News @ M-Media

Tag: UK

  • ထိုင်ခုံခါးပတ် မပတ်မှုကြောင့် ဗြိတိန်ဘုရင်မကြီး ရဲအတိုင်ခံရ

    ထိုင်ခုံခါးပတ် မပတ်မှုကြောင့် ဗြိတိန်ဘုရင်မကြီး ရဲအတိုင်ခံရ

    ဇွန် ၂၃၊ ၂၀၁၇
    M-Media

    – အစိုးရသစ်ရဲ့ လွှတ်တော်မှာ ပထမဆုံး မိန့်ခွန်းပြောဖို့ သွားရောက်တဲ့ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်ဟာ သူစီးတဲ့ကားက ထိုင်ခံခါးပတ် မပတ်ထားမှုအတွက် ပြည်သူတစ်ဦးက ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။

    ဗုဒ္ဓဟူးနေ့က ဘုရင်မကြီးဟာ သားဖြစ်သူ ချားလ်စ်မင်းသားနဲ့အတူ ဘက်ကင်ဟမ်နန်းတော်ကနေ ၀က်စ်မင်စတာ လွှတ်တော်အဆောက်အုံကို Bentley ကားနဲ့ သွားရောက်ခဲ့တာပါ။

    အနောက်ယော့ခ်ရှိုင်းယား ရဲတပ်ဖွဲ့က သူတို့ဟာ ဘုရင်မကြီး ဥပဒေချိုးဖောက်တဲ့အကြောင်းကို ၉၉၉ ဖုန်းလိုင်းကနေ တိုင်ကြားမှုရရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    “၉၉၉ လိုင်းဟာ အရေးပေါ်အခြေအနေတွေအတွက်သာ ဖြစ်တယ်လို့ ကျွန်တော် ပြောဖို့ မလုံလောက်တော့ပါဘူး” လို့ အနောက်ယောက့်ခ်ရှိုင်းယား ရဲတပ်ဖွဲ့က တွမ် ဒိုနိုဟိုးက ပြောကြားခဲ့ပါတယ်။

    ယူကေဥပေဒအရ ကားအနောက်မှာ ထိုင်တဲ့သူဟာ ခါးပတ်ရှိရင် အဲဒီခါးပတ်ကို ၀တ်ဆင်ဖို့ တာဝန်ရှိပြီး စည်းကမ်းဖောက်ဖျက်ရင်တော့ စတာလင်ပါင် ၅၀၀ ဒဏ်ရိုက်ခံရမှာ ဖြစ်ပါတယ်။

    ဒါပေမယ့် ဘုရင်မကြီးကတော့ နိုင်ငံသားနဲ့ ရာဇ၀တ်မှုဆိုင်ရာ ပြဌာန်းချက်တွေကနေ ကင်းလွတ်ပြီး ဒီအဖြစ်အပျက်အတွက် ဘုရင်မကြီးရဲ့ ပြန်ကြားရေးရုံးက မှတ်ချက်မပေးခဲ့ပါဘူး။

    တောင်ဝင်မိသားစုရဲ့ ၀ဘ်ဆိုက်က ဘုရင်မကြီးနှင့် ဥပဒေကဏ္ဍမှာ “ဘုရင်မကြီးအနေဖြင့် သူမ၏ တစ်ကိုယ်ရေ လုပ်ဆောင်မှုများအားလုံးကို တင်းကျပ်သည့် ဥပဒေအရသာ ဆောင်ရွက်ရမည်” လို့ ဖော်ပြထားပါတယ်။

    ဘုရင်မကြီးဟာ ဗုဒ္ဓဟူးနေ့က နိုင်ငံတော်မိန့်ခွန်းပြောဆိုမှုမှာ ၄၃ နှစ်အတွင်း ပထမဆုံးအကြိမ် သရဖူ ၀တ်ဆင်ခြင်း မပြုဘဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ နောက်ပြီး ဘုရင်မကြီးဝတ်ဆင်တဲ့ အပြာနဲ့ အ၀ါရောင်ချယ်သထားတဲ့ ဦးထုပ်ဟာ ဥရောပသမဂ္ဂကို ထောက်ခံတဲ့ အမှတ်အသားဖြစ်တယ်လို့လည်း ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

