News @ M-Media

Tag: US

  • ကမ္ဘာ့ အားအကောင်းဆုံး ဒုံးပျံကို Space X စမ်းသပ်အောင်မြင်

    ကမ္ဘာ့ အားအကောင်းဆုံး ဒုံးပျံကို Space X စမ်းသပ်အောင်မြင်

    မေ ၁၁၊ ၂၀၁၇
    M-Media

    – အမေရိကန် အာကာသဆိုင်ရာ နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Space X ဟာ ကမ္ဘာ့ အားအကောင်းဆုံး ဒုံးပျံတစ်ခုရဲ့ အင်ဂျင်ပိုင်းဆိုင်ရာ စမ်းသပ်မှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး အင်္ဂါဂြိုဟ်ကို သွားရောက်နိုင်ဖို့အတွက် သူတို့ရဲ့ စီမံကိန်းမှာ ရှေ့တစ်လှမ်း တိုးလိုက်နိုင်တာလည်း ဖြစ်ပါတယ်။

    Falcon Heavy လို့အမည်ပေးထားတဲ့ အဲဒီဒုံးပျံရဲ့ မြေပြင်မှပျံတက်အားဟာ ဘိုးအင်း ၇၄၇ လေယာဉ် ၁၈ စီးရဲ့ စွမ်းအင်နဲ့ ညီမျှပြီး ဒီနှစ်နွေရာသီနှောင်းပိုင်းမှာ လက်တွေ့ လွှတ်တင်စမ်းသပ်မှုကို ပြုလုပ်မှာ ဖြစ်ပါတယ်။

    ဒီ ဒုံးပျံဟာ လက်ရှိ နိုင်ငံတကာ အာကာသစခန်းကို ပစ္စည်းတွေပို့ရာမှာ အသုံးပြုနေတဲ့ Falcon 9 ကို အကြီးအကျယ် အဆင့်မြှင့်တင်ထားတာဖြစ်ပြီး မြေပြင်က ထွက်ခွာအားကတော့ ပိုကောင်းလာကာ ကမ္ဘာပတ်လမ်းကြောင်းကို အလေးချိန် ပေါင် ၁ သိန်း ၄ သောင်း၊ အင်္ဂါဂြိုဟ်ကို ပေါင် ၃၇၀၀၀ သယ်ဆောင်နိုင်မှာဖြစ်ပါတယ်။

    အင်္ဂါနေ့က Space X ဟာ တက္ကဆက်ပြည်နယ်က သူတို့ရဲ့ ကုမ္ပဏီဝင်းမှာ Falcon Heavy ဒုံးပျံရဲ့ အင်ဂျင်စမ်းသပ်မှု ဗီဒီယိုကို Twitter စာမျက်နှာမှာ လွှင့်တင်ခဲ့ပါတယ်။

    ကုမ္ပဏီပိုင်ရှင် အေလွန် မက်စ်က ဒီ ဒုံးပျံကို ၂၀၁၃ ခုနှစ်မှာ ထုတ်ပြမယ်လို့ ပြောကြားထားပေမယ့် အခုမှ ထွက်ပေါ်လာတာပါ။

    အခု ဒုံးပျံအသစ်နဲ့ ၂၀၁၇ ခုနှစ်မှာ လကမ္ဘာကို ခရီးသွား ၂ ဦး ပို့ဆောင်ပေးဖို့ Space X က စီစဉ်ထားပြီး၊ အင်္ဂါဂြိုဟ်ကို သွားရောက်နိုင်ရေး စီမံကိန်းအတွက် ကနဦးခြေလှမ်းလည်း ဖြစ်ပါတယ်။

    Ref: RT

  • ထရမ့်နှင့် ကမ္ဘာ့မွတ်စလင်ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးတစ်ခု ပြုလုပ်မည်

    ထရမ့်နှင့် ကမ္ဘာ့မွတ်စလင်ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးတစ်ခု ပြုလုပ်မည်

    မေ ၁၁၊ ၂၀၁၇
    M-Media

    – အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် မွတ်စလင်အများစုရှိရာ နိုင်ငံများမှ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးတစ်ခုကို ကျင်းပပြုလုပ်ရန်အတွက် ဆော်ဒီဘုရင် ဆလ်မန်က ဂျော်ဒန်ဘုရင် အဘ်ဒူလာ၊ အလ်ဂျီးရီးယား သမ္မတ အဘ်ဒဲလ်အဇစ် ဘူတီဖလီကာနှင့် နိုင်ဂျာသမ္မတ မဟာမာဒူ အီဆူဖူတို့အား ဖိတ်ကြားထားသည်ဟု သိရသည်။

