သြဂုတ် ၇၊ ၂၀၁၈
M-Media
သြဂုတ် ၇၊ ၂၀၁၈
M-Media
ဇွန် ၇၊ ၂၀၁၈
M-Media
– အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ မနေ့က အိမ်ဖြူတော်မှာ ရမ်ဇာန်ဥပုသ်လအထိမ်းအမှတ် အစ်ဖ်သာရ် ၀ါဖြေညစာစားပွဲအခမ်းအနားတစ်ခု ကျင်းပပြုလုပ်ခဲ့ပါတယ်။
“ဒီနေ့ညနေ ဒီလိုစုစည်းမှုဟာ ကမ္ဘာ့ အကြီးဆုံးကျယ်ဆုံး ဘာသာကြီးတွေထဲက တစ်ခုရဲ့ မြင့်မြတ်တဲ့ ဓလေ့ထုံးတမ်းကို ကျွန်တော်တို့ ဂုဏ်ပြုတာ ဖြစ်ပါတယ်” လို့ ထရမ့်က သူ့ရဲ့မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။
ရမ်ဇာန်ဥပုသ်လအထိမ်းအမှတ် အစ်ဖ်သာရ် ၀ါဖြေညစာစားပွဲကို သမ္မတကလင်တန်လက်ထက်ကတည်းက အိမ်ဖြူတော်မှာ တောက်လျှောက် လုပ်လာခဲ့ပေမယ့် သမ္မတထရမ့်လက်ထက် မနှစ်က ကျင်းပခဲ့ခြင်းမရှိပါဘူး။
ထရမ့်ဟာ မဲဆွယ်စဉ်ကာလမှာ အစ္စလာမ်သာသနာ၊ မွတ်စလင်တွေနဲ့ပတ်သက်လို့ စော်ကားပြောဆိုမှုတွေ ရှိခဲ့ပါတယ်။
မနေ့က အစ်ဖ်သာရ်ဝါဖြေပွဲမှာတော့ ထရမ့်က အရှေ့အလယ်ပိုင်းရဲ့ တန်ဖိုးရှိတဲ့ မိတ်ဖက်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှု၊ မိတ်ဖက်ဖြစ်မှု ပြန်လည်ဆန်းသစ်လာခဲ့ပြီး အခုလို အစ်ဖ်သာရ်ဝါဖြေပွဲကလည်း ‘အချိန်အကန့်အသတ်မရှိတဲ့ ငြိမ်းချမ်းရေး၊ သန့်ရှင်းမှု၊ ချစ်ခြင်းမေတ္တာတွေကို တန်ဖိုးထားဖို့အတွက် မိသားစုတွေ သူငယ်ချင်းတွေ ပေါင်းစုကြတဲ့ပွဲတော်’ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
မနေ့က၀ါဖြေပွဲကို အမေရိကန်မွတ်စလင်လူ့အဖွဲ့အစည်းက ကိုယ်စားလှယ်တွေ၊ နိုင်ငံခြားသံတမန်တွေနဲ့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
ထရမ့်ရဲ့ ပြောကြားမှုနဲ့ ပေါ်လစီတွေဟာ အမေရိကန်မွတ်စလင်တွေအပေါ် အနိုင်ကျင့်မှုတွေ၊ ခွဲခြားဆက်ဆံမှုတွေကို မြင့်တက်လာစေတာကြောင့် မွတ်စလင်တက်ကြွလှုပ်ရှားသူအချို့က ထရမ့်ရဲ့ အစ်ဖ်သာရ်ဝါဖြေပွဲအခမ်းအနားကို ဆန့်ကျင်ခဲ့ကြပါတယ်။
Ref: Fox News
ဧပြီ ၈၊ ၂၀၁၈
M-Media
– ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ တိုက်ခိုက်မှုပြီးကတည်းက နယူးယောက်ရဲတပ်ဖွဲ့ဟာ မွတ်စလင်တွေကို တရားမ၀င် လျှို့ဝှက်စောင့်ကြည့်ခဲ့တယ်ဆိုတဲ့ ကိစ္စအတွက် တရားစွဲဆိုမှုမှာ ဒေသတွင်း မွတ်စလင်တွေက အနိုင်ရရှိသွားပြီး ရဲတပ်ဖွဲ့က ဒီလို စောင့်ကြည့်မှုတွေ မလုပ်တော့ဘူးလို့ ကတိပြုခဲ့ပါတယ်။
