News @ M-Media
Tag: UK
  • ရွေးကောက်ပွဲ အခြေမလှသော်လည်း တိုင်းပြည်ကို ဆက်အုပ်ချုပ်မည်ဟု ဗြိတိန်ဝန်ကြီးချုပ် ပြော
    ရွေးကောက်ပွဲ အခြေမလှသော်လည်း တိုင်းပြည်ကို ဆက်အုပ်ချုပ်မည်ဟု ဗြိတိန်ဝန်ကြီးချုပ် ပြော
    ဇွန် ၉၊ ၂၀၁၇
    M-Media
    – အစိုးရဖွဲ့ရန် လုံလောက်သော မဲအရေအတွက်ကို မရသော်လည်း မိမိတို့အနေဖြင့် မြောက်အိုက်ယာလန် DUP ပါတီနှင့်ပေါင်းကာ အစိုးရဖွဲ့ပြီး ဥရောပမှ ဗြိတိန်ခွဲထွက်ရေးကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေက ပြောကြားလိုက်သည်။
    ယမန်နေ့က ကျင်းပခဲ့သော ဗြိတိန်ရွေးကောက်ပွဲတွင် အမတ်နေရာ ၆၅၀ ၌ ၆၄၉ နေရာကို ကြေငြာပြီးသည့် အချိန် ထရီဇာမေ၏ ကွန်ဆာဗေးတစ်ပါတီက ၃၁၈ နေရာ ရရှိထားပြီး ပြီးခဲ့သည့်ရွေးကောက်ပွဲထက် ၁၂ နေရာ လျော့သွားခြင်းဖြစ်သည်။ အတိုက်အခံ လေဘာပါတီကမူ ၂၆၁ နေရာ ရရှိခဲ့ပြီး ၂၉ နေရာ တက်လာခဲ့သည်။
    ရွေးကောက်ပွဲအပြီး ဘက်ကင်ဟမ်နန်းတော်၌ ဘုရင်မကြီးနှင့် သွားရောက်တွေ့ဆုံပြီးနောက် ပြောကြားသော မိန်ခွန်းတွင် ထရီဇာမေက လိုအပ်သည့် အမတ်နေရာ မရှိသော်လည်း မိမိတို့၏ ပါတီသာလျှင် တိုင်းပြည်ကို ဆက်လက်အုပ်ချုပ်ခွင့်ရှိကြောင်း၊ DUP မှ မိတ်ဆွေများနှင့်ပေါင်းကာ Brexit ကိစ္စ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
    လေဘာပါတီကမူ ရွေးကောက်ပွဲတွင် အနိုင်ရရှိသူမှာ မိမိတို့သာဖြစ်ပြီး ထရီဇာမေအနေဖြင့် ရှက်သင့်ကြောင်း ပြောကြားခဲ့သည်။
    ထရီဇာမေက မိမိအနေဖြင့် “အကြပ်အတည်းတွေ့နေသည့် ယခုအချိန်တွင် ဗြိတိန်ကို အမှန်တကယ် ဆက်လက်ဦးဆောင်နိုင်မည့်” အစိုးရကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း နောက်ထပ် ၁၀ ရက်အတွင်း စတင်မည့် “Brexit အတွက် ဆွေးနွေးမှတစ်ဆင့် တိုင်းပြည်အား လမ်းကြောင်းညွှန်မည်” ဖြစ်ကြောင်း သူမ၏ မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။
    ထရီဇာမေ ပူးပေါင်းမည့် DUP ပါတီမှာ ရွေးကောက်ပွဲတွင် အမတ်နေရာ ၁၀ နေရာ ရရှိခဲ့သည်။
    လေဘာပါတီခေါင်းဆောင် ကော်ရ်ဘန်ကမူ ၀န်ကြီးချုပ် ထရီဇာမေကို နှုတ်ထွက်ရန် စောစောပိုင်းက တောင်းဆိုခဲ့သည်။