    Ref: RT

  • လန်ဒန်တွင် မွတ်စလင်များ တိုက်ခိုက်ခံရမှု အကြမ်းဖက်မှုအဖြစ် ယူကေ ကိုင်တွယ်နေ

    လန်ဒန်တွင် မွတ်စလင်များ တိုက်ခိုက်ခံရမှု အကြမ်းဖက်မှုအဖြစ် ယူကေ ကိုင်တွယ်နေ

    ဇွန် ၁၉၊ ၂၀၁၇
    M-Media

    – ယန်နေ့မနက်ပိုင်း လန်ဒန်မြို့တွင် မွတ်စလင်များအား ပစ်မှတ်ထားကာ ဗန်ကားဖြင့် ၀င်တိုက်မှုကို အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် ကိုင်တွယ်နေသည်ဟု ယူကေရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

    မြို့မြောက်ပိုင်း ဖင်စ်ဘူရီပါ့ခ်ရှိ ဗလီဝတ်ကျောင်းတော်တစ်လုံးမှ ၀တ်ပြုအပြီး ထွက်လာသော လူအုပ်ကို ဗန်ကားက ၀င်တိုက်မှုကြောင့် အနည်းဆုံး လူတစ်ဦး သေဆုံးခဲ့ပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့သည်။

    မျက်မြင်သက်သေများကမူ ဗန်ကားမောင်းသူမှာ ‘မွတ်စလင်အားလုံးကိုသတ်ချင်တယ်’ ဟု အော်ဟစ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    “ဒီကိစ္စကို အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် ကျွန်တော်တို့ ကိုင်တွယ်နေပါတယ်” ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူ နီးလ် ဘာဆူက သတင်းထောက်များအား ပြောကြားခဲ့ပြီး ဗန်ကားမောင်းသမားကို လူသတ်မှု သံသယရှိသူအဖြစ် ဖမ်းဆီးထားသည်ဟု ဆိုသည်။

    ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေကလည်း အဆိုပါ အဖြစ်အပျက်မှာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်နိုင်သည်ဟု အတည်ပြုခဲ့သည်။ သူမမှာ ထိုကိစ္စအတွက် အရေးပေါ်အစည်းအဝေးကို ဦးဆောင်မည်ဖြစ်သည်။

    ကျူးလွန်သူကို ပြည်သူများက ဖမ်းပေးခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့က ရဲရင့်သည့် ထိုလုပ်ရပ်ကို ချီးကျူးခဲ့သည်။

    “ဗန်ကားမောင်းသမားက ကားထဲကနေထွက်လာပြီး ထွက်ပြေးဖို့ကြိုးစားတဲ့အချိန် ကျွန်တော် သူ့ကို မြေပြင်ပေါ်တွန်းချပြီး ရဲတပ်ဖွဲ့လာတဲ့အချိန်အထိ ချုပ်ထားလိုက်ပါတယ်။ သူပြေးတဲ့အချိန်မှာ သူဟာ ‘လူတွေကိုသတ်ချင်တယ်။ မွတ်စလင်တွေကို ထပ်သပ်ချင်တယ်’ ဆိုပြီး အော်နေပါတယ်။ သူ့ကိုချုပ်ထားတဲ့အချိန်မှာ ကျွန်တော်က ‘မင်းဘာကြောင့် ဒီလိုလုပ်ရတာလဲ’ လို့မေးတဲ့အခါ သူက ‘မွတ်စလင်တွေကိုထပ်သပ်ချင်တယ်’ လို့ ပြောခဲ့ပါတယ်” ဟု ကျူးလွန်သူအား ဖမ်းဆီးပေးခဲ့သည့် အဘ်ဒူလ်ရဟ်မန် အစ်ဒ်ရူစ်က ပြောကြားခဲ့သည်။

