News @ M-Media

Tag: US Muslims

  • နယူးယောက်မွတ်စလင်အဖွဲ့တစ်ခု မြို့တော်ဝန်၏ ထောက်ပံ့ငွေ ရရှိ

    နယူးယောက်မွတ်စလင်အဖွဲ့တစ်ခု မြို့တော်ဝန်၏ ထောက်ပံ့ငွေ ရရှိ

    ဧပြီ ၇၊ ၂၀၁၆
    M-Media

    new york
    Arab-American Association of New York အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဆာဆူရ်

    – အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တော်ဝန်က ပရဟိတအဖွဲ့အစည်းများကို ပေးအပ်သော ထောက်ပံ့ကြေးငွေကို မွတ်စလင်အဖွဲ့အစည်းတစ်ခုလည်း လက်ခံရရှိခဲ့သည်ဟု သိရသည်။

    နယူးယောက်အခြေစိုက် Arab-American Association of New York အဖွဲ့ဖြစ်ပြီး မြို့တော်ဝန်က ရန်ပုံငွေပေးအပ်သော အဖွဲ့ ၁၄ ခုတွင် ပါဝင်ခဲ့ခြင်းဖြစ်ကာ ကန်ဒေါ်လာ ၁၀ သန်းကို ၅ နှစ်အတွင်း ရရှိမည်ဖြစ်သည်။ ထိုငွေများကို အဖွဲ့၏ ပရဟိတလုပ်ငန်းများတွင် ထည့်သွင်းဆောင်ရွက်မည့် စိတ်ကျန်းမာရေး ကဏ္ဍအတွက် အသုံးပြုရမည်ဖြစ်သည်။

    ထိုအဖွဲ့၏ အမှုဆောင်ဒါရိုက်တာဖြစ်သူ ဆာဆူရ်မှာ ပါလက်စတိုင်းနွယ်ဖွားဖြစ်ပြီး လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်သူတစ်ဦးလည်းဖြစ်သည်။ သူမမှာ ပါလက်စတိုင်းပြည်သူများ၏ အခွင့်အရေးများအတွက် တက်ကြွစွာ လှုပ်ရှားဆောင်ရွက်နေသည်။

    Ref: IINA

  • အကြမ်းဖက်သမားများအတွက် မွတ်စလင်များက တောင်းပန်နေစရာမလိုဟု တူရကီမှ သာသနာရေးရာဌာန အကြီးအကဲ ပြော

    အကြမ်းဖက်သမားများအတွက် မွတ်စလင်များက တောင်းပန်နေစရာမလိုဟု တူရကီမှ သာသနာရေးရာဌာန အကြီးအကဲ ပြော

    ဧပြီ ၄၊ ၂၀၁၆
    M-Media

    turk

    – အစ္စလာမ်ရဲ့ အမည်နာမကို အလွဲသုံးစားလုပ်နေတဲ့ အကြမ်းဖက်သမားတွေအတွက် အမေရိကန်မွတ်စလင်တွေအနေနဲ့ တောင်းပန်နေစရာ မလိုဘူးလို့ တူရကီ သာသနာရေးဝန်ကြီးဌာန အကြီးအကဲ မဟ်မတ် ဂေါ်မက်ဇ်က ပြောကြားလိုက်ပါတယ်။

    အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်မှာ စနေနေ့က ဖွင့်လှစ်လိုက်ပြီး အမေရိကန်မှာ အကြီးဆုံး ဗလီဝတ်ကျောင်းတော်ဖြစ်လာမယ့် Diyanet Center of America ဗလီဝတ်ကျောင်းတော်မှာ ဟောကြားတဲ့ တရားဒေသနာမှာ ဒီလို့ ထည့်သွင်းပြောကြားခဲ့တာပါ။

