News @ M-Media

Tag: US

  • တောင်ကိုရီးယားတွင် တိုက်ခိုက်ရေးဒရုန်းလေယာဉ်များ အမေရိကန် ချထားမည်

    တောင်ကိုရီးယားတွင် တိုက်ခိုက်ရေးဒရုန်းလေယာဉ်များ အမေရိကန် ချထားမည်

    မတ် ၁၄၊ ၂၀၁၇
    M-Media

    – မြောက်ကိုရီးယားနှင့် တင်းမာမှုများ မြင့်တက်လာနေသည့်အချိန်တွင် အမေရိကန်စစ်တပ်မှာ တောင်ကိုရီးယားတွင် တိုက်ခိုက်ရေးဒရုန်းလေယာဉ်များ အမြဲတမ်းချထားမည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ကြီး ဂျက်ဖ် ဒါးဗီးစ်က ယမန်နေ့တွင် ပြောကြားလိုက်သည်။

    လာမည့်နှစ်တွင် ချထားရန် စီစဉ်ထားပြီး တောင်ကိုရီးယားအတွက် ထူးခြားမှုတစ်ခု မဟုတ်ဘဲ ခြေလျင်တပ်များ ပိုမိုကောင်းမွန်သည့် ထောက်လှမ်းရေးသတင်းများ ရရှိရန်ဟု ဆိုသည်။ မြောက်ကိုရီးယားက ဂျပန်ပင်လယ်ပြင်သို့ တိုက်ချင်းပစ်ဒုံးကျည် ၄ လုံး ပစ်လွှတ်ပြီးနောက်ပိုင်းတွင် အမေရိကန်၏ ယခုကြေငြာမှု ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

    ကွန်ဆန် လေတပ်စခန်းတွင် MQ-1C Gray Eagle ဒရုန်း ၁၂ စီးပါဝင်သော တပ်စုတစ်စုကို ချထားမည်ဖြစ်ပြီး အဆိုပါ ဒရုန်းမှာ ဒုံးကျည်များနှင့် အခြားသော စစ်လက်နက်ပစ္စည်းများကို တပ်ဆင်အသုံးပြုနိုင်သည်။ ထိုတပ်စုတွင် စစ်သား ၁၂၈ ဦးက ဒရုန်းများကို ကိုင်တွယ် ထိန်းသိမ်းမည်ဖြစ်သည်။

    သို့သော်လည်း လက်တလောတွင် ဒရုန်း ၂ စီး သို့မဟုတ် ၃ စီးသာ ချထားမည်ဟု တပ်မှူးတစ်ဦးဖြစ်သူ ဂါရီ ရို့စ်က ပြောကြားခဲ့သည်။

    မြောက်ကိုရီးယား၏ရန်ကို ကာကွယ်ရန် အမေရိကန်မှာ ၎င်းတို့၏ THAAD ဒုံးခွင်းစနစ်ကို တောင်ကိုရီးယားတွင် တပ်ဆင်နေသည်။ တောင်ကိုရီးယားတွင် အမေရိကန်စစ်သား ၂၈၀၀၀ ရှိပြီး၊ ဂျပန်တွင်မူ ၅၀၀၀၀ ရှိနေသည်။

    Ref: CNA

  • လူမျိုးရေးအမုန်းကြောင့် စတိုးဆိုင်မီးရှို့ရန်ကြိုးစားသူကို အမေရိကန် တရားစွဲထား

    လူမျိုးရေးအမုန်းကြောင့် စတိုးဆိုင်မီးရှို့ရန်ကြိုးစားသူကို အမေရိကန် တရားစွဲထား

    မတ် ၁၃၊ ၂၀၁၇
    M-Media

    – မွတ်စလင်က ပိုင်ဆိုင်သည်ဟု ထင်မြင်ယူဆကာ ကုန်စုံစတိုးဆိုင်တစ်ခုကို မီးရှို့ရန်ကြိုးစားခဲ့သူ ဖလော်ရီဒါ အမျိုးသားတစ်ဦးအား အမေရိကန်က တရားစွဲဆိုထားသည်ဟု သိရသည်။

