News @ M-Media

Tag: US

  • ရာထူးမစွန့်မီ နောက်ဆုံးအချိန်မှာ ပါလက်စတိုင်းကို သန်း ၂၀၀ ကျော်ပေးသွားတဲ့ အိုဘားမား

    ရာထူးမစွန့်မီ နောက်ဆုံးအချိန်မှာ ပါလက်စတိုင်းကို သန်း ၂၀၀ ကျော်ပေးသွားတဲ့ အိုဘားမား

    ဇန်န၀ါရီ ၂၅၊ ၂၀၁၇
    M-Media

    – အမေရိကန်သမ္မတဟောင်း အိုဘားမားဟာ ရာထူးမစွန့်လွတ်မီ နောက်ဆုံးအချိန် သောကြာနေ့မှာ ပါလက်စတိုင်းအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအဖြစ် ကန်ဒေါ်လာ ၂၂၁ သန်း ပေးသွားခဲ့တယ်လို့ သိရပါတယ်။

    အိုးဘားမားအစိုးရရဲ့ ဒီဆုံးဖြတ်ချက်ကို နိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျွန်ကယ်ရီက အောက်လွှတ်တော်မှာ တင်ပြခဲ့ပြီး လွှတ်တော်ကလည်း လက်ခံခဲ့ပါတယ်။ ဒါပေမယ့် လက်တလော ငွေကိုတော့ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ထံ လွှဲမပေးသေးပါဘူး။

    ဒီငွေတွေကို ပါလက်စတိုင်းပိုင်နက်တွေဖြစ်တဲ့ ဂါဇာနဲ့ အနောက်ဖက်ကမ်းတွေမှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေအတွက် အသုံးပြုရမှာ ဖြစ်ပါတယ်။

    အိုဘားမားအစိုးရလက်ထက်မှာ အစ္စရေးကို သမိုင်းတစ်လျှောက် အများဆုံး စစ်ရေးထောက်ပံ့ကြေးပေးဖို့ သဘောတူခဲ့ပေမယ့် အစိုးရသက်တမ်းကုန်ကာနီးမှာ အစ္စရေးနဲ့ ဆက်ဆံရေးဟာ အဆင်မပြေခဲ့ပါဘူး။ ၂၀၁၅ ခုနှစ်က အောက်လွှတ်တော်မှာ အီရန်နျူအရေး သဘောတူညီချက် ရရှိခဲ့မှုနဲ့ပတ်သက်ပြီး အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုရဲ့ နင်ဘဲငဆ ပြောကြားမှုကလည်း ဆက်ဆံရေး ချို့ယွင်းရခြင်းရဲ့ အကြောင်းအရင်းတစ်ခု ဖြစ်ခဲ့ပါတယ်။

    ဒီဇင်ဘာမှာတော့ ပါလက်စတိုင်းပိုင်နက်တွေမှာ အစ္စရေးက ကျူးကျော်အိမ်ယာတွေ ဆောက်လုပ်နေမှုကို ရှုတ်ချတဲ့ ကုလလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်က ယခင်ကလို ဗီတိုသုံးမပယ်ချဘဲ ခွင့်ပြုပေးခဲ့ပါတယ်။

    အစ္စရေး-ပါလက်စတိုင်းကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျွန်ကယ်ရီရဲ့ နောက်ဆုံးမှတ်ချက်မှာ အစ္စရေးရဲ့ ကျူကျော်အိမ်ယာတွေအတွက် ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး၊ နှစ်နိုင်ငံအဖြေကို လက်မခံဘဲနဲ့တော့ အစ္စရေးဟာ ဂျူးနိုင်ငံ၊ ဒီမိုကရေစီနိုင်ငံ ဘယ်တော့မှ ဖြစ်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    အိုဘားမားကလည်း ပါလက်စတိုင်းပိုင်နက်မှာ အစ္စရေးက တရားမ၀င် ကျူးကျော်အိမ်ယာတွေ ဆောက်လုပ်တာဟာ ကောင်းကျိုးဖြစ်ထွန်းမှာမဟုတ်ဘဲ၊ ထရမ့်အနေနဲ့ အမေရိကန်သံရုံးကို ဂျေရုစလင်ကိုရွှေ့မယ်ဆိုရင်လည်း အခြေအနေတွေကို ဆိုးရွားသွားစေနိုင်တယ်လို့ သက်တမ်းမကုန်ခင် ၂ ရက်အလိုမှာ ပြောကြားခဲ့ပါတယ်။

