတရားတွေအကြား သဟဇာတဖြစ်မှုနဲ့ သည်းခံမှုတွေကို တည်ဆောက်တာဟာ တစ်ဦးတစ်ယောက်ရဲ့ အယူဝါဒကို အပြန်အလှန်လေးစားကြတဲ့ ပိုမိုတောက်ပတဲ့အနာဂတ်အတွက် လမ်းဖွင့်ပေးတာဖြစ်ကြောင်း၊ ထိန်းမနိုင်သိမ်းမရဖြစ်နေတဲ့ လူမှုပြဿနာတွေကို ရင်ဆိုင်ခံစားနေရတဲ့ လူသားတွေမှာ ဘာသာရေးသဟဇာတဖြစ်မှုကို စိတ်ဝင်စားလာတာကြောင့် ယခုညီလာခံ အောင်မြင်မည်ဆိုသည်ကို ယုံမှား သံသယမရှိကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    နောက်ပြီး ကမ္ဘာ့ဘာသာတရားတွေအကြား သဟဇာတဖြစ်ရေး ဆွေးနွေးမှုတွေကို ချက်ခြင်းလိုအပ်နေတယ်လို့လည်း သူက ပြောကြားခဲ့ပါသေးတယ်။

    လူတွေကြားတဲမှာ ဖြစ်တတ်တဲ့ ယုံကြည်မှုကင်းမဲ့တာ၊ နားလည်မှုမရှိတာ၊ ဘာသာတရား၊ ဒါမှမဟုတ် ယုံကြည်မှုကို အခြေခံပြီး ခွဲခြားဆက်ဆံတာ၊ ဘာသာမတူသူတွေအပေါ် မုန်းတီးတာ စတာတွေဟာ လူမျိုးရေးခွဲခြားဆက်ဆံမှု၊ လက်ရောက်စော်ကားမှုနဲ့ ဘာသာတရားကို အလွဲသုံးစားလုပ်ပြီး သတ်ဖြတ်မှုတွေကို ဖြစ်စေနိုင်တာကြောင့် ဒါတွေကို ဖြေရှင်းပြီး သဟဇာတဖြစ်တဲ့ လူဘောင်တစ်ခုကို တည်ဆောက်ဖို့အတွက် ဘာသာတရားအားလုံးရဲ့ အကူအညီကို လိုအပ်တယ်လို့လည်း နဟ်ယန်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

    Ref : IINA