News @ M-Media

Tag: US Muslims

  • ဘာသာရေးအရ ထိခိုက်သော စကားများ ပြောဆိုခံခဲ့ရသည့် အမေရိကန်မွတ်စလင် အားကစားမယ်ကို သက်ဆိုင်သူများ ပြန်လည်တောင်းပန်

    ဘာသာရေးအရ ထိခိုက်သော စကားများ ပြောဆိုခံခဲ့ရသည့် အမေရိကန်မွတ်စလင် အားကစားမယ်ကို သက်ဆိုင်သူများ ပြန်လည်တောင်းပန်

    မတ် ၁၄၊ ၂၀၁၆
    M-Media

    us

    – အမေရိကန်နိုင်ငံကိုယ်စားပြု မွတ်စလင်အားကစားမယ်အား ၀န်ထမ်းတစ်ဦးက ဘာသာရေးအရ ထိခိုက်သောစကားများ ပြောဆိုခဲ့ခြင်းအတွက် တက္ကဆက်တွင် ကျင်းပပြုလုပ်သည့် South by Southwest (SXSW) အနုပညာပွဲတော်ကို ကျင်းပသူများက ယမန်နေ့တွင် တောင်းပန်လိုက်သည်ဟု သိရသည်။

    အော်စတင်မြို့တွင်ပြုလုပ်သည့် အဆိုပါရုပ်ရှင်နှင့် ဂီတပွဲတော်သို့ အမေရိကန် ဓားသိုင်းအားကစားမယ် အစ်ဗသီဟဂ်ျ မိုဟာမက်က ယမန်နေ့က သွားရောက်ရာတွင် စေတနာ့ဝန်ထမ်းတစ်ဦးက ၎င်း၏ ဟိဂျဘ်ပုဝါကို ဖယ်ရှားပေးမှ ၀င်ခွင့်အထောက်အထားလက်မှတ်အတွက် ဓာတ်ပုံရိုက်ပေးမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

    “ဒါက ဘာသာရေးသွန်သင်မှုကြောင့် ၀တ်ဆင်ထားတာလို့ ကျွန်မက ရှင်းပြပေမယ့် သူက ကျွန်မဟီဂျဘ်ကို ချွတ်ရမယ်လို့ပဲ ပြောခဲ့ပါတယ်” ဟု အစ်ဗသီဟဂ်ျက ၎င်း၏ Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။

    SXSW ပွဲတော်ကို ကျင်းပပြုလုပ်သူများက Ruters သို့ ပေးပို့သော အီမေးလ်တွင် ထိုအဖြစ်အပျက် ဖြစ်ပွားပြီးနောက်ပိုင်း ဟီဂျဘ်ချွတ်ရန် ပြောဆိုခဲ့သည့် စေတနာ့ဝန်ထမ်းကို အခမ်းအနားတွင် တာဝန်ထမ်းဆောင်ခြင်းမှ ဖယ်ရှားလိုက်သည်ဟု ဖော်ပြထားသည်။

    “ဒီကိစ္စအတွက် ကျွန်တော်တို့ အရှက်ရမိသလို၊ အစ်ဗသီဟဂ်ျကိုလည်း တောင်းပန်ပါတယ်။ ဒီအဖြစ်အပျက်တွက် ကျွန်တော်တို့ တကယ့်ကို နောင်တရမိပါတယ်” ဟု SXSW မှ ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    အသက် ၃၀ အရွယ် ရှိပြီဖြစ်သည့် အစ်သီဟဂ်ျမှာ အမေရိကန်ကိုယ်စားပြု  အားကစားသမားများထဲတွင် ဟီဂျဘ်ဝတ်ဆင်၍ ယှဉ်ပြိုင်မည့် ပထမဆုံး မွတ်စလင်အမျိုးသမီးကစားသမားဖြစ်ပြီး ရီယိုဒီဂျနေရိုးတွင်ကျင်းပမည့် အိုလံပစ်ပြိုင်ပွဲတွင် အမေရိကန်ကိုယ်စားပြုယှဉ်ပြိုင်ရန် ရွေးချယ်ခံထားရသည်။

