News @ M-Media

Tag: US Muslims

  • တက္ကဆက်ရှိ မုန်တိုင်းသင့်ပြည်သူများကို အမေရိကန်မွတ်စလင်များ အကူအညီပေးနေ

    တက္ကဆက်ရှိ မုန်တိုင်းသင့်ပြည်သူများကို အမေရိကန်မွတ်စလင်များ အကူအညီပေးနေ

    သြဂုတ် ၃၀၊ ၂၀၁၇
    M-Media

    မုန်တိုင်းကြောင့် ဟူစတန်မြို့ ရေကြီးမှုမြင်ကွင်း

    – အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်မှ ဟာရီကိန်းမုန်တိုင်းဒဏ် ခံစားခဲ့ရသည့် ပြည်သူများကို အကူအညီပေးရေး လုပ်ငန်းများတွင် အမေရိကန်မွတ်စလင်အဖွဲ့အစည်းများလည်း ပူးပေါင်းပါဝင်နေကြသည်ဟု သိရသည်။

    အမေရိကန်မွတ်စလင်လူငယ်များအသင်း (Muslim Youth USA) မှ အဖွဲ့ဝင် ၁၀၀ ကျော်၊ အဟ်မဒီယာမွတ်စလင်လူငယ်များအသင်း (Ahmadiyya Muslim Youth Association) မှ အဖွဲ့ဝင် ၄၀ ခန့်မှာ ဟူစတန်မြို့ရှိ မုန်တိုင်းသင့် ပြည်သူများကို အစားအသောက်များ၊ သောက်ရေများနှင့် အခြား ပစ္စည်းများကို ဝေငှပေးနေကြသည်ဟု အကူအညီပေးရေးလုပ်ငန်းကို စီစဉ်သူများက ပြောကြားခဲ့ကြသည်။

    အဆိုပါအဖွဲ့များမှာ အနီးအနားရှိ မြို့များမှ မွတ်စလင် စေတနာ့ဝန်ထမ်းများကို ထပ်မံစုဆောင်းရန်လည်း ပြင်ဆင်နေသည်။

    အကူအညီပေးရေးအဖွဲ့မှ တာဝန်ရှိသူ ဒါရိုက်တာ မာဒီလ် အဘ်ဒူလာက ၎င်းတို့အဖွဲ့အစည်းမှ အဖွဲ့ဝင်ပေါင်း ၇၀၀ ကျော်မှာ မုန်တိုင်းဒဏ်ကို ခံစားရသော်လည်း စေတနာ့တန်ထမ်းများမှာ အကူအညီလိုအပ်နေသူ မည်သူ့ကိုမဆို ကူညီဖေးမပေးနေသည်ဟု ပြောကြားခဲ့သည်။

    “စားစရာနဲ့ ရေသန့်ဘူးလို အခြေခံပစ္စည်းတွေကို ကျွန်တော်တို့ ဝေငှပေးခဲ့ကြပါတယ်။ လှေရှိတဲ့ အဖွဲ့ဝင်တွေက အနီးနားတစ်ဝိုက်မှာ လှေနဲ့လှည့်ပတ်ပြီး အန္တရာယ်ကင်းလားဆိုတာကို ကြည့်ရှုခဲ့ကြပါတယ်” ဟု အဘ်ဒူလာက ပြောကြားခဲ့သည်။

    ဟာရီကိန်းဟာဗီးကြောင့် တက္ကဆက်ပြည်နယ်တွင် လူတစ်ချို့ သေဆုံးခဲ့ပြီး၊ ရေကြီးရေလျှံမှုများ၊ ဓာတ်အားပျက်တောက်မှုများလည်း ဖြစ်ပွားခဲ့သည်။ လက်ရှိတွင် အဆိုပါမုန်တိုင်းမှာ အပူပိုင်းမုန်တိုင်းအဖြစ်သို့ အဆင့်လျော့ကျသွားပြီး လူဝီစီယားနားပြည်နယ်သို့ ဦးတည်နေသည်။

