News @ M-Media

Tag: US

  • အမေရိကန်ကို ဗီဇာကင်းလွတ်ခွင့်ပေးထားမှု ဥရောပ ရုပ်သိမ်း

    အမေရိကန်ကို ဗီဇာကင်းလွတ်ခွင့်ပေးထားမှု ဥရောပ ရုပ်သိမ်း

    မေ ၄၊ ၂၀၁၇
    M-Media

    – နှစ်ဖက် ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်ကို အမေရိကန်က မလိုက်နာသည့်အတွက် အမေရိကန်နိုင်ငံသားများအား ဗီဇာကင်းလွတ်ခွင့်ပေးထားမှုကို ရုပ်သိမ်းရန် ဥရောပပါလီမန်က ယမန်နေ့တွင် မဲခွဲ ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

    အမေရိကန်မှာ ဥရောပအဖွဲ့ဝင် နိုင်ငံများဖြစ်သည့် ဘူလ်ဂေးရီးယား၊ ခရိုအေးရှား၊ ဆိုက်ပရက်စ်၊ ပိုလန်နှင့် ရိုမေးနီးယားနိုင်ငံတို့အား ဗီဇာကင်းလွတ်ခွင့်ပေးရန် သဘောမတူဟု ပြောကြားခဲ့ပြီးနောက် ဥရောပ ပါလီမန်၏ ယခုဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

    နိုင်ငံသားများ လွတ်လပ်ခွင့်ဆိုင်ရာ ကော်မတီက တင်သွင်ပြီး ပါလီမန်တွင် ယမန်နေ့က အတည်ပြုခဲ့သည့် အဆိုပါ ဗီဇာကင်းလွတ်ခွင့် ရုပ်သိမ်းမှုကို နှစ်လအတွင်း ဥရောပပါလီမန် အမတ်များက ပယ်ဖျက်နိုင်မည်ဖြစ်သည်။ ထို ဆုံးဖြတ်ချက်ကို ဥရောပသမဂ္ဂ ကောင်စီက အတည်ပြုခဲ့ပါက အမေရိကန်နိုင်ငံသားများမှာ ဥရောပတွင် ၁၂ လတာ နေထိုင်ခွင့်အတွက် ဗီဇာလျှောက်ထားရမည်ဖြစ်သည်။

    အမေရိကန်နှင့် ဥရောပသမဂ္ဂတို့မှာ ယခင်က ဗီဇာကင်းလွတ်ခွင့်အတွက် သဘောတူထားသောကြောင့် အမေရိကန်နိုင်ငံသားတစ်ဦးမှာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ ဗီဇာမလိုဘဲ လွတ်လပ်စွာ သွားလာနိုင်သည်။ အဖွဲ့ဝင် ၅ နိုင်ငံမှ နိုင်ငံသားများကို ဗီဇာကင်းလွတ်ခွင့် မပေးခြင်းမှာ နှစ်ဖက်သဘောတူညီချက်ကို ဖောက်ဖျက်ရာကြသည်ဟု ဥရောပသမဂ္ဂက သတိပေးထားသော်လည်း အမေရိကန်က လိုက်နာခဲ့ခြင်းမရှိပေ။

    အမေရိကန်မှာ ထိုသဘောတူညီချက်အား လိုက်နာမှုမရှိသည်ကို ဥရောပကော်မရှင်က လွန်ခဲ့သည့် ၃ နှစ်ကတည်းက တွေ့ရှိခဲ့သော်လည်း ယခုအချိန်မှ အရေးယူခြင်းဖြစ်သည်။

    သြစတေးလျ၊ ဘရူးနိုင်၊ ဂျပန်နှင့် ကနေဒါနိုင်ငံတို့မှာ ဥရောပနှင့် အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်ကို လိုက်နာရန် ပျက်ကွက်ကြောင်း တွေ့ရှိခဲ့သော်လည်း နောက်ပိုင်းတွင် ထိုထဲမှ တစ်ချို့မှာ ဗီဇာကင်းလွတ်ခွင့် ပြန်ပေးခဲ့ပြီး တစ်ချို့မှာ မကြာမီ ပြန်လည်ခွင့်ပြုရန် ရှိနေသည်။

    Ref: Independent, Euro News

  • အမေရိကန်ရှိ ခြိမ်းခြောက်ခံဂျူးများကို ကာကွယ်စောင့်ရှောက်ပေးရန် မွတ်စလင်များ ကမ်းလှမ်း

