News @ M-Media

Tag: US

  • မြန်မာနိုင်ငံမှ ခရစ်ယာန်များ (သို့မဟုတ်) အမေရိက၏ အကြီးဆုံး ဒုက္ခသည်အုပ်စု

    မြန်မာနိုင်ငံမှ ခရစ်ယာန်များ (သို့မဟုတ်) အမေရိက၏ အကြီးဆုံး ဒုက္ခသည်အုပ်စု

    မေ ၆၊ ၂၀၁၇
    M-Media

    ထိုင်းနိုင်ငံမှ မြန်မာဒုက္ခသည်များ

    – မြန်မာနိုင်ငံအရှေ့ပိုင်း မြေမြှုပ်မိုင်းတွေ ခြေချမလွဲရှိနေတဲ့ တောထဲမှာ မွေးဖွားလာတဲ့ Kaw Hser အတွက် အမေရိကန်ဆိုတာ ‘အိမ်မက်တိုင်းပြည်’ ပါ။

    ဒါပေမယ့် ဒီအိပ်မက်ဟာ နယူးယောက်အထက်ပိုင်းက Wal-Mart ကုန်စုံဆိုင်မှာ နည်းနည်းလေး မှေးမှိန်သွားခဲ့ပါတယ်။

    အသက် ၂၆ နှစ်အရွယ် သူဟာ အဲဒီ ကုန်စုံဆိုင်မှာ အရောင်းအကူအဖြစ် အလုပ်လုပ်တာဖြစ်ပြီး ဒါဟာ အမေရိကမှာ ဘ၀အသစ်စဖို့ကြိုးပမ်းစဉ် သူလုပ်ခဲ့ရတဲ့ ငြီးငွေ့စရာ အလုပ် ၃ ခုက တစ်ခုလည်း ဖြစ်ပါတယ်။ တစ်ချို့ဈေးဝယ်သူတွေက လိုချင်တဲ့ပစ္စည်း ရှာဖို့အတွက် အကူအညီလိုပါတယ်။ အလုပ်နဲ့ သိပ်အကျွမ်းမ၀င်သေးတဲ့ Kaw Hser က အဲဒီ ပစ္စည်း ဘယ်မှာရှိလဲဆိုတာ မသိပါဘူး။

    ဒါ့ကြောင့် အမျိုးသမီးတစ်ဦးက ပေါက်ကွဲခဲ့ပါတယ်။

    “နင်ထွက်လာတဲ့တွင်းထဲ သွားပြန်အောင်း ဟဲ့အကောင်ရဲ့” လို့ အပြောခံခဲ့ရပါတယ်။

    “သူက ကျွန်တော့်ကို အဲလိုပြောတာဗျ” လို့ Kaw Hser က ဖွင့်ဟပါတယ်။

    ဒါဟာ ဒုက္ခသည်တွေအပေါ်မှာ အမေရိကရဲ့ ပုံသေတွက်လို့မရတဲ့ သဘောထားတွေထဲက Kaw Hser တစ်ယောက် စောစောစီးစီး ခံစားလိုက်ရတဲ့ သင်ခန်းစာတစ်ခုပါ။

    အမေရိကန်ဟာ စိတ်ငြီးညူဖွယ် ဒုက္ခသည်စခန်းကနေ သူ့ကို ကယ်တင်ခဲ့တဲ့ နိုင်ငံတစ်ခုပါ။ ပြီးခဲ့တဲ့ ၁၀ စုနှစ် ၃ ခုအတွင်းမှာ ဒုက္ခသည်ပေါင်း ၃ သန်းလောက်ကို အမေရိကန်က ကြိုဆိုခဲ့ပါတယ်။ Kaw Hser တစ်ယောက် ဒီအတွက် အတိုင်းအဆမရှိ ကျေးဇူးတင်နေပါတယ်။

    ဒါပေမယ့် ဒီနိုင်ငံမှာ မွေးဖွားတဲ့ နိုင်ငံသားတွေက ဒုက္ခသည်တွေကို သံသယပြင်းပြင်းနဲ့ ရှုမြင်ကြပါတယ်။ အမေရိကန်နိုင်ငံသား တစ်ဝက်ကျော်ကျော်လောက်က ဒုက္ခသည်တွေဟာ ‘နောက်ထပ် ၀င်ရောက်ခွင့် ကန့်သတ်ရလောက်အောင် အန္တရာယ်ကြီးကြီး ရှိနေတယ်’ လို့ ထင်ကြပါတယ်။

