News @ M-Media

Tag: US

  • ထရမ့်၏ ဒုက္ခသည်ပိတ်ပင်မှုကို ဆန့်ကျင်ကာ Starbucks က ဒုက္ခသည် တစ်သောင်းကို အလုပ်ခန့်မည်

    ထရမ့်၏ ဒုက္ခသည်ပိတ်ပင်မှုကို ဆန့်ကျင်ကာ Starbucks က ဒုက္ခသည် တစ်သောင်းကို အလုပ်ခန့်မည်

    ဖေဖော်ဝါရီ ၁၊ ၂၀၁၇
    M-Media

    – အမေရိကန်မှ နာမည်ကြီးကော်ဖီဆိုင်လုပ်ငန်းတစ်ခုဖြစ်သော Starbucks Corp ၏ အမှုဆောင် ဟောင်းဝဒ် ရှူ လ်တက်ဇ်က မိမိအနေဖြင့် ၅ နှစ်အတွင်း နိုင်ငံပေါင် ၇၅ နိုင်ငံတွင် ဒုက္ခသည် ၁၀၀၀၀ ခန့်ကို အလုပ်ခန့်သွားရန် စီစဉ်နေသည်ဟု ပြောကြားလိုက်သည်။

    အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်မှာ သောကြာနေ့က နိုင်ငံအတွင်း ဒုက္ခသည်များ ၀င်ရောက်မှုကို ၄ လတာ ရပ်တန့်ထားရန်၊ ဆီးရီးယားနှင့် အခြား မွတ်စလင်အများစုရှိရာ နိုင်ငံ ၆ နိုင်ငံကို ယာယီဗီဇာ ပိတ်ပင်ရန် အမိန့်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ပြီး၊ နိုင်ငံတကာမှ ဝေဖန်မှုများကို ခံရကာ နိုင်ငံသားအခွင့်အရေးလှုပ်ရှားသူများ၏ ရှုတ်ချမှုများ၊ ဥပဒေကြောင်းအရ စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်။

    ရှူလ်တက်ဇ်က ပေးပို့သည့်စာတွင် ထရမ့်၏ ထိုအမိန့်ကြောင့် ထိခိုက်ခံစားခဲ့ရသူများအား ထောက်ပံ့ရန် အရာအားလုံးကို ဆောင်ရွက်သွားမည်ဟု အလုပ်သမားများကို ပြောကြားခဲ့သည်။

    တနင်္ဂနွေနေ့က ကြေငြာခဲ့သည့် အဆိုပါအစီစဉ်ကို အမေရိကန်တွင် စတင် အကောင်အထည်ဖော်မည်ဖြစ်ပြီး အခြားနိုင်ငံများတွင် စစ်တပ်ကတောင်းဆိုမှုကြောင့် စကားပြန်လုပ်ခဲ့သူများ၊ ထေက်ပံ့ရေးတပ်သားအဖြစ် ဆောင်ရွက်ခဲ့သူများကို အဓိကထားကာ အလုပ်ပေးသွားမည်ဟု ရှူလ်တက်ဇ်က ဆိုသည်။

    ရှူလ်တက်ဇ်မှာ ပွင့်ပွင့်လင်းလင်း ဝေဖန်တတ်မှုကြောင့် အမေရိကန်တွင် အာရုံစိုက်ခံရသူဖြစ်ပြီး စာသုံးသူများအနေဖြင့် ၎င်းတို့ဆိုင်တွင်း သေနတ်ယူမလာရဟု တားမြစ်ခြင်းကဲ့သို့ သတ်မှတ်ချက်များကိုလည်း ချမှတ်တတ်သူဖြစ်သည်။ တနင်္ဂနွေနေ့ကလည်း ၎င်းမှာ သမ္မတအိုဘားမားလက်ထက်က အတည်ပြုခဲ့သည့် ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေ Affordable Care Act ကို ဖျက်သိမ်းပါက အလုပ်သမားများ ကျန်းမာရေးစောင့်ရှောက်မှုကို ဆုံးရှုံးမည်ဖြစ်သောကြောင့်
    ၎င်းတို့အနေဖြင့် Starbucks မှတစ်ဆင့် ကျန်းမာရေးအာမခံကို ပြန်ယူနိုင်သည်ဟု ပြောကြားခဲ့သည်။