    အမေရိကန်ရှိ ခြိမ်းခြောက်ခံဂျူးများကို ကာကွယ်စောင့်ရှောက်ပေးရန် မွတ်စလင်များ ကမ်းလှမ်း

    မတ် ၃၊ ၂၀၁၇
    M-Media

    – ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အမေရိကန်နိုင်ငံတစ်ဝှမ်းက ဂျူးလူ့အဖွဲ့အစည်းစင်တာတွေကို ဗုံးနဲ့ တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခံရမှု၊ ဖီလာဒဲလ်ဖီးယားနဲ့ စိန့်လူးဝစ်က ဂျူးသုဿာန်တွေ ဖျက်ဆီးခံရမှုတွေ ဆက်တိုက်ဖြစ်လာခဲ့ပြီး သမ္မတ ဒေါ်နယ်ထရမ့် တက်လာပြီးနောက်ပိုင်း လူဖြူအစွန်းရောက်တွေက လူနည်းစုတွေအပေါ် ပစ်မှတ်ထားမှု နောက်ဆက်တွဲလည်း ဖြစ်ပါတယ်။

    အမေရိကန်မွတ်စလင်တွေကတော့ သူတို့နဲ့ဘ၀တူ ဂျူးတွေကို ဖေးမကူညီဖို့ လက်မနှေးခဲ့ကြပါဘူး။ စိန့်လူးဝစ်နဲ့ ဖီလာဒဲလ်ဖီးယားက ဂျူးသုဿာန်တွေ ပြန်လည်ပြုပြင်ဖို့အတွက် ရန်ပုံငွေ သိန်းချီ ကောက်ခံလှူဒါန်းပေးခဲ့သလို အခုဆိုရင်လည်း ဂျူးတွေရဲ့ အဆောက်အဦးတွေကို စေတနာ့ဝန်ထမ်း ကာကွယ်စောင့်ရှောက်ပေးဖို့ ဆိုရှယ်မီဒီယာတွေကနေတစ်ဆင့် ကမ်းလှမ်းမှုတွေလည်း ပြုလုပ်လာခဲ့ပါတယ်။

    အဲဒီလို ကမ်းလှမ်းမှုတွေမှာ အမေရိကန်စစ်တပ်ထဲ တာဝန်ထမ်းဆောင်ခဲ့တဲ့ မွတ်စလင်စစ်သားတွေ၊ ရှေ့နေတွေ၊ Emmy ဆုရရှိထားတဲ့ ရုပ်သံအသံလွှင့်သူတွေနဲ့အတူ အလွှာပေါင်းစုံက မွတ်စလင်တွေ ပါဝင်နေပါတယ်။

    ၂၀၁၇ ခုနှစ်ရဲ့ ပထမ ၂ လအတွင်းမှာ နိုင်ငံတစ်ဝှမ်းက ဂျူးစင်တာတွေမှာ ဗုံးနဲ့တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်မှုပေါင်း ၁၀၀ လောက်ရှိတယ်လို့ မြောက်အမေရိက ဂျူးယဉ်ကျေးမှုစင်တာအသင်း JCC က ပြောကြားခဲ့ပါတယ်။

    တနင်္လာနေ့ တစ်နေ့တည်းမှာပဲ အဲဒီလို ခြိမ်းခြောက်မှုပေါင်း ၃၁ ခု ဖြစ်ပွားခဲ့ပြီး အင်ဒီယားနားပြည်နယ် ဂျူးဘုရားကျောင်းတစ်ခုက ဟီဘရူးဘာသာစကားကျောင်းလည်း သေနတ်နဲ့ ပစ်ခံခဲ့ရပါတယ်။

