News @ M-Media
Tag: US
  • ရွေးကောက်ပွဲ ရုရှားဝင်ရှုပ်မှုကိစ္စအတွက် အထူးအကြံပေးတစ်ဦးကို ကန်တရားရေး ခန့်အပ်
    ရွေးကောက်ပွဲ ရုရှားဝင်ရှုပ်မှုကိစ္စအတွက် အထူးအကြံပေးတစ်ဦးကို ကန်တရားရေး ခန့်အပ်
    မေ ၁၈၊ ၂၀၁၇
    M-Media
    – နိုဝင်ဘာရွေးကောက်ပွဲတွင် ရုရှားက ကြားဝင်စွက်ဖက်မှုများ ရှိခဲ့ကာ ထရမ့်အောင်နိုင်ရေး အဖွဲ့နှင့် ဆက်သွယ်မှုရှိသည်ဆိုသည့် သတင်းများအတွက် စုံစမ်းစစ်ဆေးမှုကို ကြီးကြပ်ရန် FBI ဒါရိုက်တာဟောင်း ရောဘတ် မူလာကို အထူးအကြံပေးအဖြစ် အမေရိကန်တရားရေးဝန်ကြီးဌာနက ခန့်အပ်လိုက်သည်ဟု သိရသည်။
    လက်ထောက် တရားသူကြီးချုပ်ကမူ စုံစမ်းစစ်ဆေးမှုတွင် အပြင်လူ ပါဝင်လာခြင်းမှာ ပြည်သူ့ အကျိုးစီးပွားအတွက် ဖြစ်သည်ဟု ပြောကြားခဲ့ပြီး နိုင်ငံရေးအသိုင်းအ၀ိုင်းကလည်း ချီးကျူးခဲ့ကြသည်။
    စုံစမ်းမှုကို ဦးဆောင်နေသည့် FBI အကြီးအကဲ ဂျိမ်းစ်ကိုမေးကို သမ္မတထရမ့်က ပြီးခဲ့သည့်တစ်ပတ်တွင် ရာထူးမှ ထုတ်ပယ်ခဲ့ပြီးနောက်ပိုင်း ထိုကိစ္စနှင့်ပတ်သက်၍ အထူးတရားသူကြီးတစ်ဦး ခန့်အပ်ပေးရန် တောင်းဆိုမှုများ မြင့်တက်လာခဲ့သည်။
    ထရမ့်ကမူ ယခု မစ္စတာမူလာကို ခန့်အပ်ခြင်းကြောင့် စုံစမ်းစစ်ဆေးမှုမှာ မိမိနှင့် မိမိ၏ အောင်နိုင်ရေး လှုပ်ရှားမှု အဖွဲ့ကို ရှင်းရှင်းလင်းလင်းဖြစ်စေမည်ဟု ယူဆကြောင်း ပြောကြားခဲ့သည်။ ယခင်က အိမ်ဖြူတော်မှာ ထိုစစ်ဆေးမှုအတွင်း အပြင်လူ ပါဝင်စရာမလိုဟု ပြောကြားဖူးသည်။
    အထက်လွှတ်တော်မှ ထိပ်တန်း ဒီမိုကရက် ချက် ရှူးမားကလည်း မစ္စတာမူလာမှာ ထိုအလုပ်အတွက် သင့်လျော်သူဖြစ်သည်ဟု ဆိုသည်။
    Ref: BBC
  • FBI အပေါ် ထရမ့်က ဥပဒေကိုကျော်ကာ ၀င်စွက်ခဲ့သည့် သတင်းတစ်ခု ထွက်လာပြန်
    FBI အပေါ် ထရမ့်က ဥပဒေကိုကျော်ကာ ၀င်စွက်ခဲ့သည့် သတင်းတစ်ခု ထွက်လာပြန်
    မေ ၁၇၊ ၂၀၁၇
    M-Media
    – ထရမ့်မှာ ၎င်း၏ အမျိုးသားလုံခြုံရေးအကြံပေးဟောင်း မိုကယ် ဖလင်းနှင့် ရုရှားတို့၏ ဆက်နွယ်ပတ်သက်မှုအတွက် FBI က စုံစမ်းစစ်ဆေးနေမှုအား ရပ်တန့်ရန် FBI ဒါရိုက်တာဟောင်း ဂျိမ်းစ်ကိုမေးကို တောင်းဆိုခဲ့သည်ဟု ထိုအကြောင်းကို ရေးသားထားသော ကိုမေး၏ မှတ်တမ်းကို ကိုးကား၍ အမေရိကန် ပြည်တွင်း
