News @ M-Media

Tag: UK

  • ကွန်ပျူတာစနစ်ချို့ယွင်းမှုကြောင့် ဗြိတိန်လေကြောင်းလိုင်း ကမ္ဘာတစ်ဝှမ်းခရီးစဉ်များ ဖျက်သိမ်း

    ကွန်ပျူတာစနစ်ချို့ယွင်းမှုကြောင့် ဗြိတိန်လေကြောင်းလိုင်း ကမ္ဘာတစ်ဝှမ်းခရီးစဉ်များ ဖျက်သိမ်း

    မေ ၂၇၊ ၂၀၁၇
    M-Media

    – ဗြိတိန်လေကြောင်းလိုင်း British Airways (BA) မှာ ကွန်ပျူတာစနစ် ချို့ယွင်းမှုကြောင့် ယနေ့နေ့လည်မှစ၍ ကမ္ဘာတစ်ဝှမ်းရှိ ၎င်းတို့၏ လေကြောင်းခရီးစဉ်များကို ဖျက်သိမ်းခဲ့ရသည်ဟု သိရသည်။

    “အဓိကအိုင်တီစနစ် ချို့ယွင်းသွားမှုကြောင့် ကမ္ဘာတစ်ဝှမ်း ကျွန်တ်ာတို့ရဲ့ လေယာဉ်ပျံသန်းရေးလုပ်ငန်းတွေ အလွန်အမင်း အနှောက်အယှက် ဖြစ်နေပါတယ်” ဟု လေကြောင်းလိုင်းက ပြောကြားခဲ့ပြီး ထိုကိစ္စအတွက် တောင်းပန်ကြောင်း၊ ပြဿနာကို ပြေလည်စေရန် ဖြေရှင်းနေကြောင်း ပြောကြားခဲ့သည်။

    လက်ရှိတွင် လန်ဒန်မြို့ရှိ အဓိက လေဆိပ်နှစ်ခုဖြစ်သော ဟီသရိုးလေဆိပ်နှင့် ဂတ်ဝစ်လေဆိပ်တို့ရှိ BA ၏ လေကြောင်းခရီးစဉ်များအာလုံးကို စနေနေ့ညနေအထိ ဖျက်သိမ်းခဲ့ပြီး၊ BA ကမူ ယခု ပြဿနာမှာ ဆိုက်ဘာတိုက်ခိုက်မှုကြောင့် ဖြစ်သည်ဆိုသည့် အထောက်အထားမရှိဟု ပြောကြားခဲ့သည်။

    အဆိုပါ ကွန်ပျူတာစနစ်ချို့ယွင်းမှုကြောင့် BA ၏ ၀ဘ်ဆိုက်ကို ၀င်ရောက်ကြည့်မရခြင်း၊ ဖုန်းအက်ပလီကေးရှင်းလည်း အသုံးပြု၍မရခြင်းတို့ ဖြစ်ပေါ်နေပြီး၊ BA လေကြောင်းလိုင်းမှ လေယာဉ် အဆင်း၊ အတက် စသည်တို့ကိုလည်း စီမံ၍ မရဖြစ်နေသည်။

    ယခုအခက်အခဲကို ခံစားခဲ့ရသည့် ခရီးသည်များအနေဖြင့် နောက်ထပ် လေယာဉ်ခရီးစဉ်ကို စီစဉ်ပေးသွားမည်ဖြစ်ကြောင်း၊ ပိုက်ဆံပြန်လိုချင်ပါကလည်း ပြန်ပေးသွားမည်ဟု လေကြောင်းလိုင်းက ပြောကြားခဲ့သည်။ ထို့ပြင် လေဆိပ်သို့ လာရောက်ခြင်းမရှိရန်လည်း ပြည်သူများကို အသိပေးထားသည်။

    ဟီသရိုးနှင့် ဂတ်ဝစ်တို့ရှိ အခြားလေကြောင်းလိုင်းများမှာ မည်သည့်ပြဿနာမှ မရှိဘဲ ပုံမှန်အတိုင်း ပျံသန်းနိုင်သည်ဟုဆိုသည်။