    Ref: Middle East Eye

  • တောင်တရုတ်ပင်လယ်ကိစ္စ ၀င်မစွက်ရန် အမေရိကန်ကို တရုတ် သတိပေး

    တောင်တရုတ်ပင်လယ်ကိစ္စ ၀င်မစွက်ရန် အမေရိကန်ကို တရုတ် သတိပေး

    ဇန်န၀ါရီ ၂၄၊ ၂၀၁၇
    M-Media

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာချွင်ယင်း

    – တောင်တရုတ်ပင်လယ် ပိုင်နက်အငြင်းပွားမှုကိစ္စနှင့် ပတ်သက်၍ အလျင်စလို မှတ်ချက်မပေးမိရန် တရုတ်က အမေရိကန်ကို သတိပေးလိုက်ပြီး၊ ၀င်ရောက်မစွက်ဖက်ရန်လည်း တိုက်တွန်းခဲ့သည်။

    “တောင်တရုတ်ပင်လယ် အငြင်းပွားမှုမှာ အမေရိကန် မပါဝင်ပါဘူး။ သမိုင်းအချက်အလက်တွေကို လေးစားဖို့၊ တောင်တရုတ်ပင်လယ်ရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေး မထိခိုက်ဖို့အတွက် ပြောဆိုတာတွေ၊ လုပ်ဆောင်တာတွေမှာ သတိထားဖို့ ကျွန်မတို့ တိုက်တွန်းပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာချွင်ယင်းက ယမန်နေ့တွင် ဘေဂျင်း၌ ပြုလုပ်ခဲ့သည့် အကျဉ်းချုံး သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များ အား ပြောကြားခဲ့သည်။

    တရုတ်၏ ထိုသတိပေးမှုမှာ ထရမ့်အစိုးရ၏ အိမ်ဖြူတော် သတင်းထုတ်ပြန်ရေး ရှောင် စပိုက်စာက တောင်တရုတ်ပင်လယ်အား တရုတ်က သိမ်းပိုက်နေမှုကို ရပ်တန့်ရန် မိမိတို့ ဆန္ဒရှိသည်ဟု ယမန်နေ့က ပြောကြားမှုကို တုန့်ပြန်ခြင်းလည်းဖြစ်သည်။

    ဟွာချွင်ယင်းက ကျွန်းတုများအပါအ၀င် တောင်တရုတ်ပင်လယ်၏ ပိုက်နက်များအားလုံးကို တရုတ်နိုင်ငံက ပိုင်ဆိုင်ခြင်းမှာ အငြင်းပွားဖွယ်ရာ မရှိကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတကာ ရေပိုင်နက်တွင် လွတ်လပ်စွာ သွားလာခွင့်ကို ကာကွယ်သွားမည်ဖြစ်ကာ ပိုင်ဆိုင်မှုအငြင်းပွားသည့်ကိစ္စတွင် ပါဝင်သည့် နိုင်ငံများနှင့် တိုက်ရိုက်ဆွေးနွေးရန် လမ်းဖွင့်ထားကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