    အသက် ၆၄ နှစ်အရွယ်ရှိ ရစ်ချက် လက်စ်လီ အလ်လွိုက်ဆိုသူဖြစ်ပြီး ‘အာရပ်များကို တိုင်းပြည်မှ မောင်းထုတ်ရန်အတွက်’ Port St Lucie စတိုးဆိုင်ကို မီးရှို့ရန် ကြိုးစားခဲ့သည်ဟု အမေရိကန်သတင်းများက ယမန်နေ့တွင် ဖော်ပြခဲ့သည်။

    သို့သော်လည်း ရဲတပ်ဖွဲ့က အဆိုပါဆိုင်ပိုင်ရှင်မှာ အိန္ဒိယနွယ်ဖွားဖြစ်သည်ဟု ပြောကြားခဲ့သည်။ WPTV ရုပ်သံသတင်းဌာနက အလ်လွိုက်မှာ အရှေ့အလယ်ပိုင်းတွင် အာရပ်များ၏ လုပ်ဆောင်နေမှုများအတွက် မခံမရပ်နိုင် ဖြစ်နေသည်ဟု ဆိုသည်။

    အလ်လွိုက်၏ အဓိကပစ်မှတ်မှာ မိုင်ယာမီမြို့ မြောက်ဖက် ၁၈၀ ကီလိုမီတာအကွာရှိ Met Mart စတိုင်းဆိုင်ဖြစ်သော်လည်း နောက်ပိုင်းတွင် ပစ်မှတ်ပြောင်းသွားခဲ့ခြင်း ဖြစ်သည်။

    သောကြာနေ့မနက် Port St Lucie စတိုင်းဆိုင် ပိတ်ထားသည့်အချိန်တွင် အလ်လွိုက်မှာ အမှိုက်ပုံးကို မီးရှို့ကာ ထိုမှတစ်ဆင့် စတိုင်းဆိုင်ပါ လောင်ကျွမ်းစေရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    အလ်လွိုက်က ထိုကဲ့သို့တိုက်ခိုက်ခြင်းမှာ အမေရိကန်အတွက် ၎င်း လုပ်ဆောင်ရမည့် အစိတ်အပိုင်းကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကို ထွက်ဆိုခဲ့သည်။

    “မစ္စတာ အလ်လွိုက်က ဒီစတိုင်းဆိုင် ပိုင်ရှင်တွေဟာ မွတ်စလင်တွေဖြစ်မယ်လို့ မှတ်ယူခဲ့တာပါ။ တကယ်တော့ သူတို့ဟာ အိန္ဒိယနွယ်ဖွားတွေ ဖြစ်နေပါတယ်။ ဘာပဲဖြစ်ဖြစ် အသက်အရွယ်၊ လူမျိုး၊ အသားအရောင်၊ မျိုးရိုး၊ ဘာသာတရား၊ လိင်၊ မွေးဖွားရာဇာတိ၊ အိမ်ယာမဲ့ဖြစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာ
    မသန်စွမ်းမှု စတာတွေကို အခြေခံတဲ့ အကြမ်းဖက်မှုကို ကျွန်တော်တို့ သည်းခံသွားမှာ မဟုတ်ပါဘူး” ဟု ဒေသတွင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်သော ကြေငြာချက်တွင် ရဲတပ်ဖွဲ့အကြီးအကဲ ကန် ဂျေ မက်စကာရာက ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ပါလက်စတိုင်းသမ္မတကို အိမ်ဖြူတော်သို့ ထရမ့် ဖိတ်ခေါ်

    ပါလက်စတိုင်းသမ္မတကို အိမ်ဖြူတော်သို့ ထရမ့် ဖိတ်ခေါ်

    မတ် ၁၁၊ ၂၀၁၇
    M-Media

    – အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှာ အာဏာရယူပြီးနောက်ပိုင်း ပါလက်စတိုင်း သမ္မတ မဟ်မူးဒ် အဘတ်စ်နှင့် ယမန်နေ့တွင် ပထမဆုံး ဖုန်းပြောဆိုခဲ့ပြီး အိမ်ဖြူတော်သို့ လာရောက်လည်ပတ်ရန်လည်း ဖိတ်ခေါ်ခဲ့သည်ဟု သိရသည်။