    အဲဒီလို ထင်တဲ့သူတွေက တစ်ဦးကတော့ သမ္မတ ဒေါ်နယ်ထရမ့်ပါ။

    ဆီးရီးယားက စစ်ပွဲကြောင့် ထွက်ပြးလာတဲ့ ဒုက္ခသည်တွေဟာ အကြမ်းဖက်ဝါဒရဲ့ ထရိုဂျန်တွေဖြစ်တယ်လို့ ထရမ့်က ဆိုပါတယ်။ တစ်ချို့လူတွေက အမေရိကန်ကို လှိမ့်ဝင်လာဖို့ ‘အထောက်အထားအတုတွေ လုပ်ကြတယ်’ လို့လည်း သူက ပြောပါတယ်။ ဒီသဘောထားဟာ အုပ်ချုပ်ရေး ငရဲခန်းအဆင့်ဆင့်ကို ကြိုးကြိုးစားစား ဖြတ်ကျော်ခဲ့ရတဲ့ ခိုလှုံခွင့် တောင်းခံသူတိုင်းအတွက် စိတ်ကသိကအောင့်ဖြစ်စရာ သဘောထားလည်း ဖြစ်ပါတယ်။

    ထရမ့်ရဲ့ ပြောကြားမှုတွေမှာ ‘ဒုက္ခသည်’ ဆိုတဲ့ စကားလုံးကို IS ရဲ့ အသွင်ပြောင်း အေးဂျင့်တွေဖြစ်နိုင်တဲ့ မွတ်စလင်တွေကို မသိမသာ ရည်ညွှန်းတာမျိုးအတွက် မကြာခဏ သုံးစွဲလေ့ရှိပါတယ်။

    ဒါပေမယ့် ဒီလိုသုံးစွဲမှုက အမေရိကန်နဲ့ ဒုက္ခသည်တွေ ဆက်စပ်မှု မူရင်းဇစ်မြစ်တွေနဲ့ တော်တော်လေးကို ရှေ့နောက်မညီမှု၊ လှည့်ဖျားမှုပါ။ အမေရိကန်မှာ ခေတ်သစ်ဒုက္ခသည်တွေထဲက အကြီးဆုံးအုပ်စုဟာ ဆီးရီးယား၊ အီရတ်ကလူတွေ မဟုတ်သလို၊ မွတ်စလင်တွေ အာရပ်တွေလည်း မဟုတ်ပါဘူး။

    သူတို့တွေဟာ အရင်က ဘားမားလို့ခေါ်တဲ့ မြန်မာနိုင်ငံက ခရစ်ယာန်တွေပဲဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ အမေရိကန်ရောက် ဒုက္ခသည်တွေထဲက ၄ ဦးမှာ တစ်ဦးက မြန်မာနိုင်ငံက ဖြစ်ပါတယ်။

    သူတို့တွေရဲ့ အရေအတွက်ဟာ ၁၆၀,၀၀၀ လောက်ရှိနေပြီး ဂျော်ဂျီယာပြည်နယ်က မာကွန်မြို့၊ မက်ဆာချူးဆက်ပြည်နယ် စပရင်းဖီးလ်မြို့တို့က လူဦးရေထက်ကို များနေတာပါ။

    ဒီဒုက္ခသည်တွေဟာ မြန်မာနိုင်ငံ တောတောင်ထူထပ်တဲ့ နေရာတွေရဲ့ ဥပဒေမစိုးမိုးတဲ့ ဒေသတွေက လာတာဖြစ်ပါတယ်။ သူတို့ဟာ ကရင်၊ ချင်း၊ ကချင်လို့ခေါ်တဲ့ တိုင်းရင်းသားလူမျိုးစုဝင်တွေ ဖြစ်ပါတယ်။ ဘာသာရေးပိုင်းဆိုင်ရာမှာ အမေရိကန်နဲ့ ဆက်နွယ်နီးစပ်တယ်လို့ တစ်ခါတစ်ရံမှာ သူတို့က ထင်ကြပါတယ်။

    ဒါပေမယ့် အမေရိကန်ကို ရောက်လာသူတွေကတော့ အမေရိကန်တွေမှာ သူတို့ထင်ထားသလို သဘောထားမျိုး မရှိဘူးဆိုတာကို တွေ့ရပါတယ်။

    “လူတိုင်းက ကျွန်တော့်ကို တရုတ်လို့ထင်တယ်။ သူတို့က ‘မင်းကို ငါတို့က တရုတ်လို့ထင်တာ’ လို့ပြောတယ်။ ‘မဟုတ်ဘူး။ ကျွန်တော် ကရင်’ လို့ပြောရင် ‘ကိုရီးယားလား’ လုပ်တယ်။ မဟုတ်ဘူး K-A-R-E-N လို့ စာလုံးပေါင်းပြရတယ်” လို့ Kaw Hser ဖွင့်ဟခဲ့ပါတယ်။

    ၁၉ ရာစု အမေရိကန် သာသနာပြုတွေရဲ့ ရွက်လွှင့် သာသနာပြုမှုကြောင့် မြန်မာနိုင်ငံက ဒုက္ခသည်အများစုဟာ နှင်းခြင်းအသင်းတော်ဝင်တွေဖြစ်ပါတယ်။ အမေရိကန်မှာတော့ ဒီအသင်းတော်ဟာ အနည်းဆုံးတော့ ဒေါ်နယ်ထရမ့်နဲ့ ခိုင်ခိုင်မာမာ ပတ်သက်နေပါတယ်။