    Ref: BBC
  • ယူကေရွေးကောက်ပွဲ မကြာခင်စမည်
    ယူကေရွေးကောက်ပွဲ မကြာခင်စမည်
    ဇွန် ၈၊ ၂၀၁၇
    M-Media
    – ယူကေမှာ ဇွန်လ ၈ ရက်နေ့ ဗြိတိသျှစံတော်ချိန် မနက် ၇ နာရီမှာ အထွေထွေရွေးကောက်ပွဲကြီး စတင် ကျင်းပတော့မှာ ဖြစ်ပါတယ်။
    နိုင်ငံတစ်ဝှမ်း မဲရုံပေါင်း ၄ သောင်းမှာ လွှတ်တော်အမတ် ၆၅၀ အတွက် မဲပေးပိုင်ခွင့်ရှိသူပေါင်း ၄၆.၉ သန်းလောက်က မဲပေးကြမှာ ဖြစ်ပါတယ်။ လက်ရှိမှာ စာတိုက်ကနေတစ်ဆင့် ကြိုတင်မဲတွေလည်း ရောက်ရှိနေပြီဖြစ်ပါတယ်။
    ၂၀၁၅ ခုနှစ် အထွေထွေရေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူပေါင်း ၄၆.၄ သန်းရှိခဲ့ပြီး ကြိုတင်မဲက စုစုပေါင်း မဲအရေအတွက်ရဲ့ ၁၆.၄ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ လွှတ်တော်အမတ် ၆၅၀ မှာ ကွန်ဆာဗေးတစ်က ၃၃၁ နေရာ ၆၆.၄ ရာခိုင်နှုန်း ရရှိခဲ့ကာ ၂၀၁၀ ထက် မြင့်လာတာပါ။
    လတ်တလော အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ထားတာကြောင့် ရွေးကောက်ပွဲကျင်းပနေချိန်အတွင်း လုံခြုံရေးကို တိုးမြှင့်ထားပါတယ်။
    မဲရုံပိတ်ချိန်က ည ၁၀ နာရီဖြစ်ပြီး သောကြာနေ့ နေ့လယ်ပိုင်းလောက်မှာ ရလဒ်ကို အပြည့်အ၀ ကြေငြာနိုင်မယ်လို့ မျှော်လင့်ရပါတယ်။
    အောက်လွတ်တော်မှာ ပါတီတစ်ခုတည်း ကြီးစိုးနိုင်ဖို့အတွက် ၃၂၆ နေရာ အနိုင်ရဖို့လိုပါတယ်။
    လက်ရှိအချိန် စစ်တမ်းကောက်ယူမှုတွေရ လက်ရှိဝန်ကြီးချုပ် ထရီဇာမေရဲ့ ကွန်ဆာဗေးတစ်ပါတီနဲ့ အတိုက်အခံ လေဘာပါတီတို့ဟာ မတိမ်းမယိမ်းရှိနေပါတယ်။
    Ref: BBC
  • အကြမ်းဖက်ဆန့်ကျင်ရေးအသံ ကျယ်လောင်လာသည့် ဗြိတိန်မွတ်စလင်များ
    အကြမ်းဖက်ဆန့်ကျင်ရေးအသံ ကျယ်လောင်လာသည့် ဗြိတိန်မွတ်စလင်များ
    ဇွန် ၆၊ ၂၀၁၇
    M-Media
    – တနင်္ဂနွေနေ့မနက် အစောပိုင်းက လန်ဒန်မြို့မှာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး လူ ၇ ဦး သေဆုံးခဲ့ပါတယ်။
    ဒီတိုက်ခိုက်မှုဟာ ၃ လအတွင်း ဗြိတိန်မှာ ၃ ကြိမ်မြောက် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပြီး IS အကြမ်းဖက်အဖွဲ့ကတော့ သူတို့ရဲ့လက်ချက်ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