    (ပါလက်စတိုင်း-အစ္စရေး) နိုင်ငံရေး လုပ်ငန်းစဉ်ကို ပြန်လည် စတင်ရေး ဆွေးနွေးရန်အတွက် အိမ်ဖြူတော်သို့ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်ဟု အဘတ်စ်၏ ပြောရေးဆိုခွင့်ရှိသူ အဘီလ် အဘူ ရူဒီနာ၏ ပြောကြားမှုကို ကိုးကား၍ ပါလက်စတိုင်းသတင်းဌာန Wafa က ဖော်ပြခဲ့သည်။

    အိမ်ဖြူတော်မှ ထုတ်ပြန်သည့် ကြေငြာချက်တွင်လည်း ထရမ့်မှာ အဘတ်စ်ကို သိပ်မကြာမီကာလအတွင်း လာရောက်ရန် ဖိတ်ခေါ်ခဲ့သည်ဟု ဖော်ပြခဲ့သည်။

    အဘတ်စ်က အစ္စရေးနှင့်ယှဉ်တွဲ၍ လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံ ထူထောင်နိုင်ရေး ဦးတည်သည့် ငြိမ်းချမ်းရေးသည်သာလျှင် ပါလက်စတိုင်းပြည်သူများအတွက် ‘မဟာဗျူဟာကျသော ရွေးချယ်မှု’ ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု Wafa က ဆိုသည်။

    ထရမ့်ကမူ အစ္စရေးနှင့် ပါလက်စတိုင်းအကြား ငြိမ်းချမ်းရေးမှာ နှစ်ဖက် တိုက်ရိုက် ညှိနှိုင်းရမည့် ကိစ္စဖြစ်သည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

    ထရမ့်မှာ ဖေဖော်ဝါရီလက အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် အိမ်ဖြူတော်၌ တွေ့ဆုံစဉ်အတွင်း အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ အဆုံးသတ်ရန်အတွက် နှစ်နိုင်ငံ အဖြေတစ်ခုတည်းသာ ဆုပ်ကိုင်မထားဟု ပြောကြားခဲ့ပြီး အမေရိကန်က နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့သည့် နှစ်နိုင်ငံအဖြေကို ပယ်ချလိုက်ခြင်းလည်း ဖြစ်သည်။

    ထို့ပြင် ထရမ့်မှာ အစ္စရေး-ပါလက်စတိုင်းကိစ္စတွင် မီးလောင်ရာလေပင့်သည့် စကားများကို ပြောဆိုခဲ့သော ဒေးဗစ်ဖရီဒ်မန်းကို အစ္စရေးဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် ရွေးချယ်ခဲ့ပြီး ကြာသာပတေးနေ့တွင် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီက ၎င်းကို အတည်ပြုခဲ့သည်။

    ဖရီဒ်မန်းမှာ နှစ်နိုင်ငံတည်ရှိရေးအဖြစ်မှာ တရားမ၀င်သောနည်းလမ်းဖြစ်သည်ဟု ပြောကြားထားပြီး ပါလက်စတိုင်းပိုင်နက်များတွင် အစ္စရေးက ကျူးကျော်အိမ်ယာများ တည်ဆောက်မှုကိုလည်း ထောက်ခံအားပေးထားသူဖြစ်သည်။

    ပါလက်စတိုင်းပိုင်နက်များအတွင် အစ္စရေးက ကျူးကျော်အိမ်ယာများ တိုးချဲ့ဆောက်လုပ်မှုမှာ အစ္စရေး-ပါလက်စတိုင်း ပြဿနာအတွက် အဓိက အဟန့်အတား ဖြစ်နေသည်။

    Ref: Aljazeera

  • ထရမ့်၏ ပြည်ဝင်ခွင့်ပိတ်ပင်မှုအမိန့်သစ်ကို ထပ်မံပယ်ဖျက်ရေး ပြည်နယ်များ ကြိုးပမ်း