    ဒါပေမယ့် ဒါက ထရမ့်ရဲ့ ပေါ်လစီတွေကနေ မြန်မာနိုင်ငံက ခရစ်ယာန်ဒုက္ခသည်တွေကို မလွတ်မြောက်စေပါဘူး။ သမ္မတက ဒီနှစ်အတွင်းမှာ လက်ခံဖို့ရှိတဲ့ ဒုက္ခသည်တွေထဲက အရေအတွက် ၆၅၀၀၀ ကို လက်မခံဖို့ စီစဉ်ထားပြီး မြန်မာ၊ အီရတ်တို့ကနေ ကွန်ဂိုနိုင်ငံက ဒုက္ခသည်တွေအထိ ကျယ်ကျယ်ပြန့်ပြန့် အထိနာမှာပါ။

    ၂၀၁၇ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်းမှာ အမေရိကန်ဟာ ဒုက္ခသည် ၁၁၀,၀၀၀ လက်ခံဖို့ စီစဉ်ထားပေမယ့် ထရမ့်ရဲ့ အမိန့်ကြောင့် ၅ သောင်းပဲ လက်ခံတော့မှာပါတယ်။ အဲဒီအမိန့်ဟာ ခရီးသွားလာမှု ပိတ်ပင်တဲ့ အမိန့်နဲ့ တစ်ပါတည်း တွဲပါလာတာဖြစ်ပြီး အခုအချိန်မှာ ဗီဇာပိတ်ပင်မှုဟာ တရားရုံးရဲ့ ဆိုင်းငံခြင်းကို ခံထားရပေမယ့် ဒုက္ခသည်ကန့်သတ်မှုကတော့ ဆက်ရှိနေဆဲပါ။ တရားသူကြီးတွေက ဒုက္ခသည်တွေကန့်သတ်တဲ့ သမ္မတရဲ့ ပါဝါကို တားဆီးဟန့်တားတာမျိုး မရှိပါဘူး။

    “သမ္မတက ဒါမျိုးတွေ ဘာ့ကြောင့်ပြောလဲဆိုတာ ကျွန်တော်တို့ နားမလည်ပါဘူး။ အမေရိကန်နိုင်ငံသားတွေက ရွှေ့ပြောင်းအခြေချတဲ့ လူ့အဖွဲ့အစည်းအပေါ် မနှစ်မြို့တာမျိုး သူက ဖြစ်စေချင်တာပါ။ ကျွန်တော်တို့ အလုပ်ကြိုးစားချင်တယ်။ ဘုရားကျောင်းတက်ချင်တယ်။ ပြောင်းရွှေ့အခြေချသူတိုင်းက ပြဿနာ လုပ်ကြတာ မဟုတ်ပါဘူး။ ဒုက္ခသည်အားလုံးက ဗုံးခွဲဖို့ ရူးသွပ်နေကြသူတွေ မဟုတ်ပါဘူး” လို့ Kaw Hser က ပြောပါတယ်။

    တကယ်တော့ မြန်မာနိုင်ငံက ခရစ်ယာန် ဒုက္ခသည်တွေဟာ ငယ်ငယ်ရွယ်ရွယ်ကတည်းက အမေရိကန်နဲ့ ကျွမ်းဝင်နေကြတာပါ။ တော်တော်များများဟာ မြန်မာနိုင်ငံနဲ့ နယ်မြေတော်တော်များများ ထိစပ်နေတဲ့ ထိုင်းနိုင်ငံက ကုလကြီးကြပ်တဲ့ ဒုက္ခသည်စခန်းတွေမှာ ကြီးပြင်းလာရတာဖြစ်ပါတယ်။

    Kaw Hser ကလည်း ဒီ ဒုက္ခသည်စခန်းတွေမှာ ကြီးပြင်းလာတာပါ။ အခြားသော လူသောင်းချီနဲ့အတူ သူဟာ အမေရိကန်အကူအညီနဲ့ ရေသန့်၊ ကာကွယ်ဆေးနဲ့ အခြေခံပညာရေးတွေရရှိတဲ့ ဒီအသိုင်းအ၀ိုင်းထဲမှာ နေခဲ့ရပါတယ်။ နေ့လည်ပိုင်းတွေကိုတော့ ဟောလီးဝုဒ် စွန့်စားခန်း ရုပ်ရှင် ကော်ပီခွေတွေကို ကြည့်ရှုရင်း ဖြတ်သန်းခဲ့ရပါတယ်။

    ဒီ ဒုက္ခသည်စခန်းတွေမှာ ‘အမေရိကန်အစိုးရက ပေးအပ်သည့် ရန်ပုံငွေဖြင့် ဆောက်လုပ်ထားသည်’ လို့ ရေးသားထားပြီး အမေရိကန်အလံကို ချယ်သထားတဲ့ ယိုင်နဲ့နဲ့ သစ်သားအဖီလေးတွေ အခုအချိန် ရှိနေတုန်းပါ။

