ဖေဖော်ဝါရီ ၆၊ ၂၀၁၆
M-Media
– ယူအေအီးနိုင်ငံမှာ ယခုသီတင်းပတ်အတွင်း ကျင်းပပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ဘာသာပေါင်းစုံ သဟဇာတဖြစ်ရေးနေ့ (World
Interfaith Harmony Day) ညီလာခံမှာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွှတ်ရေး အရေးကြီးကြောင်း ယူအေအီးနိုင်ငံ ယဉ်ကျေးမှု၊ လူငယ်နှင့် ရပ်ရွာလူထု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီး ရှိခ် နဟ်ယန် မူဘာရက် အလ်-နဟ်ယန်က ပြောကြားလိုက်ပါတယ်။
အဲဒီညီလာခံကို ဖောဖော်ဝါရီ ၁ ရက်နေ့ကနေ ၇ ရက်အနေ့အထိ သတ်မှတ်ထားတဲ့ ကုလရဲ့ ကမ္ဘာ့ဘာသာပေါင်းစုံ သဟဇာတဖြစ်ရေးသီတင်းပတ် အထိမ်းအမှတ်အဖြစ် ကျင်းပတာဖြစ်ပြီး မိမိတို့ရဲ့ ဘာသာတရားအဆုံးအမတွေအတိုင်း တစ်ဦးအပေါ်တစ်ဦး သည်းခံတတ်ဖို့နဲ့ ဘာသာရေးအခြေခံတဲ့ ခွဲခြားမှုတွေရဲ့ အန္တရာယ်ကြီးပုံတွေကိုလည်း အလ်နဟ်ယန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။
ကမ္ဘာ့ဘာသာတရားကြီးတွေမှာ လေးလေးနက်နက် ပြဌာန်းထားတဲ့ တစ်ဦးအပေါ်တစ်ဦး သည်းခံမှု၊ လေးစားတတ်မှု ဆုံးမသြ၀ါဒတွေကိုလည်း အဲဒီညီလာခံမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
“နားလည်မှုလွဲမှုတွေနဲ့ ယုံမှားသံသယတွေ ဖြန့်ဝေသူတွေကို ရင်ဆိုင်နေရပေမယ့်လည်း ဘာသာတရားတွေကို လိုက်နာကျင့်သုံးခြင်းက စည်းလုံးညီညွတ်မှုကို ရရှိစေပါတယ်” လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်က ကမ္ဘာ့ဘာသာပေါင်းစုံ သဟဇာတဖြစ်ရေးသီတင်းပတ်အတွက် ထုတ်ပြန်တဲ့ သ၀ဏ်လွှာမှာ ဖော်ပြထားပါတယ်။
နဟ်ယန်ကတော့ ဒီနေ့ခေတ်မှာ ဘာသာတရားတွေအကြား သဟဇာတဖြစ်မှုနဲ့ သည်းခံမှုတွေကို တည်ဆောက်တာဟာ တစ်ဦးတစ်ယောက်ရဲ့ အယူဝါဒကို အပြန်အလှန်လေးစားကြတဲ့ ပိုမိုတောက်ပတဲ့အနာဂတ်အတွက် လမ်းဖွင့်ပေးတာဖြစ်ကြောင်း၊ ထိန်းမနိုင်သိမ်းမရဖြစ်နေတဲ့ လူမှုပြဿနာတွေကို ရင်ဆိုင်ခံစားနေရတဲ့ လူသားတွေမှာ ဘာသာရေးသဟဇာတဖြစ်မှုကို စိတ်ဝင်စားလာတာကြောင့် ယခုညီလာခံ အောင်မြင်မည်ဆိုသည်ကို ယုံမှား သံသယမရှိကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
နောက်ပြီး ကမ္ဘာ့ဘာသာတရားတွေအကြား သဟဇာတဖြစ်ရေး ဆွေးနွေးမှုတွေကို ချက်ခြင်းလိုအပ်နေတယ်လို့လည်း သူက ပြောကြားခဲ့ပါသေးတယ်။
လူတွေကြားတဲမှာ ဖြစ်တတ်တဲ့ ယုံကြည်မှုကင်းမဲ့တာ၊ နားလည်မှုမရှိတာ၊ ဘာသာတရား၊ ဒါမှမဟုတ် ယုံကြည်မှုကို အခြေခံပြီး ခွဲခြားဆက်ဆံတာ၊ ဘာသာမတူသူတွေအပေါ် မုန်းတီးတာ စတာတွေဟာ လူမျိုးရေးခွဲခြားဆက်ဆံမှု၊ လက်ရောက်စော်ကားမှုနဲ့ ဘာသာတရားကို အလွဲသုံးစားလုပ်ပြီး သတ်ဖြတ်မှုတွေကို ဖြစ်စေနိုင်တာကြောင့် ဒါတွေကို ဖြေရှင်းပြီး သဟဇာတဖြစ်တဲ့ လူဘောင်တစ်ခုကို တည်ဆောက်ဖို့အတွက် ဘာသာတရားအားလုံးရဲ့ အကူအညီကို လိုအပ်တယ်လို့လည်း နဟ်ယန်က ထပ်လောင်းပြောကြားခဲ့ပါတယ်။
Ref : IINA
Leave a Reply
You must be logged in to post a comment.