    စည်းလုံးမှု

    “ကျွန်တော်က ချီကာဂိုလန်းဒေသမှာနေတဲ့ မွတ်စလင် မရိန်းတပ်သားပါ။ တကယ်လို့ ခင်ဗျားတို့ ဂျူးဘုရားကျောင်းတွေ၊ ဒါမှမဟုတ် ဂျူးသုဿာန်တွေမှာ ကာကွယ်စောင့်ရှောက်ဖို့လိုလာပြီဆိုရင် ကျွန်တော့်ကို စာရင်းထည့်လိုက်ပါ။ အစ္စလာမ်မှာ ဒါမျိုးလုပ်ပေးရမယ့် တာဝန်ရှိပါတယ်” လို့ မွတ်စလင် မရိန်းတပ်သားဟောင်းတစ်ဦးဖြစ်သူ တိုင်ယစ်ဘ် ရာရှစ်က သူ့ရဲ့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ရာရှစ်ရဲ့ ဒီလိုရေးသားမှုကို ဂျူးတွေအပါအ၀င် အမေရိကန်ပြည်သူတွေကို သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ပြီး၊ ရာရှစ်ကလည်း မွတ်စလင်နဲ့ မွတ်စလင်မဟုတ်သူတွေအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို မြှင့်တင်ရေး အကူအညီဖြစ်စေမယ့် လှုပ်ရှားမှုတစ်ခုကို ချီကာဂိုက သူ့ရဲ့ ဇာတိမြို့ ဂရေးစ်လိတ်က်မှာ ပြုလုပ်နေပြီး ဒီလှုပ်ရှားမှုမှာ ပါဝင်ကြဖို့လည်း အမေရိကန်ပြည်သူတွေကို တိုက်တွန်းခဲ့ပါတယ်။

    “ကျွန်တော် ဒီလိုလုပ်ရပ်တွေကို ရင်ထဲအသည်းထဲကနေ ရှုတ်ချပြီး အမေရိကန်နိုင်ငံသား ဂျူးတွေဖက်ကနေ ကျွန်တော်ရပ်တည်ပါတယ်” လို့လည်း ရာရှစ်က ပြောကြားခဲ့ပါတယ်။

    အမေရိကန်ဂျူးတွေကတော့ သူတို့ရဲ့ ဘာသာရေးပွဲတော်တစ်ခုကို တက်ရောက်ဖို့ ရာရှစ်ကို ဖိတ်ခေါ်ထားပါတယ်။

    Emmy Award ဆု ရရှိထားတဲ့ တီဗီအစီအစဉ်တင်ဆက်သူ မွမ်မီ ဘက်တီက ဂျူးအဆောက်အဦးတွေကို ကာကွယ်စောင့်ရှောက်ဖို့ ရာရှစ်ရဲ့ တိုက်တွန်းမှုကို ထောက်ခံကာ ကိုယ်တိုင်လည်း ပါဝင်မယ်လို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    “ကျွန်တော် ဟာရစ္စဘာ့ဂ်က မွတ်စလင်တစ်ဦးပါ။ တကယ်လို့ ခင်ဗျားတို့ရဲ့ ဂျူးဘုရားကျောင်းတွေ၊ လူမှုရေးစင်တာတွေမှာ စောင့်ရှောက်ဖို့ တစ်ယောက်ယောက် လိုအပ်မယ်ဆိုရင် ကျွန်တော် ခင်ဗျားတို့အတွက် စောင့်ရှောက်ပေးပါမယ်။ အစ္စလာမ်မှာ ဒါမျိုး လုပ်ပေးရမယ့်တာဝန် ရှိပါတယ်”

    ဂျူးတွေရဲ့ အဆောက်အဦးတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ ကမ်းလှမ်းတဲ့ အမေရိကန်မွတ်စလင်တစ်ချို့ရဲ့ ရေးသားမှုတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

    “ဟူစတန်ဒေသက ဂျူးလူ့အဖွဲ့အစည်းခင်ဗျား – ကျွန်တော်ဟာ တိုင်းပြည်ကို ၁၀ နှစ်ကြာ ကာကွယ်စောင့်ရှောက်ပေးခဲ့ပါတယ်။ ခင်ဗျားတို့ ကျွန်တော့်ကို လိုအပ်မယ်ဆိုရင် ဂျူးတွေရဲ့ ၀တ်ပြုရာနေရာတွကို လိုလိုလားလားနဲ့ ကျွန်တော် ကာကွယ်စောင့်ရှောက်ပေးမှာပါ” (ခါလစ် ၀ါလစ် – အမေရိကန်စစ်သားဟောင်း)