    “ကျွန်တော်ပြောချင်တဲ့အချက်က ကိုယ့်ရဲ့ ရိုးသားမှု၊ ဂုဏ်သိက္ခာတွေနဲ့အတူ ကိုယ်ရဲ့ ဦးခေါင်းကိုလည်း အမြဲမော့ထားဖို့ ဖြစ်ပါတယ်။ ကိုယ်နဲ့ ဘာသာတူတယ်လို့ဆိုတဲ့ ပင်လယ်ရပ်ခြားက ရာဇ၀တ်ကောင်တွေ ကျူးလွန်တဲ့ ရက်စက်တဲ့လုပ်ရပ်တွေအပေါ် ကာကွယ်၊ တောင်းပန်နေစရာ မလိုပါဘူး” လို့ ဂေါ်မက်ဇ်က သောကြာနေ့ ၀တ်ပြုဖို့အတွက် ဗလီကျောင်းတော်ကို လာရောက်ကြတဲ့ ၀တ်ပြုသူတွေကို ပြောဆိုခဲ့တာပါ။

    ဂေါ်မက်ဇ်က ပဲရစ်နဲ့ ဘရပ်ဆဲလ်မှာ IS တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနောက်ပိုင်း ရီပက်ဘလစ်ကန် သမ္မတလောင်းယှဉ်ပြိုင်သူအချို့ရဲ့ မွတ်စလင်ဆန့်ကျင်ရေး ဟောပြောမှုတွေကိုလည်း ဝေဖန်ခဲ့ပါတယ်။

    “လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအားလုံးဟာ အစ္စလာမ်ရဲ့သွန်သင်ချက်နဲ့ ဘယ်လိုမှ တန်းညှိလို့မရဘူးဆိုတာကို ကျွန်တော်တို့အားလုံး သိထားပြီးဖြစ်ပါတယ်။ ဒီရာဇ၀တ်မှုတွေနဲ့ ပတ်သက်လို့ ကျမ်းတော်မြတ်ကုရ်အာန်ရဲ့ သွန်သင်ချက် ဒါမှမဟုတ် တမန်တော်မြတ် (ဆွ) ရဲ့ ဓလေ့တော်၊ သြ၀ါဒတော်တွေမှာ တစ်ခုတစ်လေတောင် ရှာတွေ့မှာ မဟုတ်ပါဘူး။”

    နောက်ပြီး ငြိမ်းချမ်းစွာနေထိုင်ဖို့၊ အခြားသူတွေရဲ့ ဆန္ဒ၊ ယုံကြည်သက်ဝင်မှုနဲ့ပတ်သက်ပြီး နားလည်မှုပေးဖို့ သတ်မှတ်ပေးထားတဲ့ အစ္စလာမ်ရဲ့ အလယ်အလတ်လမ်းစဉ်ကနေ မွတ်စလင်တွေက သွေဖည်မသွားဖို့ တိုက်တွန်းခဲ့ပြီး အကြမ်းဖက်သမားတွေ ၀ါဒဖြန့်ဖျက်ဆီးထားတဲ့ အတွေးအခေါ်တွေဟာ မြင့်မြတ်စင်ကြယ်တဲ့ မွတ်စလင်တွေရဲ့ စိတ်၊ နှလုံးသား ဘယ်လိုနေရာမျိုးမှာမှ နေရာယူလို့မရဘူးလို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အဲဒီဒေသနာမှာ ဂေါ်မက်ဇ်က တူရကီအစိုးရရဲ့ ထောက်ပံ့မှုနဲ့ဆောက်လုပ်တဲ့ Diyanet Center of America ဗလီဝတ်ကျောင်းတော်ဟာ အမေရိကန် လူမှုအသိုင်းအ၀ိုင်းတွေကြားမှာ တံတားတစ်စင်းအဖြစ် အသုံးတော်ခံသွားမှာ ဖြစ်တယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “အခု ကျွန်တော်တို့ ရောက်နေတဲ့နေရာက ဗလီတစ်လုံး၊ အဖွဲ့အစည်းဌာနတစ်ခု ဖြစ်ရုံတင်မကပါဘူး၊ အမေရိကန်မှာရှိတဲ့ မွတ်စလင်ရော မွတ်စလင်မဟုတ်သူတွေရော လူသားအားလုံးအတွက် သက်တောင့်သက်သာရှိပြီး ဖွံ့ဖြိုးတိုးတက်မှုပေးမယ့် အထွဋ်အမြတ်နေရာတစ်ခုလည်း ဖြစ်ပါတယ်”