“ကျွန်တော်တို့ အမှုနိုင်သွားတယ်။ ဘာပြဿနာမှ မရှိပါဘူး။ ဒါပေမယ့် စစ်သားတစ်ယောက်အနေနဲ့ အမေရိကန်လည်း ဒီကိစ္စမှာ အနိုင်ရသွားတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” လို့ အမေရိကန် စစ်သားတစ်ဦးဖြစ်တဲ့ ဖာရ်ဟဂ်ျ ဟာဆန်က ပြောကြားခဲ့ပါတယ်။
ဟာဆန်ဟာ ဒီကိစ္စနဲ့ပတ်သက် ၂၀၁၂ ခုနှစ်က နယူးဂျာစီပြည်နယ် နီဝက်မြို့ ဖက်ဒရယ်တရားရုံးမှာ တရားစွဲဆိုမှုကို ဦးဆောင်ခဲ့သူဖြစ်ပါတယ်။
“ဘယ်သူမှ ရဲတွေနဲ့ ရန်ဖက်မဖြစ်ချင်ပါဘူး။ ရဲတွေက ကောင်းကြပါတယ်။ ဒါပေမယ့် ရဲတွေ မကောင်းတာလုပ်တဲ့ ဒီကိစ္စမှာတော့ လုပ်သင့်တာ လုပ်ရမှာပါ”
ဥပဒေဆိုင်ရာ အကြံပေးရေးနဲ့ ပညာရေးဆိုင်ရာအဖွဲ့ Muslim Advocates ရဲ့ အမှုဆောင်ဒါရိုက်တာ ဖာရ်ဟာနာ ခီရာက မွတ်စလင်ဖြစ်တာကြောင့် စောင့်ကြည့်ရမယ်ဆိုတဲ့ကိစ္စဟာ မှားယွင်းတယ်ဆိုတဲ့အကြောင်း ဥပဒေစိုးမိုးရေး အဖွဲ့တွေကို အခုကိစ္စက သတင်းစကားတစ်ခု ပေးလိုက်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
နယူးယောက်ရဲတပ်ဖွဲ့ဟာ မွတ်စလင်ကျောင်းသားအဖွဲ့တွေထဲ ထိုးဖောက်ဝင်ရောက်တာ၊ ဗလီတွေမှာ သတင်းပေးထားတာ လုပ်ခဲ့ပြီး၊ ဗလီ၊ စားသောက်ဆိုင်တွေနဲ့ ကျောင်းတွေက သာမန်လူတွေကို ၂၀၀၂ ခုနှစ်ကတည်းကစလို့ ထောက်လှမ်းတာတွေ လုပ်ခဲ့တယ်လို့ AP သတင်းဌာနက ဖော်ပြခဲ့ပြီးတဲ့နောက် ရဲဌာနကို တရားစွဲဆိုမှု ပေါ်ထွက်လာတာ ဖြစ်ပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ တရားလိုတွေက နယူးဂျာဆီပြည်နယ်မှာ ဗလီ ၂၀၊ စားသောက်ဆိုင် ၁၄ ခု၊ ကုန်စုံဆိုင် ၁၁ ခု၊ စာသင်ကျောင်း ၂ ခုနဲ့ မွတ်စလင်ကျောင်းသားအဖွဲ့ ၂ ခုတို့မှာ ရဲတပ်ဖွဲ့က လျှို့ဝှက်ထောက်လှမ်းမှုတွေ လုပ်ခဲ့ပေမယ့် အကြမ်းဖက်ဝါဒနဲ့ ပတ်သက်တဲ့ ဘာသတင်းအချက်အလက်မှ ရခဲ့တာ မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။
တရားရုံးက ရဲတပ်ဖွဲ့အနေနဲ့ လူတစ်ယောက် ဘာသံသဖြစ်စရာမှ မရှိဘဲနဲ့ ဘာသာရေး၊ လူမျိုးရေးကို အခြေခံပြီး စောင့်ကြည့်တာမျိုး မလုပ်ရဘူးလို့ ဆုံးဖြတ်ခဲ့ပြီး ရဲတပ်ဖွဲ့ရဲ့ ထောက်လှမ်းရေးဗျူရိုကို ထိန်းချုပ်နိုင်ရေး ရည်ရွယ်တဲ့ ပေါ်လစီအသစ်တစ်ခုအတွက် အချက်အလက်တွေ ပေးအပ်ဖို့လည်း တရားလိုမွတ်စလင်တွေကို တိုက်တွန်းဆော်သြခဲ့ပါတယ်။
ဒီလို တရားမ၀င် စောင့်ကြည့်အစီအစဉ်ကြောင့် နစ်နာခဲ့ရတဲ့ ဗလီဝတ်ကျောင်းတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ လူပုဂ္ဂိုတွေအတွက် နစ်နာကြေး ကန်ဒေါ်လာ ၇၅၀၀၀ နဲ့ တရားရင်ဆိုင်မှုစားရိတ် ဒေါ်လာ ၁ သန်းကို နယူးယောက်မြို့ အုပ်ချုပ်ရေးအဖွဲ့က ပေးရမှာ ဖြစ်ပါတယ်။
