News @ M-Media

Tag: UK

  • ရင်သားကိုင်သည့်စွဲချက်ဖြင့် ထောင်ချခံရသူ ယူကေရောက် မြန်မာဆရာဝန်တစ်ဦး ကွင်းလုံးကျွတ်လွတ်

    ရင်သားကိုင်သည့်စွဲချက်ဖြင့် ထောင်ချခံရသူ ယူကေရောက် မြန်မာဆရာဝန်တစ်ဦး ကွင်းလုံးကျွတ်လွတ်

    နိုဝင်ဘာ ၁၄၊ ၂၀၁၆
    M-Media

    dr

    – ဆယ်ကျော်သက်လူနာတစ်ဦးအား စမ်းသပ်စဉ် မဖွယ်မရာပြုလုပ်ခဲ့သည်ဟူသော စွဲချက်ဖြင့် ထောင်ဒဏ် ၁၈ လ ကျခံခဲ့ရသည့် ယူကေရောက် မြန်မာဆရာဝန်တစ်ဦးမှာ ပြန်လည်ကြားနာမှုအတွင်း အပြစ်မရှိကြောင်း တွေ့ရှိရ၍ အမှုမှ ကွင်းလုံးကျွတ် လွတ်သွားပြီဟု သိရသည်။

    အသက် ၄၅ နှစ်အရွယ်ရှိ ဒေါက်တာ အံ့ထွန်းမောင်ဖြစ်ပြီး ၂၀၁၂ ခုနှစ် ဇူလိုင်လက ဆန်းဒါလန်းရှိ ၎င်း၏ဆေးခန်းတွင် လာရောက်ပြသသော အသက် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးအား အင်္ကျီနှင့် ဘရာချွတ်ခိုင်းကာ ရင်သားအား ကိုင်တွယ်သည်ဆိုသော အမှုဖြင့် ပြီးခဲ့သည့်နှစ်ဧပြီလက ထောင်ဒဏ် ကျခံခဲ့ရခြင်းဖြစ်သည်။

    ဒေါက်တာ အံ့ထွန်းမောင်ကမူ ထိုအမျိုးသမီးငယ်၏ စွပ်စွဲချက်များမှာ မဟုတ်မှန်ဘဲ မိမိအနေဖြင့် အ၀တ်အစားများကိုလည်း ချွတ်ခိုင်းခဲ့ခြင်းမရှိကြောင်း၊ ရင်ဘတ်တွင် နားကြပ်ဖြင့်ထောက်၍ နားထောင်ခဲ့ခြင်းသာဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

    ထောင်ဒဏ် ၁၈ လ ချမှတ်ခံရပြီးနောက် ၎င်း၏ မိသားစုများ လုပ်ဖော်ကိုင်ဖက်များက အမှုမှန်ပေါ်ပေါက်ရေး ကြိုးစားခဲ့ကြပြီး အယူခံနိုင်ခဲ့ကာ ထောင်ဒဏ် ၆ လသာ ကျခံရပြီး ပြန်လည် လွတ်မြောက်လာခဲ့သည်။

    တရားရုံးက ၎င်းအပေါ် ပြစ်ဒဏ်ချမှတ်မှုကို ပယ်ဖျက်ခဲ့ပြီး အမှုကို ပြန်လည်စစ်ဆေးကာ သက်သေများကိုလည်း ပြန်တောင်းခဲ့သည်။

    ၂ နာရီ ကြာမြင့်ခဲ့သည့် နောက်ဆုံးကြားနာမှုတွင် အမျိုးသမီး ၆ ဦးနှင့် အမျိုးသား ၆ ဦးတို့ပါဝင်သော ဂျူရီအဖွဲ့က ဒေါက်တာမောင်မှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုအတွက် အပြစ်ရှိကြောင်း မတွေ့ရဟု ဆုံးဖြတ်ခဲ့သည်။

    ဒေါက်တာအံ့ထွန်းမောင်ကမူ ဆုံးဖြတ်ချက်ပြီးနောက် တရားရုံးအပြင်ဘက်တွင် မိမိအနေဖြင့် အလွန် စိတ်သက်သာရာ ရခဲ့သည်ဟု ပြောကြားခဲ့သည်။

    “ဒီကိစ္စကို အများပြည်သူ သိစေချင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ပြစ်ဒဏ်ပယ်ဖျက်ခံရပြီးကတည်းက တရားရုံးက ကျွန်တော့်ကို တရားဝင် စကားပြောဆိုခွင့် မပေးခဲ့ပါဘူး” ဟု ၎င်းက ဆိုသည်။