    ထရမ့်၏ ပြည်ဝင်ခွင့်ပိတ်ပင်မှုအမိန့်သစ်ကို ထပ်မံပယ်ဖျက်ရေး ပြည်နယ်များ ကြိုးပမ်း

    မတ် ၁၀၊ ၂၀၁၇
    M-Media

    – မွတ်စလင် ၆ နိုင်ငံက နိုင်ငံသားတွေ ဒုက္ခသည်တွေကို ပြည်ဝင်ခွင့်ပိတ်တဲ့ သမ္မတထရမ့်ရဲ့ အမိန့်အသစ်ကို ဥပဒေကြောင်းအရ ပိတ်ပင်ဖို့ ကြိုးစားမှုတွေဟာ ၀ါရှန်၊ အိုရီဂွန်၊ မက်ဆာချူးဆက်နဲ့ ဟာဝိုဝင်ယီအပါအ၀င် အမေရိကန်တစ်ဝှမ်းမှာ မြင့်တက်လာခဲ့ပါတယ်။

    ကမ္ဘာတစ်ဝှမ်း ကမောက်ကမတွေဖြစ်ခဲ့တဲ့ ထရမ့်ရဲ့ ပထမတစ်ကြိမ် ဒီလိုပိတ်ပင်မှုကို တရားစွဲခဲ့တဲ့ ၀ါရှင်တန်ပြည်နယ်က ရှေ့နေချုပ် ဘော့ ဖာဂူဆန်က သူတို့ရဲ့ ဥပဒေကြောင်းအရ တိုက်ပွဲမှာ ပါဝင်ဖို့ နယူးယောက်ပြည်နယ်ကို တိုက်တွန်းထားပါတယ်။

    ထရမ့်ရဲ့ နောက်ထပ် ပိတ်ပင်မှုဟာလည်း အစ္စလာမ်သာသနာကို နှိပ်ကွပ်တာကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ ၀ါရှင်တန်ပြည်နယ်က ကြာသာပတေးနေ့မှာ ကြေငြာချက် ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

    ဖာဂူဆန်ကတော့ အရင် ပြည်ဝင်ခွင့်ပိတ်တဲ့ ထရမ့်ရဲ့ ပထမအမိန့်ကို ပယ်ဖျက်ဖို့ ဇန်န၀ါရီလမှာ ထုတ်ပြန်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို အခု အမိန့်အသစ်အတွက် ထပ်မံသက်ရောက်မှုရှိအောင် လုပ်သွားမယ်လို့ ဆိုပါတယ်။

    ထရမ့်အမိန့်သစ်မှာ ဆီးရီးယား၊ အီရန်၊ ဆိုမာလီယာ၊ လစ်ဗျား၊ ဆူဒန်နဲ့ ယီမင်တို့က နိုင်ငံသားတွေကို ရက်ပေါင်း ၉၀ ဗီဇာပိတ်ပင်ခဲ့ပြီး ဒုက္ခသည် ၀င်ရောက်မှုကို ရက်ပေါင်း ၁၂၀ ပိတ်ပင်ဖို့ ဖော်ပြထားကာ ဗီဇာရထားပြီးသားသူတွေကတော့ ဒီအမိန့်မှာ အကျုံးမ၀င်ပါဘူး။

    ဖာဂူဆန်က ဒီ အမိန့်အသစ်ဟာလည်း အမြင်ကျဉ်းမြောင်းပြီး ဖွဲ့အစည်းပုံအခြေခံဥပဒေ သတ်မှတ်ချက်တွေကို စိန်ခေါ်မှုရှိနေတုန်းပဲလို့ ဆိုပါတယ်။

    ဟာဝိုင်ယီရှေ့နေချုပ်က ယခင်အမိန့်ဟောင်းအတွက် တရားရုံးရဲ့ စောဒကတက်မှုတွေကို ဖြေရှင်းဖို့ ယခု အမိန့်အသစ်မှာ ပြောင်းလဲမှုတွေလုပ်ထားတယ်လို့ ဆိုပေမယ့် ထူးမခြားနား ဖြစ်နေတယ်လို့လည်း ဝေဖန်ခဲ့ပါတယ်။ နောက်ပြီး ဒီ အမိန့်အသစ်ကို နိုင်ငံတစ်ဝှမ်းမှာ မကျင့်သုံးဖို့ကိုလည်း ဟာဝိုင်ယီပြည်နယ်က ကြိုးစားနေပါတယ်။