    လက်ရှိတွင် ထိုအဖြစ်အပျက်ကို ယူကေ အကြမ်းဖက်တိုက်ဖျက်ရေး ဌာနချုပ်မှ ကိုယ်တွယ်နေသည်။

    Ref: CNN, Washingtonpost

  • လန်ဒန်တွင် ဗလီမှထွက်လာသော မွတ်စလင်များကို ပစ်မှတ်ထားကာ ဗန်ကားတစ်စီးက ၀င်တိုက်

    လန်ဒန်တွင် ဗလီမှထွက်လာသော မွတ်စလင်များကို ပစ်မှတ်ထားကာ ဗန်ကားတစ်စီးက ၀င်တိုက်

    ဇွန် ၁၉၊ ၂၀၁၇
    M-Media

    – လန်ဒန်မြောက်ပိုင်းရှိ ဗလီဝတ်ကျောင်းတော် ၂ လုံးအနီးတွင် ဗန်ကားတစ်စီးကာ လမ်းသွားလမ်းလာများကို ၀င်တိုက်မှုကြောင့် အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ယူကေ ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

    ယမန်နေ့ည သန်းခေါင်ကျော်တွင် ဖင်စ်ဘူရီပါ့ခ်ရှိ ဗလီဝတ်ကျောင်းတော်မှ ၀တ်ပြုပြီး ထွက်လာသည့် မွတ်စလင်များကို ဦးတည်ကာ ၀င်တိုက်ခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်သက်သေများ၏ ပြောကြားမှုကို ကိုးကား၍ Independent သတင်းစာက ဖော်ပြခဲ့သည်။

    အတိုက်အခံ လေဘာပါတီခေါင်းဆောင် ဂျယ်ရီမီ ကောရ်ဘန်က ထိုအဖြစ်အပျက်အတွက် အလွန်အမင်း တုန်လှုပ်ရသည်ဟု ပြောကြားခဲ့သည်။

    ရဲတပ်ဖွဲ့က လူတစ်ဦးကို ဖမ်းဆီးထားပြီး အရေးပေါ် ကယ်ဆယ်ရေးဝန်ဆောင်မှုများလည်း ရောက်ရှိနေသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

    “ကားတစ်စီးဟာ လမ်းသွားလမ်းလာတွေကို ၀င်တိုက်တယ်ဆိုပြီး မနက် ၁၂ နာရီ ၂၀ လောက်မှာ ရဲတပ်ဖွဲ့က သတင်းရပါတယ်။ ထိခိုက်ဒဏ်ရာရသူ တော်တော်များများပြီး အခင်းဖြစ်တဲ့နေရာမှာ ဆောင်ရွက်နေပါတယ်” ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    ဗြိတိန်မွတ်စလင်ကောင်စီ (MCB) က ဖင်စ်ဘူရီပါ့ခ်ရှိ ဗလီမှ ထွက်လာသော မွတ်စလင်များကို ဗန်ကားတစ်စီးက ဖြတ်တိုက်ခဲ့သည်ဟု သတင်းရထားကြောင်း Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။

    MCB ၏ အထွေထွေအတွင်းရေမှူး ဟာရွန်ခန်းက ၀တ်ပြုအပြီး ထွက်လာသူများကို ယခုကဲ့သို့ ရည်ရွယ်ချက်ရှိရှိ ၀င်တိုက်မှုအတွက် တုန်လှုပ်မိသည်ဟု ပြောကြားခဲ့သည်။

    ဖင်စ်ဘူရီပါ့ခ် ဗလီဝတ်ကျောင်းတော်မှ ဥက္ကဌဖြစ်သူ မိုဟာမက် ကော့ဇ်ဘားရ်က ထိုလုပ်ရပ်မှာ ဆိုးရွားသည့် လုပ်ရပ်ဖြစ်ပြီး အကြမ်းဖက်တိုက်ခိုက်မှုဖြစ်နိုင်သည်ဟု ဆိုသည်။

