အောက်တိုဘာ ၃၀၊ ၂၀၁၄
M-Media
သတင်း- မိုးစက်
ရန်ကုန်။ ။ ၂၀၁၄-ခု အောက်တိုဘာလ ၁၇-ရက်နေ့ အောင်ဇေယျတုဂျာနယ် အမှတ်(၄၄) တွင် အစ္စလာမ်ဘာသာကို အစွန်းရောက်ဝါဒဖြင့် စွပ်စွဲပြီး တမန်တော် မုဟမ္မဒ်(ဆွ) ကို အမည်တပ်၍ စော်ကားထားခြင်းအပေါ်ကို အမျိုးသားညီညွတ်ရေး ကွန်ဂရက် ဌာနချုပ် (UNC ပါတီ) မှ အောက်တိုဘာလ ၂၇ ရက်နေ့တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့် ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်တို့ထံသို့ အိတ်ဖွင့်ပေးစာပေးပို့ခဲ့ပြိး အောင်ဇေယျတုဂျာနယ်အား ထိရောက်စွာ အရေးယူပေးပါရန် ကြေညာချက် တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့ကြောင်း သိရပါတယ်။
ယင်းကြေငြာချက်တွင် အောင်ဇေယျတု ဂျာနယ်သည် ဘာသာရေး လူမျိုးရေး အမုန်းတရားများကို ပွားများစေသော ရေးသားချက်များပါဝင်နေပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ ပြစ်မှုဆိုင်ရာ ဥပဒေ၊ သတင်းမီဒီယာ ဥပဒေပြဌာန်းချက်များကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်နေသောကြောင့် အကြမ်းဖက်မှုများကို ဦးတည်လာနိုင်ဖွယ်ရှိသော အဆိုပါ ဂျာနယ်အား ထိရောက်စွာ အရေးယူပေးပါရန် ဖော်ပြထားပါတယ်။
“ကျွန်တော်တို့ အစ္စလာမ် ဘာသာဝင်တွေ အားလုံးက ချစ်ခင်မြတ်နိုးရတဲ့ တမန်တော်မြတ်ကြီးကို စော်ကားပါတယ်။ တမန်တော်ဆိုတာ အစ္စလာမ်ဘာသာဝင်တွေ အားလုံးလေးစားတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ နိုင်ငံတော်က ပြဌာန်းထားတဲ့ ဥပဒေတွေရှိရဲ့သားနဲ့ အရေးမယူဘဲ ရေငုံနှုတ်ပိတ်လုပ်နေတဲ့ အတွက်ကြောင့် ကျွန်တော်တို့ ပသီ အမျိုးသားတွေ အနေနဲ့ ယခုလို တောင်းဆိုရခြင်းဖြစ်ပါတယ်” ဟု အမျိုးသားညီညွတ်ရေး ကွန်ဂရက်မှ ဒုဥက္ကဌ ဦးလှဝင်းက ပြောပါတယ်။
အောင်ဇေယျတုဂျာနယ်မှ ရေးသားထားသည့် ရေးသားချက်များကို ထိရောက်စွာ အရေးယူပေးရန်အတွက် အစ္စလာမ်ဘာသာရေး အဖွဲ့ကြီး ၅ ဖွဲ့မှလည်း အောက်တိုဘာလ ၂၂ ရက်နေ့ ရက်စွဲဖြင့် သမ္မတထံသို့ တိုင်ကြားစာ ပေးပို့ထားကြောင်း သိရတယ်။
ဒါဟာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးမှ ဒုတိယအကြိမ် တိုင်ကြားခြင်းဖြစ်ပြီး ၃၁.၁.၂၀၁၄ ရက်နေ့ထုတ် အောင်ဇေယျတု အမှတ် ၇ စာစောင်တွင်လည်း အလားတူ အစ္စလာမ်သာသနာကို စော်ကားရေးသားခဲ့၍ ဖေဖော်ဝါရီလ ၅ ရက်နေ့က နိုင်ငံတော်အစိုးရထံသို့ တရားဝင် ကန့်ကွက်တိုင်ကြားမှုများ ပြုလုပ်ခဲ့ပေမယ့် သက်ဆိုင်ရာ အာဏာပိုင်များမှ ထိရောက်သည့် အရေးယူ ဆောင်ရွက်မှုများ မပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။
Leave a Reply
You must be logged in to post a comment.