News @ M-Media

Tag: US

  • CIA ၏ ကြောက်မက်ဖွယ် ထောက်လှမ်းရေးနည်းလမ်းများကို ၀ီကီလိခ်ဖွင့်ချ

    CIA ၏ ကြောက်မက်ဖွယ် ထောက်လှမ်းရေးနည်းလမ်းများကို ၀ီကီလိခ်ဖွင့်ချ

    မတ် ၈၊ ၂၀၁၇
    M-Media

    – အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ CIA က မိမိတို့အိမ်မှာရှိနေတဲ့ တီဗီတွေကို မိုက်ခရိုဖန်ုးအဖြစ်ပြောင်းကာ နားထောင်နိုင်သလို၊ နာမည်ကျော် ရုပ်ဖျက် အက်ပလီကေးရှင်းတွေ (encryption apps) တွေကို ကျော်လွှားတာ၊ မော်တော်ကားတွေကို ထိန်းချုပ်တာမျိုးတွေအထိ လုပ်နေတယ်လို့ ၀ီကီလိခ်က ဖွင့်ချလိုက်ပါတယ်။

    မနေ့က စာရွက်စာတမ်းပေါင်း ၉၀၀၀ နီးပါးလောက်ကို ဖွင့်ချလိုက်တာဖြစ်ပြီး CIA က ပေါက်ကြားလာတာဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒါဟာ လျှို့ဝှက်ထောက်လှမ်းရေး ကိစ္စတွေကို သမိုင်းတစ်လျှောက် အကြီးမားဆုံး ဖွင့်ချမှုလည်း ဖြစ်ပါတယ်။

    ဒီလို စာရွက်စာတမ်း အမြောက်အများဟာ အမေရိကန် အစိုးရ ဟက်ကာဟောင်းတွေ၊ ထောက်လှမ်းရေး အေးဂျင့်ဟောင်းတွေကြားမှာ တရားမ၀င်နည်းလမ်းနဲ့ ပြန့်နှံ့နေတာမျိုးဖြစ်ပုံရပြီး အဲဒီအထဲကတစ်ယောက်က ၀ီကီလိခ်ကို ပေးပို့ခဲ့တာလို့လည်း ဆိုပါတယ်။

    CIA ပြောရေးဆိုခွင့်ရှိသူ ဂျိုနသန် လျူကတာ့ ဒီအချက်အလက်တွေရဲ့ စစ်မှန်မှု၊ အကြောင်းအရာတွေနဲ့ပတ်သက်ပြီး မှတ်ချက်မပေးလိုဘူးလို့ ပြောထားပါတယ်။

    အချက်အလက်တွကို စစ်ဆေးတဲ့ ကျွမ်းကျင်သူတွေက ဒါတွေဟာ CIA က အမှန်တကယ်ဖြစ်နိုင်တယ်လို့ ကောက်ချက်ချထားပါတယ်။

    Vault 7 လို့ ၀ီကီလိခ်က အမည်ပေးထားတဲ့ ဒီဖွင့်ချမှုမှာ CIA ဟာ မိုဘိုင်းဖုန်းတွေကို လွယ်လွယ်ကူကူ ထောက်လှမ်းနိုင်ဖို့ ဆော့ဖ်ဝဲတစ်ခုကို ဖန်တီးထားပေမယ့် ထိန်းချုပ်လို့ မရတော့ကြောင်း၊ CIA က ထိန်းချုပ်လို့မရရင် ကမ္ဘာတစ်ဝှမ်းက ဟက်ကာတွေက ဒါကိုသုံးကာ အချက်အလက်တွေကို ခိုးယူနိုင်ကြောင်း ဖော်ပြထားပါတယ်။

    နောက်ပြီး CIA ဟာ ဗိုင်းရပ်စ်၊ ထရိုဂျန်နဲ့ အီလက်ထရောနစ်ပစ္စည်းတွေကို ထိုးဖောက်ဝင်ရောက်ကာ ထိန်းချုပ်နိုင်မယ့် အခြားဆော့ဖ်ဝဲ စုစုပေါင်း ၁၀၀၀ ကျော်လောက်ကို ဖန်တီးခဲ့ပြီး အိုင်ဖုန်း၊ အန်ဒရွိုက်သုံး ဖုန်းတွေ၊ နာမည်ကြီး မိုက်ခရိုဆော့ဖ် ဆော့ဖ်ဝဲတွေနဲ့ ဆမ်ဆောင်း စမတ်တီဗီတွေကို ပစ်မှတ်ထားကာ ဒီပစ္စည်းတွေကို မိုက်ခရိုဖုန်းတွေဖြစ်အောင် ပြောင်းလဲနိုင်တယ်လို့လည်း ၀ီကီလိခ်ရဲ့ ဖွင့်ချမှုမှာ ပါဝင်ပါတယ်။

