News @ M-Media

Tag: US

  • မွတ်စလင်အဖြစ် စာရင်းသွင်းကာ ခွဲခြားမှုကို ဆန့်ကျင်မည့် ကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း

    မွတ်စလင်အဖြစ် စာရင်းသွင်းကာ ခွဲခြားမှုကို ဆန့်ကျင်မည့် ကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း

    ဇန်န၀ါရီ ၂၈၊ ၂၀၁၇
    M-Media

    – ထရမ့်အစိုးရအနေဖြင့် အမေရိကန်မွတ်စလင်များကို သီးသန့်စာရင်းပြုစုရန် ဆောင်ရွက်လာပါက မိမိအနေဖြင့် မွတ်စလင်တစ်ဦးအဖြစ် စာရင်းပေးသွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျူးလူမျိုး မဒီလီနီ အောလ်ဘရိုက်က ပြောကြားလိုက်သည်။

    ထရမ့်မှာ မွတ်စလင်လူများစုရှိပြီး အကြမ်းဖက်ဝါဒဖြင့် လုံးပမ်းနေရသည့် ၇ နိုင်ငံမှ ခရီးသွားများအား ဗီဇာပိတ်ပင်ခြင်း၊ ဒုက္ခသည်များအား ၀င်ရောက်ခွင့်မပေးခြင်းတို့ ဆောင်ရွက်သွားမည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် အောဘ်ဘရိုက် ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ကမ္ဘာ့လူသားများ စည်းလုံးညီညွတ်ရန်လည်း တိုက်တွန်းခဲ့သည်။

    “ကက်သလစ်တစ်ယောက်အဖြစ် ကျွန်မ ကြီးပြင်းခဲ့တယ်။ အီပစ်ကိုပဲလ်(ခရစ်ယာန်ဂိုဏ်းတစ်ခု) တစ်ယောက် ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ ကျွန်မရဲ့ မိသားစုက ဂျူးတွေဆိုတာ သိခဲ့ပါတယ်။ ညီညွတ်ကြောင်း ပြသဖို့အတွက် မွတ်စလင်အဖြစ် စာရင်းပေးဖို့ အဆင်သင့် ဖြစ်နေပါပြီ” ဟု အောလ်ဘရိုက်က ၎င်း၏ Twitter စာမျက်နှာတွင် ဗုဒ္ဓဟူးနေ့က ရေးသားခဲ့သည်။

    အောလ်ဘရိုက်က ထရမ့်၏ ယခုကဲ့သို့ ဗီဇာပိတ်ရန် အမိန့်ထုတ်ပြန်မည့်အစီအစဉ်တွင် အမေရိကန်မွတ်စလင်များအား သီးခြား စာရင်းပြုစုမည့်ကိစ္စ မပါဝင်သည်ကို မိမိအနေဖြင့် သိရှိသည်ဟု ကြာသာပတေးနေ့က ဒုက္ခသည်ဆိုင်ရာ အဖွဲ့များ၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    သို့သော်လည်း မွတ်စလင်အများစုရှိရာ နိုင်ငံများကို ယခုကဲ့သို့ ပစ်မှတ်ထားခြင်းဖြင့် ထိုအမိန့်က မွတ်စလင်များအပေါ် တစ်ဖက်သတ်ဆောင်ရွက်ခြင်းဖြစ်သည်မှာ မေးခွန်းထုတ်စရာမလိုသည့် ကိစ္စဖြစ်ကြောင်း၊ ဘာသာတရားတစ်ခု ပစ်မှတ်ထားခံရပါက မိမိတို့အာလုံးလည်း ပစ်မှတ်ထားခံရမည့် အန္တရာယ်ရှိကြောင်း သူမက ထည့်သွင်းပြောဆိုခဲ့သည်။

    ၂၀၁၅ ခုနှစ် နိုဝင်ဘာလက နိုင်ငံအတွင်းရှိ မွတ်စလင်များကို သီးသန့်စာရင်းပြုစုထားသည့် ဒေတာဘေ့စ်တစ်ခု ရှိသင့်လားဟု သတင်းထောက်တစ်ယောက်က မေးမြန်းသည့်အခါတွင် ထရမ့်က မက္ကဆီကိုနယ်စပ်၌ တံတိုင်းကာမှုကိစ္စနှင့် သွယ်ဝိုက်ဖြေဆိုသွားခဲ့သည်။ ထို့နောက် သတင်းထောက်က ထပ်မေးရာ “ကျွန်တော် အသေအချာ အကောင်အထည်ဖော်မှာပါ။ လုံးဝါပဲ” ဟု ဖြေကြားခဲ့သည်။