    Ref: BBC

  • မွတ်စလင်ဇနီးမောင်နှံအား လူမျိုးရေးခွဲခြားတိုက်ခိုက်သူကို ယူကေက ထောင် ၇ နှစ်ချ

    မွတ်စလင်ဇနီးမောင်နှံအား လူမျိုးရေးခွဲခြားတိုက်ခိုက်သူကို ယူကေက ထောင် ၇ နှစ်ချ

    မေ ၂၆၊ ၂၀၁၇
    M-Media

    – အင်္ဂလန်တွင် ကိုယ်ဝန်ဆောင် မွတ်စလင်အမျိုးသမီးတစ်ဦး၏ ဗိုက်ကို ကန်ကျောက်ခဲ့သည့် လူမျိုးရေးခွဲခြားသူကို တရားရုံးက ထောင်ဒဏ် ၃ နှစ်ကျော် ချမှတ်ခဲ့သည်ဟု သိရသည်။

    ဒေးဗစ် ဂါလချာဆိုသူဖြစ်ပြီး ပြီးခဲ့သည့်နှစ် စက်တင်ဘာလက အသက် ၃၄ နှစ်အရွယ် မွတ်စလင်အမျိုးသမီး ဆမ်ဆမ် ဟာဂျီ အလီနှင့် ၎င်း၏ အသက် ၄၀ အရွယ် ခင်ပွန်း အဘ်ဒူလာ ဆူလိုင်မန်တို့အား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

    အဆိုပါ မွတ်စလင်ဇနီးမောင်နှံနှစ်ဦး မောင်းနှင်လာသည့် ကားအနီးကို ဂါလချာ ရောက်ရှိလာပြီးနောက် ဆမ်ဆမ်အား ရိုင်းစိုင်းစွာ စော်ကားပြောဆိုခဲ့ပြီး ခင်ပွန်းသည်က ကြားဝင်ဖြန်ဖြေရန် ကြိုးသည့်အခါတွင် ၀ိုင်ပုလင်း၊ ရေခဲအိတ်များဖြင့် ရိုက်နှက်ခဲ့သည်။

    ထို့နောက် ဆမ်ဆမ်၏ ဗိုက် ကန်ကျောက်ခဲ့ပြီး ကိုယ်ဝန်ရှိနေသည်ဟု ဆမ်ဆမ်က တောင်းပန်ခဲ့သော်လည်း ဂါလချာက ရပ်တန့်ခြင်းမရှိဘဲ ၀ိုင်ပုလင်းဖြင့်ပါ ရိုက်နှက်ရန် ကြိုးစားခဲ့သည်။

    တရားသူကြီး ဖရန်စစ် ရှရီဒန်က ဂါလချာအား ‘လူဆိုးတစ်ဦး၊ လူမျိုးရေးခွဲခြားသူ လူရမ်းကားတစ်ဦး’ ဟု ခေါ်ဆိုခဲ့ပြီး ထောင်ဒဏ် ၃ နှစ်နှင့် ၇ လ ချမှတ်ခဲ့သည်။

    ထို့ပြင် တိုက်ခိုက်မှုတွင် လူမျိုးရေးခွဲခြားမှု ပါဝင်ကြောင်း၊ မွတ်စလင်အမျိုးသမီးအပေါ် သုံးနှုန်းသွားသည့် စကားလုံးများကို ကြည့်ခြင်းအားဖြင့် တိုက်ခိုက်သူမှာ လူမျိုးရေးခွဲခြားသူဖြစ်ကြောင်း၊ ဆမ်ဆမ်၏ ကိုယ်ဝန်ပျက်ကျမှုမှာ ဂါလချာက ဗိုက်ကို ကန်ကျောက်မှုဖြင့် တိုက်ရိုက် ဆက်စပ်နေကြောင်း တရားသူကြီးက ထည့်သွင်း ပြောဆိုခဲ့သည်။