    “နှစ်တော်တော်များများ အမေရိကန်က ကျွန်တော်တို့ကို ထောက်ပံ့ခဲ့တယ်။ ရုပ်ပိုင်းဆိုင်ရာသာမကပါဘူး။ စိတ်ပိုင်းဆိုင်ရာလည်း ထောက်ပံ့ပေးခဲ့ပါတယ်” လို့ အာရှရဲ့ အကြီးဆုံး ဒုက္ခသည်စခန်း တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံမှာ ကာလရှည် ညှင်းပမ်း နှိပ်စက်ခံရတဲ့ ကရင်ဒုက္ခသည်တွေ ပြည့်နှက်နေတဲ့ မယ်လ ဒုက္ခသည်စခန်းက အသက် ၄၀ အရွယ် ခရစ်ယာန်တရားဟောဆရာ Winner က ပြောပါတယ်။

    “အမေရိကနဲ့ ကရင် – ကျွန်တော်တို့ဟာ ညီအစ်ကိုတွေပါ။ ၁၈၃၀ ပြည့်နှစ်တွေမှာ အမေရိကန် သာသနာပြုအဖွဲ့တွေ လာရောက်ပြီး ကျွန်တော်တို့ကို ဘာသာပြောင်းစေခဲ့ပါတယ်။ အဲဒီအရင်တုန်းက ကရင် သမိုင်းမှာ လူဖြူတွေ ရောက်လာပြီး ‘ဒီသတင်းကောင်းကို’ ကရင်လူမျိုးတွေအတွက် ယူဆောင်လာလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ခဲ့ကြပါတယ်” လို့ Winner က ဆိုပါတယ်။

    အမေရိကန်က နှစ်ခြင်းအသင်းဝင်တွေ ရင်းနှီးတဲ့ ဓမ္မတေးမျိုးတွေ တနင်္ဂနွေနေ့ မနက်တွေမှာ Winner ဦးဆောင်တဲ့ ဘုရားကျောင်းထဲက သီကျူးမှုကို ဘုရားကျောင်းနောက်ဖက် တောင်တန်းတွေကနေ ရှင်းရှင်းလင်းလင်း ကြားနိုင်ပါတယ်။

    အမေရိကန် နှစ်ခြင်းအသင်းတော် အသိုင်းအ၀ိုင်းရဲ့ ဒီအစိတ်အပိုင်းလေးဟာ အမေရိကန်တောင်ပိုင်းက တနင်္ဂနွေနေ့မနက်ပိုင်းရဲ့ ထူးခြားကောင်းမွန်တဲ့ မြင်ကွင်းလေးတွေမှာ ပါဝင်ပါတယ်။ ဒါပေမယ့် သိသာတဲ့ ခြားနားမှုက ကရင်ဝတ်ပြုဆိုတောင်းသူတွေထဲက အချို့ဟာ သူတို့ရဲ့ ဇာတိမြေမှာ ပြန့်ကျဲနေတဲ့ မြေမြှုပ်မိုင်းတွေကြောင့် ခြေလက်အင်္ဂါ ချို့တဲ့နေတာပဲ ဖြစ်ပါတယ်။

    ဒီဒုက္ခသည်တွေအပေါ် အမေရိကန်တွေရဲ့ အာရုံစိုက်မှုက ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ လျော့ကျသွားပါတယ်။ ဒါဟာ မြန်မာဗဟိုအစိုးရနဲ့ သမ္မတအိုဘားမား အစိုးရတို့ ဆက်ဆံရေး ပြန်လည်ဖြစ်တည်လာမှုကြောင့်ဖြစ်ပြီး ညှင်းပမ်းခံရကနေ ထွက်ပြေးလာရသူတွေလည်း အာရုံစိုက် မခံရတော့ပါဘူး။

    ဒါပေမယ့် ခရစ်ယာန်အများစု နေထိုင်ကြတဲ့ နယ်စပ်ဒေသမှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ မြန်မာစစ်တပ်အကြား တိုက်ခိုက်မှုတွေက ဆက်လက် ဖြစ်ပွားနေတုန်းပါပဲ။

    “ဘယ်သူက သူ့မွေးရပ်ကနေ ပြေးလာချင်မလဲဗျာ။ ဆီးရီးယားလောက် ဆိုးရွားနေတယ်လို့ မဆိုလိုပါဘူး။ ဒါပေမယ့် လက်နက်ကြီးတွေ၊ မြေမြှုပ်မိုင်းတွေနဲ့ တိုက်ခိုက်မှုတွေ ဖြစ်နေတယ်။ အစိုးရကလည်း လေကြောင်းက တိုက်ခိုက်မှုတွေလုပ်နေတယ်။ တကယ့်ကို ကြောက်စရာပါ” လို့ မြန်မာနိုင်ငံအရှေ့ပိုင်းမှာ ညှင်းပမ်းခံရမှုတွေကို စာရင်းပြုစုနေတဲ့ ကရင်လူ့အခွင့်အရေးအဖွဲ့က သုတေသနပညာရှင် Way Lay က ပြောပါတယ်။