    Ref: IINA

  • အမေရိကန်တွင် အကြီးဆုံးဖြစ်မည့် ဗလီဝတ်ကျောင်းတော်ကို လာမည့်စနေနေ့တွင် ဖွင့်လှစ်မည်

    အမေရိကန်တွင် အကြီးဆုံးဖြစ်မည့် ဗလီဝတ်ကျောင်းတော်ကို လာမည့်စနေနေ့တွင် ဖွင့်လှစ်မည်

    မတ် ၃၀၊ ၂၀၁၆
    M-Media

    us mosque

    – တူရကီသမ္မတ ရီဆက်ပ် တိုင်ယစ်ပ် အာဒိုဂန်မှာ အမေရိကန်ပြည်ထောင်စုတွင် အကြီးဆုံးဗလီဝတ်ကျောင်းတော် တစ်လုံးကို လာမည့် စနေနေ့တွင် လာရောက်ဖွင့်လှစ်ပေးမည်ဟု သိရသည်။

    Diyanet Center of America ဟု အမည်ပေးထားသည့် အဆိုပါ ဗလီဝတ်ကျောင်းတော်မှာ မေရီလန်းပြည်နယ်တွင်ရှိပြီး ဂန္တ၀င် အော်တိုမန် ဗိသုကာလက်ရာများဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။

    ထိုဗလီဝတ်ကျောင်းတော်ဆောက်လုပ်သည့် မြေနေရာကို တူရကီ သာသနာရေးဝန်ကြီးဌာနမှ ၁၉၉၀ ပြည့်နှစ်တွင် ၀ယ်ယူခဲ့ခြင်းဖြစ်ပြီး စတုရန်းမီတာ ၁၀၀ ခန့် ကျယ်ဝန်းသည့် ဗလီဝတ်ကျောင်းတော် အငယ်စားတစ်လုံးကိုသာ ဆောက်လုပ်ထားခဲ့သည်။ နောက်ပိုင်းတွင် အမေရိကတွင် အကြီးဆုံးဖြစ်မည့် ဗလီဝတ်ကျောင်းတော်ကြီး ဆောက်လုပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

    “ဒီလိုဆောက်လုပ်မယ်လို့ ၂၀၀၉ ခုနှစ်မှာ ကြေငြာခဲ့ပြီးတဲ့နောက်ပိုင်း ကျွန်တော်တို့ဟာ အစ္စလာမ်ကမ္ဘာရဲ့ အယူအဆတွေကို ထင်ဟပ်စေမယ့် ခူလီယာစီမံကိန်း (အစ္စလာမ့် လူမှုအသိုက်အ၀န်း စီမံကိန်း) ကို စတင်ခဲ့တာပါ” ဟု စီမံကိန်း၏ ဗိသုကာပညာရှင်ဖြစ်သူ မူဟက်ရမ် ဟီလ်မီ ဆီနဲလ်ပ်က ပြောကြားခဲ့သည်။

    အော်တိုမန်အင်ပါယာ၏ မြို့တည်ဆောက်ပုံမှာ အလယ်ကောင်တွင် ဗလီဝတ်ကျောင်းတော်တစ်လုံး ထားရှိပြီးနောက် ပတ်ပတ်လည်တွင် မြို့တည်ခြင်းဖြစ်သည်။ ဆီနဲလ်ပ်ကမူ ၁၆ ရာစုနှင့် ၁၇ ရာစုက အော်တိုမန်အင်ပါယာ၏ ပုံစံမျိုး ထင်ဟပ်စေသည့် ဗိသုကာလက်ရာဖြင့် ဗလီဝတ်ကျောင်းတော်ကို တည်ဆောက်ခြင်းဖြစ်သည်ဟု ဆိုသည်။