    Ref: Independent

  • ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်ခံရသည့် မွတ်စလင်အမျိုးသမီးကို အစိုးရက နစ်နာကြေးပေးရန် ကန်တရားရုံးဆုံးဖြတ်

    ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်ခံရသည့် မွတ်စလင်အမျိုးသမီးကို အစိုးရက နစ်နာကြေးပေးရန် ကန်တရားရုံးဆုံးဖြတ်

    သြဂုတ် ၁၂၊ ၂၀၁၇
    M-Media

    – ခေါင်းဆောင်းပုဝါကို အဓမ္မဆွဲချွတ်မှုအတွက် ရဲတပ်ဖွဲ့အား တရားစွဲဆိုထားသည့် ကယ်လီဖိုးနီးယားမှ မွတ်စလင်အမျိုးသမီးတစ်ဦးကို တရားရုံးက အနိုင်ပေးလိုက်ပြီး အစိုးရက နစ်နာကြေး ဒေါ်လာ ၈၅၀၀၀ ပေးဆောင်ရန်လည်း ဆုံးဖြတ်ခဲ့သည်။

    ကီရ်စတီ ပါဝဲလ်ဆိုသည့် မွတ်စလင်အမျိုးသမီးမှာ ပြီးခဲ့သည့်နှစ်က သူမ၏ ခင်ပွန်းနှင့်အတူ ခရီးသွားနေစဉ် ခွင့်မပြုသည့် ကားကို စီးနင်းသည်ဟုဆိုကာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ပါဝဲလ်မှာ ခရီးသည်သာဖြစ်သော်လည်း သူမ၏နာမည်ပါ ဖမ်းဝရမ်းတစ်ခုကြောင့် ဖမ်းဆီးခံခဲ့ရသည်။

    ဇနီးအတွက် ရဲမေက ကိုင်တွယ်ဆောင်ရွက်ရန် ပါဝဲလ်၏ခင်ပွန်းက တောင်းဆိုခဲ့သော်လည်း ရဲများက လက်မခံခဲ့ဘဲ ခေါင်းဆောင်းပုဝါကို အတင်းအဓမ္မ ဆွဲချွတ်ခဲ့သည်။ ရဲစခန်းတွင် တစ်ညတာ နေထိုင်နေရသည့် ပါဝဲလ်မှာ ရဲတပ်ဖွဲ့အနေဖြင့် သူမ၏ ဘာသာရေးလွတ်လပ်ခွင့်ကို ချိုးဖောက်သည်ဟုဆိုကာ နောက်ပိုင်းတွင် တရားရုံး၌ တရားစွဲဆိုခဲ့သည်။

    ရဲတပ်ဖွဲ့က ခေါင်းဆောင်းပုဝါမပါသည့် ဓာတ်ပုံကို လိုချင်သည့်အတွက် ပုဝါကို ဆွဲချွတ်ခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့သည်။ တရားရုံးဖိုင်တွင် ထိုကဲ့သို့ ဆောင်ရွက်ခြင်က ဘာသာရေးကို လွတ်လပ်စွာ ကျင့်သုံးခွင့်ကို ပိတ်ပင်ရာရောက်ပြီး ကီရ်စတီ ပါဝဲလ်မှာ အရှက်ရမှု၊ စိတ်မသက်မသာဖြစ်မှု၊ စိတ်ဓာတ်ကျဆင်းမှုကို ခံစားခဲ့ရသည်ဟု ဖော်ပြထားသည်။

    တရားရုံးက ကြားနာစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် အင်္ဂါနေ့တွင် ပါဝဲလ်အား အနိုင်ပေးခဲ့ပြီး အခင်းဖြစ်ပွားရာ ကယ်လီဖိုးနီးယားပြည်နယ် လောင်းဘီခ်ျမြို့အနေဖြင့် ပါဝဲလ်ကို နစ်နာကြေး ကန်ဒ်ါလာ ၈၅၀၀၀ ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့သည်။