    ရှူလ်တက်ဇ်မှာ လာမည့်လအနည်းငယ်တွင် စီအီးအိုနေရာမှ နှုတ်ထွက်ကာ အထက်တန်းစားများအတွက် ကော်ဖီဆိုင်များကို ပိုမိုကြီးကြပ်သွားရန် ရှိနေသည်။

    ၎င်းမှာ မက္ကဆီကိုနှင့် ကုန်သွယ်ရေးကို ဆက်လက် နှစ်မြှုပ်လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့ပြီး ထိုဆောင်ရွက်ချက်က ထရမ့်၏ မက္ကဆီကိုဆန့်ကျင်ရေး သဘောထားနှင့် ထိပ်တိုက်တွေ့မည်ဖြစ်သည်။

    Ref: CNA

  • ထရမ့်ဂယက်ကြောင့် အမေရိကန်တွင် အာရှနွယ်ဖွားများကို ဆန့်ကျင်မှု စိုးရိမ်ဖွယ် မြင့်တက်

    ထရမ့်ဂယက်ကြောင့် အမေရိကန်တွင် အာရှနွယ်ဖွားများကို ဆန့်ကျင်မှု စိုးရိမ်ဖွယ် မြင့်တက်

    ဖေဖော်ဝါရီ ၁၊ ၂၀၁၇
    M-Media

    – ထရမ့်ရဲ့ လူမျိုးရေးခွဲခြားမှု မှတ်ချက်တွေ၊ တရုတ်ဆန့်ကျင်ရေးမှတ်ချက်တွေ ထွက်ပေါ်လာပြီးနောက်ပိုင်းမှာ အမေရိကန်နိုင်ငံတစ်ဝှမ်း အာရှနွယ်ဖွားတွေကို ပစ်မှတ်ထားတဲ့ အမုန်းတရားတွေ၊ တိုက်ခိုက်မှုတွေဟာ စိုးရိမ်စရာကောင်းလောက်အောင် မြင့်တက်လာတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ အကျိုးအမြတ်မယူတဲ့အဖွဲ့ Asian Americans Advancing Justice (AAAJ) က ပြောကြားလိုက်ပါတယ်။

    အာရှဆန့်ကျင်ရေး အမုန်းရာဇ၀တ်မှုတွေကို စောင့်ကြည့်နေတဲ့ StandAgainstHatred.org ၀ဘ်ဆိုက်မှာ ပြောကြားလိုက်တာဖြစ်ပြီး မွတ်စလင်ဆန့်ကျင်ရေး၊ ပြောင်းရွှေ့အခြေချမှုဆန့်ကျင်ရေး ရာဇ၀တ်မှုတွေသာမက တရုတ်ဆန့်ကျင်ရေး ရာဇ၀တ်မှုကလည်း သိသိသာသာ ဖြစ်လာတယ်လို့ ဆိုပါတယ်။

    ဒီလိုမြင့်တက်လာမှုမျိုးဟာ အာရုံစိုက်ရမယ့် အခြေအနေအထိ ရောက်နေကာ အသိပညာပေးမှုမျိုးကတော့ မရှိသေးဘူးလို့ AAAJ က ထည့်သွင်းဖော်ပြခဲ့ပါတယ်။