    ၎င်းမှာ ၂၀၁၃ ခုနှစ် အောက်တိုဘာလကတည်းက ဆေးကုသခွင့် ပိတ်ပင်ခံထားရပြီး ဆေးကုသခွင့် ပြန်လည်ရရှိရေးအတွက်လည်း လက်ရှိတွင် တရားရင်ဆိုင်နေရသည်။

    ၎င်း၏ရှေ့နေ ဖီလစ်စီတီ ဂယ်ရီကမူ “ဘယ်ရင်သားကိုမှ ကိုင်တွယ်ပွတ်သပ်တာမျိုး မရှိပါဘူး။ ဒါဟာ သာမန် ဆေးစစ်ဆေးမှုဖြစ်ပြီး တုန်လှုပ်စရာ နားလည်မှုလွဲခြင်းသာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

    ၁၉၉၀ ပြည့်နှစ်ကတည်းက ယူကေသို့ ရောက်ရှိလာခဲ့သည့် ဒေါက်တာ အံ့ထွန်းမောင်မှာ နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဆေးရုံနှင့် ဆေးခန်းများတွင် အလုပ်လုပ်ခဲ့သူဖြစ်သည်။

    ၎င်းမှာ ဗုဒ္ဓဘာသာကို ရိုသေကိုင်းရှိုင်းသူဖြစ်ပြီး တစ်နေ့လျှင် ၅ ကြိမ်တရားထိုင်လေ့ရှိကာ ဆန်းဒါးလန်းဗုဒ္ဓဘာသာစင်တာတွင်လည်း အရေးပါသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။

    “ဒေါက်တာမောင်ဟာ သူ့အပြစ်မရှိကြောင်း သက်သေပြဖို့ ထိုက်တန်ခဲ့ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ သူဟာ ပထမ ကြားနာမှုမှာ မှားယွင်းပြီး ပြစ်ဒဏ်ချမှတ်ခံရတာပါ။ နိုင်ငံအတွင်းကသာမကဘဲ နိုင်ငံပြင်ပက ဆရာဝန်တွေကလည်း သူ့ဘက်က ရှိနေပါတယ်။ ဒီအတွက်လည်း သူတို့ကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်” ဟု ဒေါက်တာ အံ့ထွန်းမောင်၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးက တရားရုံးတွင် ထွက်ဆိုခဲ့သည်။

    Ref: Dialymail

  • ယူကေက အီးယူမှ ခွဲထွက်ရန် ဆုံးဖြတ်ချက်မှာ ကပ်ဘေးတစ်ခုဟု တိုနီဘလဲပြော

    ယူကေက အီးယူမှ ခွဲထွက်ရန် ဆုံးဖြတ်ချက်မှာ ကပ်ဘေးတစ်ခုဟု တိုနီဘလဲပြော

    အောက်တိုဘာ ၂၉၊ ၂၀၁၆
    M-Media

    blair

    – အီးယူမှ ဗြိတိန်ခွဲထွက်ရေးကိစ္စများ အပြီးသတ်ဆွေးနွေးပြီးသည့် အချိန်မတိုင်ခင်အထိ ဥရောပသမဂ္ဂမှ ဗြိတိန် ထွက်ခွာ သင့်၊ မသင့်ဆိုသည့် ရွေးချယ်ခွင့်ကို ဖွင့်ထားပေးသင့်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲက ပြောကြားလိုက်သည်။

    သောကြာနေ့က BBC သတင်းဌာနနှင့် အင်တာဗျူးတွင် ဘလဲက အီးယူမှ ခွဲထွက်ရေး လူထုဆန္ဒခံယူပွဲကို ရုတ်တရက်ကျရောက်သည့် ကပ်ဘေးတစ်ခုအဖြစ် ခိုင်းနှိုင်းခဲ့ပြီး ယူကေမဲဆန္ဒရှင်များအား ဒုတိယအကြိမ်မြောက် လူထုဆန္ဒခံယူပွဲတစ်ခု ပြုလုပ်နိုင်သည့် အခွင့်အရေးပေးသင့်သည်ဟု ဆိုသည်။

    ဗြိတိန်အနေနှင့် အီးယူမှ ထွက်ခွာခြင်းကြောင့် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာအနာဂတ်အတွက် မည်မျှ အကျိုးသက်ရောက်မည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း မဖြစ်သေးခင်အထိ အီးယူမှ မထွက်ခွာသင့်ကြောင်း ဘလဲက ထပ်လောင်းပြောကြားခဲ့သည်။

