News @ M-Media

Tag: US Muslims

  • သားကိုသတ်သူကို ခွင့်လွှတ်ကျေအေးပေးတဲ့ ကန်တာတီက မွတ်စလင်ဖခင် (မြန်မာစာတမ်းထိုး)

    သားကိုသတ်သူကို ခွင့်လွှတ်ကျေအေးပေးတဲ့ ကန်တာတီက မွတ်စလင်ဖခင် (မြန်မာစာတမ်းထိုး)

    နိုဝင်ဘာ ၉၊ ၂၀၁၇
    M-Media

    – အမေရိကန်ပြည်ထောင်စု ကန်တာကီမြို့က မွတ်စလင်ဖခင်တစ်ဦးဟာ သူ့ရဲ့သားကို သတ်ဖြတ်ခဲ့တဲ့ တရားခံကို ခွင့်လွှတ်ကျေအေးကြောင်း တရားရုံးမှာ ပြောကြားခဲ့ပါတယ်။

    ၂၀၁၅ ခုနှစ်မှာ အသက် ၂၂ နှစ်အရွယ် တက္ကဆီယာဉ်မောင်း ဆလာဟွဒ်ဒင် ဂျစ်တ်မူဒ် သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး အသက် ၂၄ နှစ်အရွယ် ထရေး အလက်ဇန်းဒါး ရဲလ်ဖို့ဒ်က ကျူးလွန်ကြောင်း ပြီးခဲ့တဲ့လမှာ ၀န်ခံခဲ့ပြီးတဲ့နောက် တရားရုံးက အခုတစ်ပတ်မှာ ထောင်ဒဏ် ၃၁ နှစ် ချမှတ်ခဲ့ပါတယ်။

    တရားလိုကြေငြာချက်ထုတ်ပြန်တဲ့အခါမှာ ဆလာဟွဒ်ဒင်ရဲ့ ဖခင် အဘ်ဒူလ်-မုအ်မင်က သားဖြစ်သူကို သတ်ဖြတ်ခဲ့တဲ့ ထရေးကို ခွင့်လွှတ်ကြောင်း၊ ဒီလိုဖြစ်အောင် တွန်းအားပေးခဲ့တဲ့ စိတ်ရိုင်းကိုသာ အပြစ်တင်ကြောင်း ပြောကြားခဲ့ပါတယ်။

    “ခွင့်လွှတ်ကြေအေးပေးတယ်ဆိုတာ အကြီးမားဆုံးလက်ဆောင်ဖြစ်ပြီး။ ဒါဟာ ဒါနပြုမှုတစ်ခုဖြစ်တယ်လို့ အစ္စလာမ်က သွန်သင်ပါတယ်” လို့ အဘ်ဒူလ်-မုအ်မင်က ဆိုပါတယ်။

    သူ့ရဲ့ ဒီလိုတုန့်ပြန်မှုကို တရားရုံးတစ်ခုလုံးက အံ့သြမှင်သက်ခဲ့ကြပြီး ကြေငြာချက်အဆုံးမှာတော့ အားလုံးက ငိုကြွေးခဲ့ကြပါတယ်။

    အလ်ဒူလ်-မုအ်မင်ဟာ အစ္စလာမ့်ဓမ္မသင်တန်းကျောင်းတစ်ခုရဲ့ ကျောင်းအုပ်ကြီးလည်း ဖြစ်ပါတယ်။

    Ref : ilmfeed

  • မက်ဟက်တန်တွင် အကြမ်းဖက်မှုဖြစ်ပြီးနောက် နယူးယောက်ရှိ ဗလီတစ်ချို့ ဖုန်းဆက်ခြိမ်းခြောက်ခံရ

    မက်ဟက်တန်တွင် အကြမ်းဖက်မှုဖြစ်ပြီးနောက် နယူးယောက်ရှိ ဗလီတစ်ချို့ ဖုန်းဆက်ခြိမ်းခြောက်ခံရ