    သူမမှာ မွတ်စလင်များကို စော်ကားပြောဆိုမှုများ ပြုလုပ်နေသည့် ရီပက်ဘလစ်ကန်နိုင်ငံရေးသမား ဒေါ်နယ် ထရမ့်အား လူသိရှင်ကြား ဝေဖန်သူလည်းဖြစ်သည်။

    “တစ်ယောက်ယောက်က ‘ကဲ မွတ်စလင်တွေကို သူတို့နိုင်ငံ ပြန်ပို့စမ်း’ လို့ပြောတာကြားရရင်၊ ကျွန်မက ‘ငါက အမေရိကန်လေ။ ငါက ဘယ်ကိုသွားရမှာတုန်း’ လို့ ပြန်ပြောလိုက်ချင်တယ်” ဟု ဗုဒ္ဓဟူးနေ့က ထရမ့်နှင့်ပတ်သက်၍ သတင်းထောက်များအား ပြောကြားခဲ့သည်။SXSW တွင် ထိုအဖြစ်အပျက် ဖြစ်ပွားပြီးနောက်ပိုင်း အစ်ဗသီဟဂ်ျမှာ မှားယွင်းသည့် သက်သေခံကဒ်ကို ရရှိခဲ့သည်။

    “ကျွန်မ မှားယွင်းတဲ့ သက်သေခံလက်မှတ်တစ်ခုကို ရရှိခဲ့ပါတယ်။ အခုအချိန်ကစပြီး ကျွန်မနာမည်ဟာ တာမီရ်ဖြစ်ပြီး Time Warner Inc အတွက် အလုပ်လုပ်နေသူပါ” ဟု ၎င်း၏ Twitter စာမျက်နှာတွင် ထပ်မံရေးသားခဲ့သည်။

    Ref: IINA

  • မိမိကိုယ်ကို ကာကွယ်ရန် အမေရိကန် မွတ်စလင်အမျိုးသမီးများ တိုက်ခိုက်ရေးပညာ သင်ယူနေကြ

    မိမိကိုယ်ကို ကာကွယ်ရန် အမေရိကန် မွတ်စလင်အမျိုးသမီးများ တိုက်ခိုက်ရေးပညာ သင်ယူနေကြ

    မတ် ၁၄၊ ၂၀၁၆
    M-Media

    us muslim

    – အမေရိကန်ပြည်ထောင်စုမှာ မွတ်စလင်ဆန့်ကျင်ရေး သဘောထားတွေ မြင့်တက်လာတာကို စိုးရိမ်တဲ့အတွက် ဟီဂျဘ်ဝတ်အမျိုးသမီးတွေဟာ သူတို့ကို တိုက်ခိုက်လာနိုင်ဖွယ်ရှိသူတွေကို ပြန်လည် ခုခံဖို့အတွက် တိုက်ခိုက်ရေးပညာတွေကို သင်ယူနေကြတယ်လို့ သိရပါတယ်။

    နိုင်ငံတစ်ဝှမ်း အဲဒီ တိုက်ခိုက်ရေးပညာ အတန်းတွေကို အီဂျစ်-အမေရိကန်သူဖြစ်ပြီး ရှိုတိုကန် ကရာတေး ခါးပတ်နက်ရထားတဲ့ ရာနာ အဘ်ဒဲလ် ဟာမစ်က ဦးဆောင်သင်ကြားပေးနေတာ ဖြစ်ပါတယ်။