    ထရမ့်လက်အောက်မှာ အမေရိကန်ရဲ့ မြန်မာနိုင်ငံကို ကူညီမှုနဲ့ ကမ္ဘာတစ်ဝှမ်းက ကူညီမှုဟာ နည်းသွားဖို့ ရှိနေပါတယ်။ အစိုးရအနေနဲ့ အာရှရဲ့ အဆင်းရဲဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံအပေါ် ကူညီမှုကို ၂၃ ရာခိုင်နှုန်းကျော် လျှော့ချဖို့ လိုလားတဲ့ အမိန့်တွေကို အိမ်ဖြူတော်က ပြင်ဆင်နေပါတယ်။

    Kaw Hser ကတော့ အဆိပ်ရှိတဲ့ ဒုက္ခသည်ဆန့်ကျင်ရေး သဘောထားတွေ မြင့်တက်မလာခင် လွန်ခဲ့တဲ့ ၃ နှစ်က အမေရိကန်ကို ရောက်ရှိလာမှုအတွက် ပီတိဖြစ်နေပါတယ်။ သူဟာ ‘ဥပဒေကို လိုက်နာသမျှ ကာလပတ်လုံး မည်သူမဆို လာရောက် အလုပ်လုပ်နိုင်တဲ့’ အမေရိကရဲ့ လွတ်လပ်မှု၊ ဘေးအန္တရာယ်ကင်းရှင်းမှုကိုလည်း ခံစားခဲ့ရပါတယ်။

    နိုင်ငံခြားသားတွေအပေါ် မယုံကြည်မှုတွေရှိနေတဲ့ နိုင်ငံရေးသမားတွေ အမေရိကကို ကြိုးကိုင်နေပမယ့် ရွံ့ထူထူ ဒုက္ခသည်စခန်းမှာ ငယ်ငယ်က စိတ်ကူးယဉ်ခဲ့တဲ့ ‘အိပ်မက်ကမ္ဘာ’ မျိုး ရရှိအောင် သူက ဆက်လက် ကြိုးစားနေဆဲပါ။

    Wal-Mart မှာ ဒေါသထွက်နေတဲ့ အမျိုးသမီး၊ နောက်ပြီး သူလွတ်မြောက်အောင် ကြိုးစားခဲ့ရတဲ့ စစ်မီးမပြတ်တဲ့ တောတွေထဲ ‘ပြန်အောင်းဖို့’ ပြောတဲ့သူတွေအတွက် ပေးချင်တဲ့ သတင်းစကားတစ်ခုလည်း Kaw Hser မှာ ရှိနေပါတယ်။

    “‘ခင်ဗျားကိုယ်တိုင် ဘယ်တွင်းထဲက ထွက်လာလဲ။ ခင်ဗျား ဒါမှမဟုတ် ခင်ဗျားရဲ့ အဖိုးအဖွား၊ အဘေးတွေကလည်း တစ်နေရာရာက လာခဲ့ကြတာပဲလေ။ အဲတော့ ခင်ဗျား အဲဒီတွင်းထဲမှာ အရင် ပြန်အောင်းပေါ့’ လို့ ပြောချင်တယ်”

    Ref: PRI

  • လူမည်းလူငယ်ကို ပစ်သတ်သည့် အမေရိကန်ရဲ လူသတ်မှုဖြင့် တရားစွဲခံရ

    လူမည်းလူငယ်ကို ပစ်သတ်သည့် အမေရိကန်ရဲ လူသတ်မှုဖြင့် တရားစွဲခံရ

    မေ ၆၊ ၂၀၁၇
    M-Media

    – ဆယ်ကျော်သက် လူမည်းလူငယ်တစ်ဦးအား ပစ်သတ်မှုအတွက် တက္ကဆက်ပြည်နယ်ရှိ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို လူသတ်မှုဖြင့် တရားစွဲဆိုလိုက်သည်ဟု သိရသည်။

    အဆိုပါ ရဲတပ်ဖွဲ့ဝင်မှာ ဒါးလက်စ်မြို့ ဆင်ခြေဖုံး ဘာ့လ်ခ်ျ စပရင်းမှ ရိုင် အိုလီဗာဆိုသူဖြစ်ပြီး ယမန်နေ့က ရဲတပ်ဖွဲ့မှ ဖမ်းဝရမ်းနှင့်အတူ ထုတ်ပြန်သော ကြေငြာချက်၌ အိုလီဗာမှာ ‘ခန္ဓာကိုယ်တွင် ပြင်းပြင်းထန်ထန် ဒဏ်ရာရစေရန် ရည်ရွယ်ခဲ့ပြီး လူ့အသက် သေစေခဲ့သည့် အလွန် အန္တရာယ်ရှိသော လုပ်ရပ်ကို ကျူးလွန်ခဲ့သည်’ ဟု ဖော်ပြထားသည်။