    အဆိုပါ အာရပ်-အစ္စလာမ်-အမေရိကန် ထိပ်သီးအစည်းအဝေးပွဲကို ဒေါ်နယ်ထရမ့် ဆော်ဒီသို့ လာရောက်ကာ ဆွေးနွေးမှုများ ပြုလုပ်မည့် မေလ ၂၀-၂၁ ရက်နေ့များတွင် ကျင်းပရန် ရှိနေသည်။

    ထရမ့်မှာ အစ္စလာမ်ကြောက်ရောဂါကို မီးထိုးပေးနေသည်ဟု မကြာခဏ စွပ်စွဲမှုများကို ခံနေရသော်လည်း အကြံပေးများက ၎င်း၏ ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် ဆော်ဒီသို့ လာရောက်ရန် ဆုံးဖြတ်ချက်မှာ မွတ်စလင်ကမ္ဘာနှင့် ဆက်ဆံရေး ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းမှုတစ်ခု ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ရီယာ့ဒ်တွင် ထရမ့်နှင့် ပယ်လယ်ကွေ့ ၆ နိုင်ငံမှ ခေါင်းဆောင်များ သီးခြားတွေ့ဆုံရန် ရှိနေပြီး ဆော်ဒီနှင့် အမေရိကန်တို့အကြား နှစ်နိုင်ငံ ဆွေးနွေးမှုလည်း ပြုလုပ်သွားမည်ဟု ဆော်ဒီ နိုင်ငံခြားရေ၀န်ကြီး အလ်ဒဲလ် အလ်-ဂျူဘီးရ်က ပြောကြားခဲ့သည်။

    ဂျော်ဒန်၊ အလ်ဂျီးရီးယားနှင့် နိုင်ဂျာနိုင်ငံတို့မှ ခေါင်းဆောင်များအပါအ၀င် ဆော်ဒီဘုရင် ဆလ်မန်မှာ ယီမင်သမ္မတ အဘီဒရာဘို မန်ဆူရ် ဟာဒီ၊ မော်ရိုကိုဘုရင် မိုဟာမက် ၅၊ တူရကီ၊ ပါကစ္စတန်၊ အီရတ်၊ တူနီးရှား နိုင်ငံများမှ ခေါင်းဆောင်များကိုလည်း ဖိတ်ကြားထားသည်ဟု Saudi Press Angency သတင်းဌာနနှင့် Arab News သတင်းဌာနတို့က ဖော်ပြခဲ့သည်။

    ဆော်ဒီ နိုင်ငံခြားရေးဝန်ကြီးက ထရမ့်အနေဖြင့် ဆော်ဒီသို့ ပထမဆုံး လာရောက်မှုမှာ အမေရိကန်နှင့် အာရပ်နိုင်ငံများ၊ အစ္စလာမ်နိုင်ငံများမှာ မိတ်ဖက်ဖြစ်နိုင်သည်ကို ရှင်းရှင်းလင်းလင်း သတင်းစကားပေးခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    “အကြမ်းဖက်ဝါဒနဲ့ အစွန်းရောက်ဝါဒတွေကို တိုက်ဖျက်ရာမှာ အမေရိကန်၊ အာရပ်နိုင်ငံတွေနဲ့ အစ္စလာမ်နိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ပြီးတော့ ဒီ လည်ပတ်မှုဟာ ဒေသတွင်းနဲ့ ကမ္ဘာကြီးအတွက် ကြီးမားတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေမှာပါ”

    Ref: Alarabiya

  • ရွေးကောက်ပွဲပြဿနာ ကိုင်တွယ်နေသည့် FBI အကြီးအကဲကို ထရမ့်က ရာထူးမှ ထုတ်ပယ်

    ရွေးကောက်ပွဲပြဿနာ ကိုင်တွယ်နေသည့် FBI အကြီးအကဲကို ထရမ့်က ရာထူးမှ ထုတ်ပယ်

    မေ ၁၀၊ ၂၀၁၇
    M-Media

    – အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှာ ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို (FBI) ဒါရိုက်တာ ဂျိမ်းစ်ကိုမေးကို ယမန်နေ့တွင် ရုတ်တရက် ရာထူးမှ ထုတ်ပယ်လိုက်ပြီး ကိုမေးမှာ အဖွဲ့ကို ထိထိရောက်ရောက် ဦးမဆောင်နိုင်တော့ဟု ပြောကြားလိုက်သည်။

