News @ M-Media
Tag: UK
  • အကြမ်းဖက်ဝါဒကို ကြောက်ရွံ့နေမည်မဟုတ်ဟု လန်ဒန်မြို့တော်ဝန်ပြော
    အကြမ်းဖက်ဝါဒကို ကြောက်ရွံ့နေမည်မဟုတ်ဟု လန်ဒန်မြို့တော်ဝန်ပြော
    မတ် ၂၃၊ ၂၀၁၇
    M-Media
    – ယမန်နေ့က လန်ဒန်မြို့လယ်ကောင်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုက မိမိတို့ပြည်သူများကို ကြောက်လန့်စမည်မဟုတ်ဘဲ မိမိတို့ကို မည်သည့်နည်းလမ်းနှင့်မှ သွေးကွဲအောင် ဆောင်ရွက်၍ ရမည်မဟုတ်ဟု လန်ဒန်မြို့တော်ဝန် ဆာဒစ် ခန်းက ပြောကြားလိုက်သည်။
    ယမန်နေ့ နေလည်က ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုတွင် တိုက်ခိုက်သူမှာ လန်ဒန်မြို့လယ်ကောင် ပါလီမန်အနီးရှိ ၀က်စ်မင်စတာ တံတားတစ်လျှောက် လူများကို ကားဖြင့်တိုက်ကာ ဒရကြမ်းမောင်းနှင်လာသောကြာင့် အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။
    ထို့နောက် ပါလီမန်အပြင်ဘက်ရှိ လက်ရမ်းများကို တိုက်မိကာ ကားရပ်သွားပြီးနောက် တိုက်ခိုက်သူမှာ ဓားဖြင့် ကားထဲမှထွက်လာကာ ပီစီ ပါလ်မာဆိုသည့် လက်နက်မဲ့ ရဲတပ်ဖွဲ့ဝင်ကို တိုက်ခိုက်ခဲ့သောကြာင့် အဆိုပါရဲမှာ သေဆုံးခဲ့သည်။ ထို့နောက် အကြမ်းဖက်သမားကို ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။
    ထိုတိုက်ခိုက်မှုအတွင်း ရဲအရာရှိ ပါလ်မာနှင့် တိုက်ခိုက်သူအပါအ၀င် လူ ၅ ဦးသေဆုံးခဲ့ပြီး ၄၀ ခန့် ဒဏ်ရာရရှိခဲ့သည်။
    ရဲတပ်ဖွဲ့က တိုက်ခိုက်သူမှာ နိုင်ငံတကာ အကြမ်းဖက်ဝါဒကို အားကျသူဖြစ်ဖြစ်ပြီး၊ မည်သူမည်ဝါဖြစ်ကြောင်းကို သိရှိသည်ဟု ပြောကြားခဲ့သော်လည်း အသေးစိတ်ကို ထုတ်ဖော်ခဲ့ခြင်းမရှိပေ။
    ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေက ထိုတိုက်ခိုက်မှုမှာ ‘စက်ဆုပ်ဖွယ်ရာနှင့် အကျင့်စာရိတ္တ ဖောက်ပြားသည့်လုပ်ရပ်’ ဖြစ်ပြီး၊ လွတ်လပ်မှု၊ ဒီမိုကရေစီနှင့် လွတ်လပ်စွာဖော်ပြခွင့် တန်ဖိုးများကို ထိခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
    ထို့ပြင် မိမိတို့မှာ အကြမ်းဖက်ဝါဒကို ချေမှုန်းသွားမည်ဖြစ်ကြောင်း၊ အမုန်းတရားက မိမိတို့အကြား သွေးခွဲနေသည်ကို ခွင့်ပြုသွားမည်မဟုတ်ကြောင်း ၀န်ကြီးချုပ်က ပြောကြားခဲ့သည်။
    လန်ဒန်မြို့၏ မွတ်စလင်မြို့တော်ဝန် ဆာဒစ်ခန်းကလည်း မိမိတို့အအနေဖြင့် အကြမ်းဖက်သမားများ၏ ခြောက်လှန့်မှုကို ကြောက်ရွံ့နေမည်မဟုတ်ဟု ဆိုသည်။