    အိုလီဗာမှာ ဧပြီလ ၂၉ ရက်နေ့တွင် အသက် ၁၅ နှစ်အရွယ် လူမည်းလူငယ် ဂျော်ဒန် အဒ်ဝပ်အား ၎င်း၏ကားအတွင်း ရိုင်ဖယ်သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ပြီး၊ ထိုအဖြစ်အပျက်ကြာင့် ပြည်သူများက ဆန္ဒပြမှုများလည်း ပြုလုပ်ခဲ့ကြသည်။

    ကနဦးတွင် ဘာ့လ်ခ်ျ စပရင်း ရဲတပ်ဖွဲ့က အဒ်ဝပ်မှာ အိုလီဗာအား တိုက်ရန် ကားကို နောက်ဆုတ်လာခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း ရဲတပ်ဖွဲ့မှ ရိုက်ကူးထားသည့် ဗီဒီယိုအရ အဒ်ဝပ်နှင့် သူ၏ အစ်ကိုများ စီးလာသည့် ကားမှာ ရဲအရာရှိနှင့် ဝေးရာကို မောင်းနှင်းသွားခြင်းဖြစ်ပြီး၊ အိုလီဗာက ရိုင်ဖယ်ဖြင့် တမင်လှမ်းပစ်သည်ကို တွေ့ခဲ့ရသည်။

    အိုလီဗာကို ရဲဌာန၏ ပေါ်လစီများအား ချိုးဖောက်မှုအတွက် အင်္ဂါနေ့တွင် ရာထူးမှ ထုတ်ပယ်ခဲ့ပြီး လက်ရှိတွင် ဖမ်းဆီးရမိခြင်း မရှိသေးပေ။

    Ref: Aljazeera

  • ထရမ့်၏ ပထမဆုံး နိုင်ငံခြားခရီးစဉ် ဘာသာကြီး ၃ ခု၏ အထွဋ်အမြတ် ဒေသများ ဖြစ်မည်

    ထရမ့်၏ ပထမဆုံး နိုင်ငံခြားခရီးစဉ် ဘာသာကြီး ၃ ခု၏ အထွဋ်အမြတ် ဒေသများ ဖြစ်မည်

    ဧပြီ ၅၊ ၂၀၁၇
    M-Media

    – သမ္မတတာဝန် ရယူပြီးနောက် ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် ဆော်ဒီ၊ အစ္စရေးနှင့် ဗာတီကန်သို့ သွားရောက်မည်ဟု ဒေါ်နယ်ထရမ့်က ယမန်နေ့တွင် ပြောကြားလိုက်သည်။

    “သည်းခံမှုဟာ ငြိမ်းချမ်းရေးရဲ့ အခြေခံအုပ်မြစ် ဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ ဒီနေ့မနက်မှာ ဒီလို အဓိကကျပြီး သမိုင်းဝင်ကြေငြာချက်ကို ဂုဏ်ယူစွာနဲ့ ကြေငြာလိုက်ပါတယ်” ဟု အိမ်ဖြူတော် နှင်းဆီပန်းခြံတွင် ပြုလုပ်သည့် ဘာသာရေးနွယ်သော ဥပဒေနှစ်ခုကို လက်မှတ်ရေးထိုးသည့် အခမ်းအနား၌ ထရမ့်က ပြောကြားခဲ့သည်။

    အဆိုပါခရီးစဉ်မှာ ယခုလနှောင်းပိုင်း ဘရပ်ဆဲလ်တွင် ကျင်းပပြုလုပ်မည့် နေတိုးအဖွဲ့ ထိပ်သီးအစည်းအဝေး၊ အီတလီနိုင်ငံ စစ္စလီမြို့တွင် ကျင်းပပြုလုပ်မည့် G7 အစည်းဝေး မတိုင်ခင် ဖြစ်လာဖွယ် ရှိနေသည်။

    ဆော်ဒီတွင် ထရမ့်မှာ မွတ်စလင်ကမ္ဘာမှ ခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်ပြီး ထရမ့်က ထိုတွေ့ဆုံမှုတွင် အစွန်းရောက်ဝါဒ၊ အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက်မှုများကို တိုက်ဖျက်ရေး၊ မွတ်စလင်တိုင်းပြည်များရှိ လူငယ်များ ပိုမိုတရားမျှတပြီး မျှော်လင့်ချက်သော အနာဂတ် ဖြစ်ပေါ်လာရေးအတွက် ပူးပေါင်းဆောင်ရွက်မှု မူဘောင်အသစ်ကို ချမှတ်သွားမည်ဖြစ်ကာ မွတ်စလင်မဟာမိတ်တပ်ပေါင်းစုကို ပံ့ပိုးကူညီသွားမည်ဟု ပြောကြားခဲ့သည်။