    မီဒီယာများက ယမန်နေ့တွင် ဖော်ပြလိုက်သည်။
    ထရမ့်မှာ ရွေးကောက်ပွဲတွင် ရုရှားက ၀င်စွက်မှု ရှိ၊ မရှိ စုံစမ်းစစ်ဆေးမှုကို ဦးဆောင်နေသာ ကိုမေးအား ထုတ်ပယ်ခြင်း၊ IS ကိစ္စနှင့်ပတ်သက်၍ ရုရှားကို နိုင်ငံတော် ထိပ်တန်းလျှို့ဝှက်ချက်များအား ပြောပြခဲ့ခြင်း စသည့် ကိစ္စရပ်များကြောင့် ဝေဖန်မှုများ ပြင်းပြင်းထန်ထန်ခံနေရချိန် ယခုကဲ့သို့ ဥပဒေချိုးဖောက်သည့် သတင်းတစ်ခု ထပ်မံ ပေါ်ထွက်လာခြင်းဖြစ်သည်။
    နယူးယောက်တိုင်းမ်စ် သတင်စားက ပထမဆုံး ဖော်ပြခဲ့သည့် ကိုမေး၏ မှတ်တမ်းအကြောင်းက ထရမ့်အနေဖြင့် ဖက်ဒရယ်စုံစမ်းစစ်ရေးလုပ်ငန်းတွင် ကြားဝင်စွက်ဖက်ရန် ကြိုးစားမှု ရှိလားဆိုသည့် မေးခွန်းများကို မြင့်တက်လာခဲ့သည်။
    အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ် ဆာဂျီ ကီစ်လ်ယက်နှင့် တွေ့ဆုံဆွေးနွေးမှုကြောင့် ဖလင်းကို ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ထရမ့်က ထုတ်ပယ်ခဲ့ပြီးနောက် ကိုမေးနှင့် အိမ်ဖြူတော်၌တွေ့ဆုံစဉ် ထရမ့်၏ ပြောကြားမှုကို ကိုမေးက မှတ်တမ်းတင် ရေးသားထားခြင်းဖြစ်သည်။
    “ဒီကိစ္စကို မင်း ထားလိုက်မယ်လို့ ငါမျှော်လင့်တယ်” ဟု ထရမ့်က ကိုမေးအား ပြောကြားခဲ့ကြောင်း ထိုမှတ်တမ်းတွင် ပါဝင်သည့် အကြောင်းအရာကို တွေ့မြင်ခဲ့သူ ရင်းမြစ်တစ်ခုက ဆိုသည်။
    အိမ်ဖြူတော်ကမူ ယခုသတင်းကို ငြင်းဆိုခဲ့ပြီး ‘ထရမ့်မှာ ဗိုလ်ချုပ်ဖလင်းနှင့်ပတ်သက်သည့် စုံစမ်းစစ်ဆေးမှု အပါအ၀င် မည်သည့် စုံစမ်းစစ်ဆေးမှုကိုမှ ရပ်တန့်ရန် မစ္စတာကိုမေး သို့မဟုတ် အခြား မည်သူ့ကိုမှ မတောင်းဆိုခဲ့ကြောင်း’ သတင်းထုတ်ပြန်ခဲ့သည်။
    သမ္မတတစ်ယောက်အနေဖြင့် ဖက်ဒရယ်အဖွဲ့အစည်းတစ်ခု၏ စုံစမ်းစစ်ဆေးမှုကို ရပ်တန့်ရန် သို့မဟုတ် နှောက်ယှက်ရန် ကြိုးပမ်းမှုမှာ ဥပဒေချိုးဖောက်မှုဖြစ်ပြီး ယခုကိစ္စ မှန်ကန်ပါက ထရမ့်မှာ ဆိုးရွားသည့် နောက်ဆက်တွဲ ရလဒ်ဖြင့် ရင်ဆိုင်ရဖွယ် ရှိနေသည်။
    ကိုမေးနှင့် အိမ်ဖြူတော်၌ တွေ့ဆုံမှုအတွင်း အစိုးရ၏ သတင်းများ ဆက်တိုက်ပေါက်ကြားမှုကို ရှုတ်ချခဲ့ပြီး၊ အစိုးရ၏ လျှို့ဝှက်ချက်များကို ဖော်ပြသည့် သတင်းထောက်များအား တရားစွဲဆိုရန်လည်း ကိုမေးကို တိုက်တွန်းခဲ့သည်ဟု နယူးယောက်တိုင်းမ်စ် သတင်းစာက ဖော်ပြခဲ့သည်။