    “ဒီလူထုဆန္ဒခံယူပွဲနဲ့ပက်သက်ပြီး အထူးဆန်းဆုံးအချက်က ဘာကိုမှ တိတိကျကျမသိရသေးဘဲ ဆုံးဖြတ်ချက်တစ်ခု ချလိုက်တာပါပဲ။ လူတွေ သူတို့ရဲ့အမြင်တွေ ဖော်ပြဖို့ တခြားနည်းလမ်းတွေ ဥပမာ လွှတ်တော် ဒါမှမဟုတ် ရွေးကောက်ပွဲ၊ နောက်ထပ် လူထုဆန္ဒခံယူပွဲ ရှိပါသေးတယ်” ဟု တိုနီဘလဲက ဆိုသည်။

    လက်ရှိတွင် ယူကေမှာ ဥရောပသမဂ္ဂမှ ထွက်နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်နေပြီး ကျွမ်းကျင်သူများကမူ ထိုသို့နှုတ်ထွက်ခြင်းက ယူကေ၏ စီးပွားရေးကို ပြင်းပြင်းထန်ထန် ထိခိုက်စေမည်ဟု သတိပေးထားသည်။

    Ref : Presstv

  • ဥရောပ၏ ထိပ်တန်း သိပ္ပံဆိုင်ရာဆု ဘင်္ဂါလီဆရာဝန်တစ်ဦး ရရှိ

    ဥရောပ၏ ထိပ်တန်း သိပ္ပံဆိုင်ရာဆု ဘင်္ဂါလီဆရာဝန်တစ်ဦး ရရှိ

    အောက်တိုဘာ ၂၄၊ ၂၀၁၆
    M-Media

    bengali

    – ဘင်္ဂလားဒေ့ရှ်နွယ်ဖွား ဗြိတိန်နိုင်ငံသားဖြစ်သူ ဒေါက်တာ မီရာသွလ် မိုဟာမစ် ခန်း မူကစ်မှာ ဥရောပရှိ ထိပ်တန်း သိပ္ပံပညာရှင်များအဖွဲ့ EMBO YIP က ၂၀၁၆ ခုနှစ်အတွက် ချီးမြှင့်သော သိပ္ပံဆိုင်ရာ ဂုဏ်ပြုဆုကို ရရှိခဲ့သည်ဟု သိရသည်။

    ဒေါက်တာ မူကစ်မှာ စကော့တလန်ရှိ Dundee တက္ကသိုလ်အခြေစိုက် သိပ္ပံပညာရှင်တစ်ဦးဖြစ်ပြီး ၎င်း၏ သုတေသနက ပါကင်ဆန်ရောဂါဖြစ်ပွားစေသည့် မျိုးရိုးဗီဇဆိုင်ရာ ပြောင်းလဲမှုတွင် အရေးပါသော အထောက်အပံ့ ဖြစ်စေခဲ့သည်ဟု တက္ကသိုလ်မှ လွှင့်တင်သည့် ၀ဘ်ဆိုက်တွင် ဖော်ပြထားသည်။

    ယခုကဲ့သို့ ဆုရရှိခြင်းကြောင့် မူကစ်သည် EMBO YIP အဖွဲ့တွင် ပါဝင်ခွင့် ရခဲ့ပြီဖြစ်သည်။

    “EMBO YIP အစီအစဉ်မှာ ပါဝင်ခွင့်ရတဲ့အတွက်၊ ကျွန်တော်တို့ရဲ့ သုတေသနလုပ်ငန်းတွေကို အရှိန်မြင့်ရေး အိုက်ဒီယာအသစ်တွေကို ပေးနိုင်မယ့် ဥရာပတစ်ဝှမ်းက သိပ္ပံပညာရှင်တွေနဲ့ အလုပ်အတူလုပ်ရမယ့်အတွက် ကျွန်တော် တော်တော်လေး ကြည်နူးမိပါတယ်” ဟု ဒေါက်တာ မူကစ်က ပြောကြားခဲ့သည်။

    မူကစ်မှာ တက္ကသိုလ်ရှိ သက်ရှိသိပ္ပံဆိုင်ရာကျောင်း၏ အစိတ်အပိုင်းဖြစ်သော MRC Protein Phosphorylation and Ubiquitylation Unit ဌာနတွင် Welcome Trust Clinical Investigator အဖြစ် တာဝန်ယူထားပြီး ပါကင်ဆန်ရောဂါနှင့်ပတ်သက်၍ ပိုမိုနားလည်နိုင်ရန်အတွက် ကြိုးပမ်းအားထုတ်ခဲ့သည်။