    ဒီတိုက်ခိုက်မှုအပြီးမှာ ဗြိတိန်မွတ်စလင်တွေရဲ့ အကြမ်းဖက်ဆန့်ကျင်ရေးအသံက ပိုမို ကျယ်လောင်လာခဲ့ပါတယ်။
    ဒီဗီဒီယိုအတိုလေးထဲမှာ ဗြိတိန်မွတ်စလင်တွေ၊ အစ္စလာမ့်ဓမ္မပညာရှင်တွေရဲ့ အကြမ်းဖက်ဝါဒအပေါ် သဘောထား၊ အကြမ်းဖက်သမားတွေကို ရှုမြင်ပုံတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
  • အကြမ်းဖက်များအား အစ္စလာမ့်ထုံးစံအတိုင်း သဂြိုဟ်ရေး အစ္စလာမ့်ဓမ္မပညာရှင်များ ငြင်းဆန်
    အကြမ်းဖက်များအား အစ္စလာမ့်ထုံးစံအတိုင်း သဂြိုဟ်ရေး အစ္စလာမ့်ဓမ္မပညာရှင်များ ငြင်းဆန်
    ဇွန် ၆၊ ၂၀၁၇
    M-Media
    ဗိတိန်ရဲတပ်ဖွဲ့က အကြမ်းဖက်သား ၃ ဦးထဲက ၂ ဦးရဲ့ အမည်တွေကို ထုတ်ပြန်ခဲ့ပြီး ခူရမ် ရှာဇဒ်ဘတ်နဲ့ ရာချစ် ရီဒူနီဖြစ်တယ်လို့ ဆိုပါတယ်။
    – တနင်္ဂနွေနေ့ မနက်ပိုင်းက လန်ဒန်မြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှု ကျူးလွန်သူတွေကို အစ္စလာမ့် ထုံးတမ်းအရ ဈာပနအခမ်းအနားပြုလုပ်ပေးဖို့ ယူကေ အစ္စလာမ့်ဓမ္မပညာရှင်များအဖွဲ့ကြီးက ငြင်းဆိုလိုက်ပါတယ်။
    လန်ဒန်တံတားမှာ ဗန်ကားနဲ့ဝင်တိုက်ကာ ဘိုရိုဈေးမှာ တွေ့ကရာလူကို ဓားနဲ့လိုက်ထိုးတဲ့ အဲဒီတိုက်ခိုက်မှုကြောင့် လူ ၇ ဦး သေဆုံးခဲ့ပြီး ၄၀ ကျော်လောက် ဒဏ်ရာရရှိခဲ့ပါတယ်။ ရဲတပ်ဖွဲ့က အကြမ်းဖက်သမား ၃ ဦးကို အသေပစ်သတ်နိုင်ခဲ့ပါတယ်။
    အဲဒီအကြမ်းဖက်သမား ၃ ဦးထဲက တစ်ဦးဟာ လန်ဒန်မြို့က ဗလီတစ်ခုမှာ ရှေ့ဆောင်အီမာမ်က တရားဟောနေစဉ် ၀င်ရောက်နှောက်ယှက်ခဲ့လို့ ဆွဲထုတ်ခံရသူဖြစ်တယ်လို့ ဆိုပါတယ်။
    ဗြိတိန်ရဲတပ်ဖွဲ့က အကြမ်းဖက်သား ၃ ဦးထဲက ၂ ဦးရဲ့ အမည်တွေကို ထုတ်ပြန်ခဲ့ပြီး ခူရမ် ရှာဇဒ်ဘတ်နဲ့ ရာချစ် ရီဒူနီဖြစ်တယ်လို့ ဆိုပါတယ်။
    “အစ္စလာမ့်ရဲ့ အရေးပါတဲ့ ၀ိနည်းတွေအရ ကျွန်တော်တို့ဟာ ဒီကျူးလွန်သူတွေအတွက် အစ္စလာမ့်ထုံးတမ်းစဉ်လာအတိုင်း ၀တ်ပြုဆုတောင်းပေးမှာ မဟုတ်ပါဘူး။ အခြားသော ရှေ့ဆောင်အီမာမ်တွေနဲ့ ဘာသာရေး တာဝန်ရှိသူတွေကလည်း ဒီလိုလုပ်ပေးတာမျိုး မလုပ်ဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်” လို့ ရှေ့ဆောင်အီမာမ်နဲ့ အစ္စလာမ့်ဓမ္မပညာရှင်ပေါင်း ၁၃၀ လောက်ပါဝင်တဲ့ ဒီအဖွဲ့က ဆိုရှယ်မီဒီယာမှာ လွှင့်တင်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
    ဒီအကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်တွေက အစ္စလာမ့်သင်ကြားမှုနဲ့ လုံးဝ ဆန့်ကျင်နေတာကြောင့် ဒီလို အစ္စလာမ့်ထုံးတမ်းအရ ဈာပနအခမ်းအနား ကျင်းပပေးဖို့ ငြင်းဆိုရတာဖြစ်တယ်လို့လည်း ကြေငြာချက်က ဆိုပါတယ်။
    တိုက်ခိုက်မှုပြီးတဲ့နောက်ပိုင်းမှာ ယူကေက ဘာသာပေါင်းစုံ ခေါင်းဆောင်တွေဟာ ဒီတိုက်ခိုက်မှုတွေကို ရှုတ်ချခဲ့ပါတယ်။
    ‘အရှေ့လန်ဒန် ဗလီဝတ်ကျောင်းတော်’ က တရားဟောဆရာတစ်ဦးက မိမိတို့အနေနဲ့ အစွန်းရောက်သမားတွေကို တိုက်ဖျက်သွားမှာဖြစ်ပြီး၊ အဲဒီအုပ်စုတွေက အစ္စလာမ်ဘာသာတရားကို ‘ပုံဖျက်တာ၊ ထင်သလိုအသုံးချတာ’ တွေကိုလည်း တားဆီးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
    “ကျွန်တော်တို့ နောက်ထပ် ညီညွတ်ရမှာဖြစ်ပြီး၊ ကျွန်တော်တို့ကို သွေးခွဲဖို့ ကြိုးစားတဲ့သူတွေကို ဆန့်ကျင်ဖို့ ကျွန်တော်တို့ စုစည်းရပါမယ်။ သွေးအေးတဲ့ ဒီလူသတ်သမားတွေက စနနေနေ့ ညပိုင်းမှာ လန်ဒန်က အပြစ်မဲ့သူတွေကို သတ်ဖြတ်လိုက်ခြင်းဟာ ကျွန်တော်တို့ကို သွေးခွဲနိုင်မှာ မဟုတ်ပါဘူး။ အကြမ်းဖက်ဝါဒကို ကြိုးကိုင်နေသူတွေကို ရှင်းရှင်းလင်းလင်းပြောချင်တာက – ခင်းဗျားတို့ဟာ အစ္စလာမ်နဲ့ တမန်တော် မုဟမ္မဒ်သခင်ရဲ့ အဓိက သင်ကြားမှုတွေနဲ့ ဆန့်ကျင်နေတယ်ဆိုတာပါပဲ။ ခင်ဗျားတို့ရဲ့ လမ်းမှားမှုဟာ ခင်ဗျားတို့ကို ဖျက်ဆီးလိုက်ပြီး၊ ခင်ဗျားတို့ရဲ့ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ကျဆုံးပါစေလို့ အလ္လာဟ်အရှင်မြတ်အထံတော်မှာ ဆုတောင်းပါတယ်။ ကျွန်တော်တို့ဟာ ဓမ္မအန္တရာယ်ဖြစ်တဲ့ ခင်ဗျားတို့ကို ဆန့်ကျင်မှာပါ။ အကြမ်းဖက်ဝါဒမှာ ဘာသာတရား မရှိပါဘူး” လို့ ‘အရှေ့လန်ဒန် ဗလီဝတ်ကျောင်းတော်’နဲ့ လန်ဒန် မွတ်စလင်စင်တာရဲ့ ဥက္ကဌဖြစ်သူ မိုဟာမက် ဟဘီဘွရ် ရဟ်မန်က ပြောကြားခဲ့ပါတယ်။
    ဗြိတိဝန်ကြီးချုပ် ထရီဇာမေကလည်း အကြမ်းဖက်သမားတွေဟာ ‘အစ္စလာမ့် အမှန်တရားတွေကနေ သွေဖည်နေတယ်’ လို့ တနင်္ဂနွေနေနေ့မနက်မှာ ပြောကြားခဲ့ပါတယ်။
