News @ M-Media

Tag: Ukarine

  • ချေချင်းစစ်သားများအတွက် ကျည်ဆံကို ဝက်ဆီသုတ်နေသည့်ဗီဒီယို ယူကရိန်းစစ်တပ်ထုတ်ပြန်

    ချေချင်းစစ်သားများအတွက် ကျည်ဆံကို ဝက်ဆီသုတ်နေသည့်ဗီဒီယို ယူကရိန်းစစ်တပ်ထုတ်ပြန်

    မတ် ၂၊ ၂၀၂၂
    M-Media

    Azov အဖွဲ့မှ စစ်သားများ

    -ရုရှားက ချေချင်းစစ်သားတွေကို ပစ်ခတ်ဖို့ ရည်ရွယ်ပြီး ကျည်ဆံတွေ ဝက်ဆီသုတ်တဲ့ ဗီဒီယိုကို ယူကရိန်းစစ်သားတွေက ဆိုရှယ်မီဒီယာမှာ လွှင့်တင်ခဲ့ပါတယ်။

    ရုရှားတောင်ပိုင်းက ချေချင်းညာ ဒေသဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းရင်းသားဒေသဖြစ်ပြီး ချေချင်းလူမျိုးအများစုဟာ အစ္စလာမ်ဘာသာကို သက်ဝင်ကြတာ ဖြစ်ပါတယ်။ ချေချင်းညာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခေါင်းဆောင် ရမ်ဇန် ကာဒီရော့ဗ် ရုရှားသမ္မတပူတင်ရဲ့ အဓိကမဟာမိတ်ဖြစ်ပြီး ယူကရိန်း ကျူးကျော်စစ်မှာ ချေချင်းစစ်သားတွေလည်း ပါဝင်တိုက်ခိုက်နေရပါတယ်။

    ယူကရိန်း နိုင်ငံတော်အစောင့်တပ်ဖွဲ့မှာ ပါဝင်တဲ့ Azov တပ်ရင်းက စစ်သားတွေဟာ ဝက်ဆီဘူးထဲကို ကျည်ဆံတွေနှစ်ကာ ချေချင်းစစ်သားတွေကို ရည်ညွှန်းပြောဆိုတဲ့ ဗီဒီယိုတစ်ခုကို Twitter စာမျက်နှာမှာ လွှင့်တင်ခဲ့ပါတယ်။

    “မွတ်စလင်ညီအစ်ကိုတို့။ ငါတိုတိုင်းပြည်မှာ မင်းတို့ နိဗ္ဗာန်ကိုသွားရမှာ မဟုတ်ဘူး။ သွားခွင့်လည်း ပြုမှာမဟုတ်ဘူး။ ကျေးဇူးပြုပြီး အိမ်ပြန်ကြပါ။ ဒီမှာ မင်းတို့တွေ ဒုက္ခလှလှတွေ့လိမ့်မယ်။ ကြည့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဂွတ်ဘိုင်” လို့ ဝက်ဆီဗူးထဲကို ကျည်ဆံနှစ်ကာ ကျည်ကတ်ထဲထည့်နေတဲ့ Azov စစ်သားတစ်ယောက်က ဗီဒီယိုမှာ ပြောကြားခဲ့ပါတယ်။

    Azov အဖွဲ့ဟာ နာဇီနဲ့ လူဖြူကြီးစိုးရေးဝါဒကို လက်ခံကျင့်သုံးတဲ့ လက်ယာစွန်းရောက်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ယူကရိန်းနိုင်ငံအရှေ့ပိုင်းက ရုရှားကျောထောက်နောက်ခံပြုထားတဲ့ အဖွဲ့တွေ ခွဲထွက်ရေးစလုပ်တဲ့ ၂၀၁၄ ခုနှစ်မှာ ဖွဲ့စည်းကာ တိုက်ပွဲဝင်ခဲ့ကြတာ ဖြစ်ပါတယ်။

    နောက်ပိုင်းမှာ Azov အဖွဲ့ကို ယူကရိန်းစစ်တပ်က အမြဲတမ်းတပ်ဖွဲ့အဖြစ် သွတ်သွင်းခဲ့ပါတယ်။ Azov ဟာ နာဇီတွေ ဒုတိယကမ္ဘာစစ်မှာ အသုံးပြုခဲ့တဲ့ Wolfsangel အမှတ်တံဆိပ်ကို တပ်ဆင်တိုက်ပွဲဝင်နေတာပါ။