    အမေရိကန်တွင် အကြီးဆုံး မွတ်စလင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် အမေရိကန်-အစ္စလာမ် ဆက်ဆံရေးအဖွဲ့က ထိုဆုံးဖြတ်ချက်အတွက် စိတ်သက်သာရသည်ဟု ပြောကြားခဲ့ပြီး၊ အခြေခံဥပဒေက အပ်နှင်းထားသည့် ရပိုင်ခွင့်ကို ကာကွယ်ခဲ့သည့်အတွက်လည်း ပါဝဲလ်ကို ချီးကျူးခဲ့သည်။

    Ref: CNN

  • မင်နီဆိုတာတွင် တိုက်ခိုက်ခံရသည့်ဗလီ ပြုပြင်ရန် အမေရိကန်ပြည်သူများ ရန်ပုံငွေရှာဖွေပေး

    မင်နီဆိုတာတွင် တိုက်ခိုက်ခံရသည့်ဗလီ ပြုပြင်ရန် အမေရိကန်ပြည်သူများ ရန်ပုံငွေရှာဖွေပေး

    သြဂုတ် ၁၁၊ ၂၀၁၇
    M-Media

    ဒါရ် အလ်-ဖာရွတ်က်ဗလီရှေ့တွင် ပန်းစည်းလာချပေးသည့် အမေရိကန်ပြည်သူတစ်ဦး

    – အမေရိကန်ပြည်ထောင်စု မင်နီဆိုတာပြည်နယ်မှာ ပြီးခဲ့တဲ့တစ်ပတ်က ဗုံးခွဲတိုက်ခိုက်ခံရတဲ့ ဗလီဝတ်ကျောင်းတော် ပြန်လည်ပြုပြင်မွမ်းမံရေးအတွက် အမေရိကန်ပြည်သူတွေရဲ့ လှူဒါန်းမှုဟာ ဒေါ်လာ ၁ သိန်းကျော် ရရှိနေပြီး၊ ဗလီဝတ်ကျောင်းကို လာရောက်နှစ်သိမ့်အားပေးသူတွေလည်း ရှိနေပါတယ်။

    ဘလူမင်တန်မြို့က ဒါရ် အလ်-ဖာရွတ်က်ဗလီကို ဒီတိုက်ခိုက်မှုဟာ စနေနေ့မနက် အရုဏ်တက်ချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဆောက်အဦး အပျက်အဆီးတစ်ချို့ ရှိခဲ့ပေမယ့် သေဆုံးဒဏ်ရာရမှုတော့ မရှိပါဘူး။ FBI က ဒါဟာ လက်လုပ်ဗုံးနဲ့ တိုက်ခိုက်ခံရတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    မြို့တော်ဝန် မာ့ခ် ဒေတန်က တနင်္ဂနွေနေ့မှာ ဗလီဝတ်ကျောင်းတော်ကို လာရောက်ကြည့်ရှုခဲ့ပြီး ဒီတိုက်ခိုက်မှုဟာ ‘အကြမ်းဖက်လုပ်ရပ်’ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ လူဖြူအစွန်းရောက်တွေ အကြမ်းဖက်တိုက်ခိုက်မှုလုပ်ရင် နှုတ်ဆိတ်နေတတ်တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ဒီကိစ္စအတွက် ဘာမှ မပြောသေးပါဘူး။

    ဗလီဝတ်ကျောင်းတော် ပြန်လည်ပြင်ဆင်ဖို့အတွက် အွန်လိုင်းမှာ GoFundMe crowdfunding၊ LaunchGood စတဲ့ အမည်တွေနဲ့ ရန်ပုံငွေ ကောက်ခံနေပြီး အခုအချိန်မှာ နှစ်ခုပေါင်း ကန်ဒေါ်လာ ၁ သိန်းကျော်လောက် ရရှိနေပါပြီ။

    ဒေသတွင်း ပြည်သူတွေကလည်း ဗလီဝတ်ကျောင်းတော်ကို လာရောက်ပြီး ပန်းစည်းတွေချကာ မွတ်စလင်လူ့အဖွဲ့အစည်းကို အားပေးနှစ်သိမ့်မှုတွေ ပြုလုပ်နေကြပါတယ်။