    “နိုဝင်ဘာရွေးကောက်ပွဲ လမ်းကြောင်းတစ်လျှာက်နဲ့ ရွေးကောက်ပွဲနောက်ပိုင်းမှာ အမုန်းရာဇ၀တ်မှုတွေ၊ အမုန်းအဖြစ်အပျက်တွေဟာ သတင်းစာမျက်နှာတွေရဲ့ ထိပ်ပိုင်းမှာ မြင့်တက်လာပေမယ့် အာရှ-အမေရိကန်တွေနဲ့ ပစိဖိတ်ကျွန်းသားတွေ (AAPI) အပေါ် တိုက်ခိုက်မှုတွေကို အရေးတယူပြုတာမျိုး မရှိသလောက် ရှားပါတယ်” လို့ AAAJ ရဲ့ လော့စ်အိန်ဂျလိစ် ဌာနခွဲ (AAAJ-Los ) က ဥက္ကဌနဲ့ အမှုဆောင်ဒါရိုက်တာ Stewart Kwoh က ကြေငြာချက်ထဲမှာ ပြောကြားခဲ့ပါတယ်။

    လော့စ်အိန်ဂျလိစ်ကောင်တီရဲ့ လူမှုဆက်ဆံရေးဆိုင်ရာ ကော်မရှင်က ၂၀၁၅ ခုနှစ်အတွင်း အာရှ-အမေရိကန်တွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ရာမှာ ကောင်တီတစ်ခုအတွင်းမှာပဲ ဒီလိုတိုက်ခိုက်မှုဟာ ၆ မှုကနေ ၁၈ မှုအထိ တိုးလာတယ်လို့ စိုးရိမ်ဖွယ် တွေ့ခဲ့ရပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ အများစုက တရုတ်ဆန့်ကျင်ရေး ဖြစ်ပါတယ်။

    AAAJ-Los ရဲ့ စီမံကိန်းနဲ့ ဆက်သွယ်ရေးဆိုင်ရာ ဒုတိယ ဥက္ကဌ Karin Wang က အာရှနွယ်ဖွားတွေကို တိုက်ခိုက်မှု မြင့်တက်လာတာဟာ သမ္မတဒေါ်နယ်ထရမ့်က တရုတ်ကို စီးပွားရေးရန်သူအဖြစ် မဲဆွယ်ပွဲမှာ ပြောခဲ့တာကြောင် ဖြစ်တယ်လို့ မှတ်ယူနေပါတယ်။

    မဲဆွယ်မှုအတွင်းမှာ တရုတ်ကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် ထရမ့်ရဲ့ ပြောဆိုမှုတွေ တော်တော်များများရှိခဲ့ပြီး AAAJ က ‘IS၊ တရုတ်နဲ့ မက္ကဆီကိုတွေဟာ ကျုပ်တို့ကို သတ်နေတာ’ လို့ ထရမ့်ရဲ့ ၂၀၁၅ က ပြောကြားမှုတစ်ခုကို ထောက်ပြခဲ့ပါတယ်။ ဒါတင်မကသေးဘဲ အမေရိကန်က ကုန်သွယ်ရေးမှာ တရုတ်နဲ့ ဂျပန်တို့ကို မယှဉ်နိုင်တာကိုလည်း မေးခွန်းထုတ်ခဲ့ပြီး နောက်ပိုင်းမှာ တရုတ်ဟာ မြန်မြန်ဆန်ဆန် စစ်ရေးချဲ့ထွင်မှုတွေ ပြုလုပ်နေတယ်လို့လည်း ထရမ့်က ပြောကြားခဲ့ပါတယ်။

    Wang ကတော့ တရုတ်ကို ကုန်သွယ်ရေး ခြိမ်းခြောက်မှုတစ်ခုအဖြစ် ထရမ့်က ပြောဆိုခဲ့ပေမယ့် ဒါဟာ အန္တရာယ်ရှိတဲ့ နိုင်ငံခြားသားဆိုတဲ့ အမြင်ကိုတွေကို ပိုပြီးအားကောင်းစေခဲ့ကာ ၁၉၇၀ ပြည့်နှစ်တွေနဲ့ ၁၉၈၀ ပြည့်နှစ်တွေက ကားလုပ်ငန်းမှာ ဂျပန်နိုင်ငံဟာ ခြိမ်းခြောက်မှုတစ်ခုအဖြစ် သတ်မှတ်ဆန့်ကျင်ခံရသလိုမျိုး ဖြစ်တယ်လို့ ဆိုပါတယ်။