    ယူကရိန်းကို ကျူးကျော်မှုအတွက် ရုရှားသမ္မတ ပူတင်ရဲ့ အကြောင်း​ပြချက်တွေထဲမှာ ယူကရိန်းစစ်တပ်အတွင်း နာဇီဝါဒလိုလားတဲ့အဖွဲ့တွေ တည်ရှိမှုလည်း အချက်တစ်ချက်အနေနဲ့ ပါဝင်ပါတယ်။

    ချေချင်းညာခေါင်းဆောင် ရမ်ဇန် ကာဒီရော့ဗ်က သူတို့တပ်သားတွေ ယူကရိန်းကျူးကျော်စစ်မှာ ပါဝင် တိုက်ခိုက်နေတယ်လို့ စစ်ပွဲစတင်ပြီး ၃ ရက်မြောက်တဲ့နေမှာ အတည်ပြု ပြောဆိုခဲ့ပါတယ်။

    Ref: Aljazeera

  • ရုရှားနှင့် ယူကရိန်းတို့ ဘီလာရုဇ်တွင် ဆွေးနွေးမည်

    ရုရှားနှင့် ယူကရိန်းတို့ ဘီလာရုဇ်တွင် ဆွေးနွေးမည်

    ဖေဖော်၀ါရီ ၂၈၊ ၂၀၂၂
    M-Media

    ယူကရိန်းကို ရုရှားက ကြည်း၊ ရေ၊ လေ ဘက်ပေါင်းစုံသုံးပြီး တိုက်ခိုက်နေတာ ၅ ရက်မြောက် ရှိလာပြီ ဖြစ်ပါတယ်။ ယူကရိန်းအရှေ့ပိုင်းနဲ့ တောင်ပိုင်းက မြို့အနည်းငယ်ကို ရုရှားက သိမ်းထားနိုင်ပေမယ့် အဓိကမြို့တော် ကိဗ်ကို သိမ်းဖို့ ကြိုးစားရာမှာတော့ ယူကရိန်းတပ်တွေရဲ့ ပြင်းပြင်းထန်ထန် ခုခံမှုကို ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

    ယူကရိန်းသမ္မတ ဇယ်လင်စကီးက လာမယ့် ၂၄ နာရီကာလဟာ ‘အရေးကြီးတဲ့အချိန်’ ဖြစ်လိမ့်မယ်လို့ ယူကေ၀န်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နဲ့ ဖုန်းပြောဆိုမှုမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
    ရုရှားရဲ့ ကျူးကျော်မှုအတွင်း ကလေးငယ် ၁၄ ဦးအပါအ၀င် အရပ်သား ၃၅၂ ဦးသေဆုံးထားတယ်လို့ ယူကရိန်း ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။

    ရုရှားသမ္မတပူတင်ဟာ သူ့ရဲ့ နျူတပ်ဖွဲ့ကို မနေ့က အမြင့်ဆုံးအဆင့် တပ်လှန့်ခဲ့ပြီး နျူစစ်ပွဲဖြစ်လာမှာကို နိုင်ငံတကာအသိုင်းအ၀ိုင်းက စိုးရိမ်လာပါတယ်။

    Ref: Reuters

  • ရုရှားလက်ချက်ကြောင့် ယူကရိန်းရှိ ကမ္ဘာ့အကြီးဆုံး ဧရာမ​လေယာဉ် ပျက်ဆီး

    ရုရှားလက်ချက်ကြောင့် ယူကရိန်းရှိ ကမ္ဘာ့အကြီးဆုံး ဧရာမ​လေယာဉ် ပျက်ဆီး

    ဖေဖော်ဝါရီ ၂၈၊ ၂၀၂၂
    M-Media

    -ကမ္ဘာ့အကြီးဆုံးလေယာဉ်ဖြစ်တဲ့ ယူကရိန်းနိုင်ငံက Antonov-225 ကုန်တင်လေယာဉ်ဟာ ရုရှားရဲ့ လေကြောင်းက တိုက်ခိုက်မှုကြောင့် ပျက်ဆီးသွားခဲ့ပါတယ်။

    မြို့တော်ကိဗ်က Antonov လေယာဉ်ကွင်းမှာ အဲဒီလေယာဉ်ကို ရပ်ထားတာပါ။ လေယာဉ်ဟာ ၈၄ မီတာရှည်ပြီး ကုန်တန်ချိန် ၂၅၀ ကို တင်ဆောင်ကာ တစ်နာရီ ကီလိုမီတာ ၈၅၀ ကီလိုမီတာနှုန်းနဲ့ ပျံသန်းနိုင်ပါတယ်။ ယူကရိန်းဘာသာစကားနဲ့ Mriya လို့ အမည်ပေးထားပြီး အိပ်မက်လို့ အဓိပ္ပါယ်ရပါတယ်။