    ကားတွေ၊ ထရပ်ကားတွေကို ထိန်းချုပ်နိုင်ဖို့အတွက် ဒီယာဉ်တွေထဲက အီလက်ထရောနစ် ထိန်းချုပ်ရေး စနစ်တွေကို ဟက်နိုင်ဖို့လည်း CIA က လုပ်ဆောင်ခဲ့ပါတယ်။

    သူတို့ ဖန်တီးထားတဲ့ ဆော့ဖ်ဝဲတွေကို စမတ်ဖုန်းတွေမှာ ထည့်သွင်းခြင်းအားဖြင့် WhatsApp၊ Signal၊ Telegram၊ Weibo နဲ့ Confide တို့လို့ နာမည်ကြီး ဆော့ဖ်ဝဲတွေရဲ့ အချက်အလက် ရုပ်ဖျက်စနစ်ကို ကျော်လွှားကာ အချက်အလက်တွေကို ရုပ်မဖျက်ခင်မှာ CIA က ရယူနိုင်မှာဖြစ်ပါတယ်။

    ကွန်ပျူတာသိပ္ပံ ပရော်ဖက်ဆာတစ်ဦးဖြစ်သူ မသယူး ဂရင်းက ၀ီကီလိခ်ရဲ့ ဒီလိုဖွင့်ချမှုကြောင့် သာမန်ပြည်သူတွေအနေနဲ့ စိတ်ပျက်စရာမလိုဘဲ ခေတ်မီ ရာဇ၀တ်မှုအဖွဲ့အစည်းတွေ၊ နိုင်ငံခြားအစိုးရတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ လူအခွင့်အရေးဆောင်ရွက်နေသူတွေသာ သတိထားရမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • မွတ်စလင်နိုင်ငံအချို့ ဗီဇာပိတ်သည့် အမိန့်ကို ထရမ့်က ထပ်မံထုတ်ပြန်

    မွတ်စလင်နိုင်ငံအချို့ ဗီဇာပိတ်သည့် အမိန့်ကို ထရမ့်က ထပ်မံထုတ်ပြန်

    မတ် ၇၊ ၂၀၁၇
    M-Media

    – မွတ်စလင်နိုင်ငံတစ်ချို့မှ နိုင်ငံသားများကို ယာယီ ဗီဇာပိတ်ပင်မှု အမိန့်အား အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယမန်နေ့တွင် ထပ်မံ ထုတ်ပြန်လိုက်ပြီး ယခုအမိန့်တွင် အီရတ်နိုင်ငံ မပါဝင်တော့ဘဲ အချို့ ပြောင်းလဲမှုများလည်း ပြုလုပ်ထားသည်ဟု သိရသည်။

    နိုင်ငံ ၇ နိုင်ငံပါဝင်သော ယခင် ဗီဇာပိတ်သည့်အမိန့်ကို ဖက်ဒရယ်တရားသူကြီးက ဆိုင်းငံ့ထားသောကြောင့် ထရမ့်က ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ယခုအမိန့်တွင် အီရန်၊ လစ်ဗျား၊ ဆီးရီးယား၊ ဆိုမာလီယာ၊ ဆူဒန်၊ ယီမင်တို့သာ ပါတော့ပြီး အီရတ်နိုင်ငံမှာ ပြုတ်သွားခဲ့သည်။

    ထို့ပြင် မတ်လ ၁၆ ရက်နေ့ ညသန်းခေါင်ယံအချိန်တွင် စတင် အာဏာသက်ရောက်ကာ ရက်ပေါင်း ၉၀ ကြာမြင့်မည့် ယခုအမိန့်မတိုင်ခင် ဗီဇာ ရရှိထားသူများအနေဖြင့် နိုင်ငံအတွင်း ၀င်ရောက်ခွင့်ပေးရန်၊ အမြဲတမ်းနေထိုင်ခွင့်ပေးသည့် Green Card ကိုင်ဆောင်ထားသူများ ယခုအမိန့် သက်ရောက်ခြင်းမရှိရန် စသည့် အချက်များလည်း ပါဝင်လာခဲ့သည်။