    နောက်ပြီး ယဉ်ကျေးမှုနောက်ခံ၊ လိင်ကွဲပြားမှု၊ လိင်စိမ်းတိမ်းညွှတ်နဲ့ ဘာသာတရာတွေအပါအ၀င် အကြောင်းအရင်း အမျိုးမျိုးကို အခြေခံပြီး ဖြစ်လာတဲ့ ရာဇ၀တ်မှုတွေကို တိုင်ကြားဖို့၊ မိမိတို့ရဲ့ ၀ဘ်ဆိုက်မှာ အမုန်းအခြေခံ ကိစ္စတွေကို ၀င်ကြည့်ရုံတင်မဟုတ်ဘဲ၊ ပြည်သူတွေက ဘယ်လို ကြံ့ကြံ့ခံနေတယ်ဆိုတဲ့ အကြောင်းတွေကို မျှဝေပေးဖို့လည်း AAAJ အဖွဲ့က တိုက်တွန်းခဲ့ပါတယ်။

    အဲဒီအဖြစ်အပျက်တွေကို တရားဥပဒေကြောင်းအရ တုန့်ပြန်ဖို့အတွက် မိမိတို့အနေနဲ့ ဥပဒေရေးရာ အကြံဉာဏ်တွေကို ပေးသွားမယ်လို့လည်း ဆိုပါတယ်။

    Ref: Huffingtonpost

  • ထရမ့်၏ လူဝင်မှုအမိန့်ကို ကျင့်သုံးရန် ငြင်းဆိုခြင်းကြောင့် ရှေ့နေချုပ် ထုတ်ပယ်ခံရ

    ထရမ့်၏ လူဝင်မှုအမိန့်ကို ကျင့်သုံးရန် ငြင်းဆိုခြင်းကြောင့် ရှေ့နေချုပ် ထုတ်ပယ်ခံရ

    ဇန်န၀ါရီ ၃၁၊ ၂၀၁၇
    M-Media

    ယာယီရှေ့နေချုပ် ယာတက်စ်မှာ ထရမ့်

    – မွတ်စလင်နိုင်ငံ ၇ နိုင်ငံကို ဗီဇာပိတ်ပင်ခြင်း၊ ဒုက္ခသည်များ ၀င်ရောက်မှုကို ကန့်သတ်ခြင်း စသည့် လူဝင်မှုကြီးကြပ်ရေး ပေါ်လစီများကို မကျင့်သုံးရန် တိုက်တွန်းခဲ့သည့် ရှေ့နေချုပ် ဆာလီ ယာတက်စ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယမန်နေ့တွင် ထုတ်ပယ်လိုက်သည်ဟု သိရသည်။

    ယာယီရှေ့နေချုပ် ယာတက်စ်မှာ ထရမ့်၏ အဆိုပါ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ကို ကျင့်သုံးခြင်းမပြုရန် တရားရေးဌာနမှ ရှေ့နေများကို အမိန့်ပေးခဲ့ပြီးနောက် နာရီအနည်းငယ်ကြာတွင် ယခုကဲ့သို့ ထုတ်ပယ်ခံလိုက်ရခြင်းဖြစ်သည်။

    အိမ်ဖြူတော် ပြန်ကြားရေးရုံးမှ ထုတ်ပြန်သည့်ကြေငြာချက်တွင် ယာတက်စ်မှာ ထရမ့်၏အမိန့်ကို လိုက်နာရန် ငြင်းဆိုခြင်းအားဖြင့် တရားရေးဌာနကို သစ္စာဖောက်ခဲ့ကြောင်း၊ အိုဘားမား အစိုးရလက်ထက်က ခန့်အပ်ခဲ့သော ယာတက်စ်မှာ နယ်စပ်ထိန်းချုပ်မှု၊ တရားမ၀င် ရွှေ့ပြောင်းဝင်ရောက်မှုနှင့် ပတ်သက်၍ ဆောင်ရွက်ချက်များ အားနည်းကြောင်း ဖော်ပြခဲ့သည်။