    ထိုဗလီဝတ်ကျောင်းတော်၏ အရှေ့တွင် တူရကီအငွေ့အသက်လွှမ်းမိုးသည့် ပန်းခြံတစ်ခု၊ လက်ယာဘက်တွင် ဂန္တ၀င်နှင့် ခေတ်ပေါ်လက်ရာများကို သဟဇာတဖြစ်စွာ ဖော်ပြထားသည့် ယဉ်ကျေးမှုစင်တာတစ်ခု ပါဝင်မည်ဖြစ်သည်။ ထိုယဉ်ကျေးမှုစင်တာတွင် စာကြည့်တိုက်တစ်ခု၊ အစည်းအဝေးနှင့် ပြပွဲခန်းမများ၊ ညီလာခံခန်းမနှင့် ဧည့်ကြိုနေရာများ ပါရှိမည်ဖြစ်သည်။

    ထို့ပြင် အစ္စလာမ့်သုတေသနစင်တာတစ်ခုလည်း အဆိုပါဗလီဝတ်ကျောင်းတော် ပရ၀ုဏ်အတွင်း ပါဝင်မည်ဖြစ်ပြီး တူရကီမှ အမေရိကန်သို့ လာရောက်ပညာသင်ယူနေသည့် ဘွဲမရသေးသူများနှင့် ဘွဲ့ရပြီးသူ ကျောင်းသားများအတွက် အကြံပေးမှုများ ပြုလုပ်ပေးသွားမည်ဖြစ်သည်။

    ဗလီဝတ်ကျောင်းတော်၏ အောက်ဖက်တွင် စတုရန်းကီလိုမီတာ ၃၀၀ ကျယ်ဝန်းသည့် အစ္စလာမ့်အနုပညာလက်ရာပြတိုက်တစ်ခုလည်း ထည့်သွင်းထားကာ ပရ၀ုဏ်အတွင်းတွင် ဧည်သည့်များ နားနေရန် တူရကီရိုးရာအိမ်လေးများကိုလည်း ဆောက်လုပ်ပေးထားသည်။

    ပရ၀ုဏ်တစ်ခုလုံးမှာ စတုရန်းမီတာ ၆ သောင်း ကျယ်ဝန်းပြီး အမျိုးသားနှင့် အမျိုးသမီးများအတွက် တူရကီရိုးရာ ရေချိုးခန်းများ၊ ရေကူးကန်များ၊ ဘက်စုံသုံးနိုင်သည့် ခန်းမတစ်ခုနှင့် မိုးလုံလေလုံ အားကစားခန်းမတစ်ခုတို့လည်း ပါဝင်သည်။

    မင်နာရတ်နှစ်ခုပါဝင်သည့် အဆိုပါ ဗလီဝတ်ကျောင်းတော်၏ အကျယ်အ၀န်းမှာ ၈၇၉ စတုရန်းမီတာရှိပြီး လူပေါင်း ၃၀၀၀ နီးပါး တစ်ချိန်တည်း ၀တ်ပြုနိုင်သည်။

    Ref: IINA

  • လူ့အဖွဲ့စည်း အလုပ်ကျွေးပြုရေး အိုဟိုင်းယိုးပြည်နယ်ရှိ ဂျူးနှင့် မွတ်စလင်များ တွေ့ဆုံဆွေးနွေး

    လူ့အဖွဲ့စည်း အလုပ်ကျွေးပြုရေး အိုဟိုင်းယိုးပြည်နယ်ရှိ ဂျူးနှင့် မွတ်စလင်များ တွေ့ဆုံဆွေးနွေး