    သို့သော်လည်း American Civil Liberties Union (ACLU) အဖွဲ့အပါအ၀င် လူ့အခွင့်အရေးအဖွဲ့များက ယခု အမိန့်အသစ်မှာလည်း ယခင်မှားယွင်းမှုမျိုးကိုပင် ပြန်လည် ဖော်ဆောင်ခြင်းဖြစ်သည်ဟု ဝေဖန်ထားသည်။

    “မွတ်စလင်တွေကို ပိတ်ပင်တဲ့အမိန့်အတွက် အမှန်တကယ် ပြင်ဆင်ရမယ့်နည်းလမ်းက ဒီလိုပိတ်ပင်မှုမျိုး လုပ်ကို မလုပ်ရမှာပါ။ အဲဒီအစား သမ္မတထရမ့်က ဘာသာရေးခွဲခြားမှုကို ထပ်မံကျူးလွန်လိုက်ပြီး တရားရုံးတွေနဲ့ ပြည်သူတွေရဲ့ လက်မခံမှုကိုသာ မျှော်လင့်ရတော့မှာပါ” ဟု ACLU က ထုတ်ပြန်သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။

    ယခင်အမိန့်တွင် အဆိုပါနိုင်ငံများမှာ ဘာသာရေးလူနည်းစုများကို ဦးစားပေးမည်ဆိုသည့်အချက် ပါဝင်သော်လည်း ယခုအမိန့်တွင် ပါဝင်လာခြင်းမရှိတော့ပေ။

    Ref: Aljazeera

  • အိုဘားမား ဖုန်းကြားဖြတ်နားထောင်သည့်ကိစ္စ စုံစမ်းရန် အိမ်ဖြူတော် တောင်းဆို

    အိုဘားမား ဖုန်းကြားဖြတ်နားထောင်သည့်ကိစ္စ စုံစမ်းရန် အိမ်ဖြူတော် တောင်းဆို

    မတ် ၆၊ ၂၀၁၇
    M-Media

    – ပြီးခဲ့သည့်နှစ် ရွေးကောက်ပွဲ မဲဆွယ်မှုကာလအတွင်း ၎င်း၏ ဖုန်းပြောဆိုမှုကို အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ကြားဖြတ်နားထောင်ခဲ့သည်ဟု လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်၏ စွပ်စွဲပြောကြားမှုကို စုံစမ်းရန် အိမ်ဖြူတော်က အောက်လွှတ်တော်အား ယမန်နေ့တွင် တိုက်တွန်းလိုက်သည်။

    ထရမ့်မှာ သောကြာနေ့က ထိုစွပ်စွဲချက်ကို ၎င်း၏ Twitter စာမျက်နှာတွင် လွှင့်တင်ခဲ့ခြင်းဖြစ်ပြီး သမ္မတအိုဘားမားမှာ အာဏာအလွဲသုံးစားလုပ်ခဲ့သည်ဟု ဆိုသည်။ လက်ယာစွန်း သတင်းဌာနတစ်ခုဖြစ်သော Breitbart News ၏ ရင်းမြစ်မခိုင်မာဘဲ ဖော်ပြသည့် အချက်အလက်ကို အခြေခံ၍ ထရမ့်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

    အိမ်ဖြူတော် ပြန်ကြာရေးတာဝန်ရှိသူ ရှောင် စပိုက်ဆာက အောက်လွှတ်တော်အနေဖြင့် ထိုကိစ္စအား စုံစမ်းစစ်ဆေးပေးရန် အလိုရှိနေသည်ဟု ဆိုသည်။ ထရမ့်၏ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး ဆာရာ ဆန်ဒါးစ်ကလည်း ထိုကိစ္စ အမှန်တကယ် ဖြစ်ပွားပါက အုပ်ချုပ်ရေးပိုင်းတွင် အကြီးကျယ်ဆုံး အာဏာအလွဲသုံးစားပြုမှုနှင့် အကောက်ကြံမှုဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အိုဘားမားက ထရမ့်၏ စွပ်စွဲချက်များမှာ လုံးဝ မှားယွင်းမှုဖြစ်သည်ဟု ပြောရေးဆိုခွင့်ရှိသူမှတစ်ဆင့် ပြောကြားခဲ့သည်။

