News @ M-Media
Tag: UK
  • Iron Man ၀တ်စုံကို ပြင်ပကမ္ဘာတွင် အသုံးပြုနိုင်တော့မည်
    Iron Man ၀တ်စုံကို ပြင်ပကမ္ဘာတွင် အသုံးပြုနိုင်တော့မည်
    ဧပြီ ၁၊ ၂၀၁၇
    M-Media
    – နာမည်ကျော် Iron Man ဇာတ်ကားထဲက ၀တ်စုံလို တစ်ကိုယ်တော် ပျံသန်းနိုင်မယ့် ၀တ်စုံတစ်ခုကို ဗြိတိန်ပညာရှင် ရစ်ချက် ဘရောင်းနင်းဆိုသူက တီထွင်ထုတ်လုပ်လိုက်ပါတယ်။
    အမြင့်ပေ ထောင်ချီ တက်လို့ရပြီး တစ်နာရီကို မိုင်ရာနဲ့ချီ သွားနိုင်တဲ့ ဒီကိရိယာဟာ လူသားကို ဒေါင်လိုက်အနေအထားတိုင်း ပျံသန်းစေနိုင်မှာဖြစ်ပြီး ဟန်ချက်ထိန်းဖို့ကတော့ လူသား ခန္ဓာကိုယ်ကို အသုံးပြုရမှာ ဖြစ်တယ်လို့ ဘရောင်းနင်းက ဆိုပါတယ်။
    လက်ရှိမှာ ဘရောင်းနင်းဟာ Gravity လို့ခေါ်တဲ့ နည်းပညာကုမ္ပဏီတစ်ခုကို ထူထောင်ထားပြီး တစ်ကိုယ်ရည် ပျံသန်းနိုင်မယ့် ‘ပျံသန်းလူသားနည်းပညာ’ အတွက်လည်း မှတ်ပုံတင်ထားပြီးပါပြီ။
    ဒီနည်းပညာဟာ ခန္ဓာကိုယ်မှာ တပ်ဆင်နိုင်မယ့် ဂျက်အင်ဂျင်နဲ့ အထူးပြုလုပ်ထားတဲ့ ၀တ်စုံကို ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ ဒီဝတ်စုံမှာ ဂျက်အင်ဂျင်ငယ် ၆ လုံး ပါဝင်မှာဖြစ်ပြီး လက်နဲ့ ကျောကုန်းတို့မှာ တပ်ဆင်ထားမှာပါ။
    ဗြိတိန် တော်ဝင်မရိန်းတပ်သားဟောင်းတစ်ယောက်ဖြစ်တဲ့ အသက် ၃၈ နှစ်အရွယ် ဘရောင်းနင်းဟာ လက်ရှိဝတ်စုံကို ၁၀ လကြာ ဖန်တီးခဲ့ရပြီး ဂရိဒဏ္ဍာရီသူရဲကောင်းတစ်ဦးဖြစ်တဲ့ Daedalus ရဲ့ အမည် မှည့်ခေါ်ထားပါတယ်။
    “ဒီဝတ်စုံဟာ လေကြောင်းသမိုင်းမှာ အရေးကြီးတဲ့ အမှတ်အသားတစ်ခု ဖြစ်လာမှာပါ။ Daedalus ဟာ လေကြောင်းကဏ္ဍ၊ စီးပွားရေးနဲ့ ဖျော်ဖြေရေးကဏ္ဍတွေမှာ အဆုံးမရှိတဲ့ အဓိကနည်းပညာတစ်ခုရဲ့ အစလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ကမ္ဘာကို ပြောင်းလဲသွားစေမယ့် နည်းပညာစီးပွားရေးတစ်ခု ဖန်တီးဖို့
    တော်တော်လေး စိတ်အားထက်သန်နေပါတယ်။ လူသားပျံသန်းတဲ့စနစ်က ဖြစ်လာမယ့် အရာတွေရဲ့ အစမှာ ကျွန်တော်တို့ ရောက်ရှိနေတာပါ” လို့ ဘရောင်းနင်းက Daily Mail သတင်းစာကို ပြောကြားခဲ့ပါတယ်။