    Ref: Press TV

  • တရုတ်ကိုယှဉ်မည့် ကုန်သွယ်ရေးသဘောတူညီချက်မှ ကန်နှုတ်ထွက်

    တရုတ်ကိုယှဉ်မည့် ကုန်သွယ်ရေးသဘောတူညီချက်မှ ကန်နှုတ်ထွက်

    ဇန်န၀ါရီ ၂၄၊ ၂၀၁၇
    M-Media

    TPP မှ နှုတ်ထွက်ကြောင်း လက်မှတ်ထိုးပြီးနောက် တွေ့ရသည့် ဒေါ်နယ်ထရမ့်

    – နိုင်ငံပေါင်း ၁၂ နိုင်ငံပါဝင်ပြီး ကမ္ဘာ့စီးပွားရေး၏ ၄၀ ရာခိုင်နှုန်းခန့်ရှိသည့် ပစိဖိတ်ဖြတ်ကျော် မိတ်ဖတ်သဘောတူညီချက် (TPP) မှ နှုတ်ထွက်ကြောင်း ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုးလိုက်သည်ဟု သိရသည်။

    ယမန်နေ့က လက်မှတ်ထိုးလိုက်ခြင်းဖြစ်ပြီး ရွေးကောက်ပွဲကတိတစ်ခုကို ဖော်ဆောင်လိုက်ခြင်းလည်းဖြစ်သည်။

    “ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ပြောနေတာ ကြာပါပြီ” ဟု ထရမ့်က လက်မှတ်ရေးထိုးပြီးနောက် ပြောကြားခဲ့ပြီး အမေရိကန်အလုပ်သမားများအတွက် ကြီးကျယ်သည့် ဆောင်ရွက်မှုဖြစ်သည်ဟုလည်း ဆိုသည်။

    ထို့ပြင် ထရမ့်မှာ စစ်တပ်မှလွဲ၍ အခြားသော အလုပ်အကိုင်များကို ဖက်ဒရယ်အစိုးရက ခန့်အပ်မှုကို ရပ်တန့်သည့် အမိန့်ကိုလည်း လက်မှတ်ရေးထိုးခဲ့ကာ၊ နိုင်ငံခြားတိုင်းပြည်များတွင် ကိုယ်ဝန်ဖျက်ချရေး ဆောင်ရွက်ပေးနေသော သို့မဟုတ် ထိုကိစ္စနှင့်ပတ်သက်၍ အသိပညာပေးနေသော အစိုးရမဟုတ်သည့် အဖွဲ့များ ဖက်ဒရယ်အစိုးရထံမှ ရန်ပုံငွေ ရယူမှုကို ပိတ်ပင်သည့် ညွှန်ကြားချက်ကိုလည်း လက်မှတ်ရေးထိုးခဲ့သည်။

    သြစတေးလျ၊ ဘရူးနိုင်း၊ ကနဒါ၊ ချီလီ၊ ဂျပန်၊ မလေးရှား၊ မက္ကဆီကို၊ နယူးဇီလန်၊ ပီရူး၊ စင်ကာပူ၊ အမေရိကန်တို့ ပါဝင်သည့် အဆိုပါ TPP ကုန်သွယ်ရေး သဘောတူညီချက်ကို အိုဘားမားအစိုးရလက်ထက်တွင် ပါဝင်ခဲ့သော်လည်း အမေရိကန်လွှတ်တော်က အတည်မပြုရသေးပေ။

    ထို့ပြင် တရုတ်ကို ယှဉ်ပြိုင်ရန် ရည်ရွယ်သည့် အဆိုပါသဘောတူညီချက်မှာ အသက်မ၀င်သေးဘဲ အမေရိကန်၏ နှုတ်ထွက်မှုကြောင့် အကောင်အထည် ပေါ်လာမည့် အခြေအနေ မရှိတော့ပေ။