    ကိုမေးမှာ ၂၀၁၆ ခုနှစ် အမေရိက်ရွေးကောက်ပွဲတွင် ရုရှားက ပါဝင်ပတ်သက်ကာ၊ ထရမ့်၏ မဲဆွယ်ရေးအဖွဲ့နှင့် လျှို့ဝှက် ပူးပေါင်းဆောင်ရွက်ခဲ့သည်ဆိုသည့် စွပ်စွဲချက်များနှင့် ပတ်သက်၍ FBI ၏ စုံစမ်းစစ်ဆေးမှုကို ဦးဆောင်နေသူဖြစ်သည်။

    ယခုကဲ့သို့ ကိုမေးအထုတ်ခံရမှုကြောင့် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ရိုးသားမှုနှင့်ပတ်သက်၍ စိုးရိမ်မှုများကို ပိုမိုမြင့်တက်လာစေပြီး လွတ်လပ်သော စုံစမ်းစစ်ဆေးမှုတစ်ခု ပြုလုပ်ရန် ဆော်သြမှုများလည်း ဖြစ်လာခဲ့သည်။

    သမ္မတဟောင်း အိုဘားမား၏ ပထမသက်တမ်းတွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည် ဟီလာရီကလင်တန်မှာ အစိုးရကိစ္စများအတွက် ကိုယ်ပိုင် အီးမေးလ်ဆာဗာ အသုံးပြုမှုရှိလားဆိုသည့် စုံစမ်းစစ်ဆေးမှုနှင့် ပတ်သက်၍ အငြင်းပွားဖွယ်ရာ ကိစ္စများတွင် ပါဝင်ခဲ့သည်။

    ကိုမေးအား ထရမ့်က ပေးပို့ပြီး အိမ်ဖြူတော်မှ ထုတ်ပြန်သော စာလွှာတွင် ထရမ့်က FBI ၏ အရေးပါသော ဥပဒေစိုးမိုးရေး လုပ်ငန်းများတွင် ပြည်သူများ၏ ယုံကြည်ကိုးစားမှုကို ပြန်လည်ရရှိစေရန်အတွက် ခေါင်းဆောင်ပိုင်း အပြောင်းအလဲလုပ်ရန် အရေးကြီးသည်ဟု မိမိတို့ ထင်မြင်မိကြောင်း၊ တရားသူကြီးချုပ်က ကိုမေးအနေဖြင့် ထိရောက်သည့် ဦးဆောင်နိုင်မှု မပြုလုပ်နိုင်ဆိုသည့် အကြံပြုချက်ကို မိမိအနေဖြင့် လက်ခံကြောင်း ဖော်ပြထားသည်။

    Ref: Aljazeera

  • ပြည်သူများ အလုပ်အကိုင်ရရေးအတွက် သမ္မတဟောင်းအိုဘားမား ဒေါ်လာ ၂ သန်း လှူ မည်

    ပြည်သူများ အလုပ်အကိုင်ရရေးအတွက် သမ္မတဟောင်းအိုဘားမား ဒေါ်လာ ၂ သန်း လှူ မည်

    မေ ၇၊ ၂၀၁၇
    M-Media

    – အမေရိကန်သမ္မတဟောင်း ဘာရက်အိုဘားမားနှင့် ၎င်း၏ဇနီး မီရှယ်အိုဘားမားတို့မှာ ချီကာဂိုမြို့ ဆောက်သ်ဆိုက်ဒေသအတွင်း အလုပ်အကိုင် ရရှိရေးအတွက် ကန်ဒေါ်လာ ၂ သန်းကို လှူဒါန်းမည်ဟု သိရသည်။

    “မီရှယ်နဲ့ ကျွန်တော်ဟာ ဒီက လူ့အဖွဲ့အစည်းအတွက် နွေရာသီ အလုပ်အကိုင်ရရှိရေး အစီအစဉ်အဖြစ် ကိုယ်ပိုင်ငွေ ဒေါ်လာ ၂ သန်းကို လှူဒါန်းသွားမှာဖြစ်ပြီး ပြည်သူတွေဟာ အလုပ်အကိုင်တွေကို ရရှိမှာဖြစ်သလို၊ ကျွန်တော်တို့ကလည်း သူတို့အတွက် အခွင့်အလမ်တွေကို ပေးသွားနိုင်မှာပါ” ဟု အိုဘားမားက ယခုတစ်ပတ်အတွင်း ချီကာဂိုရှိ အခမ်းအနားတစ်ခု၌ ပြောကြားခဲ့သည်။