    လက်ရှိတွင် တိုက်ခိုက်မှုပြုလုပ်သည့် နောက်ကွယ်မှ လှုံ့ဆော်မှုကို မသိရှိရသေးပေ။

    Ref: Aljazeera

  • လန်ဒန်မြို့ရှိ တာဝါတစ်ခုတွင် မီးအကြီးအကျယ် လောင်ကျွမ်းမှု ဖြစ်ပွား

    လန်ဒန်မြို့ရှိ တာဝါတစ်ခုတွင် မီးအကြီးအကျယ် လောင်ကျွမ်းမှု ဖြစ်ပွား

    ဇွန် ၁၄၊ ၂၀၁၇
    M-Media

    – လန်ဒန်မြို့အနောက်ပိုင်းရှိ တာဝါအဆောက်အဦးတစ်ခုတွင် ယနေ့မနက်မှ စတင်၍ မီးအကြီးအကျယ်လောင်ကျွမ်းမှု ဖြစ်ပေါ်နေပြီး၊ နေထိုင်သူများလည်း ပိတ်မိနေကာ တာဝါမှာ ပြိုကျနိုင်သည့်အန္တရာယ် ရှိနေသည်ဟု သိရသည်။

    Grenfell Tower ဖြစ်ပြီး ဗြိတိသျှစံတော်ချိန် ဗုဒ္ဓဟူးနေ့မနက် ၁၂ နာရီ ၅၄ မိနစ်အချိန်တွင် မီးလောင်ကြောင်း သတင်းပေးပို့ချက် ရရှိခဲ့ကာ မီးသတ်သမား ၂၀၀ ခန့်က ညှိမ်းသက်ရန် ကြိုစားနေသည်။

    ရဲတပ်ဖွဲ့က မီးလောင်ဒဏ်ရာများကြောင့် ကုသပေးနေရသည့် လူနာများ ရှိနေကာ၊ မနက် ၄ နာရီအထိ နေထိုင်သူများကို ကယ်ထုတ်နေရဆဲဖြစ်သည်ဟု ပြောကြားခဲ့သည်။ မီအားပြင်းသောကြောင့် အဆောက်အဦးမှာ ပြိုကျနိုင်သည့်အနေအထားတွင် ရှိနေသည်ဟု ခန့်မှန်းမှုများ ရှိသည်။

    လန်ဒန်မြို့တော်ဝန် ဆာဒစ်ခန်းက ဆိုးရွားသည့် အဖြစ်အပျက်တစ်ခုဟု ပြောကြားခဲ့သည်။ မီးသတ်သမားများ အပါအ၀င် မီးသတ်ကား အစင်း ၄၀ ကလည်း မီးညှိမ်းသက်ရန် ကြိုးစားနေသည်။

    လန်ဒန်မီးသတ်တပ်ဖွဲ့မှ လက်ထောက် ကော်မရှင်နာမင်းကြီး ဒန်ဒလီက မီးသတ်တပ်ဖွဲ့ဝင်များမှာ ခက်ခက်ခဲခဲဖြင့် မီးညှိမ်းသက်နေရသည်ဟု ပြောကြားခဲ့သည်။

    Ref: BBC

  • အိမ်ထောင်ပြုခြင်းက ကျန်းမာရေးအကျိုးကျေးဇူးရှိသည်ဟု သုတေသပညာရှင်များပြော

    အိမ်ထောင်ပြုခြင်းက ကျန်းမာရေးအကျိုးကျေးဇူးရှိသည်ဟု သုတေသပညာရှင်များပြော

    ဇွန် ၁၁၊ ၂၀၁၇
    M-Media

    – အိမ်ထောင်ပြုခြင်းဟာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးရှိနိုင်ပြီး ကိုလက်စထရောမြင့်တာလို့ နှလုံးရောဂါဖြစ်စေတဲ့ အကြောင်းအရင်း ရှိမယ်ဆိုရင် အိမ်ထောင်ပြုခြင်းက အသက်ရှင်သန်မှု အခွင့်အလမ်းတွေကို မြင့်တက်စေတယ်လို့ ယူကေ သုတေသနပညာရှင်တွေက ပြောကြားလိုက်ပါတယ်။

