News @ M-Media

Tag: US Muslims

  • အမေရိကန်စာသင်ကျောင်းတွင် မွတ်စလင်ကလေးငယ်ကို အကြမ်းဖက်သမားအဖြစ် အဓမ္မ ခံဝန်ထိုးခိုင်း

    အမေရိကန်စာသင်ကျောင်းတွင် မွတ်စလင်ကလေးငယ်ကို အကြမ်းဖက်သမားအဖြစ် အဓမ္မ ခံဝန်ထိုးခိုင်း

    သြဂုတ် ၁၉၊ ၂၀၁၆
    M-Media

    us muslim child

    – မသန်စွမ်းသားဖြစ်သူကို အကြမ်းဖက်သမားတစ်ဦးအဖြစ် အတင်းအဓမ္မ ၀န်ခံလက်မှတ်ရေးထိုးခိုင်းခဲ့သည့် နယူးယောက်မှ စာသင်ကျောင်းတစ်ခုကို အမေရိကန်မွတ်စလင်မိသားစုတစ်ခုက တရားစွဲဆိုလိုက်သည်ဟု သိရသည်။

    အသက် ၁၂ နှစ်အရွယ်ရှိ နက်ရှ်ဝမ် အက်ပဲလ်ဖြစ်ပြီး သင်ကြားရေးဆိုင်ရာ မသန်စွမ်းသည့် ၎င်းအား စာသင်ကျောင်းက ဘာသာရေးဆိုင်ရာ စော်ကားသော အသုံးအနှုန်းများဖြင့် စော်ကားခဲ့ကာ၊ လက်ရောက်ကျူးလွန်မှုများလည်း ရှိခဲ့သည်ဟု ကန်ဒေါ်လာ ၂၅ သန်းတန် တရားစွဲဆိုမှုတွင် ဖော်ပြထားသည်။

    ရှေ့နေဖြစ်သူ ဒေးဗစ် အန့်ဝက်ကမူ စာသင်ကျောင်း၏ ဒုတိယကျောင်းအုပ်ဖြစ်သူ ဂျေဆန် စတန်တွန်မှာ အက်ပဲလ်အား အကြမ်းဖက်သမားတစ်ဦးအဖြစ် စာဖြင့်ရေးသားဝန်ခံရန် ဖိအားပေးခဲ့သည်။

    “စတန်တွန်က နက်ရှ်ဝမ်ကို မင်းက အကြမ်းဖက်သမားမဟုတ်လား၊ မင်းအိမ်မှာ ဗုံးတွေလုပ်နေတယ်မှတ်လားနဲ့ ခဏခဏမေးပါတယ်။ နက်ရှ်ဝမ်က ‘မဟုတ်ဘူး’ လို့ဖြေတဲ့အခါ စတန်တွန်က ‘မင်းငါတို့ကို လာမလိမ်’ လို့ အော်ငေါက်ခဲ့ပါတယ်” ဟု တရားစွဲဆိုမှု ဖိုင်တွင် ဖော်ပြထားသည်။

    နယူးယောက်မြို့ လောင်းအိုက်လန်းတွင် နေထိုင်သည့် အက်ပဲလ်၏ မိသားစုဝင်များက ကျောင်းအုပ်ချုပ်သူများမှာ အက်ပဲလ်အား IS အဖွဲ့ဝင် ဖြစ်ကြောင်း၊ ကျောင်းအပြင်ဘက်ခြံစည်းရိုးကို ဗုံးခွဲရန် ကြံနေကြောင်း ၀န်ခံလက်မှတ်ရေးထိုးရန် ဖိအားပေးခဲ့သည်ဟု ပြောကြားခဲ့သည်။

    ရှေ့နေကလည်း အတန်းဖော်များက အက်ပဲလ်အား အကြမ်းဖက်သမားတစ်ဦးအဖြစ် စော်ကားပြောဆိုမှုကို ကျောင်းအာဏာပိုင်များက လစ်လျူရှုခဲ့ကြောင်း၊ အက်ပဲလ်မှာ ‘အကြမ်းဖက်သမား’ (terrorist) ဆိုသည့်စကားလုံးအား ‘ခရီးသွား’ (tourist) ဟူသည့် စကားလုံးနှင့် မှားယွင်းနားလည်ထားကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