    “ဒီတိုင်းပြည်မှာ လူမျိုးရေးခွဲခြားတဲ့အမြင်တွေကို လက်ခံမှာ မဟုတ်ပါဘူး” ဟု တရားသူကြီးက ဆိုသည်။

    ဂါလချာ၏ တိုက်ခိုက်မှုအတွင်း အဘ်ဒူလာ ဆူလိုင်မန်မှာလည်း ပေါက်ပြဲဒဏ်ရာ ရရှိခဲ့ပြီး ၄ ချက် ချုပ်ခဲ့ရသည်။

    Ref: Independent

  • မန်ချက်စတာဂီတပွဲ ဗုံးခွဲသူဟာ အစ္စလာမ်ကို ကိုယ်စားပြုသူမဟုတ်ဟု မြို့တော်ဝန်ပြော

    မန်ချက်စတာဂီတပွဲ ဗုံးခွဲသူဟာ အစ္စလာမ်ကို ကိုယ်စားပြုသူမဟုတ်ဟု မြို့တော်ဝန်ပြော

    မေ ၂၄၊ ၂၀၁၇
    M-Media

    – အမေရိကန် ပေါ့ပ်အဆိုကျော် အရီယာနာ ဂရန်ဒီရဲ့ မန်ချက်စတာ ဂီတဖျော်ဖြေပွဲမှာ အသေခံ ဗုံးဖောက်ခွဲသူဟာ အစ္စလာမ်ကို ကိုယ်စားပြုသူမဟုတ်ဘူးလို့ ဂရိတ်တားမန်ချက်စတာ မြို့တော်ဝန် အန်ဒီ ဘန်ဟမ်က ပြောကြားလိုက်ပါတယ်။

    တနင်္လာနေ့က ဖြစ်ပွားခဲ့တဲ့ ဒီဗုံးခွဲမှုမှာ ၂၂ ဦး သေဆုံးခဲ့ပြီး ကလေးတွေလည်း ပါဝင်ခဲ့ပါတယ်။ ဒီအဖြစ်အပျက် ဖြစ်ပွားပြီးတဲ့နောက်ပိုင်း ပြုလုပ်တဲ့ ရုပ်သံအင်တာဗျူးမှာ ဘန်ဟမ်က ဗြိတိန်လွှတ်တော်အမတ် ဂျိုကော့စ်ကို လူဖြူ ခရစ်ယာန်အစွန်းရောက်တစ်ဦးရဲ့ လုပ်ကြံခံရမှုနဲ့ နှိုင်းယှဉ်ပြီး ပြောကြားခဲ့ပါတယ်။

    “ဒီလိုအကြမ်းဖက်လုပ်ရပ်ကြောင့် ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် သွေးကွဲတာမျိုး အဖြစ်ခံမှာ မဟုတ်ပါဘူး။ ဒီကိစ္စအတွက် မွတ်စလင်လူ့အဖွဲ့အစည်းတစ်ခုလုံးကို အပြစ်တင်ချင်တဲ့လူရှိရင် ဒါဟာ မှားတယ်လို့ ပြောပါရစေ။ ဒါဟာ အစွန်းရောက် လုပ်ရပ်တစ်ခုဖြစ်ပြီး ဒီလုပ်ရပ်မှာ ပါဝင်သူဟာ မွတ်စလင်လူ့
    အဖွဲ့အစည်းတစ်ခုလုံးကို ကိုယ်စားပြုသူ မဟုတ်ပါဘူး။ ဂျို ကော့စ်ကို သတ်တဲ့သူဟာ လူဖြူ ခရစ်ယာန်လူ့အဖွဲ့အစည်းကို ကိုယ်စားမပြုသလိုပေါ့”

    လေဘာပါတီအမတ် ဂျို့ကော့စ်ကိုသတ်တဲ့ မစ္စတာ မီရ်ဟာ သေနတ်နဲ့မပစ်ခင် ‘ဗြိတိန်သည်သာ ပထမ’ လို့ အကြိမ်များစွာ အော်ဟစ်ခဲ့ပြီး ဓားနဲ့လည်း ထိုးခဲ့ပါတယ်။