    Ref: Aljazeera

  • ၂၀၃၃ တွင် အင်္ဂါဂြိုဟ်သို့ လူသားလွှတ်နိုင်ရန် နာဆာရည်မှန်းထား

    ၂၀၃၃ တွင် အင်္ဂါဂြိုဟ်သို့ လူသားလွှတ်နိုင်ရန် နာဆာရည်မှန်းထား

    မတ် ၉၊ ၂၀၁၇
    M-Media

    – ၂၀၃၃ ခုနှစ်လာက်မှာ အင်္ဂါဂြိုဟ်ကို ခြေချနိုင်ရေးအပါအ၀င် နာဆာရဲ့ အနာဂါတ်ရည်မှန်းချက် တော်တော်များများပါဝင်တဲ့ မူကြမ်းတစ်ခုကို အမေရိကန် အောက်လွှတ်တော်က မနေ့မှာ အတည်ပြုလိုက်ပါတယ်။

    NASA Transition Authorization Act of 2017 လို့အမည်ပေးထားတဲ့ အဲဒီမူကြမ်းမှာ အာကာသစူးစမ်းရေး၊ သိပ္ပံ၊ နည်းပညာ၊ ပညာရေးနဲ့ အခြားသော ကဏ္ဍတွေမှာ သုံးစွဲဖို့ ၂၀၁၇ ခုနှစ် ဘဏ္ဍာရေးနှစ်မှာ ကန်ဒေါ်လာ ၁၉.၅ ဘီလီယံ ဘက်ဂျက်ထောက်ပံ့ဖို့လည်း ပါဝင်ပါတယ်။

    ဒီမူကြမ်းဟာ လရဲ့ တစ်ဖက်ခြမ်း၊ အင်္ဂါဂြိုဟ်ပေါ်နဲ့ အင်္ဂါဂြိုဟ်ရဲ့ လတွေအပေါ် ခြေချဖို့ အပါအ၀င် အာကာသရဲ့ နက်ရှိုင်းတဲ့ နေရာအထိ လူသားတွေ သွားနိုင်ရေး ရည်ရွယ်တာဖြစ်ပါတယ်။ မူကြမ်းမှာ အာကာသနဲ့ သက်ဆိုင်တဲ့ ရေရှည်ရည်မှန်းချက် ၃ ခုလည်း ပါရှိပါတယ်။

    ၂၀၃၀ ပြည့်နှစ်တွေကျရင် လူသားတွေ အင်္ဂါဂြိုဟ်နားရောက်ရှိအောင် ဆောင်ရွက်ဖို့ မူကြမ်းမှာ ဖော်ပြထားပြီး၊ ၂၀၃၃ ခုနှစ်မှာ ဒီအစီအစဉ်ကို စတင်နိုင်ရေး လေ့လာမှုတွေပြုလုပ်ဖို့လည်း တိုက်တွန်းထားပါတယ်။

    အင်္ဂါဂြိုဟ်ကို မသွားခင်မှာ နာဆာဟာ အနိမ့်ပိုင်း ကမ္ဘာပတ်လမ်းကြောင်းကနေ အင်္ဂါဂြိုဟ်အထိ ဘယ်လိုသွားမလဲဆိုတာနဲ့ပတ်သက်ပြီး တစ်ဆင့်ချင်း အစီအစဉ်ဆွဲဖို့ လိုအပ်မှာဖြစ်ပါတယ်။

    နိုင်ငံတကာ အာကာသာစခန်းကို အနည်းဆုံး ၂၀၂၄ ခုနှစ်အထိ ဆက်လက်အသုံးပြုဖို့နဲ့ အင်္ဂါဟ်ဂြိုဟ်ကို သွားမယ့်ခရီးမှာ တစ်ထောက်နားရာနေရာအဖြစ် ဆောင်ရွက်ဖို့လည်း နာဆာက ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

    ဒီမူကြမ်းထဲမှာ နာဆာက ဂျူပီတာဂြိုဟ်ကိုလေ့လာဖို့၊ စိတ်ပိုင်းဆိုင်ရာအပါအ၀င် အာကာသယဉ်မှူးတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေပေးဖို့ ပါဝင်ပြီး အရေးအကြီးဆုံးအချက်က သမ္မတစ်ယောက်နဲ့တစ်ယောက်အကြား အကူးအပြောင်းကာလမှာလည်း နာဆာကို ဆက်လက်ထောက်ပံ့နေဖို့ ဖြစ်ပါတယ်။

    Ref: RT