    ထိုကဲ့သို့ ကျောင်းက ခံဝန်လက်မှတ်ထိုးခိုင်းခဲ့ပြီးနောက် အက်ပဲလ်၏အိမ်ကို ရဲတပ်ဖွဲ့က ၀င်ရောက်ရှာဖွေခဲ့သည်။

    Ref : Presstv

  • နယူးယောက်တွင် ရှေ့ဆောင်အီမာမ်နှင့် ၎င်း၏လက်ထောက်တို့ သေနတ်ဖြင့် ပစ်သတ်ခံရ

    နယူးယောက်တွင် ရှေ့ဆောင်အီမာမ်နှင့် ၎င်း၏လက်ထောက်တို့ သေနတ်ဖြင့် ပစ်သတ်ခံရ

    သြဂုတ် ၁၄၊ ၂၀၁၆
    M-Media

    newyork

    – အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကွင်းမြို့နယ်ရှိ လမ်းမတစ်ခုတွင် ရှေ့ဆောင်အီမာမ်တစ်ဦးနှင့် ၎င်း၏ လက်ထောက်တို့ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်ဟု သိရသည်။

    သေဆုံးသွားသည့် ရှေ့ဆောင်အီမာမ်မှာ အသက် ၅၅ နှစ်အရွယ်ရှိ မောင်လာနာ အေကွန်ဂျီဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်မှ နယူးယောက်သို့ လွန်ခဲ့သည့် ၂ နှစ်က ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်ဟု ဒေသတွင်းသတင်းများက ဖော်ပြခဲ့သည်။ ၎င်း၏ လက်ထောက်မှာ အသက် ၆၄ နှစ်အရွယ် သာရာအူဒင်ဖြစ်သည်။

    ၎င်းတို့နှစ်ဦးမှာ ယမန်နေ့ ဒေသစံတော်ချိန် ၂ နာရီဝန်းကျင်ခန့်က အလ်-ဖွရ်ကန် ဂျာမေဗလီဝတ်ကျောင်းတော်မှ ထွက်ကာ လမ်းလျှောက်သွားနေစဉ် လူတစ်ယောက်က အနောက်မှကပ်၍ ဦးခေါင်းအား သေနတ်ဖြင့် ပစ်သွားခြင်းဖြစ်ပြီး ဘာသာတရားကြောင့် ပစ်မှတ်ထားခံရသည်လားဆိုသည်ကို မသိရှိရသေးဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    ထိုပစ်ခတ်မှုဖြစ်ပွားပြီးနောက် ကွင်းမြို့နယ်ရှိ မွတ်စလင်လူ့အဖွဲ့အစည်းမှာ အခင်းဖြစ်ရာနေရာတွင် စုဝေးကာ တရားမျှတမှုကို လိုချင်သည်ဟု ကျွေးကြော်ခဲ့ကြသည်။ ဆန္ဒပြသူများမှ အချို့က အဆိုပါ ပစ်ခတ်မှုမှာ အမုန်းတရားအခြေခံ ရာဖ၀တ်မှုဖြစ်သည်ဟု ယူဆကြောင်း ပြောကြားခဲ့ကြသည်။

    Ref : BBC

  • အစ္စလာမ်နဲ့ပတ်သက်သည့် ယူဆချက် အမှားများကို ဖြေရှင်းပေးသည့် အမေရိကန်မှ နှီးနှောဖလှယ်ပွဲ

    အစ္စလာမ်နဲ့ပတ်သက်သည့် ယူဆချက် အမှားများကို ဖြေရှင်းပေးသည့် အမေရိကန်မှ နှီးနှောဖလှယ်ပွဲ