    Ref : Aljazeera

  • အမေရိကန်တွင် သမ္မတသစ်ဆန့်ကျင်ရေး ဆန္ဒပြမှုများ ဖြစ်ပွား

    အမေရိကန်တွင် သမ္မတသစ်ဆန့်ကျင်ရေး ဆန္ဒပြမှုများ ဖြစ်ပွား

    ဇန်န၀ါရီ ၂၁၊ ၂၀၁၇
    M-Media

    – အမေရိကန်၏ ၄၅ ယောက်မြောက် သမ္မတသစ် ဒေါ်နယ်ထရမ့် ကျမ်းသစ္စာကျိန်ဆိုမှု အခမ်းအနား ကျင်းပနေစဉ် တစ်ချိန်တည်းမှာပင် နိုင်ငံတစ်ဝှမ်းတွင် ထရမ့်ဆန့်ကျင်ရေး ဆန္ဒပြမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    ထရမ့်မှာ မဲဆွယ်စဉ်ကာလအတွင်း မက္ကဆီကန်များ၊ လူမည်းများ၊ မွတ်စလင်များ၊ မသန်စွမ်းသူများနှင့် အမျိုးသမီးများကို ခွဲခြားစော်ကားပြောဆိုမှုများ ပြုလုပ်ခဲ့သည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး၊ ပြိုင်ဘက် ဒီမိုကရက်တစ် သမ္မတလောင်း ဟီလာရီ ကလင်တန်ကိုလည်း ‘ရိုင်းစိုင်းသည့် အမျိုးသမီး’ ဟု ပြောကြားခဲ့သည်။

    ယမန်နေ့ ကျမ်းကျိန်ပွဲအခမ်းအနားတွင် ၀ါရှင်တန်မြို့လယ်ကောင်၌ တပ်ဖွဲ့ဝင် ၂၈၀၀၀ ခန့်ဖြင့် လုံခြုံရေးကို တင်းကျပ်စွာ ချထားခဲ့သည်။

    သို့သော်လည်း မြို့လယ်ကောင်တွင် လူ ၅၀၀ ခန့်မှာ ထရမ့်ဆန့်ကျင်ရေး ဆန္ဒပြမှု ပြုလုပ်ခဲ့ပြီး ဆန္ဒပြသူများမှာ ဈေးဆိုင်များ၊ ကားမှန်များ ရိုက်ခွဲခြင်းတို့လည်း ရှိခဲ့သည်။ ရဲတပ်ဖွဲ့က ငရုပ်ကောင်း စပရေးများဖြန်းကာ ဆန္ဒပြသူများကို နှိမ်နှင်းခဲ့ပြီး ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကမူ ဆန္ဒပြသူ ၉၅ ဦးခန့်ကို ဖမ်ဆီးထိန်းသိမ်းခဲ့သည်ဟု ဆိုသည်။

    လူအုပ်ကြီးမှာ ‘လူမျိုးရေးခွဲခြားသူတွေကို ကြောက်အောင် ထပ်လုပ်ကြစို့’ ဟုလည်း ကြွေးကြော်ခဲ့ကြသည်။

    “ကျွန်တော်ပေးချင်တဲ့ သတင်းစကားက ထရမ့်ဟာ ဒီနိုင်ငံကို ကိုယ်စားမပြုဘူး ဆိုတာပါပဲ။ သူဟာ အရင်းရှင် အကျိုးစီးပွားကိုပဲ ကိုယ်စားပြုပါတယ်” ဟု ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြမှုတွင် ပါဝင်ခဲသည့် အိုင်အိုဝါပြည်နယ်မှ ကက်သလစ် အကူအညီပေးရေး ၀န်ထမ်း ဒက်စ် မိုနက်စ်က ပြောကြားခဲ့သည်။

    အိမ်ဖြူတော်နှင့် မနီးမဝေးတွင်လည်း ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့အကြား ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ပြီး လမ်းဘေးကော်ဖီဆိုင်များမှ ထိုင်ခုံများဖြင့် ပစ်ပေါက်မှုများလည်း ရှိခဲ့သည်။