    “ကျွန်တော် ၀ါရှင်တန်ဒီစီက မွတ်စလင်တစ်ဦးပါ။ တကယ်လို့ ခင်ဗျားတို့ ဂျူးဘုရားကျောင်းကို ကာကွယ်ကွယ်စောင့်ရှောက်ဖို့ လိုအပ်မယ်ဆိုရင် ကျွန်တော် စောင့်ရှောက်ပေးပါမယ်။ အစ္စလာမ်မှာ ဒါမျိုး လုပ်ပေးရမယ့်တာဝန် ရှိပါတယ်” (ကာစင် ရာရှစ်)

    Ref: BBC

  • ဒုက္ခသည်များ မ၀င်စေချင်လျှင် အကြမ်းဖက်များအား မပံ့ပိုးရန် ထရမ့်ကို အမတ်တစ်ဦး တိုက်တွန်း

    ဒုက္ခသည်များ မ၀င်စေချင်လျှင် အကြမ်းဖက်များအား မပံ့ပိုးရန် ထရမ့်ကို အမတ်တစ်ဦး တိုက်တွန်း

    မတ် ၂၊ ၂၀၁၇
    M-Media

    ဒီမိုကရက်တစ်ပါတီမှ လွှတ်တော်အမတ် တူလ်ဆီ ဂဘ်ဘာ့ဒ်

    – အမေရိကန်နိုင်ငံသို့ ဒုက္ခသည်များ ၀င်ရောက်မှုကို မနှစ်မြို့ပါက အလ်ကိုင်းဒါးနှင့် IS တို့ကဲ့သို့ အစွန်းရောက်များကို လက်နက်ထောက်ပံ့နေခြင်းအား ရပ်တန့်ရန် ဒီမိုကရက်တစ်ပါတီမှ အမတ်တစ်ဦးဖြစ်သူ တူလ်ဆီ ဂဘ်ဘာ့ဒ်က ထရမ့်အစိုးရကို တိုက်တွန်းလိုက်သည်။

    အင်္ဂါနေ့တွင် သမ္မတထရမ့်က အောက်လွှတ်တော်၌ မိန့်ခွန်းပြောကြားပြီးနောက်ပိုင်း ဗုဒ္ဓဟူးနေ့က လွှတ်တော်အဆောက်အဦးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဂဘ်ဘာ့ဒ်က ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

    သမ္မထရမ့်၏ မိန့်ခွန်းပြောကြားမှုကို နားထောင်ရန် ဧည့်သည်တော်များအဖြစ် ဒီမိုကရက်တစ်အမတ်များမှာ ပြောင်းရွှေ့အခြေချသူများကို အင်္ဂါနေ့က အောက်လွှတ်တော်သို့ ဖိတ်ကြားခဲ့ပြီး ဂဘ်ဘာ့ဒ်မှာ ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် ရေနစ်သေဆုံးကာ တူရကီကမ်းခြေ၌ လာရောက်သောင်တင်ခဲ့သည့် ဆီးရီးယားမှ ၃ နှစ်အရွယ် ကလေးငယ် အလန်ကာဒီ၏ အဒေါ်ဖြစ်သူ တီမာ ကာဒီကို ဖိတ်ကြားခဲ့သည်။

    သတင်းစာရှင်းလင်းပွဲတွင် တီမာ ကာဒီက ဆီးရီးယားတွင် အစိုးရပြောင်းလဲရန် ကြိုးစားမှုဟာ ရပ်တန့်ရန် ထရမ့်ကို တိုက်တွန်းခဲ့သည်။

    ဂဘ်ဘာ့ဒ်ကလည်း “အရေးအကြီးဆုံးမေးခွန်းက လူတွေ ဒီလို အိုးအိမ်စွန်ခွာ ထွက်ပြေးရတဲ့ အကြောင်းအရင်းကို ကျွန်မတို့ ဘယ်လိုဖြေရှင်းမလဲဆိုတာပါ။ အလ်ကိုင်းဒါးနဲ့ IS တို့လို အုပ်စုတွေနဲ့ ပေါ်တင်ဆက်သွယ်နေတဲ့ ဒါမှမဟုတ် သူတို့ရဲ့ အမိန့်အောက်မှာ ရှိနေတဲ့ စစ်သွေးကြွအုပ်စုတွေကို ကျွန်မတို့အစိုးရဟာ တိုက်ရိုက်တစ်မျိုး၊ သွယ်ဝိုက်၍တစ်ဖုံ နှစ်များစွာ ထောက်ပံ့ပေးနေခဲ့ပါတယ်။ သူတို့အားလုံးဟာ ဆီးရီးယားအစိုးရကို ဖြုတ်ချဖို့ ကြိုစားတိုက်ခိုက်နေကြတာပါ” ဟု ပြောကြားခဲ့သည်။