    အမေရိကန်ဥပဒေအရ သမ္မတအနေဖြင့် ထိုကဲ့သို့ ဖုန်းများကို ကြားဖြတ်နားထောင်ရန် အမိန့်ပေး၍မရဘဲ သံသယဖြစ်စရာ အကျိုးအကြောင်း ခိုင်ခိုင်မာမာ ပြနိုင်မှသာလျှင် ဖက်ဒရယ်တရားသူကြီးတစ်ဦး၏ ခွင့်ပြုချက်ဖြင့် ပြုလုပ်နိုင်သော ကိစ္စဖြစ်သည်။

    ထရမ့်၏ ထိုစွပ်စွဲချက်မှာ မှားယွင်းသည်ဟု ယူဆထားသည့် FBI ဒါရိုက်တာ ဂျိမ်းစ် ကိုမေးက တရားရေးဌာနအနေဖြင့် ထိုစွပ်စွဲချက်ကို လူသိရှင်ကြား ငြင်းဆိုရန် တောင်းဆိုခဲ့သည်ဟု အကြီးတန်း တာဝန်ရှိသူများ၏ ပြောစကားကို ကိုးကား၍ နယူးယောက်တိုင်းမ်စ် သတင်းစာက ယမန်နေ့တွင် ဖော်ပြခဲ့သည်။ သို့သော်လည်း တရားရေးဌာနမှာ ထိုကဲ့သို့ ပြုလုပ်ခဲ့ခြင်း မရှိချေ။

    Ref : CNA

  • အမေရိကန်တွင် ဆစ်ခ်လူမျိုးတစ်ဦးကို လူဖြူတစ်ဦးက သေနတ်ဖြင့် ပစ်

    အမေရိကန်တွင် ဆစ်ခ်လူမျိုးတစ်ဦးကို လူဖြူတစ်ဦးက သေနတ်ဖြင့် ပစ်

    မတ် ၅၊ ၂၀၁၇
    M-Media

    – အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ပြည်နယ် ဆီယက်တဲလ်မြို့အနီးတွင် လူဖြူတစ်ဦးက ဆစ်ခ်လူမျိုးတစ်ဦးကို တိုင်းပြည်မှ ထွက်သွားရန်ပြောကာ သေနတ်ဖြင့် ပစ်ခဲ့သောကြောင့် ဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

    ဆီယက်တဲလ် တီဗီ KIRO 7 က အဆိုပါ ဆစ်ခ်လူမျိုးမှာ ကားအတွင်းရှိနေစဉ် လက်မောင်း၌ အပစ်ခံခဲ့ရခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။

    “‘တိုင်းပြည်က ထွက်သွားစမ်း။ မင်းလာတဲ့နေရာကိုပြန်’ ဆိုတဲ့ စကားမျိုးတွေ ပြောပြီး အပစ်ခံလိုက်ရတာပါ။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ ဒီလိုမျိုးဖြစ်တာဟာ သိပ်ပြီး အံ့အားသင့်စရာကောင်းသလို အလွန်အမင်းလည်း စိတ်ပျက်စရာလည်း ကောင်းပါတယ်” ဟု ကန့်မြို့ ရဲတပ်ဖွဲ့အကြီးအကဲ ကန် သောမတ်စ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    Seattle Times က သေနတ်ဖြင့် ပစ်သွားသူမှာ အရပ် ၆ ပေခန့် ဂင်တိုတိုရှိသော လူဖြူအမျိုးသားဖြစ်ပြီး ၎င်း၏ မျက်နှာတစ်ဝက်ကို ဖုံးထားသော မျက်နှာဖုံး ၀တ်ဆင်ထားသည်ဟု ဒဏ်ရာရသူက ပြောခဲ့ကြောင်း ဖော်ပြခဲ့သည်။

    ပစ်ခတ်ခံရသည့် ဆစ်ခ်လူမျိုးမှာ ဆေးရုံမှ ဆင်းသွားခဲ့ပြီး ကျူးလွန်သူမှာ လွတ်မြောက်နေဆဲဖြစ်သည်။

    ဆစ်ခ်ညွှန့်ပေါင်းအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ရဂ်ျဒီပ် ဆင်းက အစိုးရခေါင်းဆောင်များအနေဖြင့် အမုန်းအခြေခံ ရာဇ၀တ်မှုကို ရပ်တန့်ရေး အဓိကထား ဦးစားပေးဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ရှူရှမာ ဆွာရဂ်ျကလည်း သောကြာနေ့က ဖြစ်ပွားခဲ့သည့် ထိုတိုက်ခိုက်မှုကို ရှုတ်ချခဲ့သည်။