    နိုဝင်ဘာ ၄၊ ၂၀၁၇
    M-Media

    မတ်စ်ဂျစ်ဒ်အိုမာရ် ဗလီဝတ်ကျောင်းတော်

    – အခုတစ်ပတ် နယူးယောက်မြို့ လိုးဝါးမတ်ဟက်တန်ရပ်ကွက်မှာ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီးတဲ့နောက်ပိုင်း ကျူးလွန်သူ သွားရောက်လေ့ရှိတဲ့ ဗလီဝတ်ကျောင်းတော်ကို ဖုန်းဆက်ခြိမ်းခြောက်မှုတွေ မြင့်တက်လာတယ်လို့ သိရပါတယ်။

    အင်္ဂါနေ့က ဥဇဘက်နွယ်ဖွား ဆိုက်ဖလို ဆိုင်ပေါ့ဗ်ဟာ စက်ဘီးလမ်းမှာ စက်ဘီးစီးတဲ့သူတွေ လမ်းလျှောက်နေတဲ့သူတွေကို ပစ်ကတ်ကားနဲ့ ၀င်တိုက်ခဲ့တဲ့အတွက် အနည်းဆုံး ၈ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။

    အဲဒီအဖြစ်အပျက်နောက်ပိုင်း ဆိုင်ပေါ့ဗ်နေထိုင်တဲ့ ပတ္တာဆန်မြို့က ဗလီကို ဖုန်းဆက်ခြိမ်းခြောက်တာမျိုးတွေ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ကလည်း ဒီသတင်းတွေကို အတည်ပြုခဲ့ပါတယ်။

    အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီရဲ့ နယူးဂျာဆီဌာနခွဲက ဒီလိုခြိမ်းခြောက်မှုတွေနဲ့ပတ်သက်ပြီး အရေးယူ အပြစ်ပေးတာတွေလုပ်ဖို့ အစိုးရတာဝန်ရှိသူတွေကို တိုက်တွန်းခဲ့ပါတယ်။

    ဆိုပ်ပေါ့ဗ်သွားလေ့ရှိတဲ့ ပတ္တာဆန်က မတ်စ်ဂျစ်ဒ်အိုမာရ် ဗလီဝတ်ကျောင်းတော် ဥက္ကဌ အိုမာရ်အ၀ဒ်က ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့နှောင်းပိုင်းကစလို့ အနည်းဆုံး ၈ ကြိမ်လောက် ဖုန်းဆက်ခြိမ်းခြောက်ခံခဲ့ရပြီး၊ ဆဲရေးတိုင်းထွာတာ၊ ဗလီဝတ်ကျောင်းတော်ကို မီးရှို့မယ်လို့ ခြိမ်းခြောက်တာ၊ သတ်ပစ်မယ်လို့ ပြောတာမျိုးတွေ လုပ်ခံရတယ်လို့ ဆိုပါတယ်။

    အဲဒီလို ခြိမ်းခြောက်မှုတွေကို ပတ္တာဆန် ရဲစခန်းနဲ့ အမိမြေ လုံခြုံရေးဌာနကို တိုင်ကြားထားတယ်လို့လည်း သူက ဆိုပါတယ်။

    “အရင်ကလည်း ဒီလိုခြိမ်းခြောက်မှုမျိုးတွေ ခံခဲ့ရပါတယ်။ ဒါပေမယ့် ကြီးကြီးကျယ်ကျယ်တော့ ဘာမှမဖြစ်ပါဘူး။ တစ်နိုင်ငံလုံးမှာဖြစ်နေတဲ့ ကောလဟာလတွေက ကျွန်တော်တို့အပေါ် ရိုက်ခတ်နေတာပါ” လို့ အ၀ဒ်က ပြောကြားခဲ့ပါတယ်။