    အခု မန်ချက်စတာ အကြမ်းဖက်တိုက်ခိုက်မှုကို ကျူးလွန်သူဟာ အသက် ၂၂ နှစ်အရွယ် ဆလ်မန် အဘီဒီဆိုသူဖြစ်ပြီး လက်လုပ်ဗုံးနဲ့ ဖောက်ခွဲခဲ့တာဖြစ်ပါတယ်။ IS အကြမ်းဖက်အဖွဲ့ကတော့ ဒီတိုက်ခိုက်မှုကို သူတို့ လုပ်တာလို့ တာဝန်ယူခဲ့ပါတယ်။

    မစ္စတာ ဘန်ဟမ်က “ဒီဖြစ်ရပ်ဟာ အစွန်းရောက်လုပ်ရပ်တစ်ခုဖြစ်ပြီး ပြည်သူတွေအနေနဲ့ ဒီအချက်ကို တစ်ချိန်လုံး သတိရနေရမယ်” လို့ ပြောကြားခဲ့ပါတယ်။

    မန်ချက်စတာ တိုက်ခိုက်မှုဟာ ၂၀၀၅ ခုနှစ် ဇူလိုင်လမှာ ဖြစ်ပွားခဲ့ပြီး လူပေါင်း ၅၂ ဦး အသက်ဆုံးရှုံးခဲ့တဲ့ လန်ဒန် မြေအောက်ရထား ဗုံးခွဲတိုက်ခိုက်မှုပြီးတဲ့နောက် ဗြိတိန်သမိုင်းမှာ အဆိုးဝါးဆုံး အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပါတယ်။

    Ref: Independent

  • မန်ချက်စတာဗုံးခွဲမှု ၎င်းတို့လက်ချက်ဟု IS အကြမ်းဖက်အဖွဲ့ ကြေငြာ

    မန်ချက်စတာဗုံးခွဲမှု ၎င်းတို့လက်ချက်ဟု IS အကြမ်းဖက်အဖွဲ့ ကြေငြာ

    မေ ၂၃၊ ၂၀၁၇
    M-Media

    – ယမန်နေ့ညနှောင်းပိုင်းက မန်ချက်စတာမြို့တွင် ဖြစ်ပွားခဲ့သည့် ဗုံးခွဲမှုမှာ ၎င်းတို့လက်ချက်ဖြစ်သည်ဟု IS အကြမ်းဖက်အဖွဲ့က ပြောကြားလိုက်ပြီး ယူကေ ရဲတပ်ဖွဲ့ကလည်း ထိုအဖြစ်အပျက်နှင့် ဆက်စပ်၍ သံသယဖြစ်ဖွယ် လူတစ်ဦကို ဖမ်းဆီးထားသည်ဟု ဆိုသည်။

    မန်ချက်စတာ ဘောလုံးကွင်း၌ အမေရိကန်ပေါ့ပ်စတား အရီယာနာ ဂရန်ဒီ၏ ဂီတဖျော်ဖြေပွဲ ကျင်းပနေစဉ် ဖြစ်ပွားခဲ့သော အဆိုပါ ဗုံးကွဲမှုအတွင်း အနည်းဆုံး ၂၂ ဦး သေဆုံးခဲ့ပြီး ၅၉ ဦး ဒဏ်ရာရရှိခဲ့သည်။

    ယူကေရဲတပ်ဖွဲ့က အသေခံဗုံးခွဲတိုက်ခိုက်မှုဟု ပြောကြားခဲ့ပြီး IS အဖွဲ့က ၎င်းတို့၏ တပ်သားတစ်ဦးမှာ လူအုပ်ကြားထဲတွင် ဗုံးတစ်လုံးကို ချထားခဲ့သည်ဟု ၎င်းတို့၏ ဆိုရှယ်မီဒီယာများမှတစ်ဆင့် ကြေငြာခဲ့သည်။