    ထရမ့်က ရှေ့နေချုပ်အဖြစ် အမည်စာရင်း တင်သွင်းထားသည့် အထက်လွှတ်တော်အမတ် ဂျက်ဖ် ဆက်ရှင်ကို အထက်လွှတ်တော်က အတည်ပြုပြီးသည်အထိ ရှေ့နေချုပ်အဖြစ် တာဝန်ယူပေးရန် ယာတက်စ်က သဘောတူထားသည်။

    အိမ်ဖြူတော်ကမူ လက်ရှိတွင် ဗာဂျီးနီးယားပြည်နယ် အရှေ့ပိုင်းခရိုင် ရှေ့နေချုပ် ဒါနာ ဘိုအန်တီကို ဆက်ရှင်အား အတည်ပြုပြီးသည်အထိ ယာယီ ပြည်ထောင်စုရှေ့နေချုပ်အဖြစ် တာဝန်ယူမည်ဟု ကြေငြာခဲ့ပြီး ဘိုအန်တီကလည်း ရမ့်၏ လူဝင်မှုပေါ်လစီကို အကောင်အထည်ဖော်သွားမည်ဟု ၀ါရှင်တန်ပို့စ်နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

    ထရမ့်၏ အဆိုပါ လူဝင်မှုကြီးကြပ်ရေး ပေါ်လစီများကို ဆန့်ကျင်သည့်အနေဖြင့် နိုင်ငံတစ်ဝှမ်း အမေရိကန်ပြည်သူများမှာ ဆန္ဒပြလျက်ရှိနေသည်။

    Ref: Aljazeera

  • ထရမ့်၏ ဗီဇာပိတ်ပင်မှုအမိန့် တစ်စိတ်တစ်ပိုင်းကို တရားရေးက ပယ်ဖျက်

    ထရမ့်၏ ဗီဇာပိတ်ပင်မှုအမိန့် တစ်စိတ်တစ်ပိုင်းကို တရားရေးက ပယ်ဖျက်

    ဇန်န၀ါရီ ၂၉၊ ၂၀၁၇
    M-Media

    လေဆိပ်တွင် ဆန္ဒပြနေကြသည့် အမေရိကန်ပြည်သူများ

    – လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ထရမ့်၏ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်၏ အစိတ်အပိုင်းတစ်ခုကို ဖဒရယ်တရားသူကြီးတစ်ဦးက ပိတ်ပင်ခဲ့ပြီး အမေရိကန်မြေပေါ်သို့ တရားဝင် ဗီဇာဖြင့်လည်းကောင်း၊ ဒုက္ခသည်ကဒ်ဖြင့်လည်းကောင်း ရောက်ရှိနေသူများကို နိုင်ငံအတွင်း ၀င်ရောက်ခွင့်ပေးရမည်ဟု ဆုံးဖြတ်ခဲ့သည်။

    သောကြာနေ့က လက်မှတ်ရေးထိုးခဲ့သည့် အဆိုပါ အမိန့်တွင် မွတ်စလင်နိုင်ငံ ၇ နိုင်ငံအား ရက်ပေါင်း ၉၀ ဗီဇာပိတ်ပင်ခြင်း အပါအ၀င် ဆီးရီးယားဒုက္ခသည်များ ၀င်ရောက်ခွင့် လုံးဝ ပိတ်ပင်ခြင်း၊ ဒုက္ခသည်ဝင်ရောက်မှုကို ကန့်သတ်ခြင်းတို့ ပါဝင်သည်။

    ထိုအမိန့်ထုတ်ပြန်လိုက်ပြီးနောက်ပိုင်း အမေရိကန်ရှိ လေဆိပ်များတွင် တရားဝင်ဗီဇာဖြင့်လည်းကောင်း၊ ဂရင်းကဒ်ဖြင့်လည်းကောင်း ၀င်ရောက်လာသည့် လူပေါင်းများစွာမှာ ထိန်းသိမ်းခံခဲ့ရပြီး၊ နှင့်ထုတ်ခံရမည့်အရေးနှင့် ရင်ဆိုင်ခဲ့ရကာ လေဆိပ်များတွင် ဆန္ဒပြမှုများလည်း ဖြစ်ပေါ်ခဲ့သည်။