နယူးဂျာဆီက စောင့်ကြည့်ရေးအစီအစဉ်တွေကို နိုင်ငံသားအခွင့်အရေးဆိုင်ရာ အခြားသော တရားစွဲဆိုမှုတွေမှာ ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေနဲ့ ကိုက်ညီအောင် ဆောင်ရွက်သွားမယ်လို့ ရဲတပ်ဖွဲ့က သဘောတူခဲ့ပါတယ်။
Ref : Aljazeera
မတ် ၃၀၊ ၂၀၁၈
M-Media
– ဗလီတွေကို မီးရှို့မယ်လို့ ဆိုရှယ်မီဒီယာကနေတစ်ဆင့် ခြိမ်းခြောက်သူကို အမေရိကန်က ဗုဒ္ဓဟူးနေ့မှာ ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်ပါတယ်။
မြောက်ကယ်ရိုလိုင်းနားပြည်နယ် ၀ီလ်မင်တန်မြို့က ပက်ထရစ် ကီယိုဂန်ဆိုသူဖြစ်ပြီး ဗလီတွေကို မီးရှို့ဖို့ခြိမ်းခြောက်မှု၊ ကလေးညစ်ညမ်းဇာတ်ကားတွေကို လက်ဝယ်ထားရှိမှု၊ လက်နက်ခဲယမ်းတွေ ကိုင်ဆောင်ထားမှုတွေနဲ့ တရားစွဲဆို ထောင်ချခံရတာဖြစ်ပါတယ်။
ထောင်ကထွက်လာရင် သူ့ကို စောင့်ကြည့်ဖို့ လိင်ကျူးလွန်သူအဖြစ် မှတ်တမ်းတင်ထားဖို့လည်း အမိန့်ချမှတ်မှုမှာ ပါဝင်ပါတယ်။
၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့က ပဲရစ်မြို့ အကြမ်းဖက်တိုက်ခိုက်မှုအပြီးမှာ ကီယိုဂန်ဟာ ဘော်စတွန်မွတ်စလင်အသိုင်းအ၀ိုင်း ယဉ်ကျေးမှုစင်တာရဲ့ Facebook စာမျက်နှာမှာ မီးလောင်နေတဲ့ ဗလီပုံတစ်ခုကို တင်ခဲ့ပြီး ‘ကိုယ့်နေရာက ဗလီတွေကို မီးရှို့ကြ’ လို့ ရေးသားခဲ့ပါတယ်။
ဒါတင် မကသေးဘဲ ‘ဟယ်လို ကလိမ်ကကျစ်တွေ’ ဆိုတဲ့စာသားကို ရေးသားခဲ့သလို၊ နောက်သ်အီစတန်းတက္ကသိုလ် အစ္စလာမ်အသင်းရဲ့ Facebook စာမျက်နှာမှာလည်း မီးလောင်နေတဲ့ဗလီပုံကို လွှင့်တင်ခဲ့ပါတယ်။
ကီယိုဂန်ရဲ့ Facebook အကောင့်ကို စစ်ဆေးဖို့ ၀ရမ်းအရ ဖက်ဒရယ်တာဝန်ရှိသူတွေက ရှာဖွေရာမှာ ၂၀၁၃ နှစ်ကတည်းက ဗလီတွေကို မီးရှို့ရေး တိုက်တွန်းတဲ့ပို့စ်တွေကို တွေ့ခဲ့ရပါတယ်။
သူဟာ အရင်က ရာဇ၀တ်မှုကို နှစ်ကြိမ်ကျူးလွန်ခဲ့ဖူးသူပါ။
၂၀၁၆ ခုနှစ် ဇူလိုင်လမှာ ကီယိုဂန်ကို ၀ီလ်မင်တန်မြို့မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး တရားစွဲဆိုခဲ့ကာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ဘော်စတွန်က ခရိုင်တရားရုံးမှာ သူက အခြားသူတွေကို ထိခိုက်နာကျင်စေဖို့၊ ခြောက်လှန့်ဖို့၊ အဆောက်အဦးတစ်ခုကို မီးနဲ့ ဖျက်ဆီးဖို့ ခြိမ်းခြောက်မှု၊ ကလေးညစ်ညမ်းဇာတ်ကားတွေ၊ လက်နက်ခဲယမ်းတွေ လက်ဝယ်ထားရှိမှုနဲ့ အပြစ်ရှိကြောင်း ၀န်ခံခဲ့ပါတယ်။
သူ့ကိုဖမ်းဆီးတဲ့အချိန် သူ့အိမ်မှာ စက်သေနတ်တွေ၊ ချေမှုန်းရေး ရိုင်ဖယ်တွေ၊ စနိုက်ပါတွေ၊ လက်နက်ခဲယမ်းတွေ တော်တော်များများ တွေ့ခဲ့ရပါတယ်။