    Ref: New York Post

  • နယူးယောက်တွင် အစ္စလာမ့်ဓမ္မပညာရှင်များညီလာခံ ကျင်းပ

    နယူးယောက်တွင် အစ္စလာမ့်ဓမ္မပညာရှင်များညီလာခံ ကျင်းပ

    စက်တင်ဘာ ၁၈၊ ၂၀၁၇
    M-Media

    – အမေရိကန်နှင့် အစ္စလာမ်ကမ္ဘာအကြား ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေး ပိုမို ကောင်းမွန်လာစေရန်အတွက် အစ္စလာမ့်ဓမ္မပညာရှင်များ ညီလာခံတစ်ခုကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် စနေနေ့က ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။

    Civilizational Communication between the United States and the Islamic World ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် အဆိုပါ ညီလာခံကို ကမ္ဘာ့မွတ်စလင်လိဂ် (MWL) က စီစဉ်ခဲ့ခြင်းဖြစ်ပြီး ကုလသမဂ္ဂမှ တာဝန်ရှိသူများ၊ နိုင်ငံပေါင်း ၅၆ နိုင်ငံမှ အစ္စလာမ့် ဓမ္မပညာရှင်များ၊ ဒဿနပညာရှင်များ၊ ဘာသာပေါင်းစုံမှ ခေါင်းဆောင်များ စုစုပေါင်း ၄၅၀ ခန့် တက်ရောက်ခဲ့ကြသည်။

    MWL ၏ အထွေထွေအတွင်းရေးမှူး ရှိခ် ဒေါက်တာ ဘင် အဘ်ဒူလ်-ကရင်မ်က အမေရိကန်နှင့် အစ္စလာမ်ကမ္ဘာအကြား လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ၊ ပညာရေး၊ စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်များမှာ သမိုင်းနှင့်ချီ ရှိခဲ့ကြောင်း၊ မုန်းတီးမှု၊ လူမျိုးရေးခွဲခြားမှုတို့ကို အခြေခံ၍ ဖြစ်ပေါ်လာသည့် ‘ယဉ်ကျေးမှုများပွတ်တိုက်ခြင်း’ ဆိုသည့် ခေါင်းစဉ်က တကယ်မရှိသည့် အဆီးအတားများကို ဖြစ်လာစေကြောင်း ပြောကြားခဲ့သည်။

    “ဒါပေမယ့် အရေးကြီးတာက အပြန်အလှန် အကျိုးစီးပွားအတွက်သာမဟုတ်ဘဲ လူသားထုတစ်ရပ်လုံးအတွက်ဖြစ်စေဖို့၊ လူမှုငြိမ်းချမ်းရေး၊ ပညာရပ်လုံခြုံရေး၊ အဆိုးတွေကိုဖယ်ရှားရေး ဆောင်ရွက်ရမယ်ဆိုတဲ့ နားလည်မှုနဲ့အတူ အတူယှဉ်တွဲနေထိုင်ရေး လိုအပ်တယ်ဆိုတာကို အသိအမှတ်ပြုဖို့ ဖြစ်ပါတယ်။ ပြီးတော့ ဘာသာ၊ လူမျိုး၊ နိုင်ငံရေး၊ အသိပညာနဲ့ အခြားသော မတူညီမှုတွေကို ထည့်မတွက်ဘဲ တရားမျှတမှုနဲ့ ပရဟိတတွေကိုလည်း ဌာပနာရပါမယ်”

    ကမ္ဘာ့ ဘာသာရေးခေါင်းဆောင်များကောင်စီမှ အထွေထွေအတွင်းရေးမှူး ဒေါက်တာ ဘာဝါဂျာအင်က မိမိတို့၏ လုပ်ငန်းစဉ်မှာ အခြားသူကို လက်ခံမှုမှတစ်ဆင့် လေးစားမှုဆီသို့ သွားရမည်ဖြစ်ကြောင်း၊ မကောင်းသည့် အင်အားများကို တိုက်ဖျက်ရေးတွင် အစ္စလာမ့်မစ်နိုင်ငံများနှင့် အမေရိကနိုင်ငံများမှာ စည်းစည်းလုံးလုံးနှင့် ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။