    စောစောပိုင်းက Disrupt J20 ဟုခေါ်သည့် လစ်ဘရယ် တက်ကြွလှုပ်ရှားသူအဖွဲ့က ကျမ်းကျိန်ပွဲအခမ်းအနား ကြည့်ရှုရာ ရင်ပြင်သို့ သွားရောက်သည့် အဓိကလမ်းမရှိ စစ်ဆေးရေးဂိတ်များကို ရည်ရွယ်ချက်ရှိရှိ ပိတ်ဆို့ခဲ့ကြသည်။ နောက်ပိုင်းတွင် ရဲတပ်ဖွဲ့က ၎င်းတို့အား ဖယ်ရှားခဲ့သည်။

    Disrupt J20 လှုပ်ရှားမှုကို စီစဉ်သူ ၀ါရှန်တန်မှာ အဲလ်လီ မက်ခရက်ကန်က မိမိတို့အုပ်စုမှာ ထရမ့်က အမျိုးသမီးများ၊ အထောက်အထားမရှိသည့် ပြောင်းရွှေ့အခြေချသူများနှင့် မွတ်စလင်များအပေါ် ခွဲခြားစော်ကားသော မှတ်ချက်များကို ဆန့်ကျင်ခြင်းဖြစ်သည်ဟု ဆိုသည်။

    ‘အမေရိကကို ကြီးကျယ်အောင်ထပ်လုပ်ပါ’ ဆိုသည့် စားတမ်းများပါဝင်သည့် အင်္ကျီများ၊ ဦးထုပ်များကို ၀င်ဆင်ထားသည့် ထရမ့်ထောက်ခံသူများကလည်း ၀ါရှန်တန်သို့ ချီတက်ခဲ့ကြသည်။

    ထရမ့်အား ဆန့်ကျင်သော ဆန္ဒပြမှုနှင့် ထောက်ခံသော ချီတက်မှုတို့မှာ နိုင်ငံတစ်ဝှမ်းတွင် ဖြစ်ပွားခဲ့သည်။

    Ref: Aljazeera

  • အမေရိကန်စီးပွားရေးကျမှုမှာ စစ်တိုက်နေခြင်းကြောင့်ဟု တရုတ်ဘီလီယံနာ ပြော

    အမေရိကန်စီးပွားရေးကျမှုမှာ စစ်တိုက်နေခြင်းကြောင့်ဟု တရုတ်ဘီလီယံနာ ပြော

    ဇန်န၀ါရီ ၂၀၊ ၂၀၁၇
    M-Media

    အလီဘာဘာ အွန်လိုင်းရှော့ပင်းပိုင်ရှင် တရုတ်ဘီလီယံနာ ဂျက်မာ

    – အမေရိကန်အတွင် အလုပ်အကိုင်များလျော့ကျကာ စီးပွားရေးကျဆင်းမှုမှာ ဂလိုဘယ်လိုက်ဇေးရှင်းနှင့် အခြားနိုင်ငံများကြောင့်မဟုတ်ဘဲ အမေရိကန်အစိုးရအဆက်ဆက်က ဘက်ဂျက်များ မလျော်မကန်သုံးစွဲမှု၊ စစ်ပွဲများတွင် အလွန်အကျွံ ငွေကြေးသုံးစွဲမှုတို့ကြောင့် ဖြစ်သည်ဟု အလီဘာဘာ ကုမ္ပဏီကို တည်ထောင်သူ တရုတ် ဘီလီယံနာ ဂျက်မာက ပြောကြားလိုက်သည်။

    ယနေ့တွင် ကျမ်းသစ္စာကျိန်ဆိုမည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်တွင် အလုပ်အကိုင်များ၊ စက်မှုလုပ်ငန်းများ ဆုံးရှုံးရခြင်းမှာ မက္ကဆီကိုနှင့် တရုတ်တို့ကဲ့သို့ နိုင်ငံများက ခွဲဝေယူထားခြင်းကြောင့် ဖြစ်သည်ဟု ပြောကြားမှုကို မာက ယခုကဲ့သို့ ပြန်လည်တုန့်ပြန်လိုက်ခြင်း ဖြစ်သည်။