    Ref: RT
  • သင်္ချာဉာဏ်ကြီးရှင် လူငယ်တစ်ဦး ယူကေ၏ အသက်ငယ်ဆုံး တက္ကသိုလ်နည်းပြဆရာ ဖြစ်လာ
    သင်္ချာဉာဏ်ကြီးရှင် လူငယ်တစ်ဦး ယူကေ၏ အသက်ငယ်ဆုံး တက္ကသိုလ်နည်းပြဆရာ ဖြစ်လာ
    ဧပြီ ၁၊ ၂၀၁၇
    M-Media
    – ဗြိတိသျှ-အီရန် နွယ်ဖွား အသက် ၁၄ နှစ်အရွယ် လူငယ်လေးတစ်ဦးဟာ ယူကေက လက်စတာတက္ကသိုလ်မှာ အသက်ငယ်ဆုံး တက္ကသိုလ်နည်းပြဆရာတစ်ဦး ဖြစ်လာပြီလို့ သိရပါတယ်။
    ‘လူသားဂဏန်းတွက်စက်’ လို့ အမည်ပြောင်ပေးခြင်းခံထားရပြီး ယာရှာ အက်စ်လေလို့ခေါ်တဲ့ ဒီလူငယ်လေးဟာ ကျောင်းသားတွေကို သင်္ချာသင်ပေးမှာဖြစ်ပြီး အသက် ၁၃ နှစ်အရွယ်ကတည်းက ဒီတက္ကသိုလ်မှာ လစာပြည့် ၀န်ထမ်းအဖြစ် လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။
    ဒီလိုငယ်ငယ်ရွယ်ရွယ်နဲ့ ကျောင်းဆရာတစ်ယောက်အဖြစ် အလုပ်လုပ်ခွင့်ရဖို့ လက်စတာ မြို့တော်ကောင်စီက အထူးခွင့်ပြုချက် ထုတ်ပေးခဲ့ရပါတယ်။
    စာသင်ပြီးနောက်ပိုင်းမှာ ယာရှာဟာ ကျောင်းသားတွေ သိလိုတာတွေကို ဖြေကြားဖို့၊ ပုစ္ဆာတွေကို ဖြေရှင်းပေးဖို့ ဆွေးနွေးပွဲတွေလည်း ပြုလုပ်သွားမှာဖြစ်ပါတယ်။
    ယာရှာလေးဟာ အသက် ၈ နှစ်အရွယ်မှာကည်းက သင်္ချာ A Level အဆင့်မှာ အမှတ်ပြည့်နဲ့ အဆင့် A ကို ရရှိခဲ့တဲ့ ကမ္ဘာ့ပထမဆုံး ကလေးငယ် ဖြစ်ခဲ့ပါတယ်။
    Ref: Alarabiya
  • ဥရောပမှခွဲထွက်ရေးလုပ်ငန်းစဉ် ဗြိတိန် စတင်
    ဥရောပမှခွဲထွက်ရေးလုပ်ငန်းစဉ် ဗြိတိန် စတင်
    မတ် ၂၉၊ ၂၀၁၇
    M-Media
    – ဥရောပသမဂ္ဂမှ ခွဲထွက်ရေး ၂ နှစ်တာကြာမြင့်မည့် ဆွေးနွေးညှိနှိုင်းမှု လုပ်ငန်းစဉ်များကို ဗြိတိန်က ယနေ့တွင် စတင်လိုက်သည်ဟု သိရသည်။
    လစ္စဘွန်းသဘောတူညီချက်၏ အပိုဒ် ၅၀ ကို အသိပေးအကြောင်းကြားမှုနှင့် ဥရောပသမဂ္ဂမှ ခွဲထွက်ရေး ဗြိတိန်၏ တရားဝင်အသိပေးစာကို ဥရောပကောင်စီဥက္ကဌ ဒေါ်နယ်တက်စ်ထံသို့ ဘရက်ဆဲလ်ရှိ ဥရောပဆိုင်ရာ ဗြိတိန်သံအမတ် တင်မ်ဘာရိုးက ယနေ့တွင် လွှဲပြောင်းပေးအပ်ခြင်းဖြင့် ခွဲထွက်ရေး လုပ်ငန်းစဉ်ကို