    ညီလာခံသို့ မက္ကာရှိ မတ်စ်ဂျစ်ဒ် ဟရမ် ဗလီဝတ်ကျောင်းတော်မှ ရှေ့ဆောင်အီမာမ်ကြီး ရှိခ်-အဘ်ဒူလ်ရဟ်မန် အလ်-ဆော်ဒီအပါဝင် ထင်ရှားသည့် အစ္စလာမ့် ဓမ္မပညာရှင်ကြီးများလည်း တက်ရောက်ခဲ့ကြသည်။

    Ref: Alarabiya

     

  • အမေရိကန်တွင် မုန်တိုင်းသင့်ပြည်သူများအတွက် ဗလီများက ခိုလှုံရာဖြစ်နေ

    အမေရိကန်တွင် မုန်တိုင်းသင့်ပြည်သူများအတွက် ဗလီများက ခိုလှုံရာဖြစ်နေ

    စက်တင်ဘာ ၁၄၊ ၂၀၁၇
    M-Media

    အတ္တလန်တာမှ ‘အလ်-ဖာရူက်’ ဗလီ

    – အခုတစ်ပတ်အစောပိုင်းမှာ အမေရိကန်တောင်ပိုင်းကို ၀င်ရောက်တိုက်ခတ်ခဲ့တဲ့ ဟာရီကိန်း အာရ်မာဒဏ် ခံစားခဲ့ရသူတွေကို ဗလီဝတ်ကျောင်းတော်တွေက ကူညီကယ်ဆယ်ပေးထားတယ်လို့ သိရပါတယ်။

    အတ္တလန်တာက ဗလီဝတ်ကျောင်းတော် အလုံး ၂၀ လောက်ဟာ မုန်တိုင်းသင့်ပြည်သူတွေကို ကယ်ဆယ်ထားပြီး ‘အလ်-ဖာရူက်’ ဆိုတဲ့ ဗလီဝတ်ကျောင်းတော်တစ်ခုတည်းမှာတင် ခိုလှုံသူ ၂၀၀ လောက် ရှိနေပါတယ်။

    “ဗလီမှာ လူတော်တော်များများ ရောက်လာတာကိုကြည့်ပြီး ကျွန်တော် တော်တော် အံ့အားသင့်သွားပါတယ်” လို့ အသက် ၆၆ နှစ်အရွယ် စေတနာ့ဝန်ထမ်း ခါလစ် အလ်ရာရှစ်က ပြောကြားခဲ့ပါတယ်။

    ရာရှစ်ဟာ အလ်-ဖာရူက် ဗလီဝတ်ကျောင်းတော်ကို နှစ်ပေါင်း ၃၀ လောက် စွဲစွဲမြဲမြဲ လာရောက်ဝတ်ပြုခဲ့သူ ဖြစ်ပါတယ်။

    လာရောက်ခိုလှုံသူတွေကို ဗလီဝတ်ကျောင်းတော်က အစားအသောက်နဲ့ အခြား လိုအပ်တဲ့အရာတွေကိုလည်း စီစဉ်ပေးထားပါတယ်။

    ဗလီဝတ်ကျောင်းတော်တွေအချင်းချင်း ဆက်သွယ်ဆောင်ရွက်ပေးနေတဲ့ အသက် ၂၄ နှစ်အရွယ် အိုက်ရှာ ယာကွဘ်က “ကျွန်မတို့ ပူးပေါင်းဆောင်ရွက်နိုင်အောင် လုပ်ပေးတာပါ။ တတ်နိုင်သလောက် ချောချောမွေ့မွေ့ဖြစ်စေချင်လို့ ကူညီနေတဲ့ လူငယ်တွေလည်း ရှိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

    နေရာထိုင်ခင်း၊ အခြားလိုအပ်ချက်တွေနဲ့ပတ်သက်ပြီး ဗလီဝတ်ကျောင်းတော်က စေတနာ့ဝန်ထမ်းတွေဟာ WhatsApp နဲ့ Google Docs တို့လို အွန်လိုင်းဆော့ဖ်ဝဲတွေ အသုံးပြုကာ နောက်ဆုံးရ သတင်းတွေကို ဖလှယ်နေကြပါတယ်။