    “အတိတ်ကိုပြန်ကြည့်ရင် အမေရိကန်ဟာ စစ်ပွဲပေါင်း ၁၃ ခုကို စစ်နွှဲခဲ့ပြီး ဒေါ်လာ ၄၀.၂ ထရီလီယံလောက် ကုန်ကျခဲ့ပါတယ်။ အဲဒီငွေကြေးထဲက တစ်စိတ်တစ်ပိုင်းလောက်ကို အခြေခံအဆောက်အဦးတွေ အဆင့်မြှင့်တင်တာမျိုး၊ ကာယလုပ်သား၊ ဉာဏလုပ်သားတွေကို ကူညီတာမျိုးမှာ ဘာဖြစ်လို့ မသုံးတာလဲ။ ဘယ်လောက်ပဲ မဟာဗျူဟာ ကျနေပါစေ ပိုက်ဆံကိုတော့ ကိုယ့်ပြည်သူတွေအတွက် သုံးစွဲရမှာပါ” ဟု မာက ဒါဗို့စ်မြို့တွင် ပြုလုပ်ခဲ့သည့် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ယမန်နေ့က ပြောကြားခဲ့သည်။

    ထို့ပြင် ၂၀၀၈ ခုနှစ် ဘဏ္ဍာရေးအကြပ်အတည်းကာလက အမေရိကန်တစ်နိုင်ငံတည်းမှာပင် ဒေါ်လာ ၁၉.၂ ထရီလီယံ ဆုံးရှုံးခဲ့ပြီး ကမ္ဘာတစ်ဝှမ်း အလုပ်အကိုင်ပေါင်း ၃၄ သန်း ဆုံးရှုံးခဲ့ကြောင်း၊ စစ်တိုက်မည့်ငွေကြေးများကို ထိုဆုံးရှုံးမှုများ ကာမိရန် သုံးစွဲပါက အပြောင်းအလဲများစွာ ဖြစ်ပေါ်လာနိုင်ကြောင်းလည်း မာက ထပ်လောင်း ပြောဆိုခဲ့သည်။

    Stockholm International Peace Research Institute ၏ စစ်တမ်းများအရ အမေရိကန်မှာ ၂၀၁၅ ခုနှစ်တွင် နိုင်ငံ၏ ဂျီဒီပီ၏ ၃.၃ ရာခိုင်နှုန်း ကန်ဒေါ်လာ ၅၉၆ ဘီလီယံကို စစ်ပွဲများတွင် သုံးစွဲခဲ့ပြီး ကမ္ဘာပေါ်တွင် စစ်အသုံးစားရိတ် အမြင့်ဆုံးနိုင်ငံ ဖြစ်သည်။ မာကမူ ထိုကဲ့သို့ သုံးစွဲမှုများကြောင့်သာ အမေရိကန်တွင် အလုပ်အကိုင်ဆုံးရှုံးမှု ဖြစ်စေခဲ့သည်ဟု ယူဆနေသည်။

    “ဒါပဲလေ။ ဘယ်နိုင်ငံကမှ ခင်ဗျားတို့ဆီက အလုပ်တွေကို ခိုးသွားတာမဟုတ်ဘူး။ ခင်ဗျားတို့ရဲ့ ဗျူဟာကြောင့် ဒီလိုဖြစ်တာပဲ။ ပိုက်ဆံကို သင့်လျော်တဲ့ နည်းလမ်းနဲ့မှ မသုံးတာ”

    ဇန်န၀ါရီလ အစောပိုင်းက ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံခဲ့သည့် မာက ဂလိုဘယ်လိုက်ဇေးရှင်းကို အကောင်းမြင်နေပြီး ကမ္ဘာကြီးနှင့် တရုတ်နိုင်ငံတို့အတွက် အကျိုးရှိကြောင်း၊ သို့သော်လည်း ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ (WTO) က လက်ရှိတွင် ဆောင်ရွက်နေသည့် စနစ်ထက် အငယ်စား စီးပွားရေးလုပ်ငန်းများအတွက် အခွင့်အလမ်း ပိုမိုဖန်တီးပေးရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: RT