    ဂျွန်အက်ဖ်ကနေဒီ လေဆိပ်တွင် အီရတ်နိုင်ငံသား ၂ ဦးမှာ နိုင်ငံအတွင်း တရားဝင်ဝင်ရောက်လာမှုကို ဥပဒေစိုးမိုးရေးအဖွဲ့များက ထိန်းသိမ်းခဲ့ပြီးနောက် အမေရိကန် နိုင်ငံသားများလွတ်လပ်ခွင့်ဆိုင်ရာ သမဂ္ဂ (ACLU) က ထရမ့်၏ ထိုအမိန့်ကို ပယ်ဖျက်ရေးပေးရန် တရားရုံးတွင် ဦးတိုက် လျှောက်ထားခဲ့သည်။

    ထို့ကြောင့် စနေနေ့ညပိုင်းတွင် ခရိုင်တရားသူကြီး အန်ဒွန်နီလေးက ထိုလျှောက်ထားမှုကို သုံးသပ်ခဲ့ပြီး တရားဝင်ဗီဇာ သို့မဟုတ် ဒုက္ခသည်ကဒ်ဖြင့် အမေရိကန်မြေသို့ ရောက်ရှိလာကြသူများကို ပြန်နှင်မထုတ်ဘဲ ၀င်ခွင့်ပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

    “ဒီဆုံးဖြတ်ချက်က လက်ရှိအခြေအနေကို တည်တံ့စေပြီး နိုင်ငံအတွင်း တရားဝင် ၀င်ရောက်ခွင့် ရထားသူတွေကို အမေရိကန်မြေပေါ်ကနေ ဥပဒေပ မောင်းထုတ်လို့ မရဘူးဆိုတာကို သေချာသွားစေပါတယ်” ဟု ACLU သမဂ္ဂ၏ ပြောင်းရွှေ့အခြေချသူများဆိုင်ရာ စီမံကိန်းမှ လက်ထောက်ဒါရိုက်တာ လီ ဂီလန့်က ပြောကြားခဲ့သည်။

    ထရမ့်၏ ဗီဇာပိတ်ပင်မှုအမိန့် အသက်ဝင်ပြီးနောက်ပိင်း ၂၄ နာရီအတွင်း အမေရိကန်နိုင်ငံတစ်ဝှမ်းရှိ လေဆိပ်များတွင် စုစုပေါင်း ခရီးသည် ၁၀၉ ဦးမှာ ထိန်းသိမ်းခံခဲ့ရသည်။

    ပြည်တွင်းလုံခြုံရေးဌာနကမူ မိမိတို့အနေဖြင့် တရားရေးဌာန၏ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်သော်လည်း သမ္မတထရမ့်၏ အမိန့်မှာ ဆက်လက် အသက်ဝင်နေဆဲဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ထရမ့်၏ ဒုက္ခသည်ပိတ်ပင်သည့် ပေါ်လစီကို ကမ္ဘာတစ်ဝှမ်းမှ ကန့်ကွက်ရှုတ်ချ

    ထရမ့်၏ ဒုက္ခသည်ပိတ်ပင်သည့် ပေါ်လစီကို ကမ္ဘာတစ်ဝှမ်းမှ ကန့်ကွက်ရှုတ်ချ

    ဇန်န၀ါရီ ၂၈၊ ၂၀၁၇
    M-Media

    – အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်က ဒုက္ခသည်ဝင်ရောက်ခွင့်ကို ကန့်သတ်လိုက်တာ၊ မွတ်စလင်နိုင်ငံ ၇ နိုင်ငံကို ဗီဇာပိတ်ပင်လိုက်တာတွေနဲ့ပတ်သက်ပြီး အမေရိကန်ပြည်သူတွေနဲ့ ကမ္ဘာတစ်ဝှမ်း တက်ကြွလှုပ်ရှားသူတွေ၊ အဖွဲ့အစည်းတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်နေကြပါတယ်။