    “ကျွန်တော်တို့ကို ထိခိုက်စေချင်သူတွေ၊ ကျွန်တော်တို့ရဲ့ လူနေမှုဘ၀ကို ဖျက်ဆီးချင်တဲ့သူတွေကို ပေးချင်တဲ့ သတင်းစကားကတော့ – ခင်ဗျားတို့ အောင်မြင်မှာ မဟုတ်ဘူး။ ကျုပ်တို့ကို သွေးခွဲလို့ ရမှာမဟုတ်ဘူး ဆိုတာပါပဲ။ အကြမ်းဖက်ဝါဒက ကျုပ်တို့ကို ခြောက်လှန့်လို့ရမှာ မဟုတ်ပါဘူး” ဟု ဆာဒစ်ခန်းက ပြောကြားခဲ့သည်။
    တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် လန်ဒန်မြို့တွင် လုံခြုံရေးတပ်ဖွဲ့များကို တိုးမြှင့်ချထားခဲ့သည်။
    Ref: Aljazeera, BBC
  • လန်ဒန်မြို့လယ်ကောင်တွင် ဓားဖြင့်တိုက်ခိုက်မှုတစ်ခု ဖြစ်ပွား
    လန်ဒန်မြို့လယ်ကောင်တွင် ဓားဖြင့်တိုက်ခိုက်မှုတစ်ခု ဖြစ်ပွား
    မတ် ၂၂၊ ၂၀၁၇
    M-Media
    – လန်ဒန်မြို့လယ်ကောင်ရှိ ပါလီမန်အဆောက်အဦးတွင် ယနေ့နေ့လည်၌ အကြမ်းဖက်တိုက်ခိုက်မှုဟု ယူဆရသည့် တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူအများအပြား ဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
    တိုက်ခိုက်သူမှာ ပါလီမန်အဆောက်အဦးတွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ဓားဖြင့် ထိုးခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ၎င်းက သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။
    ရဲတပ်ဖွဲ့ကမူ ထိုဖြစ်ရပ်ကို အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် သတ်မှတ်ထားပြီး စုံစမ်းမှုများ ပြုလုပ်နေသည်ဟု ပြောကြားခဲ့သည်။
    တိုက်ခိုက်မှုကြောင့် ၀က်စ်မင်စတာ တံတားပေါ်တွင် အနည်းဆုံး လူ ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး အချို့မှာ သွေးများ အလွန်ထွက်နေကာ၊ သတိလစ်မှုများလည်း ရှိနေသည်။
    တိုက်ခိုက်သူမှာ သေဆုံးသွားပြီလား၊ အသက်ရှင်နေလားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။
    Ref : Aljazeera
  • ယူကေမှခွဲထွက်ရေး စကော့တလန် ပြင်ဆင်
    ယူကေမှခွဲထွက်ရေး စကော့တလန် ပြင်ဆင်
    မတ် ၁၃၊ ၂၀၁၇
    M-Media
    – ဗြိတိန်မှာ မိမိတို့ဆန္ဒမပါဘဲ မိမိတို့နိုင်ငံကို အီးယူမှထွက်ရန် ဆောင်ရွက်နေသောကြောင့် ယူကေမှ ခွဲထွက်ရေး ပြည်သူဆန္ဒခံယူမှု ပြုလုပ်နိုင်ရန် လုပ်ပိုင်ခွင့် ရယူသွားမည်ဟု စတော့တလန် ပထမ ၀န်ကြီးချုပ် နီကိုလာ စတာဂျီယွန်က ပြောကြားလိုက်သည်။
    ဗြိတိန် ဥရောပမှထွက်ခွာရေးကိစ္စ ရှင်းရှင်းလင်းလင်းဖြစ်သွားချိန် ၂၀၁၈ ခုနှစ်နှောင်းပိုင်း သို့မဟုတ် ၂၀၁၉ ခုနှစ် အစောပိုင်းတွင် ပြုလုပ်ရန် စတာဂျီယွန်က တောင်းဆိုထားသည်။