    စတင်ခဲ့ခြင်းဖြစ်သည်။
    အဆိုပါ စာလွှာများ၏ မိတ္တုများကို ဥရောပသမဂ္ဂ အဖွဲ့ဝင် ၂၇ နိုင်ငံသို့ ဖြန့်ဝေသွားမည်ဖြစ်သည်။
    ထိုစာလွှာပေးအပ်မှုနှင့် တိုက်ဆိုင်စွာ ပြုလုပ်ခဲ့သည့် လွှတ်တော်အစည်းအဝေးတွင် ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေက အရေးကြီးသောခရီးစဉ် စတင်မှုတွင် ညီညွတ်မှုရှိရန် တိုင်းပြည်ကို တိုက်တွန်းခဲ့သည်။
    ဥရောပသမဂ္ဂမှ ထွက်ခြင်း၏ အကျိုးဆက်များကို မိမိအနေဖြင့် သိရှိနားလည်းပြီး၊ မိမိတို့မှာ လွတ်လပ်စွာ သွားလာမှုကို လက်မခံဘဲ ဥရောပ စီးပွားရေးဈေးကွက်တွင် ဆက်လက်တည်ရှိသွားမည်ဟုလည်း မေက ပြောကြားခဲ့သည်။
    ဗြိတိန်မှာ ဥရောပမှခွဲထွက်ရေးအတွက် ပြီးခဲ့သည့်နှစ် ဇွန်လက ပြည်သူဆန္ဒခံယူခဲ့ပြီး ထောက်ခံမဲ ၅၂ ရာခိုင်နှုန်း၊ ကန့်ကွက်မဲ ၄၈ ရာခိုင်နှုန်း ရရှိခဲ့သည်။
    Ref: Aljazeera
  • ၁၅ နှစ်အတွင်း ယူကေ၏ အလုပ်အကိုင် ၁၀ သန်းကို စက်ရုပ်များ ရယူမည်
    ၁၅ နှစ်အတွင်း ယူကေ၏ အလုပ်အကိုင် ၁၀ သန်းကို စက်ရုပ်များ ရယူမည်
    မတ် ၂၇၊ ၂၀၁၇
    M-Media
    – လာမည့် ၁၅ နှစ်အတွင်း ယူကေ၏ အလုပ်အကိုင်ပေါင်း ၁၀ သန်းခန့်ကို စက်ရုပ်များက အစားထိုး ရယူသွားဖွယ် ရှိနေသည်ဟု အကြံပေးလုပ်ငန်းတစ်ခုဖြစ်သော PwC မှ ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။
    ဉာဏ်ရည်တု နယ်ပယ်တွင် ထူးထူးခြားခြား တိုးတက်လာမှုများကြောင့် အရောင်းစာရေးကဲ့သို့ အလုပ်များကို လုပ်ကိုင်သူများမှာ အလုပ်အကိုင်ဆုံးရှုံးမည့်အန္တရာယ် မြင့်မားမှုတွင် ပါဝင်နေသည်ဟု ဆိုသည်။
    ထို့ပြင် ပို့ဆောင်ရေးနှင့် သိုလှောင်ရေးကဏ္ဍများမှာလည်း လူသားလုပ်သားများ လျော့ကျမည့်အနေအထားတွင် ရှိနေပြီး အလိုအလျောက် စက်ပစ္စည်းများမှာ ၅၆ ရာခုင်နှုန်းအထိ နေရာယူလာဖွယ် ရှိသည်။
    PwC ၏ စီးပွားရေး အကြီးအကဲဖြစ်သူ ဂျွန် ဟော့စ်ဝေါ့သ်က အလုပ်အကိုင်ကဏ္ဍတိုင်းမှာ စက်ရုပ်များ၏ အစားထိုးမှုကို ခံရဖွယ်ရှိနေသော်လည်း ပညာရေးနှင့် လူမှုဝန်ဆောင်မှုမျိုးကဲ့သို့ ကဏ္ဍများတွင် လူသားများ၏နေရာကို အစားထိုးရန် ခက်ခဲမည်ဟု ပြောကြားခဲ့သည်။