    Ref: Independent
  • လန်ဒန်တွင် အနည်းဆုံး တိုက်ခိုက်မှု ၂ ခုဖြစ်ပွား
    လန်ဒန်တွင် အနည်းဆုံး တိုက်ခိုက်မှု ၂ ခုဖြစ်ပွား
    ဇွန် ၄၊ ၂၀၁၇
    M-Media
    – ယူကေမြို့တော် လန်ဒန်ရှိ လူစည်ကားရာ နေရာနှစ်ခုတွင် ယမန်နေ့ညနှောင်းပိုင်းက တိုက်ခိုက်မှုနှစ်ခု ဖြစ်ပွားခဲ့သောကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့ပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
    လန်ဒန်တံတားပေါ်တွင် ဗန်ကားတစ်ဦးက လူအုပ်ထဲသို့ ၀င်တိုက်မှုတစ်ခုနှင့် အနီးရှိ ဘိုရိုဈေးတွင် အနည်းဆုံး လူ ၃ ဦးက ဓားဖြင့်လိုက်ထိုးခြင်းတို့ ဖြစ်သည်။
    ဈေးထဲတွင် ဓားဖြင့်ဝင်ခုတ်သူ ၃ ဦးကို ရဲတပ်ဖွဲ့က အသေပစ်သတ်နိုင်ခဲ့သည်။ ၎င်းတို့တွင် အသေခံဗုံးခွဲဝတ်စုံကဲ့သို့ ၀တ်စုံမျိုး ၀တ်ဆင်ထားသည်ကို မြင်တွေ့ရသော်လည်း ရဲတပ်ဖွဲ့ကမူ ထိုဝတ်စုံမှာ အတုဖြစ်သည်ဟု ပြောကြားခဲ့သည်။
    မျက်မြင်သက်သေများက ဓားသမားများတွင် အချို့မှာ ဓားရှည်များကို ကိုင်ထားပြီး၊ အချို့မှာ ဓားမများကို ကိုင်ထားကြောင်း၊ လန်ဒန်တံတားတွင် လူများအား လိုက်တိုက်သည့်ကားမှာ အဖြူရောင်ဗန်ကားဖြစ်ကြောင်း ပြောကြားခဲ့သည်။
    ဗြိတိန်၏ အကြမ်းဖက်တိုက်ဖျက်ရေး ထိပ်တန်းအရာရှိ မာ့ခ် ရိုလေးက လူ ၆ ဦးနှင့် တိုက်ခိုက်သူ ၃ ဦး သေဆုံးခဲ့သည်ဟု ပြောကြားခဲ့သည်။
    လန်ဒန်မြို့ရှိ Vauxhall ဒေသတွင်လည်း ဓားဖြင့်တိုက်ခိုက်မှုတစ်ခု ထပ်မံဖြစ်ပွားခဲ့ပြီး ပထမ တိုက်ခိုက်မှုနှစ်ခုနှင့် ဆက်စပ်မည်ဟု စောစောပိုင်းက ယူဆခဲ့သော်လည်း နောက်ပိုင်းတွင် ဆက်စပ်မှုမရှိဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
    လန်ဒန်မြို့တော်ဝန် ဆာဒစ်ခန်းက အဆိုပါတိုက်ခိုက်မှုများမှာ ‘အပြစ်မဲ့ လန်ဒန်သားများအပေါ် ရည်ရွယ်ချက်ရှိရှိ၊ သူရဲဘောကြောက်စွာ’ ပြုလုပ်ခဲ့သည့် တိုက်ခိုက်မှုမျိုးဖြစ်သည်ဟု ပြောကြားခဲ့သည်။
    တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့၏ တောင်းဆိုမှုကြောင့် လန်ဒန်ရှိ ရထားဘူတာများနှင့် ဆေးရုံ ၃ ခုကို ပိတ်ပစ်ခဲ့သည်။
    Ref: Aljazeera