    “Brexit နဲ့ ပတ်သက်တာတွေ သိသွားတဲ့အခါ စကော့တလန်က စစ်မှန်တဲ့ အခွင့်အရေးကို ရမယ်ဆိုရင်၊ ကျွန်မတို့ရဲ့ ကိုယ်ပိုင်လမ်းကြောင်းကို ရွေးချယ်ဖို့ သိပ်နောက်မကျသေးဘူးဆိုရင် နောက်နှစ် ၂၀၁၈ ဆောင်းဦးရာသီနဲ့ ၂၀၁၉ ခုနှစ် နွေဦးရာသီကြားထဲမှာ ရွေးချယ်ခွင့် ပေးရပါလိမ့်မယ်”
    ပြီးခဲ့သည့်နှစ် ဇွန်လက ပြုလုပ်ခဲ့သည့် ဗြိတိန်၏ ဥရောပမှ ခွဲထွက်ရေး ပြည်သူ့ဆန္ဒခံယူပွဲကို စတော့တလန် ပြည်သူ အများစုက ကန့်ကွက်ခဲ့သည်။ လက်ရှိတွင် ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေမှာ ခွဲထွက်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် ပြင်ဆင်နေပြီဖြစ်သည်။
    ၂၀၁၄ ခုနှစ် စက်တင်ဘာလကလည်း စကော့တလန်မှာ ခွဲထွက်ရေးအတွက် ပြည်သူ့ဆန္ဒခံယူပွဲတစ်ခုကို ကျင်းပခဲ့ပြီး ၅၅-၄၅ ဖြင့် မခွဲထွက်ရေးဘက်က အသာရခဲ့သည်။
    ယခုကဲ့သို့ ဆာဂျီယွန်၏ တောင်းဆိုမှု ပေါ်ထွက်လာပြီးနောက် ယူကေအစိုးရက မိမိတို့မှာ အီးယူမှ ခွဲထွက်ပြီးသော်လည်း ယူကေတစ်ခုလုံးအတွက် မိတ်ဖက်ဆက်ဆံရေး ဖြစ်လာရန် ဆောင်ရွက်နေသည်ဟု ပြောကြားခဲ့သည်။ စကော့တလန်ခွဲထွက်ရေး ပြည်သူ့ဆန္ဒခံယူပွဲအတွက် ဗြိတိန်အစိုးရက ခွင့်ပြုမည်လားဆိုသည်ကို မပြောသေးပေ။
    Ref: Aljazzeera
  • အင်္ဂလန်ရှိ နျူဘန်ကာဟောင်းတွင် ဆေးခြောက်အကြီးအကျယ်ထုတ်လုပ်မှုကို ဖမ်းဆီး
    အင်္ဂလန်ရှိ နျူဘန်ကာဟောင်းတွင် ဆေးခြောက်အကြီးအကျယ်ထုတ်လုပ်မှုကို ဖမ်းဆီး
    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၇
    M-Media
    – အင်္ဂလန်နိုင်ငံ အနောက်တောင်ပိုင်းရှိ မြေအောက် နျူကလီးယား ဘန်ကာဟောင်းတစ်ခုတွင် ဆေးခြောက် စိုက်ပျိုး ထုတ်လုပ်နေသည့် အကြီးစားစက်ရုံတစ်ခုကို တွေ့ရှိခဲ့ရသည်ဟု ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။
    ဘန်ကာထဲတွင် အခန်းပေါင်း ၂၀ ခန့်ရှိနေပြီး အခန်းတိုင်းကို ဆေးခြောက်လက်ကား ဖြန့်ချီရန်အတွက် အသုံးပြုထားသည်။
    ၁၉၈၀ ပြည့်နှစ်များက ကာကွယ်ရေးဝန်ကြီးဌာနမှ ဆောက်လုပ်ခဲ့သည့် အဆိုပါဘန်ကာမှာ နျူကလီးယားတိုက်ခိုက်မှု ဖြစ်လာသည့်အခါတွင် ဒေသတွင်းရှိ ဂုဏ်သရေရှိသူများ၊ အစိုးရ တာဝန်ရှိသူများကို ကာကွယ်ရန် ရည်ရွယ်ခဲ့သည်။
    ရဲတပ်ဖွဲ့ကမူ အဆိုပါ လုပ်ငန်းမှာ အလွန်သိုသိပ်ပြီး၊ သံသယရှိသူများ ထိုဘန်ကာမှ ထွက်လာသည့်အချိန်တွင်မှ ဖမ်းဆီးနိုင်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