Ref: lowellsun.com
မတ် ၁၉၊ ၂၀၁၈
M-Media
– အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ်မှာ ဗလီထဲဝင်ပြီး စော်ကားပြောဆိုတဲ့ ဗီဒီယိုကို ရိုက်ကူးကာ ဆိုရှယ်မီဒီယာမှာ လွှင့်တင်တဲ့ အမျိုးသမီးတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး အမုန်းစကားပြောဆိုမှု မြောက်မမြောက် စစ်ဆေးနေပါတယ်။
အသက် ၃၂ နှစ်အရွယ် တဟ်နီ ဂွန်ဇာလက်စ်နဲ့ အသက် ၆၁ နှစ်အရွယ် အဲလိဇဘက် ဒါနီဟာဝါတို့ဟာ သူတို့ရဲ့ ကလေးတွေကို ခေါ်ပြီး ဖီးနစ်မြို့အနီး တမ်ပီမြို့က ဗလီကို သွားရောက်ခဲ့တာပါ။ အဲဒီနောက် တံခါးဖွင့်ပြီး ဗလီထဲဝင်သွားကာ ဗလီ၊ အစ္စလာမ်နဲ့ မွတ်စလင်တွေကို စော်ကားတဲ့ စကားတွေပြောဆိုခဲ့ပါတယ်။
သူတို့ရဲ့ အဲဒီလုပ်ရပ်တွေကို ဗီဒီယိုရိုက်ကူးကာ မတ်လ ၄ ရက်နေ့မှာ Facebook စာမျက်နှာပေါ် လွှင့်တင်ခဲ့ပါတယ်။ ဗီဒီယိုထဲမှာ ကလေးငယ်တွေက စော်ကားပြောဆိုမှုကိုလည်း တွေ့ခဲ့ရပါတယ်။
ဗလီဝတ်ကျောင်းတော်က ရှေ့ဆောင်အီမာမ် အဟ်မဒ် အလ်-အေကွမ်က တမ်ပီမြို့က မွတ်စလင်တွေဟာ ဒီဗီဒီယိုကြောင့် စိတ်အနှောက်အယှက် ဖြစ်ရတယ်လို့ ပြောကြားခဲ့ပါတယ်။
“ကျွန်တော် ၀မ်းအနည်းရဆုံးက ကလေးတွေကို ခေါ်လာပြီး အမုန်းစိတ်သွင်းတာ၊ သတင်းအမှားတွေကို ရိုက်သွင်းတာတွေပဲ ဖြစ်ပါတယ်”
တမ်ပီရဲဌာနက ပြောရေးဆိုခွင့်ရှိသူ ဆာဂျင် ရော်နယ် အလ်ကော့ခ်က ဒီအမျိုးသမီးတွေကို တတိယအဆင့် ဖောက်ထွင်းမှုနဲ့ တရားစွဲဆိုထားပြီး အမုန်းဆောင်ရာဇ၀တ်မှုအဖြစ် ပြစ်မှုထင်ရှားရင်၊ ဒါမှမဟုတ် တရားသူကြီးက ဒီအတိုင်းဆုံးဖြတ်ရင် ပြစ်ဒဏ်ကို တိုးမြှင့်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
ရှေ့ဆောင်အီမာမ် အလ်-အေကွမ်က ဗလီအပြင်မှာ လာရောက်စော်ကား ဆဲဆိုတာတွေကို ကြုံတွေ့ခဲ့ရဖူးပေမယ့် ဒီလိုအတွင်းထဲဝင်ပြီး ဗလီထဲကပစ္စည်းတွေကို ယူဆောင်သွားတာမျိုးဟာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
လက်ရှိမှာ ရဲတပ်ဖွဲ့ဟာ ဗလီဝတ်ကျောင်းတော်တစ်ဝိုက်ကို လုံခြုံရေးတိုးမြှင့်ဆောင်ရွက်နေပြီး ပုဂ္ဂလိက လုံခြုံရေးဝန်ထမ်းတွေ ငှားရမ်းသွားဖို့ စီစဉ်နေတယ်လို့လည်း အလ်-အေကွမ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။
အမျိုးသမီးတွေ ဖမ်းဆီးခံရတာနဲ့ပတသ်က်ပြီး သူက “စိတ်မကောင်းဘူးဗျာ။ သူတို့မှာ ကလေးတွေလည်း ရှိသေးတယ်လေ” လို့ အလ်-အေကွမ်က ဆိုပါတယ်။
Ref: New York Times