ဖေဖော်ဝါရီ ၃၊ ၂၀၁၆
M-Media
– အရှေ့အလယ်ပိုင်းမှာ အကြီးဆုံးဖြစ်လာမယ့် စာကြည့်တိုက်စီမံကိန်း စတင်တဲ့အခမ်းအနားကို ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှာ တနင်္လာနေ့က ပြုလုပ်ခဲ့ပြီး ဒုသမ္မတနဲ့ ဒူဘိုင်းဝန်ကြီးချုပ်ဖြစ်သူ ရှိခ် မိုဟာမက် ဘင် ရာရှစ်ဒ် အလ်မခ်တွမ်က တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။
‘မုဟမ္မဒ် ဘင် ရှာရှစ်ဒ်’ လို့အမည်ရတဲ့ အဲဒီ စာကြည့်တိုက်ဟာ အလ်-ဂျဒက်ဖ်ဒေသက စတုရန်းပေ တစ်သန်းလောက် နေရာအကျယ်အ၀န်းမှာ တည်ဆောက်သွားမှာဖြစ်ပြီး ၇ ထပ် ရှိမှာဖြစ်ပါတယ်။ ယူအေအီး ဒီရ်ဟမ် ၁ ဘီလီယံလောက်ကုန်ကျမယ့် အဲဒီ စာကြည့်တိုက်ကို ၂၀၁၇ ခုနှစ်မှာ ဖွင့်လှစ်သွားဖို့ လျာထားပြီး စာအုပ်ပေါင်း ၄.၅ သန်းကျော်ကို ခင်းကျင်းပြသထားမှာ ဖြစ်ပါတယ်။
ဆွေးနွေးပွဲတွေ၊ ပြပွဲတွေ၊ အခမ်းအနားတွေ၊ ပညာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ပွဲတော်တွေအတွက် ခန်းမအများအပြား ပါဝင်မှာဖြစ်ပြီး ဒီရ်ဟန် ၂.၄ သန်း ဆုကြေးငွေချီးမြှင့်မယ့် “အာရဗီဘာသာစကားဆိုင်ရာဆု” လို ယဉ်ကျေးမှုနဲ့ အသိပညာဆိုင်ရာ ပြိုင်ပွဲတွေကိုလည်း လက်ခံကျင်းပသွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် အာရဗ်လူမျိုးတွေရဲ့ ရှေးဟောင်း သမိုင်းအမွေအနှစ်နဲ့ လူ့အဖွဲ့အစည်းတွေရဲ့ သမိုင်းဆိုင်ရာတွေကိုလည်း အဲဒီ စာကြည့်တိုက်မှာ ပြသသွားမှာဖြစ်ပြီး၊ အနုပညာနဲ့ စာပေဆိုင်ရာ ခင်းကျင်းပြသတဲ့ နေရာတစ်ခုအဖြစ်လည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။
ပညာရပ်ဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းများကို ဒေသတွင်းမှာရော ကမ္ဘာတစ်ဝှမ်းမှာပါ ပြုလုပ်နိုင်ရေးအတွက် သင်ခန်းစာများ ဟောပြောပို့ချနိုင်သည့် ထိုင်ခုံ ၅၀၀ ပါဝင်တဲ့ ခန်းမတစ်ခုလည်း အဲဒီစာကြည့်တိုက်မှာ ပါဝင်မှာဖြစ်ပါတယ်။
Ref: IINA