    နောက်ပိုင်းတွင် ထရမ့်က ၎င်းအနေဖြင့် အမေရိကန်မွတ်စလင်များအား သီးသန့်စာရင်းပြုစုရန် ရည်ရွယ်ခြင်းမဟုတ်ဟု Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။

    သမ္မတဖြစ်လာပြီးနောက်ပိုင်မှာ ၎င်း၏ အဖွဲ့မှာ အန္တရာယ်မြင့်မားသော တိုင်းပြည်များမှ လာရောကသည့် ပြောင်းရွှ့အခြေချသူများနှင့် ခရီးသွားများအား သီးသန့်စာရင်းပြုစုရန် အစီအစဉ်ကို စဉ်းစားနေသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးအဖြစ် ထရမ့်က အဆိုပြုထားသော ရက်စ် တီလာဆန်ကလည်း မွတ်စလင်များအား သီးသန့် စာရင်းပြုစုမည့်အစီအစဉ်ကို ထောက်ခံမည်လားဟု မေးမြန်းမှုကို ရှောင်လွှဲဖြေဆိုသွားခဲ့သည်။

    အဆိုပါအစီအစဉ်ကို ဆန့်ကျင်သည့် ထင်ရှားသူများတွင် အောလ်ဘရိုက်မှာ ပထမဆုံးမဟုတ်ပေ။

    အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူအဖြစ် နာမည်ကျော်သည့် ဂလိုရီယာ စတိုင်နမ်က ဇန်န၀ါရီ ၂၁ ရက်နေ့ ၀ါရှင်တန်၌ပြုလုပ်သည့် အမျိုးသမီး ချီတက်ဆန္ဒပြမှုတွင် ထိုအစီအစဉ်ကို အကောင်အထည်ဖော်ပါက မိမိအနေဖြင့် မွတ်စလင်အဖြစ်စာရင်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ဟောလီးဝုဒ်မင်းသမီး မာယင် ဘိုင်လစ်ကလည်း မိမိမှာ မွတ်စလင်အဖြစ် စာရင်းပေးမည်ဟု Twitter စာမျက်နှာတွင် ရေးသားခဲ့ဖူးသည်။

    အောလ်ဘရိုက်မှာ ချက်စလိုဗက်ကီးယားနိုင်ငံတွင် ၁၉၃၇ ခုနှစ်က မွေးဖွားခဲ့ပြီး နာဇီများ ကျူးကျော်သိမ်းပိုက်ပြီးနောက်ပိုင်း အမေရိကန်သို့ မိသားစုနှင့်အတူ ပြောင်းရွှေ့အခြေချလာသူဖြစ်သည်။

    Ref: Huffingtonpost

  • မွတ်စလင် ၇ နိုင်ငံကို ဗီဇာပိတ်ပြီး ဒုက္ခသည်များကန့်သတ်သည့် အမိန့်ကို ထရမ့် လက်မှတ်ထိုး

    မွတ်စလင် ၇ နိုင်ငံကို ဗီဇာပိတ်ပြီး ဒုက္ခသည်များကန့်သတ်သည့် အမိန့်ကို ထရမ့် လက်မှတ်ထိုး

    ဇန်န၀ါရီ ၂၈၊ ၂၀၁၇
    M-Media

    – ဆီးရီးယားဒုက္ခသည်များ ၀င်ရောက်ခွင့်ကို လုံးဝပိတ်ပင်ပြီး၊ အမေရိကန်သို့ ဒုက္ခသည်ဝင်ရောက်မှုကို ကန့်သတ်မည့် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယမန်နေ့တွင် ပင်တဂွန်၌ လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။