    ယူကေက သွေးတိုးရှိသေူတွေ၊ အ၀လွန်သူတွေနဲ့ ဆီးချိုရှိသူ လူပေါင်း ၁ သန်းလောက် ပါဝင်ပြီး Aston ဆေးတက္ကသိုလ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနအရ အိမ်ထောင်ရှိသူတွေဟာ၊ အိမ်ထောင်မရှိသူတွေထက် ပိုပြီး အကျိုးကျေးဇူးရှိတယ်ဆိုတာကို တွေ့ခဲ့ရတာပါ။

    လေ့လာမှုကိုဦးဆောင်သူ ဒေါက်တာ ပေါလ် ကာတာက နှလုံးရောဂါနေတဲ့တစ်ဦးအတွက် အိမ်ထောင်ပြုခြင်းဟာ အသက်ရှင်မှုအခွင့်အလမ်း ပိုကောင်းစေတယ်ဆိုတဲ့ အချက်ကို သုတေသနမှာ တွေ့ရှိခဲ့တယ်လို့ အခုတစ်ပတ်အတွင်း ပြုလုပ်ခဲ့တဲ့ British Cardiovascular Society ညီလာခံမှာ ပြောကြားခဲ့ပါတယ်။

    ၁၄ နှစ်တာ ကြာမြင့်ခဲ့တဲ့ ဒီသုတေသနမှာ အိမ်ထောင်ပြုထားပြီး ကိုလက်စထရောများနေတဲ့ အသက် ၅၀ ကျော်၊ ၆၀ ကျော် ၇၀ ကျော် အရွယ်တွေဟာ အိမ်ထောင်မပြုထားတဲ့သူတွေထက် ၁၆ ရာခိုင်နှုန်း ပိုမို အသက်ရှင်သန်နိုင်ခွင့်ရှိတယ်ဆိုတာ တွေ့ခဲ့ရပါတယ်။

    အိမ်ထောင်ပြုထားတဲ့ ဆီးချိုရှိသူ၊ သွေးတိုးရှိသူတွေဟာလည်း ဒီလို အသက်ရှင်သန်မှု အခွင့်အလမ်းတွေ ရှိနေပါတယ်။

    ဒါပေမယ့် အိမ်ထောင်ကွဲနေသူ၊ ကွာရှင်းထားသူတွေ၊ လက်မထက်ဘဲ အတူနေသူတွေမှာ ကျန်းမာရေးအရ ဘာတွေ ကောင်းကျိုး၊ ဆိုးကျိုး ရှိလဲဆိုတာကိုတော့ ဒီသုတေသနမှာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

    နောက်ပြီး အိမ်ထောင်ပြုတဲ့သူတိုင်းဟာ ပျော်ရွှင်စရာ အိမ်ထောင်ရေးကို ရရှိလားဆိုတာကိုလည်း သုတေသနပညာရှင်တွေက မလေ့လာခဲ့ပါဘူး။

    “အသေးစိတ်အကြောင်းအချက်တွေကိုတော့ ကျွန်တော်တို့ နည်းနည်း လစ်လျူရှုဖို့ လိုပါမယ်။ ဒါပေမယ့် လက်ထပ်တယ်ဆိုတာမျိုးက နှလုံးရောဂါလူနာတွေတင်မကဘဲ၊ နှလုံးရောဂါရမယ့်အန္တရာယ်ရှိနေတဲ့ သူတွေအတွက် ကြိုတင်ကာကွယ်မှု ဖြစ်ပုံရပါတယ်။ လူတိုင်း အိမ်ထောင်ပြုရမယ်ုလိ့ ကျွန်တော်တို့ ပြောနေတာ မဟုတ်ပါဘူး။ လက်ထပ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို အတုယူပြီး မိတ်ဆွေတွေ၊ မိသားစုတွေနဲ့ လူမှုထောက်ပံ့မှု ကွန်ယက်တွေမှာ ဒီလိုနည်းလမ်းမျိုးနဲ့ အသုံးချဖို့ လိုပါတယ်” လို့ ဒေါက်တာ ကာတာက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: BBC