    အလိုအလျောက် စက်ပစ္စည်းလုပ်ငန်းတွင် တိုးတက်လာမှုက လုံးဝ အလုပ်လက်မဲ့ဖြစ်မှုမျိုး ဖြစ်လာစေမည်မဟုတ်ဘဲ ကုန်ထုတ်စွမ်းအား မြင့်တက်လာနိုင်ကာ မတူညီသောကဏ္ဍများတွင် ကြွယ်ဝမှုများနှင့် အလုပ်အကိုင်များကို ပိုမို ဖြစ်ထွန်းစေမည်ဖြစ်သည်။
    အစီရင်ခံစာတွင် ထိုကဲ့သို့ အလိုအလျောက် စက်ပစ္စည်းများမှာ လူသားများအတွက် ပိုမို အကျိုးရှိပြီး၊ အားစိုက်ရမှုနည်းစေသည့် အလုပ်အကိုင်များကို ဖန်တီးပေးသည်ဟုလည်း ဖော်ပြထာသည်။
    ဉာဏ်ရည်တုများကြောင့် အလုပ်အကိုင် ဆုံးရှုံးရမည့်အခြေအနေကို ကဏ္ဍများစွာတွင် နေရာအများစု ယူထားသော အမျိုးသားများက ပိုမို ခံစားရမည်ဟုလည်း အစီရင်ခံစာက ဆိုသည်။
    Ref: RT
  • လန်ဒန်အကြမ်းဖက်တိုက်ခိုက်မှုကို ယူကေမွတ်စလင်အသိုင်းအ၀ိုင်း ရှုတ်ချ
    လန်ဒန်အကြမ်းဖက်တိုက်ခိုက်မှုကို ယူကေမွတ်စလင်အသိုင်းအ၀ိုင်း ရှုတ်ချ
    မတ် ၂၄၊ ၂၀၁၇
    M-Media
    လန်ဒန်ရှိ East London ဗလီဝတ်ကျောင်းတော်
    – ကြာသာပတေးနေ့က လန်ဒန်မြို့လယ်ကောင်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုကို ဗြိတိန်မွတ်စလင်ခေါင်းဆောင်များက ရှုတ်ချလိုက်ပြီး အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရေး လူ့အဖွဲ့အစည်းအားလုံး အတူတကွ မားမားမတ်မတ် ရပ်တည်ကြရန်လည်း တိုက်တွန်းခဲ့သည်။
    အကြမ်းဖက်သမားကို ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး IS အကြမ်းဖက်အဖွဲ့က ထိုတိုက်ခိုက်မှုမှာ ၎င်းတို့လက်ချက်ဖြစ်သည်ဟု ကြေငြာခဲ့သည်။ အကြမ်းဖက်သမားမှာ ဗြိတိန်တွင် မွေးဖွားသူ အသက် ၅၂ နှစ်အရွယ် ခါလစ် မာဆွတ်ဆိုသူ ဖြစ်သည်။
    ဗြိတိန်မွတ်စလင်ကောင်စီမှ ယမန်နေ့တွင် ထုတ်ပြန်သော ကြေငြာချက်၌ အဆိုပါတိုက်ခိုက်မှုမှာ ‘သူရဲဘောကြောင်ပြီး၊ အကျင့်ဖောက်ပြားသော တိုက်ခိုက်မှု’ ဖြစ်သည်ဟု ဖော်ပြခဲ့သည်။