    ဒါရ် အလ်-ဖာရွတ်က် ဗလီဝတ်ကျောင်းတော်ရဲ့ ဒါရိုက်တာဖြစ်တဲ့ မိုဟာမက် အိုမာရ်က ပြည်သူတွေထံကနေ ရရှိတဲ့ အားပေးနှစ်သိမ့်မှုအတွက် မွတ်စလင်လူ့အဖွဲ့အစည်းအနေနဲ့ ကျေးဇူးအထူးတင်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒီလိုတိုက်ခိုက်ခံရမှုဟာ ဆိုးဝါးပြီး တုန်လှုပ်စရာပါပဲ။ ဒါပေမယ့် တစ်ဖက်မှာ လူမွန်လူကောင်းတွေလည်း ပေါ်ထွက်လာပြီး အဲဒီလူတွေဟာ လူဆိုးတစ်ယောက်ထက်တောင် ပိုများသွားပါတယ်။ လူ့အဖွဲ့အစည်းကနေပြီး ကျွန်တော်တို့ကို အားပေးထောက်ခံတဲ့အတွက် ကျွန်တော်တို့ အရမ်းကို ကျေနပ် ပီတိဖြစ်ရပါတယ်”

    မူလတန်းကျောင်းဟောင်းတစ်ခုကို ပြင်ဆင်ကာ ၂၀၁၁ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တဲ့ ဒီဗလီဝတ်ကျောင်းတော်ကို အဓိကအားဖြင့် ဘူမင်တန်မြို့က ဆိုမာလီမွတ်စလင်တွေက အသုံးပြုတာဖြစ်ပါတယ်။

    Ref: Independent

  • မင်နီဆိုတာဗလီ တိုက်ခိုက်ခံရမှုအတွက် မတုန့်ပြန်သည့် သမ္မတထရမ့် ဝေဖန်ခံနေရ

    မင်နီဆိုတာဗလီ တိုက်ခိုက်ခံရမှုအတွက် မတုန့်ပြန်သည့် သမ္မတထရမ့် ဝေဖန်ခံနေရ

    သြဂုတ် ၇၊ ၂၀၁၇
    M-Media

    ဗုံးဖြင့် တိုက်ခိုက်ခံရသည့် ဒါရွလ် ဖာရွက် ဗလီဝတ်ကျောင်းတော်

    – အမေရိကန်ပြည်ထောင်စု မင်နီဆိုတာပြည်နယ် ဘလွန်မင်တန်မြို့ရှိ ဗလီဝတ်ကျောင်းတော်တစ်လုံးမှာ စနေနေ့မနက်ပိုင်းက ဗုံးဖြင့် တိုက်ခိုက်ခံခဲ့ရပြီး ထိုအဖြစ်အပျက်နှင့်ပတ်သက်၍ သမ္မတထရမ့်က မည်သည့်တုန့်ပြန်မှုမှ မပြုလုပ်သည့်အတွက် ဝေဖန်မှုများလည်း မြင့်တက်လာခဲ့သည်။

    ဒါရွလ် ဖာရွက် ဗလီဝတ်ကျောင်းတော်တွင် အရုဏ်တက်ဝတ်ပြုမှုအတွက် စီစဉ်နေစဉ် ဒေသစံတော်ချိန် မနက် ၅ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အခင်းဖြစ်ပွားချိန်တွင် ဗလီဝတ်ကျောင်းတော်၌ လူ ၂၀ ခန့်ရှိနေပြီး ၀တ်ကျောင်းတော် ထိခိုက်ပျက်ဆီးမှု ရှိခဲ့သော်လည်း သေဆုံး ဒဏ်ရာရမှု မရှိခဲ့ချေ။