    “လူတွေကို ကူညီရတဲ့အခါတိုင်း စိတ်ချမ်းသာတယ်ဗျ။ ဒါဟာ ကျွန်တော်တို့ ဘာသာတရားရဲ့ အစိတ်အပိုင်းပါပဲ။ ဘာသာတရားတိုင်းကလည်း ဒီလိုပါပဲ” လို့ ရာရှစ်က ပြောကြားခဲ့ပါတယ်။

    Ref: Washingtonpost

  • တက္ကဆက်မှ မုန်တိုင်းသင့်ပြည်သူများကို ဒေသတွင်းဗလီများက ကူညီကယ်ဆယ်ထား

    တက္ကဆက်မှ မုန်တိုင်းသင့်ပြည်သူများကို ဒေသတွင်းဗလီများက ကူညီကယ်ဆယ်ထား

    သြဂုတ် ၃၁၊ ၂၀၁၇
    M-Media

    – အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ၀င်ရောက်တိုက်ခတ်ခဲ့တဲ့ ဟာရီကိန်း ဟာဗီးကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေကို ဒေသတွင်း ဗလီဝတ်ကျောင်းတော်တွေက နေရာထိုင်ခင်းပေးကာ ကြည့်ရှုစောင့်ရှောက်နေတယ်လို့ သိရပါတယ်။

    ဟူစတန်မြို့ ဂရိတ်တား ဟူစတန်ရပ်ကွက်က အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေဟာ လက်ရှိမှာ ဗလီဝတ်ကျောင်းတော်တွေအတွင်း ခိုလှုံနေရပါတယ်။

    “သူတို့ဟာ မွတ်စလင်လူ့အဖွဲ့အစည်းက မဟုတ်ကြပါဘူး။ ကျွန်တော်တို့ဟာ လူတိုင်းကို ကြိုဆိုနေပါတယ်” လို့ ဂရိတ်တားဟူစတန် အစ္စလာမ့်လူ့အဖွဲ့အစည်း (ISGH) ဥက္ကဌ အမ် ဂျေ ခန်းက ပြောကြားခဲ့ပါတယ်။

    ဂရိတ်တားဟူစတိန်ဒေသက ဗလီဝတ်ကျောင်းတော်ပေါင်း တစ်ဒါဇင်လောက်ဟာ မုန်တိုင်းသင့်ပြည်သူတွေကို ကယ်ဆယ်ပေးထားပြီး အစားအသောက်တွေနဲ့ အခြားသော ထောက်ပံ့ကူညီမှုတွေလည်း လုပ်ဆောင်နေတယ်လို့ သူက ဆိုပါတယ်။

    ISGH အဖွဲ့ဟာ မုန်တိုင်းမတိုက်ခင်ကတည်းက ဒေသတစ်ဝိုက် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့တာဖြစ်ပြီး၊ ဆိုရှယ်မီဒီယာတွေကို အသုံးပြုပြီး လိုအပ်နေတဲ့ အလှူငွေတွေ၊ ထောက်ပံ့ရေးပစ္စည်းတွေကို စုဆောင်းခဲ့ပါတယ်။

    မွတ်စလင်လူ့အဖွဲ့အစည်းက စေတနာ့ဝန်ထမ်းတွေကလည်း ဗလီဝတ်ကျောင်းတော်မှာ လာရောက်ခိုလှုံသူတွေ အဆင်ပြေစေဖို့ နေ့မအား၊ ညမနား ကူညီဖေးမမှုတွေ ပြုလုပ်နေတယ်လို့ ခန်းက ပြောပါတယ်။

    တမ်ပါမြို့က ဗလီဝတ်ကျောင်းတော်တစ်လုံးကလည်း အကူအညီပေးရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာမုန်တိုင်းသင့်ပြည်သူတွေကို ကူညီထောက်ပံ့ရေး လုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။

    Ref: Pri.org, wmnf.org