    အိမ်ဖြူတော်ကမူ ‘သမ္မတနှင့် မစ္စတာကိုမေးတို့အကြား ပြောကြားခဲ့သည့် စကားများကို ဖော်ပြမှုမှာ အမှန်မဟုတ်ဘဲ တိကျမှုမရှိ’ ဟု ပြောကြားခဲ့သည်။
    ရုရှားအား IS နှင့်ပတ်သက်သည့် ထိပ်တန်းလျှို့ဝှက်ချက် ပြောပြခဲ့သည်ဆိုသည့် သတင်း ထွက်ပေါ်လာပြီးနောက် အမေရိကန်အစိုးရ၏ လုံခြုံရေး တာဝန်ရှိသူတစ်ဦးနှင့် ထရမ့်၏ အကြံပေးတစ်ဦးတို့က မဟုတ်မမှန်ဟု ထုတ်ပြန်ခဲ့သော်လည်း ထရမ့်က နောက်ပိုင်းတွင် Twitter စာမျက်နှာမှတစ်ဆင့် မှန်ကန်ကြောင်း ပြော
    ကားခဲ့သည်။
    Ref: Aljazeera
  • ရုရှားကို ထိပ်တန်းလျှို့ဝှက်ချက် အသိပေးမှုအတွက် ထရမ့်က ကာကွယ်ပြောဆို
    ရုရှားကို ထိပ်တန်းလျှို့ဝှက်ချက် အသိပေးမှုအတွက် ထရမ့်က ကာကွယ်ပြောဆို
    မေ ၁၆၊ ၂၀၁၇
    M-Media
    – ရုရှားနိုင်ငံခြားရေးဝန်ကြီးအား တိုင်းပြည်၏ ထိပ်တန်းလျှို့ဝှက်ချက်ကို အသိပေးခဲ့သည့် ကိစ္စအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကာကွယ်ပြောဆိုလိုက်ပြီး မိမိ၏လုပ်ရပ်မှာ မှန်ကန်သည့်လုပ်ရပ်ဖြစ်သည်ဟု ပြောကြားလိုက်သည်။
    ပြီးခဲ့သည်တစ်ပတ် အိမ်ဖြူတော်၌ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာဗရော့နှင့် တွေ့ဆုံစဉ်အတွင်း ထရမ့်မှာ IS အကြမ်းဖက်အဖွဲ့နှင့်ပတ်သက်​၍ လျှို့ဝှက်ချက်တစ်ခုကို အသိပေးခဲ့သည်ဟု ၀ါရှန်ပို့စ်သတင်းစာက ယမန်နေ့တွင် ဖော်ပြခဲ့သည်။
    လေယာဉ်ပေါ်တွင် အီလက်ထရောနစ်ပစ္စည်းများ အသုံးပြုခြင်းနှင့်ပတ်သက်သည့် ကိစ္စဖြစ်ပြီး ထရမ့်မှာ ပြောပိုင်ခွင့်မရှိသူ တစ်ဦးထံမှ တစ်ဆင့်စကားဖြင့် ထိုကိစ္စကို သိထားခြင်းဖြစ်သည်။
    အင်္ဂါနေ့မနက်ပိုင်းက ထရမ့်မှာ Twitter စာမျက်နှာတွင် “သမ္မတစ်ယောက်အနေနဲ့ (တရားဝင်စီစဉ်ထားတဲ့ အိမ်ဖြူတော်အစည်းအဝေးမှာ) အကြမ်းဖက်ဝါဒ၊ လေယာဉ်ပျံသန်းမှု ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ရုရှားကို မျှဝေချင်ခဲ့ပြီး အဲဒီလို လုပ်ပိုင်ခွင့်လည်း ကျွန်တော်မှာ လုံးဝ ရှိပါတယ်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြောင်းအရင်းကြောင့်ဖြစ်ပြီး၊ (IS) နဲ့ အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရေးမှာ ရုရှားကို ကျွန်တော် အရှိန်မြှင့်စေချင်တာလည်း ပါပါတယ်” ဟု ၎င်း၏ လုပ်ရပ်ကို ကာကွယ်ရေးသားခဲ့သည်။