    FBI ကမူ ထိုကိစ္စအတွက် စုံစမ်းစစ်ဆေးမှုပြုလုပ်နေပြီး လက်လုပ်ဗုံးဖြင့် တိုက်ခိုက်ခံရခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။ အမေရိကန်ရှိ အခြားသော ဗလီဝတ်ကျောင်းတော်များ ခြိမ်းခြောက်ခံခဲ့ရသကဲ့သို့ အဆိုပါ ဗလီဝတ်ကျောင်းတော်မှာလည်း ခြိမ်းခြောက်ခံခဲ့ရပြီးနောက် ယခုကဲ့သို့ တိုက်ခိုက်ခံခဲ့ရသည်။

    မွတ်စလင်အစွန်းရောက်များ၏ တိုက်ခိုက်မှုများကို လျင်လျင်မြန်မြန် ဝေဖန်ပြစ်တင်တတ်သည့် သမ္မတ ဒေါ်နယ်ထရမ့်က ယခုအဖြစ်အပျက်အပါအ၀င် လူဖြူအစွန်းရောက်များ၏ တိုက်ခိုက်မှုအတွက် နှုတ်ဆိတ်နေလေ့ ရှိသည်။

    Mother Jones မဂ္ဂဇင်း၏ အယ်ဒီတာဖြစ်သူ မာ့ခ် ဖိုလ်မန်က ထရမ့်အနေဖြင့် ယခုကဲ့သို့ နှုတ်ဆိတ်နေခြင်းမှာ တိုက်ခိုက်ခံရသည့်နေရာကြောင့် ဖြစ်သည်ဟု Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။

    “လက်လုပ်ဗုံးနဲ့ ၀တ်ပြုရာနေရာတစ်ခုကို ဗုံးခွဲမှုကို အမေရိကန်သမ္မတကြီးက ၀န်ခံပြောကြားမှုမရှိတာဟာ ထုံးစံလို ဖြစ်နေပါပြီ” ဟု ထရမ့်က တုန့်ပြန်မှုမရှိခဲ့သည့် လူဖြူလက်ယာစွန်းရောက်များ ယခင်က တိုက်ခိုက်ခဲ့သော နေရာများစာရင်းကို လွှင့်တင်ပြီးနောက် ရေးသားခဲ့သည်။

    မာတီ ပါရစ်ရှ်ဆိုသူက “ဒီဗုံးခွဲမှုဒဏ် ခံရသူတွေ၊ ဗလီတာဝန်ရှိသူတွေအတွက် ထရမ့်က ထုတ်ပြန်တဲ့ ကြေငြာချက်လေးများ တွေ့မိကြသေးလား။ သူ ဒါကို သိရောသိရဲ့လား” ဟု ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့သည်။

    ဗလီဝတ်ကျောင်းတော် ဗုံးခွဲခံရမှုကို မီဒီယာများက အလေးထားဖော်ပြခြင်းမရှိသည့်အတွက်လည်း ဝေဖန်မှုများ ရှိနေသည်။ အမေရိကန်မှ သတင်းဌာန တစ်ချို့မှာ ထိုသတင်းကို ဖော်ပြခဲ့ခြင်း မရှိပေ။

    ဘရောင်း ဆာရာဆိုသည့် Twitter သုံးစွဲသူ အမျိုးသမီးက “မကြာခင်ကပဲ မင်နီဆိုတာက ဗလီကို တစ်ယောက်ယောက်က ဗုံးခွဲခဲ့တယ်။ မီဒီယာနယ်ပယ်က မွတ်စလင်တွေကို ပုံဖျက်ဖို့သာ စိတ်ဝင်စားတာကြောင့် ဒီသတင်းကို ရှင်တို့ ကြားတောင်ကြားမှာ မဟုတ်ပါဘူး” ဟု ရေးသားခဲ့သည်။

    တက်ကြွလှုပ် အစ်မရမ်း ဂျိတ်ဆင်း ဆိုသူကလည်း မီဒီယာများအနေဖြင့် အဆိုပါတိုက်ခိုက်မှုအတွက် ‘အကြမ်းဖက်ဝါဒ’ စကားလုံး မသုံးမှုကို ဝေဖန်ခဲ့သည်။