    လက်ရှိတွင် ထိုအဖြစ်အပျက်နှင့်ဆက်စပ်၍ အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး၊ ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေက အသေခံဗုံးခွဲသမား မည်သူမည်ဝါဖြစ်သည်ကို ရဲတပ်ဖွဲ့က သိရှိထားကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း အမည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

    Ref: Aljazeera

  • ပါလက်စတိုင်းအကျဉ်းသားများအတွက် ယူကေကျောင်းသားများ အစာငတ်ခံ ဆန္ဒပြမည်

    ပါလက်စတိုင်းအကျဉ်းသားများအတွက် ယူကေကျောင်းသားများ အစာငတ်ခံ ဆန္ဒပြမည်

    မေ ၁၊ ၂၀၁၇
    M-Media

    – အစ္စရေးအကျဉ်းထောင်များတွင် ရှိနေသည့် ပါလက်စတိုင်းအကျဉ်းသားများနှင့် တစ်သားတည်းရှိကြောင်း ပြသသည့်အနေဖြင့် ယူကရှိ တက္ကသိုလ်ကျောင်းသားများမှာ အစာငတ်ခံ ဆန္ဒပြမှုတစ်ခု စတင်တော့မည်ဟု သိရသည်။

    မန်ချက်စတာတက္ကသိုလ်မှ ကျောင်းသားများဖြစ်ပြီး ကြာသာပတေးနေ့မှစတင်မည့် အဆိုပါဆန္ဒပြမှုမှာ အနည်းဆုံး တစ်ပတ်တာ ကြာမြင့်မည်ဟု ဆိုသည်။

    ဖာတာအဖွဲ့ခေါင်းဆောင် မရ်ဝမ် ဘာဂတီဦးဆောင်သည့် ပါလက်စတိုင်း နိုင်ငံရေးအကျဉ်းသား ၁၅၀၀ ကျော်မှာ အစ္စရေးအာဏာပိုင်များ၏ ညှင်းပမ်းမှုများကို လူအများ သိရှိစေရန် ရည်ရွယ်၍ အစာငတ်ခံ ဆန္ဒပြမှုကို ပြီးခဲ့သည့် သီတင်းပတ်အတွင်း စတင်ပြုလုပ်ခဲ့သည်။

    “ပါလက်စတိုင်းက နိုင်ငံရေးအကျဉ်းသားတွေဟာ တရားစွဲဆိုတာ၊ ဒါမှမဟုတ် မျှတတဲ့ စီရင်မှုမျိုး မရှိဘဲနဲ့ ၆ လအထိ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ ထောင်ထဲမှာ သူတို့ဟာ တော်တော် ဆိုးဆိုးရွားရွား အခြေအနေတွေကို ရင်ဆိုင်နေရပြီး ဆေးကုသခွင့်၊ ဧည်သည့်တွေ့ဆုံခွင့် အခွင့်အရေးတွေကို မရရှိပါဘူး” ဟု ယခု အစာငတ်ခံ ဆန္ဒပြမှုတွင် ပါဝင်ခဲ့သည့် ယူကေကျောင်းသားများထဲမှ မိုဟာမက် အက်ဇဲလ်ဒင်က ပြောကြားခဲ့သည်။

    ပါလက်စတိုင်းထောက်ခံသူ ကျောင်သားများနှင့် မန်ချက်စတာတက္ကသိုလ်အကြား ဆက်ဆံရေး ဆိုးရွာလာသည့်အချိန်တွင် အစ္စရေးအစိုးရကို ပစ်မှတ်ထားသည့် ယခု အစာငတ်ခံဆန္ဒပြမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

    အက်ဇဲလ်ဒင်ကမူ ယခုဆန္ဒပြမှုမှာ မတ်လက အစ္စရေးဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် ကျောင်းသားနှစ်ဦးအာ စည်းကမ်းပိုင်းဆိုင်ရာ အရေးယူထားမှုကို ပယ်ဖျက်ပေးရေး တက္ကသိုလ်ကို ဖိအားပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

    Ref: Aljazeera