    အမေရိကန်သမ္မတစ်ယောက်အနေဖြင့် နိုင်ငံတော် ထိပ်တန်း လျှို့ဝှက် အချက်အလက်များကို ထုတ်ဖော် ပြောဆိုခြင်းမှာ တရားဝင်သော်လည်း ထရမ့်၏ ယခုလုပ်ရပ်ကို ဒီမိုကရက်များက ဝေဖန်ခဲ့ကာ ၎င်း၏ ရီပက်ဘလစ်ကန် ပါတီကလည်း ဖြေရှင်းချက်ပေးရန် တောင်းဆိုထားသည်။
    Ref: BBC
  • ရှာအက်စ်တာ ၀ါအစ်ဇ် (သို့) လေကြောင်းသမိုင်းတွင် စံချိန်သစ်တင်မည့် အာဖဂန်အမျိုးသမီး
    ရှာအက်စ်တာ ၀ါအစ်ဇ် (သို့) လေကြောင်းသမိုင်းတွင် စံချိန်သစ်တင်မည့် အာဖဂန်အမျိုးသမီး
    မေ ၁၆၊ ၂၀၁၇
    M-Media
    – အမေရိကန်က အာဖဂန်နွယ်ဖွား အမျိုးသမီး လေယာဉ်မှူးတစ်ဦးဟာ ကမ္ဘာတစ်ပတ် တစ်ဦးတည်း ပျံသန်းနိုင်တဲ့ ကမ္ဘာ့အသက်အငယ်ဆုံး အမျိုးသမီးလေယာဉ်မှူး ဖြစ်လာရေး ကြိုးပမ်းနေပါတယ်။
    အသက် ၂၉ နှစ်အရွယ် ရှာအက်စ်တာ ၀ါအစ်ဇ်ဖြစ်ပြီး အာဖဂန်မှာ ဆိုဗီယက်တွေ ကျူးကျော်တိုက်ခိုက်မှုမပြီးခင် ဒုက္ခသည်စခန်းတစ်ခုမှာ မွေးဖွားခဲ့သူ ဖြစ်ကာ၊ ၁၉၈၇ ခုနှစ်မှာ မိဘတွေနဲ့အတူ အမေရိကန်ကိုပြောင်းရွှေ အခြေချခဲ့ပါတယ်။
    သူမဟာ ပျံသန်းမှုကို ၀ါသနာထုံခဲ့ပြီး လေယာဉ်မောင်းလိုင်စင်လည်း ရယူခဲ့ကာ အာဖဂန်အမျိုးသမီးတွေထဲမှာ အသက်အငယ်ဆုံး လက်မှတ်ရ အရပ်ဖက် လေယာဉ်မှူး ဖြစ်လာပါတယ်။
    အခုအချိန်မှာတော့ သူမဟာ အခြားသော အမျိုးသမီးငယ်တွေနဲ့အတူ ဝေဟင်မှာ လွတ်လွတ်လပ်လပ်ပျံသန်းဖို့ ဆန္ဒပြင်းပြနေပါပြီ။
    “ပျံသန်းခြင်းကို ကျွန်မ နှစ်ခြိုက်စွဲလမ်းမိတဲ့အချိန်မှာ ကျွန်မကိုယ်ကျွန်မ စိန်ခေါ်ခဲ့ပါတယ်။ ကျွန်မ စာစဖတ်တယ်။ သင်္ချာမှာ ပိုတော်လာအောင်လည်း လုပ်တယ်။ ကမ္ဘာကြီးနဲ့ ကောင်းကင်ကြီးကို တစ်ခြားတစ်ဖက်က ကြည့်တယ်။ အရေးကြီးတာက ကိုယ့်ရဲ့ဝါသနာရှာဖွေဖို့နဲ့ အဲဒီနောက်ကို လိုက်ဖို့ပါ” လို့ ၀ါအစ်ဇ်က မွန်ထရီယဲလ်မှာ ခရီးတစ်ထောက်နားစဉ် ပြောကြားခဲ့ပါတယ်။
    သူမဟာ ဖလော်ရီဒါက ဒေတိုနာကမ်းခြေကနေ စနေနေ့က ပျံတက်ကာ သူမရဲ့ Beechcraft Bonanza A36 လေယာဉ်ငယ်လေးနဲ့ စပိန်၊ အီဂျစ်၊ အိန္ဒိယ၊ စင်ကာပူ၊ သြစတေးလျတို့ကို ဖြတ်ကာ ကီလိုမီတာပေါင်း ၂၅၈၀၀ နီးပါး ဝေးကွာတဲ့ ခရီးစဉ်ကို စတင်ခဲ့တာဖြစ်ပြီး သြဂုတ်လ ဖလော်ရီဒါမှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။