    မတ် ၂၉၊ ၂၀၁၆
    M-Media

    jew
    အိုဟိုင်းယိုးပြည်နယ် ဟီလီယာ့ဒ်မြို့ရှိ နူရ် အစ္စလာမ့်ယဉ်ကျေးမှု စင်တာ

    – လူ့အဖွဲ့အစည်းကို ပိုမို ကျယ်ကျယ်ပြန့်ပြန့် အလုပ်ကျွေးပြုဖို့နဲ့ မိမိတို့ရဲ့ ယဉ်ကျေးမှု အယူဝါဒတွေရဲ့ စစ်မှန်တဲ့ သင်ကြားမှုတွေအကြောင်း အသိပေးဖို့အတွက် အမေရိကန်ပြည်ထောင်စု အိုဟိုင်းယိုးပြည်နယ်က ဂျူးတွေနဲ့ မွတ်စလင်တွေဟာ တနင်္ဂနွေနေ့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

    ဟီလီယာ့ဒ်မြို့က နူရ် အစ္စလာမ့်ယဉ်ကျေးမှုစင်တာမှာ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး အမေရိကန်သမ္မတလောင်းတွေရဲ့ လတ်တလော ရွှေ့ပြောင်းအခြေချ ဆန့်ကျင်ရေးမှတ်ချက်တွေ၊ မွတ်စလင်ဆန့်ကျင်ရေး မှတ်ချက်တွေနဲ့ ဂျူးတွေအပေါ် ခွဲခြားဆက်ဆံခဲ့တဲ့သမိုင်းတွေ၊ မွတ်စလင်အမည်ခံ အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်တွေနဲ့ အခြားသော အကြောင်းအရာတွေကို ဆွေးနွေးခဲ့ကြပါတယ်။

    ကိုလံဘတ်ဂျူးအဖွဲ့ချုပ်ရဲ့ ဥက္ကဌဖြစ်သူ ဂေါ်ဒွင် ဟက်ကာက “ကျွန်ုပ်တို့ အားလုံးဟာ အမေရိကန်နိုင်ငံသားတွေ ဖြစ်ကြပါတယ်။ ကျွန်တော်တို့ဟာ မွတ်စလင်တွေ၊ ဂျူးတွေ ဖြစ်ရင်ဖြစ်မယ်၊ ဒါပေမဲ့ ကျွန်တော်တို့ဟာ အမေရိကန်တွေပါပဲ” လို့ ပြောကြားခဲ့ပါတယ်။

    နူရ်အစ္စလာမ့်ယဉ်ကျေးမှုစင်တာက ဘုတ်အဖွဲ့ဝင်တစ်ခုဖြစ်တဲ့ ဖာရူကီ မဂျစ်ကတော့ အခုလတ်တလော ကြားနေမြင်နေရတဲ့ နိုင်ငံရေးနဲ့နွယ်တဲ့ မွတ်စလင်ဆန့်ကျင်ရေး မှတ်ချက်တွေကြောင့် အိုဟိုင်းယိုးအလယ်ပိုင်းက ဘာသာစုံလူ့အဖွဲ့စည်းမှာ စည်းလုံးမှုတွ ရရှိလာခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အစ္စလာမ်ရဲ့ အမည်နာမကို အလွဲသုံးစားပြုကာ လုပ်နေတဲ့ တိုက်ခိုက်မှုတွေကြောင့် အမေရိကန် ကြောက်စိတ်ဝင်နေတာကိုလည်း နားလည်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ရွန်နေး အေဘာဇာကတော့ နူရ်အစ္စလာမ့်ယဉ်ကျေးမှုစင်တာဟာ ဂျူးအဖွဲ့တွေနဲ့ ကိစ္စတော်တော်များများကို လက်တွဲဆောင်ရွက်နေပြီး အဲဒီလို ပူးပေါင်းဆောင်ရွက်ခြင်းက နိုင်ငံခြားသားကြောက်ရောဂါနဲ့ အမုန်းတရားတွေကို တွန်းလှန်ဖို့ အင်အားအရှိဆုံး နည်းလမ်းဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    Ref: IINA

  • အမေရိကန်မြို့တစ်မြို့က မွတ်စလင်လူ့အဖွဲ့အစည်းအား ထောက်ခံသည့် ကြေငြာချက်တစ်ခုကို ထုတ်ပြန်