    သြဂုတ် ၁၂၊ ၂၀၁၆
    M-Media

    101

    – မွတ်စလင်အမည်ခံ အကြမ်းဖက်သမားများကြောင့် အစ္စလာမ်နှင့် မွတ်စလင်များအပေါ် အထင်မှားအမြင်မှား ဖြစ်နေမှုအား ဖြေရှင်းရန် ရည်ရွယ်သည့် အသိပညာပေး နှီးနှောဖလှယ်ပွဲတစ်ခုကို အမေရိကန်ပြည်ထောင်စု တန်နက်ဆီပြည်နယ် နက်ရှ်ဗီလီမြို့တွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။

    Islam 101 ဟု အမည်ပေးထားပြီး မည်သူမဆို တက်ရောက်ပါဝင်နိုင်သည့် အဆိုပါအခမ်းအနားကို ဗုဒ္ဓဟူးနေ့က ‘နက်ရှ်ဗီလီ အစ္စလာမ့်စင်တာ’ တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အစ္စလာမ်သာသနာနှင့်ပတ်သက်၍ ယူဆချက်အမှားများကို ရှင်းလင်းပြင်ဆင်ပေးခဲ့ကြသည်။

    “သတင်းအချက်အလက်မှားတွေ တော်တော်များများ ပြန့်နှံ့နေတဲ့ ဒီနေ့လို အချိန်မျိုးမှာ ဒီလိုပွဲမျိုးတွေဟာ အရေးကြီးတယ်လို့ ကျွန်တော်တို့ ခံစားရပါတယ်။ လမ်းကြောင်းမှန်ပြဖို့လည်း အရေးကြီပါတယ်” ဟု စင်တာ၏ ဥက္ကဌဖြစ်သူ ရာရှက်ဒ် ဖာကာရူဒင်က ပြောကြားခဲ့သည်။

    ထိုနှီးနှောဖလှယ်ပွဲသို့ လူအဖွဲ့အစည်းပေါင်းစုံမှာ အသက်ရွယ်ပေါင်းစုံ တက်ရောက်ခဲ့ကြပြီး ဖာကာရူဒင်ကမူ အစ္စလာမ်သာသနာ၏ အခြေခံကျင့်သုံးမှုများနှင့် ယုံကြည်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

    နက်ရှ်ဗီလီမြို့တွင် အစ္စလာမ်ဘာသာဝင်ပေါင်း ၃၀၀၀၀ ခန့် နေထိုင်သည်ဟု ခန့်မှန်းထားပြီး ထိုကဲ့သို့ အသိပညာပေးလှုပ်ရှားမှုများ ပိုမိုပြုလုပ်ခြင်းအားဖြင့် အစ္စလာမ်သာသနာနှင့်ပတ်သက်၍ လူအများအပြား ပိုမိုလေ့လာသင်ယူနိုင်မည့် အခွင့်အလမ်း ရရှိမည်ဟု ၎င်းက မျှော်လင့်နေသည်။

    တက်ရောက်လာသူများကလည်း ထိုကဲ့သို့ အခမ်းအနားများက အလွန်ကောင်းမွန်သည့် သင်ကြားမှုအခွင့်အလမ်းဖြစ်သည်ဟု ပြောကြားခဲ့သည်

    “ကျွန်တော် အထက်တန်းကျောင်းသားဘ၀မှာ ဘာသာတရားကို လေ့လာခဲ့ပါတယ်။ ဒါပေမယ့် အစ္စလာမ်နဲ့ပတ်သက်ပြီးတော့ အတန်းမရှိပါဘူး။ ကျွန်တော် ပိုပြီး သင်ယူချင်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် နားလည်ဖို့ဆိုတာ အခုအချိန် ကမ္ဘာကြီးမှာ အင်မတန် အရေးကြီးနေပါတယ်” ဟု နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ခဲ့သည်ာ့ ပေတန် ၀ီလီယံက ပြောကြားခဲ့သည်။

    Ref: IINA

  • မွတ်စလင်သူရဲကောင်းများကို ဂါရ၀ပြုကာ ညီညွတ်မှုကို ပြသလိုက်တဲ့ အမေရိကန်ပြည်သူများ