    ခရီးစဉ်တစ်လျှောက် နေရာပေါင်း ၃၀ မှာ ရပ်နားမှာဖြစ်ပြီး သူမရဲ့ ခရီးစဉ်ကို ပံ့ပိုးပေးတဲ့ နိုင်ငံတကာ အရက်ဖက် လေကြောင်းအသင်း (ICAO) က ကျောင်းသားလူငယ်တွေ သိပ္ပံ၊ လေကြောင်းကဏ္ဍတွေမှာ စိတ်ဝင်စားလာဖို့ ရည်ရွယ်ပြီး အခမ်းအနားတွေကိုလည်း ကျင်းပပေးသွားမှာ ဖြစ်ပါတယ်။
    ICAO ရဲ့ အချက်အလက်တွေအရ ကမ္ဘာတစ်ဝှမ်း စီးပွားဖြစ် လေကြောင်းလိုင်းတွေရဲ့ ၅ ရာခိုင်နှုန်းဟာ အမျိုးသမီး လေယာဉ်မှူးတွေဖြစ်တယ်လို့ သိရပါတယ်။
    “သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနဲ့ သင်္ချာဘာသာရပ်တွေမှာ အမှန်တကယ် နားလည်သွားပြီး၊ ဒီနယ်ပယ်တွေမှာ ရှိတာတွေကို ရှာဖွေပြီဆိုရင် သိပ်ပြီး စိတ်ဝင်စားစရာကောင်းပါတယ်။ ဒီနယ်ပယ်တွေဟာ ဘယ်လိုလဲဆိုတာ သိဖို့ ပြုလုပ်မယ့်အခမ်းအနားတွေမှာ လူငယ်တွေ ပါဝင်လာမယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်။ ပြီးတော့ ပါရမီရှိတဲ့လူငယ်တွေ လိုအပ်နေတဲ့ ဒီနယ်ပယ်တွေမှာ ပါဝင်လာရေး သူတို့ ဆွဲဆောင်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်” လို့ ၀ါအစ်ဇ်က ပြောကြားခဲ့ပါတယ်။
    သူမရဲ့ အကျိုးအမြတ်မယူတဲ့ Dreams Soar အဖွဲ့ ၀ဘ်ဆိုက်မှာ ၀ါအစ်ဇ်က “လေယာဉ်တံခါးကို ဖွင့်လိုက်တဲ့ အချိန်တိုင်းမှာ ‘ငါ့လို နောက်ခံမျိုနဲ့ ဘယ်လို ကံကောင်းလာပါလိမ့်’ ဆိုပြီး ကျွန်မကိုယ်ကျွန်မ ပေးပါတယ်။ အမှန်ကတော့ လူတိုင်းက ကျွန်မလို ဖြစ်နိုင်ပါတယ်” လို့ ရေးသားထားပါတယ်။
    Ref: Alarabiya
  • နိုင်ငံ၏ ထိပ်တန်းလျှို့ဝှက်ချက်ကို ရုရှားအား ထရမ့်က ပြောပြခဲ့သည်ဟု သတင်းထွက်ပေါ်
    နိုင်ငံ၏ ထိပ်တန်းလျှို့ဝှက်ချက်ကို ရုရှားအား ထရမ့်က ပြောပြခဲ့သည်ဟု သတင်းထွက်ပေါ်
    မေ ၁၆၊ ၂၀၁၇
    M-Media
    – အမေရိကန်နိုင်ငံရဲ့ ထိပ်တန်းလျှို့ဝှက် သတင်းအချက်အလက်ကို သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံစဉ်မှာ ထုတ်ဖော်ပြောကြားခဲ့တယ်လို့ အစိုးရတာဝန်ရှိသူတွေရဲ့ ပြောကြားမှုကို ကိုးကားပြီး ၀ါရှန်တန်ပို့စ် သတင်းစာက ယမန်နေ့မှာ ဖော်ပြလိုက်ပါတယ်။