    “ငါပြန်တိုက်မယ်ကွ – အဲဒီလိုမျိုး ကျယ်နိုင်သမျှ ကျယ်ကျယ် အော်စေချင်တယ်” လို့ သူမက ပြောကြားခဲ့ပါတယ်။ ဟမစ်ဟာ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးလည်း ဖြစ်ပါတယ်။ ဟာမစ်ဟာ အမေရိကန်တစ်ဝှမ်းမှာ အလားတူသင်တန်းပေါင်းများစွာကို သင်ကြားပေးနေတာဖြစ်ပြီး မွတ်စလင်လူငယ်အမျိုးသမီး အတော်များများ တက်ရောက်နေကြပါတယ်။

    သမ္မတရွေးကောက်ပွဲ ကျင်းပဖို့ နီးလာတဲ့အချိန် နိုင်ငံရေးသမားတစ်ချို့က လူပြိန်းကြိုက် မွတ်စလင်ဆန့်ကျင်ရေးသဘောထားတွေ ပြောကြားလာခဲ့ပြီးနောက်ပိုင်းမှာ နိုင်ငံအတွင်းက မွတ်စလင်တွေဟာ အမုန်းတရား ပပျောက်ရေး လှုပ်ရှားမှုတွေကို လုပ်ဆောင်နေကြပါတယ်။

    ဟီဂျဘ်ဝတ်ဆင်ထားတဲ့ မွတ်စလင်အမျိုးသမီးတွေဟာ လူရမ်းကားတွေရဲ့ ပစ်မှတ်ထားတိုက်ခိုက်ခံရဖို့ လွယ်ကူတဲ့အတွက်ကြောင့်မို့လို့ ဒီလိုသင်တန်းတွေ ဖွင့်လှစ်ပေးတာလို့ ဟာမစ်က ပြောကြားခဲ့ပါတယ်။ သင်တန်းထဲက သစ်လွင်မွတ်စလင် အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ ခရစ်စတင်း ဂါရစ်တီ ဆီကာစီက တိုက်ခိုက်ခံလာရတဲ့အခါ ကိုယ်ကိုယ့်ကိုယ် ကာကွယ်နိုင်စွမ်းရှိချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကျွန်မတို့ ပစ်မှတ်ထားခံရတယ်။ ဒါဟာ မမျှတပါဘူး။ ဒါပေမယ့် တစ်ကယ်ဖြစ်နေတာပါ။ ဒါကိုရင်ဆိုင်ဖို့အတွက် ကိုယ့်ကိုယ်ကို စွမ်းရည်ဖြည့်ထားဖို့ လိုအပ်ပါတယ်”

    ခရစ္စတင်းဟာ ၀ါရှင်တန်က ဂျော့ဂ်ျတောင်းတက္ကသိုလ်မှာ အစ္စလာမ်ကြောက်ရောဂါကို ဆန်းစစ်လေ့လာနေတဲ့ လှုပ်ရှားမှုတစ်ခုမှာ အလုပ်လုပ်နေသူဖြစ်ပါတယ်။

    အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီ (CAIR) လို လူအခွင့်အရေးလှုပ်ရှားတဲ့ အဖွဲ့တွေက နိုဝင်ဘာမှာ ဖြစ်ပွားခဲ့တဲ့ ပဲရစ်တိုက်ခိုက်မှုနဲ့ ဆန်ဘာဒီနိုမှာ အစွန်းရောက်တွေရဲ့ပစ်ခတ်မှုတွေဖြစ်ပြီးနောက်ပိုင်း အမေရိကန်မှာ မွတ်ဆလင်ဆန့်ကျင်ရေး တိုက်ခိုက်မှုတွေဟာ သုံးဆလောက် မြင့်တက်လာတယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီ တိုက်ခိုက်မှုတွေရဲ့ ၈၀ ရာနှုန်းလောက်ဟာ အမျိုးသမီးတွေဖြစ်တယ်လို့ ဆိုပါတယ်။

    “ဒီလူ့အဖွဲ့အစည်းထဲမှာ မွတ်စလင်အမျိုးသမီးတွေအနေနဲ့ ကိုယ့်ကိုယ်ကိုကာကွယ်နိုင်ဖို့ တကယ်ပဲလိုအပ်ပါတယ်” လို့ CAIR ပြောရေးဆိုခွင့်ရှိသူ အီဘရာဟင် ဟူးပါးက ပြောကြားခဲ့ပါတယ်။