    “ဒီသတင်းခေါင်းစဉ်က နောက်နေတာလား။ မွတ်စလင်တွေ ပစ်မှတ်ထားခံရလို့ အကြမ်းဖက်ဝါဒလို့ မသုံးတာလား။ ဘာ့ကြောင့် စံနှစ်ခု ဖြစ်နေတာလဲ” ဟု နယူးယောက်တိုင်းမ်စ်မှ ဖော်ပြသည့် သတင်းကို ပြန်လည်မျှဝေကာ ရေးသားခဲ့သည်။

    ဒါရွလ် ဖာရွက် ဗလီဝတ်ကျောင်းတော် တိုက်ခိုက်ခံရပြီးနောက်ပိုင်း ပျက်ဆီးသွားသည်များကို ပြန်လည် ပြုပြင်ရန်အတွက် အမေရိကန်ပြည်သူများက လှူဒါန်းမှု ပြုလုပ်ခဲ့ပြီး ကန်ဒေါ်လာ ၁၂၀၀၀ အထိ ရရှိနေပြီဖြစ်သည်။

    ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲ မဲဆွယ်မှုကာလမှစ၍ အမေရိကန်တွင် မွတ်စလင်ဆန့်ကျင်ရေး တိုက်ခိုက်မှုများ မြင့်တက်လာခဲ့ပြီး၊ ထရမ့်အနိုင်ရရှိပြီးနောက်တွင် ပိုမိုဆိုးရွားလာခဲ့သည်ဟု အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီ (CAIR) က ပြောကြားခဲ့သည်။

    Ref: Aljazeera

     

  • ဗလီဖျက်ဆီးခံရမှုကို ဆန့်ကျင်သည့် လှုပ်ရှားမှုတစ်ခု ကန်ပြည်သူများ ပြုလုပ်

    ဗလီဖျက်ဆီးခံရမှုကို ဆန့်ကျင်သည့် လှုပ်ရှားမှုတစ်ခု ကန်ပြည်သူများ ပြုလုပ်

    ဇူလိုင် ၁၂၊ ၂၀၁၇
    M-Media

    – အမေရိကန်ပြည်ထောင်စု တန်နက်ဆီပြည်နယ် မြို့တစ်မြို့က ဗလီဝတ်ကျောင်းတော်တစ်ခု နှောက်ယှက်ခံရမှုကို ဆန့်ကျင်ပြီး မွတ်စလင်လူ့အဖွဲ့အစည်းနဲ့ တစ်သားတည်းရှိကြောင်း ပြသဖို့အတွက် ဒေသခံပြည်သူတွေဟာ မနေ့ညနေက အဲဒီဗလီဝတ်ကျောင်းတော်ရှေ့မှာ စုရုံးခဲ့ကြပါတယ်။

    မာဖရီးစ်ဘိုရိုမြို့က ဗလီဝတ်ကျောင်းတော်ဟာ စနေနေ့မှာ နှောက်ယှက်ခံခဲ့ရတာဖြစ်ပြီး ကျူးလွန်သူတွေက နံရံမှာ စော်ကားတဲ့မှတ်ချက်တွေကို ရေးသားခဲ့ကာ တံခါးလက်ကိုင်နဲ့ လျှောက်လမ်းတွေမှာ ၀က်သားတုံးတွေ ချိတ်ဆွဲတာ၊ ကြဲချတာမျိုးတွေ လုပ်ခဲ့ပါတယ်။

    ဒါပေမယ့် မြို့နေပြည်သူတွေကတော့ ဒီလိုလုပ်ရပ်တွေကို ရှုတ်ချုပ်ဖို့၊ လူနည်းစုတွေကို အားပေးဖို့ ၀န်မလေးခဲ့ပါဘူး။