    မွတ်စလင်သူရဲကောင်းများကို ဂါရ၀ပြုကာ ညီညွတ်မှုကို ပြသလိုက်တဲ့ အမေရိကန်ပြည်သူများ

    သြဂုတ် ၁၀၊ ၂၀၁၆
    M-Media

    – ဒေါ်နယ်ထရမ့်က တိုင်းပြည်အတွက် အသက်စွန့်ခဲ့ကြတဲ့ မွတ်စလင်သူရဲကောင်းမိသားစုအပေါ် ဝေဖန်မှုကို ဆန့်ကျင်ကာ အမေရိကန်မွတ်စလင်လူ့အဖွဲ့အစည်းနဲ့ တစ်သားတည်းရှိကြောင်း ပြသတဲ့အနေနဲ့ ကိုလိုရာဒိုက ပြည်သူတွေဟာ ကျဆုံးသွားခဲ့တဲ့ မွတ်စလင်စစ်သားတွေကို စစ်သချိင်္ုင်းမှာ သွားရောက် ဂါရ၀ပြုခဲ့တယ်လို့ သိရပါတယ်။

    ထရမ့်ဟာ လာမယ့်နိုဝင်ဘာ သမ္မတရွေးကောက်ပွဲမှာ ရီပက်ဘလစ်ကန်ပါတီ ကိုယ်စားပြု ယှဉ်ပြိုင်မှာဖြစ်ပြီး အီရတ်မှာ တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားတဲ့ အမေရိကန် မွတ်စလင်စစ်ဗိုလ် ဟူမေယွန်ခန်းရဲ့ မိသားစုကို ပြီးခဲ့တဲ့တစ်ပတ်မှာ စော်ကားပြောဆိုခဲ့တာဖြစ်ပါတယ်။

    ကိုလိုရာဒိုက ပြည်သူ အယောက် ၃၀ လောက်ဟာ ထရမ့်ရဲ့ ဒီမှတ်ချက်ကို ဆန့်ကျင်တဲ့အနေနဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ Fort Logan အမျိုသားသုဿန်ကို သွားရောက်ပြီး မွတ်စလင်သူရဲကောင်းတွေကို ဂါရ၀ပြုခဲ့တာပါ။

    “ကျွန်တော်တို့ ရရှိခံစားနေရတဲ့အရာတစ်ခုဟာ ‘လွတ်လပ်ခြင်း’ ဖြစ်ပြီး အဲဒီလွတ်လပ်ခြင်းဟာ ဒီသူရဲကောင်းတွေကြောင့် ရရှိခဲ့တာဖြစ်ပါတယ်။ သူတို့ဟာ ဒီတာဝန်ကို ဂုဏ်ယူစွာ ထမ်းဆောင်ခဲ့ကြသူတွေပါ” လို့ သွားရောက်ဂါရ၀ပြုသူတွေက တစ်ဦးဖြစ်တဲ့ ဂျွန်နီ နီလ်ဆင်က ပြောကြားခဲ့ပါတယ်။

    နောက်ပြီး မိမိနဲ့ လူမျိုး၊ ကိုးကွယ်တဲ့ဘာသာမတူတဲ့သူတွေကို အထူးအလေးထားပြီး ဂါရ၀ပြုခဲ့တယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။

    မွတ်စလင်တွေအပါအ၀င် တိုင်းပြည်အတွင်း အသက်စွန့်ခဲ့ကြတဲ့ သူတွေကို ဒီလိုသွားရောက်ဂါရ၀ပြုလာအောင် လှုံ့ဆော်ပေးခဲ့သူကတော့ ကိုလိုရာဒိုက မိုက် ဆက်ဇ်တန်လို့ခေါ်တဲ့ အမျိုးသားတစ်ဦးပါပဲ။ သူက လူမျိုး၊ ဘာသာ မခွဲခြားဘဲ တိုင်းပြည်ရဲ့ သူရဲကောင်းတွေကို ကျေးဇူးတင်ကြဖို့ အမေရိကန်ပြည်သူတွေကို တိုက်တွန်းခဲ့တာပါ။