    “ဒီလုပ်ရပ်ကို ဘာနဲ့မှ တန်းညှိလို့ မရပါဘူး။ ဒီ မတရားမှုအတွက် ကျွန်တော်တို့ အကောင်းဆုံး တုန့်ပြန်နိုင်တာက ကျွန်တော်တို့အားလုံကို စည်းလုံးညီညွတ်ပြီး အကြမ်းဖက်သမားတွေရဲ့ သွေးခွဲမှုကို ခွင့်မပြုတာပဲဖြစ်ပါတယ်။ ဒီလို အမုန်းတရားက ကျွန်တော်တို့ရဲ့ လူနေမှုဘ၀ကို ဖျက်ဆီးနိုင်မှာမဟုတ်ဘူး ဆိုတာကို ပြ
    သဖို့အတွက် မွတ်စလင် ညီအစ်ကို မောင်နှတွေအနေနဲ့ လန်ဒန်သားတွေ၊ ဗြိတိန်သားတွေနဲ့ တစ်သားတည်းရှိနေမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်” ဟု ဗြိတိန်မွတ်စလင်ကောင်စီ အတွင်းရေးမှူး ဟာရွန်ခန်းက ပြောကြားခဲ့သည်။
    မွတ်စလင်ကောင်စီမှာ သေဆုံးသွားသူများအတွက် စောစောပိုင်းကလည်း ၀တ်ပြုဆုတောင်းမှုကို ပြုလုပ်ပေးခဲ့သည်။
    လန်ဒန်မြို့တွင် သက်တမ်းအရင့်ဆုံး ဗလီဖြစ်သည့် East London ဗလီဝတ်ကျောင်းတော်ကလည်း ကြေငြာချက်ထုတ်ကာ ထိုအကြမ်းဖက်လုပ်ရပ်ကို ရှုတ်ချခဲ့သည်။
    “ဒီလို စက်ဆုပ်ဖွယ် အသိဉာဏ်မဲ့ အကြမ်းဖက်မှုကြောင့် ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းတွေကြားထဲမှာ သွေးကွဲမှု၊ အမုန်းတရားတွေဖြစ်တာကို ခွင့်ပြုမှာ မဟုတ်ပါဘူး။ ဒါထက် ကျွန်တော်တို့ဟာ ပိုပြီးတော့တောင် ညီညွတ်ပြီး အားလုံး စည်းလုံးညီညွတ်လာမှာ ဖြစ်ပါတယ်” ဟု ကြေငြာချက်တွင် ဖော်ပြခဲ့သည်။
    လန်ဒန်မြို့၏ မွတ်စလင်မြို့တော်ဝန် ဆာဒစ်ခန်းအပါအ၀င် ထင်ရှားကျော်ကြားသည့် မွတ်စလင်များကလည်း ထိုတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ပြီး အမုန်းတရားလှုံ့ဆော်ရန် အသုံးပြုခွင့်ပေးမည်မဟုတ်ဟု ပြောကြားခဲ့သည်။
    “လန်ဒန်ကို အကြမ်းဖက်သမားတွေ တိုက်ခိုက်တဲ့ ရည်ရွယ်ချက်က ကျွန်တော်တို့ဟာ ခရစ်ယာန်၊ မွတ်စလင်၊ ဂျူး၊ ဟိန္ဒူ၊ ဆစ်ခ်၊ ဗုဒ္ဓဘာသာနဲ့ အခြားဘာသာဝင်၊ ဒါမှမဟုတ် ဘာသာမဲ့ ဘာပဲဖြစ်ဖြစ် တစ်ဦးနဲ့တစ်ဦး သည်းခံခွင့်လွှတ်ကြတာသာမကဘဲ တစ်ယောက်နဲ့တစ်ယောက် ဂုဏ်ပေးလေးစား ချစ်ခင်မှုကို သူတို့ မုန်းတီးတာကြောင့်ဖြစ်ပါတယ်။ ဒီအခြေအနေက ဆက်ကို ရှိနေမှာပါ” ဟု ဆာဒစ်ခန်းက ပြောကြားခဲ့သည်။
    Ref: Press TV