    ဂဘ်ဘာ့ဒ်မှာ အချက်အလက်ရှာဖွေရေးတာဝန်ဖြင့် ဇန်န၀ါရီလက ဆီးရီးယားသို့ သွားရောက်ခဲ့ပြီး ဆီးရီးယားသမ္မတ ဘာရှာ အလ်-အာဆတ်နှင့် တွေ့ဆုံခဲ့သည်။ ထို့ပြင် သူပုန်များသိမ်းပိုက်ထားပြီး ဒီဇင်ဘာလက အာဆတ်အစိုးမှ ပြန်သိမ်းနိုင်ခဲ့သည့် အဲလစ်ပိုမြို့ကိုလည်း သွားရောက်ခဲ့သည်။

    အမေရိကန်မှာ ဆီးရီးယားအစိုးရနှင့် IS အဖွဲ့အား တိုက်ခိုက်နေသည့် သူပုန်များအား လက်နက်တပ်ဆင်ပေးရန်နှင့် လေ့ကျင်ပေးရန် ဒေါ်လာ သန်း ၅၀၀ အသုံးပြုခဲ့ပြီး အဆိုပါတိုက်ခိုက်ရေးသမားများမှာ အမေရိကန်က ထောက်ပံ့ပေးထားသည့် လက်နက်များဖြင့် စစ်သွေးကြွအုပ်စုများနှင့် ပူးပေါင်းသွားသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

    Ref: RT

  • ထရမ့်လက်ထက် မြင့်တက်လာတဲ့ ဂျူးဆန့်ကျင်ရေးနဲ့ အားနည်းသူများကို မွတ်စလင်များ၏ ဖေးမမှု

    ထရမ့်လက်ထက် မြင့်တက်လာတဲ့ ဂျူးဆန့်ကျင်ရေးနဲ့ အားနည်းသူများကို မွတ်စလင်များ၏ ဖေးမမှု

    မတ် ၁၊ ၂၀၁၇
    M-Media

    – ဒေါ်နယ်ထရမ့် အာဏာရလာပြီးနောက်ပိုင်း လူဖြူအစွန်းရောက်တွေ ခေါင်းထောင်ထလာမှုနဲ့အတူ ဂျူးစင်တာတွေ၊ သုဿာန်တွေ တိုက်ခိုက်ခံရမှု မြင့်တက်လာခဲ့ပြီး ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာလည်း ဖီလာဒဲလ်ဖီးယားက ဂျူးသုသာန်တစ်ခု ဖျက်ဆီးခံခဲ့ရပါတယ်။

    ဒီတိုက်ခိုက်မှုအတွင်း အုတ်ဂူနဲ့ မှတ်တိုင်ပေါင်း ၅၀၀ နီးပါးလောက် ဖျက်ဆီးခံခဲ့ရပါတယ်။ ဒါဟာ တစ်ပတ်အတွင်းမှာ ဒုတိယအကြိမ်မြောက်အဖြစ် ဂျူးသုသာန်တစ်ခု တိုက်ခိုက်ခံရတာဖြစ်ပြီး၊ ပြီးခဲ့တဲ့ တစ်ပတ်တုန်းကလည်း မစ်ဇူရီပြည်နယ် စိန့်လူးဝစ်အနီးက ဂျူးသုဿာန်လည်း ဖျက်ဆီးခံခဲ့ရတာကြောင့် အုပ်ဂူပေါင်း ၁၅၀ လောက် ပျက်ဆီးခဲ့ပါတယ်။

    တနင်္လာနေ့ မနက်ပိုင်းက အမေရိကန်နိုင်ငံတစ်ဝှမ်း ဂျူးစင်တာ(JCC) ပေါင်း  ၂၀ လောက်ဟာ ဗုံးနဲ့တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခံခဲ့ရပါတယ်။

    JCC ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ အဖွဲ့တာဝန်ရှိသူ ဒေးဗစ် ပိုစ်နာက နိုင်ငံတစ်ဝှမ်း လူ့အဖွဲကအစည်းတွေကို ရိုက်ခတ်နေတဲ့ ဒီလို ဂျူးဆန့်ကျင်ရေးလုပ်ရပ်တွေကို ဆန့်ကျင်တဲ့ စကားမျိုးကို အာဏာပိုင်တွေက ပြောရမယ်၊ အရေးယူရမယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