    “ခင်ဗျားနဲ့ မတူညီတဲ့လူတစ်ယောက်ရဲ့ အုတ်ဂူကို အမေရိကန်တစ်ယောက်အဖြစ်သဘောထားပြီး သွားရောက်ဂါရပြုလိုက်ပါ” လို့ ဆက်ဇ်တန်က ပြောကြားခဲ့ပါတယ်။

    ဆက်ဇ်တန်က ဗိုလ်ကြီးဟူမေယွန်ခန်းရဲ့ ဖခင် ဒီမိုကရက်တစ်ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံမှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းကြောင့် ဒီလို အတွေးရခဲ့တယ်လို့လည်း ဆိုပါတယ်။

    ဗိုလ်ကြီးဟူမေယွန်ခန်းဟာ ၂၀၀၄ ခုနှစ် အီရတ်နိုင်ငံမှာ တာဝန်ထမ်းဆောင်နေစဉ်အတွင်း သူတို့ရဲ့ စစ်စခန်းဂိတ်ပေါက်အနီးမှာ သံသယဖြစ်ဖွယ် ကားတစ်စီး ကပ်လာတာကြောင့် သူ့ရဲ့တပ်ဖွဲ့ဝင်တွေကို ၀ပ်နေဖို့ပြောက သူကိုယ်တိုင် သွားရောက်စစ်ဆေးစဉ်အတွင်း ကားဗုံးပေါက်ကွဲ ကျဆုံးခဲ့ရတာဖြစ်ပါတယ်။

    ထရမ့်က ဗိုလ်ကြီးဟူမေယွန်ခန်းရဲ့ မိဘတွေကို စော်ကားပြောဆိုမှုကို သမ္မတအိုဘားမာ၊ ရီပက်ဘလစ်ကန်ပါတီက ထိပ်တန်း တာဝန်ရှိသူတွေအပါအ၀င်၊ ထင်ရှားကျော်ကြားသူများ၊ အမေရိကန်ပြည်သူများက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြပါတယ်။

    နောက်ပိုင်းမှာ အမေရိကန်ပြည်သူတော်တော်များများဟာ အမေရိကန် အာလင်တန်အမျိုးသားသုဿန်မှာ မြှုပ်နှံထားတဲ့ ဗိုလ်ကြီးရဲ့ အုပ်ဂူမှာ သွားရောက်ဂါရ၀ပြုခဲ့ကြပါတယ်။

    Ref: denver.cbslocal.com

  • သြဂုတ်လကို မွတ်စလင်များအား ဂုဏ်ပြုသည့်လအဖြစ် ကယ်လီဖိုးနီးယား သတ်မှတ်

    သြဂုတ်လကို မွတ်စလင်များအား ဂုဏ်ပြုသည့်လအဖြစ် ကယ်လီဖိုးနီးယား သတ်မှတ်

    သြဂုတ် ၄၊ ၂၀၁၆
    M-Media

    california

    – သြဂုတ်လကို မွတ်စလင်တွေကို ဂုဏ်ပြု ပြီး၊ အစ္စလာမ်သာသနာအကြောင်း အသိပညာပေးတဲ့လအဖြစ် တရားဝင်သက်မှတ်ဖို့ ဆုံးဖြတ်ချက်ကို အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လွှတ်တော်က တနင်္လာနေ့မှာ မဲခွဲအတည်ပြုခဲ့ပါတယ်။

    ပြည်နယ်အတွင်း မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ မြင့်တက်လာတယ်လို့ အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီ CAIR ရဲ့ ကယ်လီဖိုးနီးယားအဖွဲ့ခွဲက ပြောကြားခဲ့ပြီးတဲ့နောက်မှာပဲ အခုလို ဆုံးဖြတ်ချက်တစ်ခု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

    တိုင်းပြည်အတွက် ကျရာကဏ္ဍကနေ တာဝန်ကျေပွန်ခဲ့ကြတဲ့ မွတ်စလင်တွေကို ဂုဏ်ပြုဖို့၊ အစ္စလာမ်အကြောင်း အထင်အမြင်မှားနေမှုကို ဖြေရှင်းဖို့အတွက် ရည်ရွယ်တဲ့ ဒီဆုံးဖြတ်ချက်ကို လွှတ်တော်အမတ် ဘီလ် ကွာ့ရ်က်က ဇွန်လမှာ တင်သွင်းခဲ့တာပါ။