    IS အကြမ်းဖက်အဖွဲ့နဲ့ ပတ်သက်တဲ့ သတင်းဖြစ်ပြီး ပြီးခဲ့တဲ့တစ်ပတ် အိမ်ဖြူတော်မှာ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာဗရော့ဗ်နဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တာလို့ ဆိုပါတယ်။
    ဒါပေမယ့် အမေရိကန်အစိုးရရဲ့ အကြီးတန်း လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူ ဒီနာ ပိုဝဲလ်က ဒီသတင်းဟာ မမှန်သတင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    “ဒီသတင်းက အမှားပါ။ သမ္မဟာ နှစ်နိုင်ငံစလုံးက ရင်ဆိုင်နေရတဲ့ ဘုံ ခြိမ်းခြောက်မှုတွေကိုသာ ဆွေးနွေးခဲ့တာပါ”
    ထရမ့်ရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေး ဗိုလ်ချုပ် အိခ်ျအာရ် မက်မာစတာကလည်း ဒီသတင်းမှားယွင်းကြောင်း ပြောခဲ့ပါတယ်။
    ထရမ့်ရဲ့ မဲဆွယ်ရေးအဖွဲ့ဟာ ရုရှားနဲ့ ဆက်သွယ်မှုတွေ ရှိတယ်ဆိုတဲ့သတင်းက ထရမ့်အတွက် ပြဿနာတစ်ရပ်ဖြစ်ခဲ့ပြီး စုံစမ်းစစ်ဆေးမှု တော်တော်များများ ပြုလုပ်မှုကိုလည်း ခံနေရပါတယ်။ ဒါပေမယ့် ထရမ့်ကတော့ ဒါတွေဟာ သတင်းမှာတွေဖြစ်တယ်လို့ ဆိုပါတယ်။
    ရွေးကောက်ပွဲ မဲဆွယ်စဉ်အတွင်းမှာ ဒီမိုကရက်တစ်ပြိုင်ဖက် ဟီလာရီကလင်တန်အနေနဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ်အချိန်က လျှို့ဝှက်မှတ်တမ်းတွေကို ကိုင်တွယ်မှုနဲ့ပတ်သက်ပြီး ထရမ့်က ဝေဖန်ခဲ့ဖူးပါတယ်။
    ပြီးခဲ့တဲ့တစ်ဖက် အိမ်ဖြူတော်မှာ လာဗရော့ဗ်၊ အမေရိကန်နိုင်ဆိုင်ရာ ရရှားသံအမတ် ကစ်လ်ယက်တို့နဲ့ တွေ့ဆုံစဉ် ထရမ့်က ပုံမှန်စီစဉ်ထားမှုကို ပယ်ဖျက်ပြီး လေယာဉ်ပေါ်မှာ ကွန်ပျူတာသုံးတာနဲ့ ဆက်စပ်တဲ့ IS အဖွဲ့ရဲ့ ခြိမ်းခြောက်မှုတွေအကြောင်း အသေးစိတ် ဆွေးနွေးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
    ရန်ဖက်နိုင်ငံတစ်ခုကို နိုင်ငံတော်ရဲ့ လျှို့ဝှက်ချက် ပေါက်ကြားစေတာဟာ သာမန်လူတွေအတွက် ဥပဒေချိုးဖောက်မှုဖြစ်ပေမယ့် သမ္မတတစ်ယောက်အနေနဲ့ အစိုးရရဲ့ လျှို့ဝှက်ချက်တွေနဲ့ပတ်သက်လို့ လုပ်ပိုင်ခွင့်ကျယ်ပြန့်တာကြောင့် ဒီကိစ္စဟာ ဥပဒေကို ချိုးဖောက်တာမျိုး မဖြစ်နိုင်ဘူးလို့ ၀ါရှင်တန်ပို့စ်က ထည့်သွင်း ရေးသားထားပါတယ်။
    Ref: BBC, Aljazeera