    အိမ်ဖြူတော်က ဆော်ဒီသို့ သွားရောက်မှုမှာ ဆော်ဒီဘုရင် ဆလ်မန်၏ ဖိတ်ကြားချက်ကြောင့်ဖြစ်သည်ဟု ဆိုသည်။ ဆော်ဒီ၌ ရှိနေစဉ် ထရမ့်မှာ ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်မှု ကောင်စီ၏ ထိပ်သီးအစည်းအဝေးကိုလည်း တက်ရောက်သွားမည်ဖြစ်သည်။

    ထရမ့်မှာ အစ္စရေးတွင် အစ္စရေးခေါင်းဆောင်များ၊ ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်တို့နှင့် တွေ့ဆုံမည်ဖြစ်ပြီး၊ ရောမတွင်မူ ပုပ်ရဟန်းမင်းကြီးနှင့် တွေ့ဆုံရန် စီစဉ်ထားသည်။

    Ref: RT

  • လွတ်လပ်သော နိုင်ငံသည်သာ မိမိတို့၏ ရွေးချယ်မှုဟု ထရမ့်ကို ပါလက်စတိုင်းသမ္မတ ပြော

    လွတ်လပ်သော နိုင်ငံသည်သာ မိမိတို့၏ ရွေးချယ်မှုဟု ထရမ့်ကို ပါလက်စတိုင်းသမ္မတ ပြော

    မေ ၄၊ ၂၀၁၇
    M-Media

    – ပါလက်စတိုင်းနှင့် အစ္စရေးအကြား ရပ်တန့်နေသည့် ငြိမ်းချမ်းရးလုငန်းစဉ် ပြန်လည်ရှင်သန်လာရေး လုပ်ဆောင်ပေးသွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပါလက်စတိုင်း ခေါင်းဆောင် မဟ်မူးဒ်အဘတ်စ်နှင့် အိမ်ဖြူတော်တွင် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။

    ထရမ့် သမ္မတအဖြစ် တာဝန်ယူပြီးနောက် ယမန်နေ့တွင် အဘတ်စ်နှင့် ပထမဆုံး တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ‘နှစ်နိုင်ငံ ပြည်သူများနှင့် ဒေသတွင်း ဘေးအန္တရာယ်ကင်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးကို ဆောင်ကျဉ်းပေးမည့် အရေးပါသော ငြိမ်းချမ်းရေးသဘောတူညီချက်ကို လက်မှတ်ထိုးမည့် ခေါင်းဆောင်အဖြစ်’ အဘတ်စ်ကို လက်ခံသည်ဟုလည်း ထရမ့်က ပြောကြားခဲ့သည်။

    သို့သော်လည်း နှစ်ကာလရှည် ကြာမြင့်နေသည့် အဆိုပါ ပြဿနာကို ဖြေရှင်းရန်နှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ပြောကြားခဲ့ခြင်းမရှိပေ။

    “အစ္စရေးတွေနဲ့ ပါလက်စတိုင်းတွေအကြား သဘောတူညီချက်ဟာ အခက်ခဲဆုံး လုပ်ရမယ့် သဘောတူညီချက်လို့ ပြောကြတာတွေကို ကျွန်တော် အမြဲတမ်း ကြားပါတယ်။ သူတို့မှားကြောင်း သက်သေပြနိုင်မလားဆိုတာကို ကြည့်ရအောင်။ ကျွန်တော်တို့ ရအောင်လုပ်သွားမှာပါ” ဟု ထရမ့်က ပြောကြားခဲ့သည်။

    အဘတ်စ်ကမူ အရှေ့ဂျေရုစလင်ကို မြို့တော်အဖြစ်ထား၍ ၁၉၆၇ ခုနှစ် မတိုင်ခင် နယ်မြေများအတိုင်း ပါလက်စတိုင်းနိုင်ငံအဖြစ် ထူထောင်လိုသည့် ပါလက်စတိုင်းပြည်သူများ၏ တောင်းဆိုမှုကို ထပ်လောင်း ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ရဲ့ မဟာဗျူဟာနဲ့ တစ်ခုတည်းသော ရွေးချယ်မှုက နှစ်နိုင်ငံအဖြေထွက်ရေးပါ။ အရှေ့ဂျေရုစလင်ကို မြို့တော်အဖြစ် သတ်မှတ်တဲ့ ပါလက်စတိုင်း နိုင်ငံဟာ ၁၉၆၇ နယ်စပ်မျဉ်းတစ်လျှောက် အစ္စရေးနိုင်ငံနဲ့ ငြိမ်းချမ်းစွာ၊ တည်ငြိမ်စွာ၊ ဘေးအန္တရာယ်ကင်းစွာနဲ့ အတူတကွ ရှိနေဖို့ပါပဲ။ ကျွန်တော်တို့ဟာ ကမ္ဘာပေါ်မှာ ကျူးကျော်သိမ်းပိုက်ခံထားရတဲ့ တစ်ခုတည်းသော လူမျိုးပါ။ ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ လွတ်လပ်မှု၊ ဂုဏ်သိက္ခာနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ကို တောင်းဆိုနေတာ ဖြစ်ပါတယ်” ဟု အဘတ်စ်က ဆိုသည်။