    တနင်္လာနေ့နှောင်းပိုင်းမှာ အမေရိကန်ရှေ့နေချုပ် ဂျက်ဖ် ဆက်ရှင်က ဂျူးလူ့အဖွဲ့အစည်းပေါ် ဒီလို ဗုံးနဲ့ ခြိမ်းခြောက်မှုတွေဟာ လုံးဝ လက်မခံနိုင်စရာဖြစ်ပြီး အင်မတန်ဆိုးရွားကာ အဖျက်သဘောဆောင်တဲ့ လုပ်ရပ်မျိုးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ရှောင် စပိုက်ဆာကလည်း တနင်္လာနေ့ အကျဉ်းချုံး သတင်းစာရှင်းလင်းပွဲမှာ သမ္မတထရမ့်နေနနဲ့ ဂျူးဆန့်ကျင်ရေး၊ အမုန်းတရားအခြေခံ ပြုမူဆောင်ရွက်မှုတွေအားလုံးကို လုံးဝ ရှုတ်ချတယ်လို့ ပြာကြားခဲ့ပါတယ်။ စောစောပိုင်းက သမ္မတထရမ့် နှုတ်ဆိတ်နေမှုနဲ့ပတ်သက်ပြီးတော့ ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။

    အမေရိကန်နိုင်ငံက ထိပ်တန်း ဂျူး အန်ဂျီအိုအဖွဲ့တစ်ခုဖြစ်တဲ့ Anti-Defamation League က တနင်္လာနေ့မှာ ဖြစ်ပွားခဲ့တဲ့ ဂျူးစင်တာတွေကို ဗုံးနဲ့ ခြိမ်းခြောက်မှုဟာ ဒီနှစ်အတွင်းမှာ ၅ ကြိမ်မြောက် ဖြစ်ပွားခဲ့တဲ့ ဂယက်တစ်ခုဖြစ်ပြီး၊ ပြီးခဲ့တဲ့ ၂ လအတွင်းမှာ ဒီလို ခြိမ်းခြောက်မှုပေါင်း ၉၀ လောက်ရှိတယ်လို့ ဆိုပါတယ်။ FBI ကတော့ ဒီကိစ္စတွေအတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေဆဲဖြစ်ပြီး ဖမ်းတာဆီးတာမျိုးတော့ မလုပ်သေးပါဘူး။

    မွတ်စလင်များ၏ ကူညီမှု

    မဲဆွယ်မှုတွေအတွင်း လူမည်းတွေ၊ မက္ကဆီကန်တွေ၊ မွတ်စလင်တွေ၊ အမျိုးသမီးတွေ၊ မသန်စွမ်းသူတွေကို ပြစ်ပြစ်နှစ်နှစ် စော်ကားပြောဆိုခဲ့တဲ့ ဘီလီယံနာသူဌေး ဒေါ်နယ်ထရမ့် အာဏာရလာပြီးတဲ့နောက်ပိုင်း အမေရိကန်မှာ လူဖြူအမျိုးသားရေး အစွန်းရောက်တွေက ဂျူး၊ မွတ်စလင်၊ လူမည်း၊ အာရှ-အမေရိကန်တွေလို လူနည်းစုတွေအပေါ်မှာ စော်ကားတိုက်ခိုက်မှုတွေလည်း မြင့်တက်လာခဲ့ပါတယ်။

    အမေရိကန်မွတ်စလင်တွေကတော့ သူတို့နဲ့ ဘ၀တူ ဂျူးတွေရဲ့ ဆုံးရှုံးမှုတွေ၊ ထိခိုက်ခံစားရမှုတွေကို ဖေးမကူညီဖို့ နှောင့်နှေးမနေခဲ့ပါဘူး။

    ဖီလာဒဲလ်ဖီးယားက ဂျူးသုဿာန် ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်ပိုင်းမှာ မွတ်စလင်တက်ကြွလှုပ်ရှားသူ တာရစ် အလ်-မက်စီဒီဟာ မွတ်စလင်တွေအနေနဲ့ ဂျူးတွေဘက်က ရပ်တည်ဖို့ တိုက်တွန်းခဲ့ပါတယ်။