    ကြာသာပတေးနေ့က တောင်ကယ်ရိုလိုင်းနားတွင် အိန္ဒိယနွယ်ဖွား အမျိုးသား ဟာနစ်ရှ် ပက်တေးလ်မှာ ဆိုင်ပိတ်နေချိန်တွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။ ရဲတပ်ဖွဲ့ကမူ ထိုပစ်ခတ်မှုမှာ လူမျိုးရေးလှုံ့ဆော်မှုကြောင့်မဟုတ်ဟု ပြောကြားခဲ့သည်။

    လွန်ခဲ့သည် နှစ်ပတ်က ကန်းဆက်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုတွင် အိန္ဒိယ အင်ဂျင်နီယာတစ်ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့သည်။

    ပြီးခဲ့သည့် ၁၀ စုနှစ်အတွင်း အမေရိကန်တွင် ဆစ်ခ်လူမျိုးများမှာ ပစ်မှတ်ထား တိုက်ခိုက်မှုကို အများအပြား ခံခဲ့ရသည်။

    Ref: Aljazeera

  • အမေရိကန်ရှိ နိုင်ငံသားများကို မက္ကဆီကို၏ ကူညီမှု တိုးမြှင့်မည်

    အမေရိကန်ရှိ နိုင်ငံသားများကို မက္ကဆီကို၏ ကူညီမှု တိုးမြှင့်မည်

    မတ် ၅၊ ၂၀၁၇
    M-Media

    – အမေရိကန်အစိုးရက အထောက်အထားမရှိသော သူများကို နှိမ်နင်းမည့် အစီအစဉ်ကြောင့် ၎င်းတို့၏ နိုင်ငံသားများကို ကူညီရန် မက္ကဆီကိုက တိုးမြှင့်လုပ်ဆောင်နေပြီး အမေရိကန်နိုင်ငံတစ်ဝှမ်းရှိ ၎င်းတို့၏ ကောင်စစ်ဝန်ရုံး ၅၀ တွင် ဥပဒေရေးရာ အကူအညီပေးရေးစင်တာကို ဖွင့်လှစ်လိုက်သည်ဟု သိရသည်။

    အဆိုပါ စင်တာများမှာ ၎င်းတို့၏ အခွင့်အရေးများ ခြိမ်းခြောက်ခံနေရသည်ဟု ခံစားနေရသည့် မက္ကဆီကန်များအတွက် ဥပဒေရေးရာ ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးသွားမည်ဖြစ်သည်။ စနေနေ့ကလည်း မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီး လူးဝစ် ဗီဒီဂါရေးက အမေရိကန်အစိုးရအနေဖြင့် မက္ကဆီကန်များ၏ အခွင့်အရေးကို လေးစားရန်နှင့် အထောက်အထားမရှိသူများကို ဥပဒေကြောင်းအရ လမ်းတစ်ခုဖွင့်ပေးရန် တိုက်တွန်းခဲ့သည်။

    ထို့ပြင် အမေရိကန်အတွင်းရှိ မက္ကဆီကိုနိုင်ငံသားများအနေဖြင့် ဥပဒေကို လိုက်နာရန် မိမိတို့အစိုးရက လိုချင်ပြီး လူ့အခွင့်အရေးကို လေစားရန်လည်း ဆော်သြပေးသွားမည်ဟု ထည့်သွင်းပြောဆိုခဲ့သည်။

    သမ္မတ ဒေါ်နယ်ထရမ့် အာဏာရယူခဲ့သည့် ပထမလတွင် နယ်နှင်ဒဏ်ပေးရေး လုပ်ငန်းစဉ်များကို ပိုမို တင်းကြပ်ရန်၊ တရားမ၀င် ၀င်ရောက်လာသူများအား နှိမ်နှင်းရေးအတွက် အမေရိကန် မက္ကဆီကိုယ်ခြားတွင် တံတိုင်းဆောက်ရန် အမိန့်ပေးခဲ့ကာ မက္ကဆီကိုနှင့် အမေရိကန်တို့အကြား တင်းမာမှု မြင့်တက်လာခဲ့သည်။

    Pew Research Center က အမေရိကန်တွင် အထောက်အထားမဲ့ တရားမ၀င်နေထိုင်သူ အရေအတွက်မှာ ၆ သန်းနီးပါးရှိသည်ဟု ခန့်မှန်းတွက်ချက်ထားသည်။

    Ref: Aljazeera