    ထို့ပြင် Ninewells ဆေးရုံတွင်လည်း အာရုံကြောပါရဂူအဖြစ် တာဝန်ယူကာ မသန်စွမ်းသည့် လူနာများကို ကုသပေးနေသည်။

    မူကစ်မှာ ၁၉၇၃ ခုနှစ်တွင် စကော့တလန်နိုင်ငံ ဂလက်စကိုမြို့၌ မွေးဖွားခဲ့သူဖြစ်သည်။ ဖခင်ဖြစ် အဘ်ဒူလ်မူကစ်မှာ ရှေ့နေတစ်ဦးဖြစ်ကာ မိခင်ဖြစ်သူ မာမာတက်ဇ် ဘေဂွန်မှာ ဆရ၀န်တစ်ဦးဖြစ်သည်။ မိဘနှစ်ဦးစလုံးမှာ လက်ရှိတွင် ဒါကာ၌ နေထိုင်နေကြသည်။

    ၁၉၉၇ ခုနှစ်တွင် အေဒင်ဘတ်တက္ကသိုလ်မှ ဘွဲ့ရခဲ့သည့် မူကစ်မှာ ဟားဗတ်တက္ကသိုလ်နှင့် လန်ဒန်တက္ကသိုလ်တို့မှ ဒေါက်တာဘွဲ့ ရရှိခဲ့သူဖြစ်သည်။ ၎င်းမှာ ကနေဒီ ပညာသင်ဆုကိုလည်း ရရှိခဲ့သည်။

    လက်ရှိတွင် မူကစ်သည် အိမ်ထောင်နှင့် သားသမီး ၃ ယောက်ရှိနေပြီး Dundee တက္ကသိုလ်၏ ဆေးဘက်ဆိုင်ရာ သုတေသနကောင်စီတွင် အာရုံကြောပညာရှင်အဖြစ် တာဝန်ထမ်းဆောင်နေသည်။

    “မိဘတစ်ယောက်အနေနဲ့ ကျွန်မတို့ သူ့ရဲ့အောင်မြင်မှုအတွက် ပီတိဖြစ်ပါတယ်။ သူ့ရဲ့သုတေသန အောင်မြင်ဖို့၊ လူသားတွေ အကျိုးကျေးဇူးခံစားရဖို့အတွက် ကျွန်မတို့ အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှာ ဆုမွန်ကောင်း တောင်းပေးပါတယ်” ဟု မိခင်ဖြစ်သူက ပြောကြားခဲ့သည်။

    ၂၀၀၄ ခုနှစ်ကလည်း ပါကင်ဆန် ရောဂါ ဖြစ်စေနိုင်သော PINK1 မျိုးရိုဗီဇအတွင်း ပြောင်းလဲမှုများကို လေ့လာခဲ့သည့် လန်ဒန်အခြေစိုက် အဖွဲ့တစ်ခုတွင် မူကစ်မှာ အဓိကအဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။

    Ref: The Daily Star

  • ဘီဘီစီ၏ အစီအစဉ် တင်ဆက်သူ ဖြစ်လာတော့မည့် ဗြိတိန် မွတ်စလင် အမျိုးသမီး နာဒီယာ ဟူစိန်

    ဘီဘီစီ၏ အစီအစဉ် တင်ဆက်သူ ဖြစ်လာတော့မည့် ဗြိတိန် မွတ်စလင် အမျိုးသမီး နာဒီယာ ဟူစိန်

    အောက်တိုဘာ ၁၅၊ ၂၀၁၆
    M-Media

    nida

    – ဗြိတိန်၏ နာမည်ကျော် မုန့်ဖုတ်ပြိုင်ပွဲဖြစ်သော Great British Bake Off တွင် အနိုင်ရရှိခဲ့သည့် မွတ်စလင်အမျိုးသမီး နာဒီယာ ဟူစိန်မှာ ဘီဘီစီသတင်းဌာနနှင့် အစီအစဉ်သစ်တစ်ခု တင်ဆက်ရန်အတွက် စာချုပ် ချုပ်ဆိုလိုက်သည်ဟု သိရသည်။

    နာဒီယာမှာ ပြီးခဲ့သည့်နှစ်ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ထိုမုန့်ဖုတ်ပြိုင်ပွဲကို BBC One မှ Channel 4 သို့ ပြောင်းလဲတင်ဆက်ရာတွင် သူမ ပါဝင်မည်ဟု ကောလာဟာလများ ထွက်ပေါ်လာပြီးနောက် ဘီဘီစီနှင့် ယခုကဲ့သို့ ပူးပေါင်းခဲ့ခြင်းဖြစ်သည်။