    “အဆောက်အဦးထဲမှာ အခန်းပေါင်း ၂၀ နီးပါးလောက်ရှိတယ်။ ၂ ထပ်အဆောက်အဦးဖြစ်ပြီး တစ်ထပ်ကို ပေ ၂၀၀x ၇၀ လောက် ကျယ်ပါတယ်။ အခန်းတိုင်းကို ဆေးခြောက်ပင် စီးပွားဖြစ်ထုတ်လုပ်တဲ့နေရာအဖြစ် ပြောင်းထားတယ်။ အရင်ရိပ်သိမ်းပြီးသား ဆေးခြောက်ပင်အဟောင်း တော်တော်များများကိုလည်း တွေ့ခဲ့ရပါတယ်” ဟု ရဲတပ်ဖွဲ့ တာဝန်ရှိသူ ပေါလ် ဖရန့်ကလင်းက ပြောကြားခဲ့သည်။
    ထို့ပြင် ယခုတွေ့ရှိမှုမှာ နိုင်ငံသမိုင်းတွင် အကြီးမားဆုံး ဆေးခြောက်လုပ်ငန်း တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့ သည်။
    Ref: BBC
  • မွတ်စလင်အမျိုးသမီးများ ပုဝါဆောင်းခွင့်ကို ဗြိတိန်ဝန်ကြီးချုပ် ထောက်ခံ
    မွတ်စလင်အမျိုးသမီးများ ပုဝါဆောင်းခွင့်ကို ဗြိတိန်ဝန်ကြီးချုပ် ထောက်ခံ
    ဖေဖော်ဝါရီ ၂၊ ၂၀၁၇
    M-Media
    လွှတ်တော်အမတ် အဟ်မဒ်-ရှိခ်၏ မေးခွန်းကို ဖြေကြားနေသည့် ၀န်ကြီးချုပ် ထရီဇာမေ
    – မွတ်စလင်အမျိုးသမီးတွေ ခေါင်းဆောင်းပုဝါ ဒါမှမဟုတ် ဟိဂျဘ်ကို ကြောက်ရွံ့မှုမရှိဘဲ ၀င်ဆင်ခွင့်ရှိတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေက ထောက်ခံပြောဆိုခဲ့ပြီး ‘ကိုယ်ဘာဝတ်မလဲဆိုတာ အမျိုးသမီးတွေရဲ့ ရွေးချယ်မှုပဲဖြစ်တယ်’ လို့ ပြောကြားလိုက်ပါတယ်။
    ဥရောပနိုင်ငံတော်တော်များများဟာ မွတ်စလင်အမျိုးသမီးတွေ ဘာသာရေး သွန်သင်ချက်အရ လုံလုံခြုံခြုံ ၀တ်စားဆင်ယင်မှုကို တစ်စိတ်တစ်ပိုင်း ပိတ်ပင်တာမျိုးတွေရှိနေပြီး ပြင်သစ်နိုင်ငံက ဟီဂျဘ်ဝတ်ဆင်မှုကို စာသင်ကျောင်းတွေ၊ တက္ကသိုလ်တွေလို အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ ၀တ်ဆင်ခွင့် ပိတ်ပင်ထားပြီး ဘာသာရေး အမှတ်သညာကို ပိတ်ပင်တဲ့ အစီအစဉ်လည်း ဖြစ်ပါတယ်။
    ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ ဆွစ်ဇာလန်ရဲ့ တစ်ချို့နေရာတွေ အပါအ၀င် အခြားနိုင်ငံတွေမှာလည်း ဘုရ်ခါ ဒါမှမဟုတ် နီကဘ်တို့လို မျက်နှာအုပ်ထားတဲ့ အခြေအခြေအနေမျိုး ၀တ်ဆင်တာကို ပိတ်ပင်မှုတွေ ရှိနေပါတယ်။
    ယူကေမှာတော့ Ukip ပါတီခေါင်းဆောင် ပေါလ် နွတ်သွလ်က မွတ်စလင်အမျိုးသမီးတွေ မျက်နှာအုပ်တာကို ပိတ်ပင်ဖို့ တိုက်တွန်းထားပါတယ်။
    ဗုဒ္ဓဟူးနေ့က အောက်လွှတ်တော်မှာ ပြုလုပ်တဲ့ အမေးအဖြေကဏ္ဍမှာ SNP ပါတီက လွှတ်တော်အမတ် အဟ်မဒ်-ရှိခ်က ဒီကိစ္စနဲ့ပတ်သက်လို့ ၀န်ကြီးချုပ်ကို မေးမြန်းရာမှာ ဒီနေ့ဟာ ‘ကမ္ဘာ့ဟီဂျဘ်နေ့’ ဖြစ်တဲ့အတွက် မွတ်စလင်အမျိုးသမီးတွေ ကြောက်ရွံ့မှုမရှိဘဲ ဆန္ဒရှိတာကို ၀တ်ဆင်ခွင့်၊ မွတ်စလင်အမျိုးသမီးတွေ သူတို့ ကြိုက်တဲ့အချိန်မှာ ကြိုက်သလို ၀တ်ဆင်ခွင့်တွေအတွက် မိမိနဲ့အတူ အသိအမှတ်ပြုမလားလို့ မေးခဲ့ပါတယ်။
    Ref : Independent