    Ref: IINA

  • အထင်အမြင်လွဲမှားမှုကို အောင်မြင်မှုဖြင့် ချေဖျက်ရန် အမေရိကန်မွတ်စလင်အားကစားမယ် ကြိုးပမ်းနေ

    အထင်အမြင်လွဲမှားမှုကို အောင်မြင်မှုဖြင့် ချေဖျက်ရန် အမေရိကန်မွတ်စလင်အားကစားမယ် ကြိုးပမ်းနေ

    မတ် ၁၁၊ ၂၀၁၆
    M-Media

    us

    – မွတ်စလင်အမည်ခံ အကြမ်းဖက်သမားတွေကြောင့် အစ္စလာမ်ဘာသာဝင်တွေအပေါ်မှာ အထင်အမြင်လွဲမှားနေမှုကို သူမရဲ့ အောင်မြင်မှုနဲ့ ဖယ်ရှားဖို့အတွက် အမေရိကန်လက်ရွေးစင် မွတ်စလင်ဓားသိုင်း အားကစားမယ် အစ်ဗသီဟဂ်ျ မိုဟာမက်က ကြိုးစားနေပါတယ်။

    အစ်ဗသီဟဂ်ျဟာ အမေရိကန်ဓားသိုင်းအားကစားလောကမှာ ပထမဆုံး မွတ်စလင်အမျိုးသမီးဖြစ်ပြီး ပထမဆုံး ဟီဂျဘ်ဝတ်ဆင်ကာ ယှဉ်ပြိုင်သူလည်းဖြစ်ပါတယ်။ အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ သူမဟာ ဇန်န၀ါရီလက ဂရိနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ဖလား ဓားသိုင်းပြိုင်ပွဲမှာ လက်စွမ်းကောင်း ပြနိုင်ခဲ့တာကြောင့် မကြာခင် ဘရာဇီးလ်နိုင်ငံ ရီယိုဒီဂျနေရိုးမှာ ကျင်းပပြုလုပ်တော့မယ့် အိုလံပစ်ပြိုင်ပွဲမှာ အမေရိကန်ကိုယ်စားပြုနေရာအတွက် ရွေးချယ်ခံခဲ့ရပါတယ်။

    လက်ရှိအမေရိကန်ပြည်တွင်းမှာ သမ္မတလောင်းရွေချယ်မှုနဲ့အတူ နိုင်ငံရေးသမားတွေကိုယ်တိုင်က ပြိုင်ဘက်တွေကို အသာရဖို့ လူပြိန်းကြိုက် မွတ်စလင်ဆန့်ကျင်ရေး ပြောဆိုမှုတွေ မြင့်တက်နေပြီး အစ်ဗသီဟဂ်ျကတော့ ဒါဟာ သူမအတွက် အဆန်းမဟုတ်တော့ဘူးလို့ ဆိုပါတယ်။

    ဒါပေမယ့် အိုလံပစ်ပြိုင်ပွဲမှာ နိုင်ငံကိုယ်စားပြုပြီး သူမရဲ့ ၀င်ရောက်ယှဉ်ပြိုင်မှုက ဒီလို အပြုအမူတွေ၊ ပြောဆိုမှုတွေကို လျော့ပါးစေလိမ့်မယ်လို့ သူမက မျှော်လင့်နေပါတယ်။

    “ကျွန်မတို့ အခုကြုံတွေ့နေရတဲ့ နိုင်ငံရေး အခြေအနေက တော်တော်လေး ကြမ်းတမ်းတဲ့ အခြေအနေပါ။ သိပ်မလွယ်ပါဘူး။ မွတ်စလင်တွေဟာ မျက်လုံးဒေါက်ထောက်ကြည့်ခံနေရပြီး ကျွန်မကတော့ မွတ်စလင်အမျိုးသမီးတွေအပေါ်မှာ လူတွေမြင်နေတဲ့ အမြင်တွေကို ပြောင်းလဲပစ်ဖို့ မျှော်လင့်ပါတယ်” လို့ သူမက ပြောကြားခဲ့ပါတယ်။