    ဆောက်သ်ဆိုက်ဒေသမှာ အိုဘားမား၏ သမ္မတရေးရာ စာကြည့်တိုက် ဖွင့်လှစ်မည့်နေရာလည်းဖြစ်သည်။ သို့သော်လည်း အဆိုပါ စာကြည့်တိုက်ကို ၄ နှစ်အတွင်း ဖွင့်လှစ်နိုင်မည် မဟုတ်သေးဟု အိုဘားမားက ထည့်သွင်း ပြောဆိုခဲ့သည်။

    ဂျက်ဆန်ပါ့ခ်တွင် ဆောက်လုပ်မည့် ထိုစာကြည့်တိုက်မှာ ဆောက်လုပ်ရေးအဆင့်တွင် အလုပ်အကိုင်ပေါင်း ၁၄၀၀၀ နှင့် ဆောက်လုပ်ပြီးစီးပါက အလုပ်အကိုင် ၂၀၀ မှ ၃၀၀ ကြား၊ ထိုစာကြည့်တိုက်ကြောင့် ဒေသ စီးပွားရေး ဖွံ့ဖြိုးမှုတွင် အလုပ်အကိုင်ပေါင်း နောက် ၂၀၀၀ ဖန်တီးပေးနိုင်မည်ဟု အိုဘားမားက
    ခန့်မှန်းထားသည်။

    ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်သည့် တွေ့ဆုံပွဲအခမ်းအနားတွင် အိုဘားမားမှာ အဆောက်အဦးပုံစံငယ်ကိုလည်း ပြသခဲ့ပြီး သမ္မတရေးရာ စာကြည့်တိုက်အပြင် အိုဘားမားဖောင်ဒေးရှင်း၏ ရုံးချုပ်အဖြစ်လည်း အသုံးပြုမည်ဖြစ်သည်။

    Ref : CNN

  • အမေရိကန်၏ ‘ဗုံးတို့၏မိခင်’ ကို ပုပ်ရဟန်းမင်းကြီးဝေဖန်

    အမေရိကန်၏ ‘ဗုံးတို့၏မိခင်’ ကို ပုပ်ရဟန်းမင်းကြီးဝေဖန်

    မေ ၇၊ ၂၀၁၇
    M-Media

    – အမေရိကန်လက်နက်တိုက်တွင် နျူလက်နက်မဟုတ်သည့် အကြီးမားဆုံးဗုံးကြီးကို ‘ဗုံးတို့၏ မိခင်’ ဟု အမည်ပေးထားမှုအား ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဝေဖန်လိုက်သည်။

    “ဒီနာမည်ကို ကြားတာနဲ့တင် ရှက်ရပါတယ်။ မိခင်ဆိုတာ အသက်ကို မွေးဖွားပေးတာပါ။ ဒီ ဗုံးကြီးက သေခြင်းတရားကို ပေးတာဖြစ်ပါတယ်။ ဒီပစ္စည်းကို ကျွန်တော်တို့က မိခင်လို့ခေါ်တယ်။ ဘာတွေဖြစ်နေကြတာလဲ” ဟု ပုပ်ရဟန်းမင်းကြီးက ယမန်နေ့တွင် ဗာတီကန်၌ ကျောင်းသားများအား ပြောကြားခဲ့သ
    ည်။

    အလေးချိန် ကီလိုဂရမ် ၉၈၀၀ ရှိသည့် အဆိုပါ ဗုံးကြီးကို ပြီးခဲ့သည့်လအတွင်း အမေရိကန်က အာဖဂန်နစ္စတန် နန်ဂါဟာ ပြည်နယ်ရှိ IS စစ်သွေးကြွများအပေါ် ကြဲချခဲ့သည်။ ပင်တဂွန် စစ်ဌာနချုပ်က အဆိုပါ ဗုံးမှာ IS က အသုံးပြုနေသည့် လှိုဏ်ခေါင်းကွန်ယက်ကို ပစ်မှတ်ထားသည်ဟု ထုတ်ပြန်ခဲ့သည်။

    ဗုံး၏ အမည်မှာ GBU-43/B Massive Ordnance Air Blast Bomb (MOAB) ဖြစ်ပြီး ‘ဗုံးတို့၏မိခင်’ ဟုသာ လူသိများသည်။ ထိုဗုံးကို ၂၀၀၃ ခုနှစ်တွင် စမ်းသပ်ခဲ့သော်လည်း ပြီးခဲ့သည့်လမတိုင်ခင် မည်သည့်စစ်ပွဲတွင်မှ အသုံးပြုခြင်း မရှိခဲ့ပေ။

    ပုပ်ရဟန်းမင်းကြီးမှာ မေလ ၂၄ ရက်နေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံရန် ရှိနေစဉ် ယခုမှတ်ချက် ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။

    Ref: BBC