    “AN-225 ဟာ ကမ္ဘာ့အကြီးဆုံး လေယာဉ်ပါ။ ကျွန်တော်တို့ရဲ့ Mriya ကို ရုရှားက ဖျက်ဆီးနိုင်ကောင်း ဖျက်ဆီးနိုင်လိမ့်မယ်။ ဒါပေမယ့် အင်အားတောင့်တင်းပြီး လွတ်လပ်တဲ့ ဒီမိုကရေစီ ဥရောပနိုင်ငံတစ်ခု ဖြစ်လာရေး ကျွန်တော်တို့ရဲ့ အိပ်မက်ကိုတော့ ဘယ်တော့မှ ဖျက်ဆီးလို့ရမှာ မဟုတ်ပါဘူး။ ဒီအိပ်မက်ကို ကျွန်တော်တို့ အကောင်အထည်ဖော်မှာပါ” လို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရို ကူလီဘာက Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ရုရှားဟာ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတာ ၄ ရက်မြောက် ရှိလာပါပြီ။ မြို့တော်ကိဗ်ကို သိမ်းပိုက်ဖို့ ကြိုးစားနေပြီး ယူကရိန်းတပ်တွေက ခုခံထားနိုင်ပါတယ်။

    Antonov-225 ကို ပိုင်ဆိုင်တဲ့ Ukroboronprom ကုမ္ပဏီက လေယာဉ်ကို ပြန်လည်ပြင်ဆင်ဖို့အတွက် ကန်ဒေါ်လာ ၃ ဘီလီယံလောက်ကုန်ကျပြီး၊ ၅ နှစ်ကြာမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    AN-225 ကို ယခင် ဆိုဗီယက်ပြည်ထောင်စုရဲ့ လေကြောင်းစီမံကိန်းအောက်မှာ အကောင်အထည်ဖော်ခဲ့ပြီး ၁၉၈၈ ခုနှစ်မှာ ပထမဆုံး စတင် ပျံသန်းခဲ့ပါတယ်။ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက် အဲဒီလောယာဉ်ဟာ ယူကရိန်းမှာသာ တစ်စီးတည်းရှိတော့ပြီး ၂၀၀၁ ခုနှစ်မှာ စမ်းသပ်ပျံသန်းမှု ပြုလုပ်ခဲ့ပါတယ်။

    Ref: Reuters

  • ဘီလီယံနာအေလွန်မက်စ်က Starlink အင်တာနက်စနစ်ကို ယူကရိန်းပြည်သူများသုံးနိုင်အောင် စီစဉ်ပေး

    ဘီလီယံနာအေလွန်မက်စ်က Starlink အင်တာနက်စနစ်ကို ယူကရိန်းပြည်သူများသုံးနိုင်အောင် စီစဉ်ပေး

    ဖေဖော်ဝါရီ ၂၇၊ ၂၀၂၂

    M-Media 

    -အင်တာနက်ပြတ်တောက်မှုတွေရှိနေတဲ့ ယူကရိန်းနိုင်ငံမှာ ဂြိုဟ်တုအခြေပြု အင်တာနက် ဆက်သွယ်ရေးစနစ် Starlink အသုံးပြုနိုင်အောင် စီစဥ်ပေးထားတယ်လို့ SpaceX ပိုင်ရှင် အေလွန်မက်စ်က ထုတ်ပြန်ပါတယ်။

    ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံအတွင်း အထူးသဖြင့် နိုင်ငံအရှေ့ပိုင်းနဲ့ တောင်ပိုင်းတွေမှာ အင်တာနက်ပြတ်တောက်မှုတွေကို ကြုံတွေ့နေရတာပါ။ 

    ဒီအခက်အခဲကို ပြေလည်အောင် ဖြေရှင်းပေးဖို့ ယူကရိန်းသမ္မတ ဇယ်လင်စကီးက အေလွန်မက်စ်ကို Twitter စာမျက်နှာကတစ်ဆင့် တောင်းဆိုခဲ့ပြီးတဲ့နောက် Starlink အသုံးပြုနိုင်အောင် လုပ်ဆောင်ပေးလိုက်တယ်လို့ အေလွန်မက််စ်က ထုတ်ပြန်ခဲ့ပါတယ်။