    ထို့ပြင် ပါလက်စတိုင်းပြည်သူများမှာ ၎င်းအပေါ် မျှော်လင့်နေသည်ဟုလည်း အဘတ်စ်က ထရမ့်အား ပြောကြားခဲ့သည်။

    ထရမ့်ကမူ အမေရိကန်အနေဖြင့် မည်သည့်သဘောတူညီချက်မှ သတ်မှတ်ပေး၍ မရဘဲ ပါလက်စတိုင်းများနှင့် အစ္စရေးများကသာ သဘောတူညီချက် ရရှိအောင် ဆောင်ရွက်ရမည်ဟု ထည့်သွင်းပြောဆိုခဲ့သည်။

    ပါလက်စတိုင်း-အစ္စရေး ပြဿနာတွင် နှစ်နိုင်ငံအဖြေ ထွက်ရမည်ဟု အမေရိကန်က ကာလရှည် ရပ်တည်လာခဲ့သော်လည်း ယခုနှစ်အစောပိုင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် တွေ့ဆုံစဉ် ထရမ့်က မိမိမှာ နှစ်နိုင်ငံမဟုတ်လည်း ပြဿနာပြေလည်နိုင်သည့် နည်းလမ်းကို လက်ခံကြောင်း ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ကင်ဂျုံအန်နှင့် တွေ့ဆုံရလျှင် ဂုဏ်ယူမိမည်ဟု ထရမ့်ပြော

    ကင်ဂျုံအန်နှင့် တွေ့ဆုံရလျှင် ဂုဏ်ယူမိမည်ဟု ထရမ့်ပြော

    မေ ၂၊ ၂၀၁၇
    M-Media

    – မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် မှန်ကန်သော အခြေအနေတွင် တွေ့ဆုံရမည်ဆိုပါက မိမိအနေဖြင့် ဂုဏ်ယူမိမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယမန်နေ့တွင် ပြောကြားလိုက်ပြီး မြောက်ကိုရီးယားနှင့် ပတ်သက်၍ စစ်ရေး ခြိမ်းခြောက်မှု အရှိန်ကို လျှော့ချလိုက်ခြင်းလည်း ဖြစ်သည်။

    ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများကို ပိုမိုမြင့်တက်လာနိုင်စေမည့် ၆ ကြိမ်မြောက် နျူကလီးယား စမ်းသပ်မှုကို ပြုလုပ်မည်ဟု မြောက်ကိုရီးယားက ခြိမ်းခြောက်ထားသည့် အချိန်တွင် ထရမ့်၏ ယခုကဲ့သို့ ပြောဆိုမှုက သံတမန်ရေးလမ်းကြောင်းတစ်ခု ကမ်းလှမ်းမှုလည်း ဖြစ်သည်။

    “သူနဲ့ကျွန်တော် တွေ့ဆုံရခြင်းဟာ သင့်လျော်မယ်ဆိုတာ သေချာပါတယ်။ အဲဒီလိုဖြစ်ရင် ကျွန်တော် ဂုဏ်ယူမိမှာပါ။ မှန်ကန်တဲ့ အခြေအနေမျိုးမှာတော့ ဖြစ်ဖို့လိုပါတယ်။ ကျွန်တော့် လုပ်သွားမှာပါ” ဟု ထရမ့်က ပြောကြားခဲ့သည်။

    ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ထရမ့်မှာ မြောက်ကိုရီးယားကို ပြင်းထန်သည့် သတိပေးမှုများ ပြလုပ်ခဲ့ပြီး၊ စစ်ရေးအရ အရေးယူမှုကိုပင် စဉ်းစားထားသည်ဟု ပြောကြားခဲ့သည်။

    မြောက်ကိုရီးယားက မိမိတို့အနေဖြင့် ၆ ကြိမ်မြောက် နျူလက်နက် စမ်းသပ်ရန် ပြင်ဆင်နေပြီး ခေါင်းဆောင်က သတ်မှတ်ပေးသည့် မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို ပေါ်ထွက်လာမည်ဟု ယမန်နေ့တွင် သတိပေးခဲ့သည်။

    ထို့ပြင် အမေရိကန်နေဖြင့် ၎င်းတို့၏ ရန်လိုသော ပေါ်လစီများကို နောက်မဆုတ်ပါက ကြိုတင် လက်ဦးမှု ရယူတိုက်ခိုက်သွားမည်ဟုလည်း မြောက်ကိုရီးယား နိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန်သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။

    Ref: CNA