    အမေရိကန်မွတ်စလင်တွေဟာ တိုင်းပြည်အတွက် ကျရာနေရာမှာ တာဝန်ထမ်းဆောင်နေပြီး အစ်ဗသီဟဂ်ျကလည်း ဒါကို ထောက်ပြ ပြောဆိုခဲ့ပါတယ်။

    “မွတ်စလင်အမျိုးသမီးတွေဟာ တော်တော်လေးကို လိုက်လျောညီထွေရှိပြီး အထူးသဖြင့် အမေရိကန်လို နေရာမျိုးမှာပါ။ ကျွန်မတို့အားလုံးဟာ မတူညီတဲ့ အခြေအနေတွေ၊ အသားအရောင်တွေ၊ ပုံပန်းသဏ္ဍာန်တွေကနေ ဖြစ်တည်လာကြပါတယ်။ မတူညီတဲ့နောက်ခံတွေ၊ အသိုင်းအ၀ိုင်းတွေမှာ ကြီးပြင်းလာကြတယ်။ ဒါကို လူတွေကို မြင်စေချင်ပါတယ်”

    တကယ်လို့များ နိုဝင်ဘာ သမ္မတရွေးကောက်ပွဲမှာ လူမျိုးရေးခွဲခြားသူ ဒေါ်နယ်ထရမ့် အနိုင်ရသွားရင် ဘာဖြစ်မလဲဆိုတာနဲ့ပတ်သက်ပြီး ဒီလို ဖွင့်ဟခဲ့ပါတယ်။

    “ဘာဖြစ်မလဲဆိုတာကို စဉ်စားဖို့ ကျွန်မ သိပ်မုန်းပါတယ်။ အခြေအနေကို နည်းနည်းပါးပါး ပြောင်းလဲနိုင်မယ်၊ နေ့စဉ်ကြုံတွေ့နေရတဲ့ အထင်အမြင်လွဲမှားမှုတွေကို တိုက်ဖျက်ဖို့၊ မွတ်စလင်တွေ အပြုသဘောဆောင်တဲ့ အခြေအနေမျိုးတွေ ဖြစ်စေဖို့ ကျွန်မ မျှော်လင့်ပါတယ်။ လုပ်နိုင်မလားဆိုတာတော့ ကျွန်မ မသိပါဘူး။ ဒါပေမယ့် ရီယိုမှာ ကျွန်မအကောင်းဆုံးလုပ်ဖို့ ကြိုးစားသွားမှာပါ”

    အစ်ဗသီဟဂ်ျဟာ သူမရဲ့ အားကစားစွမ်းရည်ကြောင့် ကျော်ကြားပြီး မကြာသေးမီက ဘာလ်တီမိုးဗလီဝတ်ကျောင်းတော်ကို သမ္မတအိုဘားမား လည်ပတ်စဉ်ကလည်း သမ္မတနဲ့ တွေ့ဆုံခဲ့ပါတယ်။ အိုဘားမားက အိုလံပစ်မှာ ရွှေတံဆိပ် ရယူပေးဖို့ သူမက အရွန်းဖောက်ခဲ့ပါသေးတယ်။ အစ်ဗသီဟဂ်ျကတော့ သူမအနေနဲ့ ဒါကို ဖိအားလို့မမြင်ဘဲ နိုင်ငံအတွက် ကိုယ်စားပြုရတာကိုပဲ ဂုဏ်ယူမိတယ်လို့ ဆိုပါတယ်။

    “ဖိအားလို့ လုံးဝ မယူဆပါဘူး။ ကျွန်မသိပ်ကျေနပ်တယ်။ အမေရိကန်ကို ကိုယ်စားပြုခွင့်ရလို့လည်း ဂုဏ်ယူမိပါတယ်”