     “Starlink ကို အခု ယူကရိန်းမှာ စသုံးလို့ ရပါပြီ။ နောက်ထပ် ဂြိုဟ်တုတွေလည်း လာတော့မှာပါ” လို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

    ဂြိုဟ်တုကို အခြေပြုတဲ့ အင်တာနက် ဆက်သွယ်ရေးစနစ်ဟာ ကုန်ကျစားရိတ် ကြီးပေမယ့် တာ၀ါတိုင်ခြေပြုစနစ်၊ ဖိုက်ဘာကေဘယ်ကြိုးအခြေပြု ဆက်သွယ်ရေးစနစ်ထက် ပိုမိုကောင်းမွန်ပါတယ်။

    တာ၀ါတိုင်၊ ကေဘယ်ကြိုးမရောက်နိုင်တဲ့ ၀ေးလံခေါင်းဖျားဒေသတွေမှာ အင်တာနက်၀န်ဆောင်မှု ပေးနိုင်သလို၊ သဘာ၀ဘေးအန္တရာယ်နဲ့ ရင်ဆိုင်ရတဲ့အခါမှာလည်း ဂြိုဟ်တုအခြေပြု အင်တာနက်စနစ်က ဆက်သွယ်မှု ပြတ်တောက်မှာ မစိုးရိမ်ရတော့ပါဘူး။

    ဘီလီယံနာ အေလွန်မက်စ်တဲ့ Starlink အင်တာနက်ဆက်သွယ်ရေးစနစ်အတွက် ဂြိုဟ်တု ၁၄၆၉ လုံး လည်ပတ်အလုပ်လုပ်နေပြီး နောက်ထပ်၂၇၂ လုံး လွှတ်တင်ဖို့ ရှိပါတယ်။

    Ref: Reuters

  • ရုရှား၏ ကျူးကျော်မှု ၃ ရက်အတွင်း ယူကရိန်းအရပ်သား ၂၄၀ ကျော် ထိခိုက်သေဆုံး

    ရုရှား၏ ကျူးကျော်မှု ၃ ရက်အတွင်း ယူကရိန်းအရပ်သား ၂၄၀ ကျော် ထိခိုက်သေဆုံး

    ဖေဖော်၀ါရီ ၂၇၊ ၂၀၂၂
    M-Media

    -ရုရှား ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှု ၃ ရက်အတွင်း အရပ်သား ထိခိုက်ဒဏ်ရာရသူ ဦးရေ ၂၄၀ လောက်ရှိနေပြီး မြေပြင်အရေအတွက်ဟာ အခုထက်ပိုများနိုင်တယ်လို့ ကုလသမဂ္ဂက စနေနေ့မှာ ထုတ်ပြန်ပါတယ်။

    အရပ်ဖက်နေရာတွေကို မတိုက်ခိုက်ဘဲ စစ်ဖက်ပစ်မှတ်တွေကိုသာ တိုက်ခိုက်တာလို့ ရုရှားက ထုတ်ပြန်ထားပေမယ့် လူနေအိမ်တွေ ဒုံးကျည်နဲ့ ပစ်ခံရတာ၊လမ်းတံတားတွေ ဖျက်ဆီးခံရတာ၊ ရေနံနဲ့ သဘာ၀ဓာတ်ငွေ့ပိုက်လိုင်းတွေ တိုက်ခိုက်ခံရတာတွေ ရှိနေပါတယ်။

    ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာရုံးရဲ့ မနေ့က ထုတ်ပြန်ချက်မှာတော့ တိုက်ခိုက်မှုအတွင်း ယူကရိန်းအရပ်သား ၂၄၀ ကျော် ထိခိုက်ခဲ့ပြီး သေဆုံးသူ ၆၄ ဦး ရှိတယ်လို့ ဖော်ပြထားပါတယ်။

    အချက်အလက် ကောက်ယူရရှိသလောက်ပဲဖြစ်ပြီး မြေပြင်မှာ ထိခိုက်သေဆုံးမှု အရေအတွက် သိသိသာသာ များနိုင်တယ်လို့လည်း ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    စစ်ပွဲကြောင့် ယူကရိန်းနိုင်ငံအတွင်း လူပေါင်း ၁၆၀၀၀၀ လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသလို၊ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးရတဲ့ ဒုက္ခသည်အရေအတွက်က ၁၁၆၀၀၀ လောက် ရှိနေပါတယ်။

    Ref : Reuters