    သူမကမူ မိမိအနေဖြင့် The One Show အတွက် ဆက်လက်ရိုက်ကူးသွားမည်ဖြစ်ပြီး မိမိတွင်ရှိနေသည့် အိုက်ဒီယာအသစ်များကိုလည်း ဖော်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။

    ဘီဘီစီကမူ နာဒီယာပါဝင်မည့် အစီအစဉ်အသစ်များနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို မကြာမီ ထုတ်ပြန်သွားမည်ဟု ပြောကြားခဲ့သည်။ ဘီဘီစီမှာ Bake Off အစီအစဉ်နှင့်အပြိုင် နောက်ထပ် မုန့်ဖုတ်ပြိုင်ပွဲ တစ်ခုကို ထုတ်လွှင့်ရန် စီစဉ်နေသည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။

    နာဒီယာဟူစိန်ပါဝင်သည့် Chronicles of Nadiya အစီအစဉ်ကို BBC One မှ စက်တင်ဘာလတွင် ထုတ်လွှင့်ခဲ့ပြီး သြဂုတ်လအတွင်းကလည်း CBBC တွင်ပြုလုပ်သည့် Bake Off အငယ်တန်းပြိုင်ပွဲတွင် ဒိုင်လုပ်ရန် တာဝန်ပေးခံခဲ့ရသည်။

    ၂၀၁၅ ခုနှစ် Bake Off ပြိုင်ပွဲတွင် နာဒီယာ ဆုရမှုကို ကမ္ဘာတစ်ဝှမ်းရှိ ပရိတ်သတ် ၁၅ သန်းကျော်က ကြည့်ရှုခဲ့ကြသည်။

    Ref: BBC

  • ဆီးရီးယားဒုက္ခသည်များအား လက်ခံရန် ယူကေ အဆင်သင့်ဖြစ်နေ

    ဆီးရီးယားဒုက္ခသည်များအား လက်ခံရန် ယူကေ အဆင်သင့်ဖြစ်နေ

    စက်တင်ဘာ ၆၊ ၂၀၁၆
    M-Media

    uk ref
    – လာမည့်လေးနှစ်အတွင်း ဆီးရီးယားဒုက္ခသည် ၂၀၀၀၀ ကို လက်ခံရန်အတွက် နေရာထိုင်ခင်းများ လုံလုံလောက်လောက် စီစဉ်ပေးထားသည်ဟု ဗြိတိန် ပြည်ထဲရေးဝန်ကြီး အမ်ဘာရ် ရုဒ်က ပြောကြားလိုက်သည်။

    တနင်္ဂနွေနေ့တွင် ထိုကဲ့သို့ ကြေငြာခဲ့ခြင်းဖြစ်ပြီး စစ်ဘေးရှောင်ဒုက္ခသည်များအတွက် နေရာထိုင်ခင်းပေးရန် ဒေသအာဏာပိုင် ၁၁၈ ဦးကလည်း သဘောတူခဲ့ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

    “ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ဆီးရီးယားဒုက္ခသည်တွေကို ကူညီမယ်ဆိုတဲ့ ကျွန်တော်တိုရဲ့ ကတိအတိုင်း ဆောင်ရွက်နေပါတယ်”

    ဒုက္ခသည်များအား လက်ခံရေး ကတိက၀တ်ကို ဖြည့်ဆည်းရန်အတွက် ဗြိတိန်အစိုးရမှာ “အားနည်းသူများအား ပြန်လည်နေရာချထားရေးအစီအစဉ်” ကို ရေးဆွဲထားပြီး ယင်းအစီအစဉ်အရ အစိုးရမှာ ဒုက္ခသည်များအား နေအိမ်အဆောက်အဦး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြားသော ရည်ရွယ်ချက်များအတွက် ပထမနှစ်တွင် တစ်ဦးလျှင် ပေါင် ၈၅၀၀ ထောက်ပံ့ပေးမည် ဖြစ်သည်။ ထိုထောက်ပံ့မှုကို နှစ်အလိုက် လျှော့ချသွားမည်ဖြစ်ပြီး ပဉ္စမမြောက်နှစ်တွင် ပေါင် ၁၀၀၀ သာ ရရှိမည်ဖြစ်သည်။

    ဒုက္ခသည်များ အင်္ဂလိပ်စာသင်ယူနိုင်ရန်အတွက် ဘာသာစကားသင်တန်းကြေးအဖြစ် ပေါင် ၁၀ သန်းကိုလည်း ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ၀န်ကြီးက ထပ်လောင်းပြောကြားခဲ့သည်။

    Ref : Presstv