    Ref: IINA

  • အစ္စလာမ်ကြောက်ရောဂါ တိုက်ဖျက်ရေး လက်ဖက်ရည်ဝိုင်းအစီအစဉ် အမေရိကန်တွင် ပြုလုပ်

    အစ္စလာမ်ကြောက်ရောဂါ တိုက်ဖျက်ရေး လက်ဖက်ရည်ဝိုင်းအစီအစဉ် အမေရိကန်တွင် ပြုလုပ်

    မတ် ၃၊ ၂၀၁၆
    M-Media

    CAIR

    – အမေရိကန်မှာ တဖြည်းဖြည်းကြီးထွားလာတဲ့ အစ္စလာမ်ကြောက်ရောဂါနဲ့ ပက်သက်လို့ ဆွေးနွေးအဖြေရှာဖို့အတွက် ဘာသာပေါင်းစုံညီညွှတ်ရေး အခမ်းအနားတစ်ခုကို အမေရိကန် ပြည်ထောင်စု ကလီဗ်လန်မြို့မှာ တနင်္လာနေ့က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

    West Shore Unitarian Universalist ခရစ်ယာန်ဘုရားကျောင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး လူ ၁၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။ ငြိမ်းချမ်းရေးအတွက် လက်ဖက်ရည်ဝိုင်း (Teatime for Peace) လို့ အမည်ရတဲ့ အဲဒီ အခမ်းအနားကို အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီ ကလီဗ်လန်းဌာနခွဲ (CAIR-Cleveland) နဲ့ ဒေသခံအရပ်ဖက်အဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

    အခမ်းအနားရဲ့ ရည်ရွယ်ချက်က အယူဝါဒမတူတဲ့ လူအမျိုးမျိုးကြား စကားပြောဆို ရင်းနှီးမှုရဖို့နဲ့ မွတ်စလင်၊ အစ္စလာမ်သာသနာနဲ့ပက်သက်တဲ့ မှားယွင်းတဲ့အမြင်တွေကို ဖယ်ရှားနိုင်ဖို့နဲ့ တစ်ယောက်နဲ့တစ်ယောက်ကြား သိနားလည်လာစေဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

    လက်ရှိ သမ္မတလောင်းအဖြစ် မဲဆွယ်မှုအတွင်းမှာ နိုင်ငံရေးသမားတွေ၊ မွတ်စလင်ဆန့်ကျင်ရေးအဖွဲ့တွေရဲ့ အစ္စလာမ်မုန်းတီးရေးဝါဒဖြန့်မှုတွေကို စိန်ခေါ်ရင်ဆိုင်နိုင်ဖို့အတွက်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပါတယ်။

    အခမ်းအနားမှာ West Shore ဘုရားကျောင်းရဲ့ သင်းအုပ်ဆရာ ဟော်လီ မီလာ၊ CAIR-Cleveland အဖွဲ့ဥက္ကဌ အစ္စမ်ဇအီးမ်၊ အခရွန်နဲ့ ကန့်မြို့မှာရှိတဲ့ အစ္စလာမ်အသင်းက တာဝန်ရှိသူ ဟာလာ ဆန်ယူရာတို့က ဦးဆောင်ပြုလုပ်တဲ့ ဘာသာပေါင်စုံ ဆုတောင်းမှုလည်း ပါဝင်ပါတယ်။