    အမေရိကန်မြို့တစ်မြို့က မွတ်စလင်လူ့အဖွဲ့အစည်းအား ထောက်ခံသည့် ကြေငြာချက်တစ်ခုကို ထုတ်ပြန်

    မတ် ၂၂၊ ၂၀၁၆
    M-Media

    us

    – အမေရိကန်ပြည်ထောင်စု မီချီဂန်ပြည်နယ် ကာလာမာဇူမြို့၏ မြို့တော်ကောင်စီက မွတ်စလင်များအပေါ် အားပေးထောက်ခံ ကြိုဆိုသည့် ကြေငြာချက်တစ်ခုကို ယနေ့တွင် ထုတ်ပြန်လိုက်သည်ဟု သိရသည်။

    မြို့အတွင်းရှိ မွတ်စလင်လူ့အဖွဲ့အစည်းအား ထောက်ခံကာ၊ မွတ်စလင်ဆန့်ကျင်ရေးနှင့် ပြောင်းရွှေ့အခြေချမှု ဆန့်ကျင်ရေး မြင့်တက်လာမှုကို ရှုတ်ချကြောင်း ဖော်ပြထားသည့် အဆိုပါကြေငြာချက်ကို ဒုတိယမြို့တော်ဝန် ဒွန် ကူနီက ဖတ်ကြားခဲ့သည်။

    “နိုင်ငံရေးသမားတွေနဲ့ မီဒီယာတွေမှာ မွတ်စလင်ဆန့်ကျင်ရေး၊ ပြောင်းရွှေ့အခြေချမှု ဆန့်ကျင်ရေး သဘောထားတွေ မြင့်တက်လာပါတယ်။ ပြီးတော့ နိုင်ငံတစ်ဝှမ်းမှာ မွတ်စလင်မိသားစုတွေ၊ ကလေးတွေကို ပစ်မှတ်ထားတဲ့ အမုန်းစကားတွေ အကြမ်းဖက်မှုတွေလည်း မြင့်တက်လာခဲ့ပါတယ်။ ဒါတွေဟာ ဘေးအန္တရာယ်ကင်းမှုနဲ့ လွတ်လပ်မှုတို့ကို လိုလားတဲ့ ပြည်သူအားလုံးကို ထိခိုက်စေပါတယ်”

    ထို့ပြင် မွတ်စလင်များအား အမေရိကန်သို့ ၀င်ရောက်ခွင့်ကို တားမြစ်ရမည်ဟု ရီပက်ဘလစ်ကန်ပါတီမှ ဒေါ်နယ်ထရမ့်၏ ပြောဆိုမှုမှာ ယုတ္တိမတန်ကြောင်း၊ အမေရိကန်၏ အခြေခံဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ဒုတိယမြို့တော်ဝန်က ထည့်သွင်းပြောကြားခဲ့သည်။

    မွတ်စလင်လူ့အဖွဲ့အစည်းအား အားပေးထောက်ခံကြောင်း ထိုကဲ့သို့ ကြေငြာချက် ထုတ်ပြန်မှုမှာ မိမိတို့လူ့အဖွဲ့အစည်းအတွင်း ပူးပေါင်းဆောင်ရွက်မှု၊ လေးစားမှုနှင့် မေတ္တာတရားတို့ ဖြန့်ဝေရန် ရည်ရွယ်ကာ၊ အားလုံး ပူးပေါင်းပါဝင်သော လူ့အဖွဲ့အစည်းဖြစ်ရန်၊ ယဉ်ကျေးမှု၊ ဘာသာရေးနှင့် လူမျိုးရေး သဟဇာတဖြစ်မှုကို လက်ခံကျင့်သုံးရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။

    အဆိုပါ ကြေငြာချက် ဖတ်ကြားပြီးနောက်မြို့ခန်းမသို့ တက်ရောက်လာကြသည့် ပြည်သူများမှာ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြသည်။

    Ref: Mlive.com