    မွတ်စလင်တွေနဲ့ တစ်သားတည်းရှိကြောင်းပြသဖို့ အဝေးတစ်နေရာကနေ လာရတဲ့ ဒီယာနီ ရှူလ်မန်က “ကြောက်ရွံ့မှုဟာ အမုန်းရဲ့ အခြေခံပါပဲ။ ကိုယ်မသိတဲ့လူ၊ ကိုယ်မသိတဲ့အရာတစ်ခုကို ကြောက်ရွံ့နေမယ်ဆိုရင် အဲဒီကြောက်ရွံ့မှုက ဒေါသဖြစ်လာပြီး တစ်ခါတစ်ရံမှာ အကြမ်းဖက်မှု ဖြစ်ပွားပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

    မာဖရီးစ်ဘိုရိုက ပြည်သူတွေဟာ သူတို့ရဲ့မြို့လေးကို နွေးထွေးတဲ့မြို့လေးတစ်ခုဖြစ် ထိန်းသိမ်းထားချင်တာပါ။

    “မိခင်တစ်ယောက်အနေနဲ့ ကိုယ့်ကလေးတွေကို စာနာတတ်ဖို့၊ အခြားသောယဉ်ကျေးမှုတွေနဲ့ ရင်းနှီးကျွမ်းဝင်အောင်လုပ်ဖို့ အရေးကြီးတယ်ဆိုတာ ကျွန်မ သိပါတယ်။ လူ့အဖွဲ့အစည်းမှာ တစ်ဝိုင်းတည်းထိုင်ပြီး ကိုယ့်ရဲ့ ကိစ္စတွေကို ပြောဆိုဖို့၊ ကိုယ့်ရဲ့ သတင်းစကားတွေကို ပိုပြီး ရှင်းရှင်းလင်းလင်းပြောပြဖို့ လိုအပ်ပါတယ်” လို့ စုရုံးပွဲမှာ ပါဝင်ခဲ့တဲ့ အေရီယဲလ် ပေါ်ဝဲလ်က ပြောကြားခဲ့ပါတယ်။ ပေါ်ဝဲလ်တို့ ဇနီးမောင်နှံ နှစ်ဦးစလုံးဟာ ဒီလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။

    နောက်ပြီး လူတွေက ဒါမျိုးလုပ်ရပ်တွေ လုပ်တယ်ဆိုတာ မယုံနိုင်ကြောင်း၊ ဒါဟာ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို ပြဿရာမရောက်ကြောင်းလည်း ပေါ်ဝဲလ်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    မာဖရီးစ်ဘိုရိုက ဒီဗလီဝတ်ကျောင်းတော်ဟာ ယခင်ကလည်း နှောက်ယှက်ဖျက်ဆီးမှုတွေကို ခံခဲ့ရဖူးပြီး၊ ဒေသခံလူ့အဖွဲ့အစည်းက အကြိမ်တိုင်း ရှုတ်ချခဲ့ပါတယ်။

    ဗလီဝတ်ကျောင်းတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဆာလေဟ် ဆဘီနတီက ဒီလိုမျိုး ပြည်သူတွေရဲ့ မေတ္တာကို ရရှိတဲ့အတွက် အံ့အားသင့်ရတယ်လို့ ဆိုပါတယ်။

    “ကျွန်တော်တို့လူ့အဖွဲ့အစည်းဟာ တော်တော်လေး ကြံ့ကြံ့ခံနိုင်ပြီး၊ နာကျင်မှုတွေကိုလည်း အများအပြား ခံစားခဲ့ရပါတယ်။ အကြိမ်တိုင်းမှာ ဒီကလူ့အဖွဲ့အစည်းဟာ ဒီလိုအခြေအနေမျိုးကို နှစ်လိုဖွယ်ရာကောင်းတဲ့ အရာအဖြစ် ပြောင်းလဲပေးခဲ့ပါတယ်” လို့ ဒေါက်တာက ပြောကြားခဲ့ပါတယ်။

    တနင်္လာနေ့က အဖြစ်အပျက်အတွက် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး သံသယရှိသူစာရင်းကိုတော့ မကြေငြာသေးပါဘူး။

    Ref: wsmv, fox17