    အဲဒီအခမ်းအနားမှာ လက်ဖက်ရည်သောက်ရင်း တစ်ယောက်ချင်း စကားပြောဆို ဆွေးနွေးခဲ့ကြပြီး မွတ်စလင်တွေကို မီဒီယာတွေက ပုံဖေါ်ထားမှုကို ကျော်လွန်ပြီး အမှန်တကယ် သိရှိနိုင်အောင် ရည်ရွယ်တာဖြစ်ပါတယ်။ ပါလက်စတိုင်း၊ နိုက်ဂျီးရီးယား၊ တူရကီ၊ ဆီးရီးယား၊ အာဖရိကန်-အမေရိကန်၊ အိုင်းရစ်၊ ပါကစ္စတန်၊ အိန္ဒိယ စတဲ့ နိုင်ငံတွေက အစ္စလာမ်ဘာသာဝင်တွေလည်း ဒီအခမ်းအနားမှာ ပါဝင်ခဲ့ကြပါတယ်။

    Ref : IINA

  • နယူးယောက်မွတ်စလင်များရဲ့ အနုပညာလက်ရာများ ခင်းကျင်းပြသ

    နယူးယောက်မွတ်စလင်များရဲ့ အနုပညာလက်ရာများ ခင်းကျင်းပြသ

    ဖေဖော်ဝါရီ ၂၉၊ ၂၀၁၆
    M-Media

    newyork

    – နယူးယောက်မှာရှိတဲ့ ဘက်ဖလိုမွတ်စလင်အစည်းအရုံးက ဒေသခံမွတ်စလင်တွေရဲ့ အနုပညာလက်ရာများ ထုတ်ဖော်ပြသတဲ့ ပြပွဲတစ်ခုကို စနေနေ့မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

    အဲဒီပြပွဲဟာ အမေရိကန်မွတ်စလင်တွေအပေါ် နားလည်မှုလွဲမှားတာတွေ ကင်းစင်စေဖို့နဲ့ ဆက်ဆံရေးပိုမိုကောင်းမွန်စေဖို့ ရည်ရွယ်ပြီး အိမ်ဖြူတော်ရဲ့ ဦးဆောင်မှုနဲ့ ကျင်းပပြုလုပ်တာဖြစ်ပါတယ်။ မိမိတို့ကလည်း အကြမ်းဖက်ခြင်းနဲ့ အစ္စလာမ်ဆန့်ကျင်ရေးအမြင်တွေကို ပြောင်းလဲနိုင်ဖို့ရည်ရွယ်ပြီး မိမိရဲ့ကိုးကွယ်ယုံကြည်မှုနဲ့ပက်သက်လို့ တခြားသူတွေကို မိတ်ဆက်ပေးနိုင်ဖို့ အိမ်ဖြူတော်ရဲ့ ဒီအစီအမံကို လက်ခံဆောင်ရွက်ခဲ့တာလို့ အမေရိကန်မွတ်စလင်တွေက ပြောကြားခဲ့ပါတယ်။

    “ပြည်သူတွေ အတူတကွ ပြောဆိုဆွေးနွေးဖို့ သူတို့ရဲ့ အမေရိကန်မွတ်စလင်အိမ်နီးချင်းတွေကို နားလည်သဘောပေါက်ဖို့အတွက် ဒါဟာ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးတာဖြစ်ပါတယ်” လို့ နိုင်ငံသားအခွင့်အရေးဆိုင်ရာ ရှေ့နေတစ်ဦးဖြစ်သူ ဟာဆန် ရှီဘလီက ပြောကြားခဲ့ပါတယ်။

    ဗလီဝတ်ကျောင်းတော်အတွင်းမှာပြုလုပ်တဲ့ အဲဒီပြပွဲမှာ အမေရိကန်မွတ်စလင်တွေရဲ့ အနုပညာလက်ရာတွေကို ခင်းကျင်းပြသခဲ့ပြီး လူအမြောက်အများ လာရောက်ကြကာ အစ္စလာမ်ကပြောတဲ့ အမျိုးသမီးတွေအကြောင်း၊ အစ္စလာမ်က အစွန်းရောက်တွေကိုလက်မခံတဲ့အကြောင်း ဟောပြောပို့ချမှုတွေကိုလည်း နားထောင်ခဲ့ကြပါတယ်။