    “ဂျူး ညီအစ်ကိုမောင်နှမတွေကို ဖေးမဖို့၊ ဒီလို ဒီလိုအယူသည်းမှုတွေကို ဆန့်ကျင်တဲ့ဘက်မှာ ဂျူးတွေနဲ့အတူ မားမားမတ်မတ် ရပ်တည်ကြဖို့ မွတ်စလင်တွေအားလုံးကို တောင်းဆိုချင်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်မှာ ကျွန်တော်တို့ မွတ်စလင်အသိုင်းအ၀ိုင်းဟာ စိန့်လူးဝစ်က ဖျက်ဆီးခြင်းခံလိုက်ရတဲ့ ဂျူးသုဿာန် ပြင်ဆင်ဖို့အတွက် ရန်ပုံငွေ ရှာဖွေပေးခဲ့ပါတယ်။ ရည်မှန်းထားတဲ့ ပမာဏထက် ပိုရခဲ့တာကြောင့် အခုအချိန်မှာတော့ ဒီပိုတဲ့ပိုက်ဆံတွေကို ဖီလာဒဲလ်ဖီးယားက ဂျူးသုဿာန်အတွက် ကူညီဖို့ အသုံးပြုရမှာပါ” လို့အလ်-မက်စီဒီက ပြောကြာခဲ့ပါတယ်။

    စိန့်လူးဝစ်က ဂျူးသုဿာန် ပြန်လည်တည်ဆောက်ရေး ရန်ပုံငွေအတွက် ရည်ရွယ်ထားတဲ့ ပမာဏဟာ ကန်ဒေါ်လာ ၂ သောင်းသာ ဖြစ်ပေမယ့် အင်္ဂါနေ့အထိ မွတ်စလင်တွေဆီက ကောက်ခံရရှိတဲ့ငွေက ၁၃၈၀၀၀ ရှိနေပြီး ၇ ဆနီးပါး မြင့်တက်လာတာပါ။

    အလ်-မက်စီဒီကတော့ သူ့အနေနဲ့ ဖီလာဒဲလ်ဖီးယားက ဂျူးသုဿာန်ကို ချက်ခြင်း သွားရောက်အားပေးသွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

    “ဒီလို လူမျိုးရေးခွဲခြားမှု၊ ဂျူးဆန့်ကျင်ရေးလုပ်ရပ်၊ အစ္စလာမ်ကြောက်ရောဂါတွေကို ကျွန်တော်တို့ အတူတကွ ဆန့်ကျင်သွားရမှာပါ” လို့ အလ်-မက်စီဒီက သူ့ရဲ့ ဆိုရှယ်မီဒီယာ စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ဖီလာဒဲလ်ဖီးယားက မွတ်စလင်တစ်ချို့ကလည်း ဖျက်ဆီးခံသုသာန်ဆီ သွားရောက်ခဲ့ပြီး သန့်ရှင်ရေးလုပ်ငန်းတွေမှာ ပါဝင်ကူညီပေးခဲ့ကြပါတယ်။

    Ref : BBC,Aljazeera, CNN

  • လူမည်းများကို လူမျိုးရေးခွဲခြားကာ ခြိမ်းခြောက်သည့် ကန်လူဖြူစုံတွဲနှစ်ဦး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရ

    လူမည်းများကို လူမျိုးရေးခွဲခြားကာ ခြိမ်းခြောက်သည့် ကန်လူဖြူစုံတွဲနှစ်ဦး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရ

    ဖေဖော်ဝါရီ ၂၈၊ ၂၀၁၇
    M-Media

    လူမျိုးရေးခွဲခြားမှုကြောင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံခဲ့ရသည့် တောရက်စ်နှင့် နော်တန်

    – လူမည်းကလေးငယ်တစ်ဦး၏ မွေးနေ့ပါတီတွင် ခွဲထွက်ရေးအလံများကို ဝှေ့ယှမ်း၍ ၀င်ရောက်နှောက်ယှက်ကာ သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ခဲ့သည့် လူဖြူစုံတွဲနှစ်ဦးမှာ ယမန်နေ့က နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခံရသည်ဟု သိရသည်။

