သြဂုတ် ၁၉၊ ၂၀၁၆
M-Media
– မသန်စွမ်းသားဖြစ်သူကို အကြမ်းဖက်သမားတစ်ဦးအဖြစ် အတင်းအဓမ္မ ၀န်ခံလက်မှတ်ရေးထိုးခိုင်းခဲ့သည့် နယူးယောက်မှ စာသင်ကျောင်းတစ်ခုကို အမေရိကန်မွတ်စလင်မိသားစုတစ်ခုက တရားစွဲဆိုလိုက်သည်ဟု သိရသည်။
အသက် ၁၂ နှစ်အရွယ်ရှိ နက်ရှ်ဝမ် အက်ပဲလ်ဖြစ်ပြီး သင်ကြားရေးဆိုင်ရာ မသန်စွမ်းသည့် ၎င်းအား စာသင်ကျောင်းက ဘာသာရေးဆိုင်ရာ စော်ကားသော အသုံးအနှုန်းများဖြင့် စော်ကားခဲ့ကာ၊ လက်ရောက်ကျူးလွန်မှုများလည်း ရှိခဲ့သည်ဟု ကန်ဒေါ်လာ ၂၅ သန်းတန် တရားစွဲဆိုမှုတွင် ဖော်ပြထားသည်။
ရှေ့နေဖြစ်သူ ဒေးဗစ် အန့်ဝက်ကမူ စာသင်ကျောင်း၏ ဒုတိယကျောင်းအုပ်ဖြစ်သူ ဂျေဆန် စတန်တွန်မှာ အက်ပဲလ်အား အကြမ်းဖက်သမားတစ်ဦးအဖြစ် စာဖြင့်ရေးသားဝန်ခံရန် ဖိအားပေးခဲ့သည်။
“စတန်တွန်က နက်ရှ်ဝမ်ကို မင်းက အကြမ်းဖက်သမားမဟုတ်လား၊ မင်းအိမ်မှာ ဗုံးတွေလုပ်နေတယ်မှတ်လားနဲ့ ခဏခဏမေးပါတယ်။ နက်ရှ်ဝမ်က ‘မဟုတ်ဘူး’ လို့ဖြေတဲ့အခါ စတန်တွန်က ‘မင်းငါတို့ကို လာမလိမ်’ လို့ အော်ငေါက်ခဲ့ပါတယ်” ဟု တရားစွဲဆိုမှု ဖိုင်တွင် ဖော်ပြထားသည်။
နယူးယောက်မြို့ လောင်းအိုက်လန်းတွင် နေထိုင်သည့် အက်ပဲလ်၏ မိသားစုဝင်များက ကျောင်းအုပ်ချုပ်သူများမှာ အက်ပဲလ်အား IS အဖွဲ့ဝင် ဖြစ်ကြောင်း၊ ကျောင်းအပြင်ဘက်ခြံစည်းရိုးကို ဗုံးခွဲရန် ကြံနေကြောင်း ၀န်ခံလက်မှတ်ရေးထိုးရန် ဖိအားပေးခဲ့သည်ဟု ပြောကြားခဲ့သည်။
ရှေ့နေကလည်း အတန်းဖော်များက အက်ပဲလ်အား အကြမ်းဖက်သမားတစ်ဦးအဖြစ် စော်ကားပြောဆိုမှုကို ကျောင်းအာဏာပိုင်များက လစ်လျူရှုခဲ့ကြောင်း၊ အက်ပဲလ်မှာ ‘အကြမ်းဖက်သမား’ (terrorist) ဆိုသည့်စကားလုံးအား ‘ခရီးသွား’ (tourist) ဟူသည့် စကားလုံးနှင့် မှားယွင်းနားလည်ထားကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
ထိုကဲ့သို့ ကျောင်းက ခံဝန်လက်မှတ်ထိုးခိုင်းခဲ့ပြီးနောက် အက်ပဲလ်၏အိမ်ကို ရဲတပ်ဖွဲ့က ၀င်ရောက်ရှာဖွေခဲ့သည်။
Ref : Presstv


Leave a Reply
You must be logged in to post a comment.