    “အာဃာတတရားတွေနဲ့ မသိမှုနားမလည်မှုတွေကို ကျော်ဖြတ်ဖို့ အကောင်းဆုံးနည်းလမ်းက ကျွန်တော်တို့ရဲ့မိတ်ဆွေ အမေရိကန်တွေကို ကျွန်တော်တို့အကြောင်း သိအောင်လို့ ဖိတ်ခေါ်မယ့် တံခါးတွေ ဖွင့်ပေးဖို့ပါပဲ၊ ဒီနေရာတွေကနေတဆင့် နားလည်မှု၊ သည်းခံမှု၊ အပြန်အလှန်လေးစားမှုတွေ တည်ဆောက်နိုင်မှာဖြစ်တယ်။ ဒီလို အမုန်းရာဇ၀တ်မှုတွေနဲ့ အကြမ်းဖက်မှုတွေ သံသရာမလည်အောင် လုပ်ဖို့ဆိုရင်တော့ ကျွန်တော်တို့အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် သိကျွမ်းမှုမရှိတဲ့မရှိတဲ့အခါ ဖြစ်တတ်တဲ့အရာတွေကို ဂရုစိုက်ရပါလိမ့်မယ်” လို့ ရှီဘလီက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    မွတ်စလင်အမည်ခံ အကြမ်းဖက်သမားတွေကြောင့် အမေရိကန်မှာ အစ္စလာမ်ကြောက်ရောဂါ မြင့်တက်လာတဲ့အချိန်မှာ နိုင်ငံက လူ့အဖွဲ့အစည်းအတွင်းမှာ သဟဇာတဖြစ်မှုကို တိုးမြင့်စေဖို့ အမေရိကန်သမ္မတာ အိုဘားမားဟာ ပြီးခဲ့တဲ့လအတွင်း ဘာလ်တီမိုးက ဗလီဝတ်ကျောင်းတော်တစ်လုံးကို ပထမဆုံး သွားရောက်လည်ပတ်ခဲ့ပါတယ်။

    “ဒီမှာ လုပ်ဖို့လိုအပ်နေတာတစ်ခုက စကားလက်ဆုံပြောဆိုဆွေးနွေးဖို့ပဲဖြစ်တယ်လို့ သမ္မတအိုဘားမားကလည်း လာရောက်ပြောဆိုသွားခဲ့ပါတယ်။ တကယ်တမ်းဆို မွတ်စလင်တစ်ဦးဦးက ကိုယ့်အိမ်နီးနားချင်းဆီသွားပြီး ခင်ဗျားနဲ့ ကျွန်တော်မဆုံဖူးဘူး။ အတူ ထမင်းလက်ဆုံစားရအောင်။ တို့တွေ အေးဆေးစကားပြောကြမယ် စသဖြင့် ပြောဆိုဖြစ်ကြဖို့ပါပဲ။ ဒီလိုမှပဲ ကျွန်တော်တို့အခုရင်ဆိုင်နေရတဲ့ မကောင်းတဲ့တစ်ယူသန်အမြင်တွေ၊ ၀ါးလုံးရှည်ရမ်းတာတွေ ပျောက်ကွယ်သွားမှာဖြစ်ပါတယ်” လို့ ဘာလ်တီမိုးနဲ့ အန်နာပိုလစ် အစ္စလာမ်အစည်းအရုံးများမှ ရှေ့ဆောင်အီမာမ် မိုက်ကယ်စမစ်က ပြောကြားခဲ့ပါတယ်။

    ဘက်ဖလိုးမွတ်စလင်အစည်းအရုံးကတော့ အမေရိကန်မွတ်စလင်တွေအနေနဲ့ ၎င်းတို့ရဲ့ အိမ်နီးနားချင်းတွေနဲ့ ဆက်ဆံရေးတည်မြဲစေဖို့အတွက် ရည်ရွယ်ပြီး ဒီပြပွဲကို ကျင်းပခဲ့တာလို့ ပြောကြားခဲ့ပါတယ်။

    SM/IINA