    ဂျိုဆေး တောရက်စ်နှင့် ကေလာ နော်တန်တို့ဖြစ်ပြီး ၂၀၁၅ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့က ဂျော်ဂျီယာပြည်နယ် အတ္တလန်တာမြို့ ဆင်ခြေဖုံးရှိ ဒူဂလက်စ်ကောင်တီတွင် ၎င်းတို့အပါအ၀င် တစ်ဒါဇင်ခန့်ရှိသော လူအုပ်စုမှာ ပစ်ကပ်ကားများနှင့် ခွဲထွက်ရေး အလံများကို ဝှေ့ယမ်းကာ လှည့်လည်ခဲ့ကြပြီး၊ လူမည်းကလေးငယ်တစ်ဦး မွေးနွေးပွဲပြုလုပ်သည့် ခြံရှေ့အရောက်တွင် အော်ဟစ် နှောက်ယှက်ခဲ့ကြခြင်းဖြစ်သည်။

    ပါတီသို့ လာရောက်သူများကမူ ထရပ်ကားအုပ်စုမှ လူမျိုးရေးခွဲခြားသည့် စကားများဖြင့် စော်ကားခဲ့သည်ဟု ပြောကြားခဲ့သည်။ ထို့နောက် ထရပ်ကားများမှာ မွေးနေ့ပါတီလုပ်သည့် အိမ်အနီးတွင် ရပ်နားကာ တောရက်စ်ပါဝင်သည့် အုပ်စုငယ်လေးက ခြံတွင်းသို့ ၀င်ရောက်၍ ပါတီပွဲလာရောက်သူများကို လူမျိုးရေးခွဲခြားသည့် စကားများဖြင့် စော်ကားပြောဆိုကာ အသက်အန္တရာယ် ခြိမ်းခြောက်မှုပင် ပြုလုပ်ခဲ့ကြသည်ဟု ရှေနေ့များ၏ ကြေငြာချက်တွင် ဖော်ပြထားသည်။

    “သူ့ရဲ့ကားထဲကနေ တစ်လုံးထိုးသေနတ်ကို သွားထုတ်လာတဲ့ တောရက်စ်က အဲဒီသေနတ်ကို ပါတီလာတဲ့ အာဖရိကန်-အမေရိကန်အုပ်စုကို ချိန်ထားပြီး သတ်မယ်လို့ ပြောပါတယ်။ သူနဲ့အတူ ပါတဲ့သူတွေက ‘ကလေးလေးတွေလည်း ကျည်ဆံတစ်တောင့်တော့ ရမှာပေါ့’ လို့ ပါတီက ကလေးတွေကို ရည်ညွှန်းပြီး ပြောခဲ့ပါတယ်” ဟု ကြေငြာချက်ဆိုသည်။

    နော်တန်မှာလည်း ထိုကဲ့သို့ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။ ပါတီသို့ လာရောက်သူများက ၎င်းတို့အုပ်စုတွင် တစ်ချို့မှာ ဓားများ၊ တာယာဖြုတ်သည့် ကိရိယာများကို ကိုင်ဆောင်ထားကြသည်ဟု ပြောကြားခဲ့သည်။

    ဂျိုဆေး တောရက်စ်မှာ ပြင်းပြင်းထန်ထန် နာကျင်စေမှု စွဲချက် ၃ ခု၊ အကြမ်းဖက်ရန် ခြိမ်းခြောက်မှု စွဲချက်တစ်ခု၊ ဂျော်ဂျီယာပြည်နယ် လူဆိုးဂိုဏ်းအကြမ်းဖက်ဝါဒ တာဆီးရေးဥပဒေကို ချိုးဖောက်မှု စွဲချက်တစ်ခုတို့အတွက် အပြစ်ရှိကြောင်း တရားသူကြီးက ဆုံးဖြတ်ခဲ့ပြီး ထောင်အတွင်း ၁၃ နှစ်နေထိုင်ရန်အပါအ၀င် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့သည်။

    နော်တန်က အကြမ်းဖက်ရန် ခြိမ်းခြောက်မှု စွဲချက်တစ်ခု၊ လူဆိုးဂိုဏ်းအက်ဥပဒေ ချိုးဖောက်မှု စွဲချက်တစ်ခုတို့ဖြင့် ၆ နှစ် ထောင်တွင်း နေထိုင်ရန်အပါအ၀င် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံခဲ့ရသည်။ နော်တန်ကမူ သူမ၏ လုပ်ရပ်အတွက် ပြန်လည်တောင်းပန်ခဲ့သည်။

    Ref: CNN