    မနေ့က ထရမ့် လက်မှတ်ရေးထိုးလိုက်တဲ့ ဥပဒေကဲ့သို့ အာဏာတည်တဲ့ အမိန့်အရ အီရန်၊ အီရတ်၊ ဆီးရီးယား၊ ဆူဒန်၊ လစ်ဗျား၊ ယီမင်နဲ့ ဆိုမာလီယာနိုင်ငံတွေကို ရက်ပေါင်း ၉၀ ဗီဇာပိတ်ထားပြီး၊ ဒုက္ခသည် လက်ခံမယ့်အစအစဉ်ကို ရက်ပေါင်း ၁၂၀ ပိတ်ထားလိုက်ပါတယ်။

    ဆီးရီးယားဒုက္ခသည်တွေကိုတော့ နောက်ထပ် အမိန့်တစ်စုံတရာ မထုတ်မီအထိ အမေရိကန်ကို ၀င်ရောက်ခွင့် လုံးဝ ပိတ်ပင်ခဲ့ပါတယ်။ နောက်ပြီး ဒီနှစ်အတွင်း အမေရိကန်က လက်ခံမယ့် ဒုက္ခသည်အရေအတွက်ကိုလည်း ၅၀၀၀၀ အထိ လျှော့ချခဲ့ပါတယ်။

    ကုလသမဂ္ဂ အဖွဲ့အစည်းတွေက ဒီနေ့မှာ ပူးတွဲ ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ဒုက္ခသည်တွေကို ပိတ်ပင်ထားတာ ရုပ်သိမ်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။

    “ကမ္ဘာတစ်ဝှမ်း ဒုက္ခသည်တွေနဲ့ ပြောင်းရွှေ့အခြေချသူတွေရဲ့ လိုအပ်ချက်တွေက အရင်ကထက် ပိုကြီးမားလာပြီး အမေရိကန်ရဲ့ ပြန်လည်နရာချထားရေး အစီအစဉ်က ကမ္ဘာပေါ်မှာ အရေးကြီးဆုံးတွေထဲက တစ်ခုပါပဲ” လို့ UNHCR နဲ့ IOM တို့က ပူးပေါင်းထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    နောက်ပြီး ဒီအစီအစဉ်ဟာ win-win အခြေအနေဖြစ်ပြီး ဒုက္ခသည်တွေရဲ့ အသက်ကို ကယ်တင်ပေးရုံသာမက သူတို့ရဲ့ အရည်အသွေးတွေနဲ့ ‘သူတို့နေမယ့် လူ့အဖွဲ့အစည်းကို ကြွယ်ဝတောင့်တင်းစေမှာ ဖြစ်ကြောင်း’၊ ပဋိပက္ခတွေ၊ ညှင်းပမ်းနှိပ်စက်ခံရမှုတွေကနေ ထွက်ပြေးလာရတဲ့သူတွေကို ကာကွယ်စောင့်ရှောက်ရာမှာ ခေါင်းဆောင်မှုကဏ္ဍမှာ အချိန်အတော်ကြာ ရှိနေခဲ့တဲ့ အမေရိကန်အနေနဲ့ ဒီအခြေအနေကို ဆက်လက်ထိန်းသိမ်းသွားမယ်လို့ မျှော်လင့်ကြောင်း ကြေငြာချက်မှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

    ကမ္ဘာတစ်ဝှမ်း နယ်ပယ်အသီးသီးက ထင်ရှားကျော်ကြားတဲ့ သူတွေကလည်း ထရမ့်ရဲ့ ဒီဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့ကြပါတယ်။

    ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဂျန် မာ့ခ် အေရော့လ်က ဒီဆောင်ရွက်မှုဟာ စိုးရိမ်စရာဖြစ်ပြီး ‘စစ်ပွဲတွေ၊ ဖိနှိပ်မှုတွေက ထွက်ပြေးလာသူတွေကို ကြိုဆိုဖို့မှာ မိမိတို့တာဝန်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်’ လို့ ပြောကြားခဲ့ပါတယ်။

    အီရန်သမ္မတ ရူဟာနီက အခုခေတ်ဟာ တံတိုင်းကာရမယ့်ခေတ် မဟုတ်ဘူးလို့ ဆိုပါတယ်။

    “ဒီနေ့ခေတ်ဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရမယ့် အချိန်ပါ။ နိုင်ငံတွေကြားထဲမှာ အနေဝေးအောင် လုပ်ရမယ့် အချိန် မဟုတ်ပါဘူး”

    ပါကစ္စတန်က ကမ္ဘာ့အသက်အငယ်ဆုံး နိုဘယ်ဆုရှင် အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ မာလာလာ ယူဆွဖ်ဇိုင်က မိမိအနေနဲ့ ကြေကွဲဝမ်းနည်းရပြီး ‘သမ္မတထရမ့်အနေနဲ့ အကြမ်းဖက်မှု၊ စစ်ပွဲတွေကနေ ထွက်ပြေးလာကြတဲ့ ကလေးတွေ၊ မိခင်တွေနဲ့ ဖခင်တွေကို တံခါးပိတ်လိုက်တာဖြစ်တယ်’ လို့ ပြောကြားခဲ့ပါတယ်။

    နိုဘယ်ဆုရှင် ၁၁ ဦးအပါအ၀င် ထောင်နဲ့ချီတဲ့ ပညာရှင်တွေက ထရမ့်ရဲ့ အဲဒီအမိန့်ဟာ ‘ခွဲခြားဆက်ဆံမှု’ ဖြစ်ပြီး ‘ အမျိုးသားလုံခြုံရေးကို ထိခိုက်ပျက်ဆီးစေမယ်’ လို့ ရေးသားထားကာ ပယ်ဖျက်ဖို့ တောင်းဆိုတဲ့ စာလွှာတစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

    Facebook တည်ထောင်သူ မာ့ခ် ဇူကာဘာ့ဂ်ကတော့ “ကျွန်တော့် အဖိုးအဖွားတွေက ဂျာမနီ၊ သြစကြီးနဲ့ ပိုလန်တို့က လာကြတယ်။ (ကျွန်တော့်ဇနီး) ပရစ်စီလာရဲ့ မိဘတွေကလည်း တရုတ်နဲ့ ဗီယက်နမ်တို့က ဒုက္ခသည်တွေပါ။ အမေရိကန်ဟာ ပြောင်းရွှေ့အခြေချသူတွေရဲ့ တိုင်းပြည်ဖြစ်တယ်။ ဒါကို ကျွန်တော်တို့ ဂုဏ်ယူရမှာပါ။ ခင်ဗျားတို့တွေလိုပဲ ကျွန်တော်လည်း ထရမ့်လက်မှတ်ရေးထိုးခဲ့တဲ့ အမိန့်အတွက် စိုးရိမ်မိပါတယ်” လို့ Facebook စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    နောက်ပြီး ဇူကာဘာ့ဂ်က မိမိအနေနဲ့ အမေရိကန်ကို လုံခြုံစေချင်ကြောင်း၊ တစ်ချိန်တည်းမှာပဲ ခြိမ်းခြောက်မှုခံရတဲ့ သူတွေကိုလည်း အာရုံစိုက်ဖို့လိုကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “ဒုက္ခသည်တွေ၊ အကူအညီလိုတဲ့သူတွေအတွက် ကျွန်တော်တို့ဟာ တံခါးတွေကို ဆက်ဖွင့်ပေးထားဖို့ လိုပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်လောက်ကစပြီး ဒုက္ခသည်တွေကို လက်မခံဘူးဆိုရင် ပရစ်စီလာရဲ့ မိသားစုဟာ ဒီမှာရှိနေမှာမဟုတ်ပါဘူး”

    Ref: RT