    “အမေရိကန်မွတ်စလင်တွေဟာ နိုင်ငံတစ်ဝှမ်းမှာသာမက ကမ္ဘာတစ်ဝှမ်းမှာပါ ပညာရေး၊ သိပ္ပံပညာ၊ ဖျော်ဖြေရေးနဲ့ ဆေးဘက်ဆိုင်ရာတွေမှာ ကူညီပံ့ပိုးမှုတွေ အများကြီး ပြုလုပ်ပေးခဲ့ပါတယ်။ ကံမကောင်းစွာပဲ အဲ့ဒီမွတ်စလင်အဖွဲ့အစည်းတွေဟာ အစော်ကားခံရတာတွေ၊ ခွဲခြားခံရတာတွေနဲ့ ကိုယ်ထိလက်ရောက်ပြုခံရတာတွေ ရှိနေပါတယ်” လို့ ကွာ့ရ်က်က ပြောကြားခဲ့ပါတယ်။

    နောက်ပြီး သူက ကယ်လီဖိုးနီးယားနဲ့ နိုင်ငံတစ်ဝှမ်းမှာ အမေရိကန်မွတ်စလင်တွေရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ကူညီမှုတွေကို အသိအမှတ်ပြုဖို့၊ ဒါနဲ့ပတ်သက်ပြီး အခြားပြည်သူတွေသိအောင် ပညာပေးဖို့၊ မွတ်စလင်တွေအပေါ် လေးစားသမှု ဆက်လက်ထားရှိဖို့၊ အမေရိကန်ပြည်သူတိုင်း ထိုက်တန်တဲ့ ရဲဘော်ရဲဘက်စိတ်ဓာတ်တွေ ထားရှိကြဖို့အတွက် ဒီလို လှုပ်ရှားမှုမျိုး လုပ်ဆောင်တာဟာ သင့်လျော်တယ်လို့လည်း ၎င်းက ပြောကြားခဲ့ပါတယ်။

    CAIR ရဲ့ ကယ်လီဖိုးနီးယားအဖွဲ့ခွဲ အမှုဆောင်ဒါရိုက်တာ ဘာဆင်မ် အဲလ်ကာရာက လွှတ်တော်အအနေနဲ့ ဒီဆုံးဖြတ်ချက် အတည်ပြုလိုက်တာဟာ အမေရိကန်မွတ်စလင်လူ့အဖွဲ့အစည်းအတွက် မျှော်လင့်ချက်တစ်ခု ရှင်သန်လာတဲ့နေ့ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “မွတ်စလင်တွေဟာ ကယ်လီဖိုးနီးယားရဲ့ အရေးပါတဲ့ လှုပ်ရှားမှုတိုင်း၊ ကဏ္ဍတိုင်းမှာ ရှေ့တန်းကနေ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ သူတို့ရဲ့ ဒီလိုအားထုတ်မှုကို လေးစားချီးကျူးတာဟာ ရွေးကောက်ပွဲရှိနေတဲ့ ဒီလိုအချိန်မျိုးမှာ ချောင်ပိတ်မိနေတဲ့ သူတို့ကို မျှော်လင့်ချက်လင်းရောင်ခြည် သန်းလာစေတာပဲ ဖြစ်ပါတယ်”

    အမေရိကန်မှာ မွတ်စလင်တွေကို ဂုဏ်ပြုတဲ့လအဖြစ်သတ်မှတ်တာဟာ အခုအကြိမ်ဟာ ပထမဆုံး မဟုတ်ဘဲ ၂၀၁၄ ခုနှစ်ကလည်း လော့စ်အိန်ဂျလိစ်မြို့တော်ကောင်စီက ဇူလိုင်လကို ‘အမေရိကန်မွတ်စလင်များ၏ သမိုင်းအမွေအနှစ်လ’ အဖြစ်သတ်မှတ်ခဲ့ပါတယ်။

    Ref : IINA