    ‘နိုင်ငံခြား အကြမ်းဖက်သမားများ နိုင်ငံအတွင်း ၀င်ရောက်မှုကို ကာကွယ်ခြင်း’ ဟု ခေါင်းစဉ်တပ်ထားသည့် အဆိုပါအမိန့်မှာ နယ်စပ်များကို တင်းကြပ်ပြီး၊ အမေရိကန်သို့ ဒုက္ခသည်များ ၀င်ရောက်မှုအချို့ကို ရပ်တန့်မည်ဆိုသည့် ထရမ့်၏ မဲဆွယ်ပွဲ ကတိစကားကို အကောင်အထည်ဖော်ခြင်းလည်းဖြစ်သည်။

    ထိုအမိန့်တွင် အကြမ်းဖက်ဝါဒနှင့် လုံးပမ်းနေရသည့် နိုင်ငံများမှ လူအားလုံးကို အမေရိကန်သို့ ၀င်ရောက်ခွင့်ဗီဇာ ရက် ၉၀ ပိတ်ပင်ခြင်း၊ ‘အမေရိကန်၏ ဒုက္ခသည် လက်ခံမှု အစီအစဉ်’ ကို ရက်ပေါင်း ၁၂၀ ပိတ်ပင်ခြင်းတို့ ပါဝင်သည်။ ဗီဇာပိတ်ပင်ခံရသည့် နိုင်ငံများမှာ အီရန်၊ အီရတ်၊ ဆီးရီးယား၊ ဆူဒန်၊ လစ်ဗျား၊ ယီမင်နှင့် ဆိုမာလီယာတို့ ဖြစ်သည်။

    ယခုနှစ်အတွင်း အမေရိကန်က ဒုက္ခသည်လက်ခံမည့် အရေအတွက်ကို ၅၀၀၀၀ သတ်မှတ်ခဲ့ပြီး ပြီးခဲ့သည့်နှစ်က ၁၁၁၀၀၀ ထက် ထက်ဝက်ကျော် လျော့ကျသွားခြင်းဖြစ်သည်။

    အဆိုပါအမိန့်ကို ထရမ့်က အမေရိကန်မှ အစ္စလာမ့်မစ်အကြမ်းဖက်သမားများကို မောင်းထုတ်မည့် အမိန့်ဟု အမည်ပေးထားပြီး ပင်တဂွန်တွင် ကာကွယ်ရေးဝန်ကြီးသစ် ဂျိမ်းစ် မာတစ် ကျမ်းကျိန်ပြီးနောက် လက်မှတ်ထိုးခဲ့ခြင်းဖြစ်သည်။

    အမေရိကန်သို့ ထပ်မံလာရောက်သူများအနေဖြင့် လူတွေ့စစ်ဆေးမှု မလိုအပ်သည့် အစီအစဉ်ဖြစ်သော Visa Interview Waiver Program ကို ဖျက်သိမ်းကြောင်း အဆိုပါအမိန့်တွင် ဖော်ပြထားသည်။

    ဒုက္ခသည်များကန့်သတ်လက်ခံမှု အစီအစဉ်တွင် နိုင်ငံတစ်ခုအတွင်းရှိ ငြှင်းပမ်းနှိပ်စက်ခံရသော ဘာသာရေးလူနည်းစုများကို ဦးစားပေးရန် ပါဝင်သည်။

    ထရမ့်မှာ ပင်တဂွန်တွင် ဒုတိယသမ္မတ မိုက်ပန့်စ်၊ လုံခြုံရေးအကြံပေး မိုက် ဖလင်း၊ စစ်ဖက်ဆိုင်ရာ ခေါင်းဆောင်များနှင့် တံခါးပိတ်အစည်းအဝေးတစ်ခုကိုလည်း ယမန်နေ့တွင် ပြုလုပ်ခဲ့ပြီး IS အကြမ်းဖက်အဖွဲ့အား ချေမှုန်းရေး၊ စစ်တပ်အား အသင့်ပြင်ဆင်ထားရေး၊ မြောက်ကိုရီးယားကဲ့သို့ ကမ္ဘာကြီးအား ခြိမ်းခြောက်နေသည့် နိုင်ငံများအရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

    ထရမ့်မှာ စစ်သုံးစားရိတ် တိုးမြှင့်ရေးနှင့် စစ်တပ်အား ပြန်လည်တည်ဆောက်ရေးဆိုင်ရာ အမိန့်တစ်ခုကိုလည်း ယမန်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။

    Ref: CNN

  • တံတိုင်းကာမည့်ကိစ္စအတွက် မက္ကဆီကိုနှင့် အမေရိကန်တို့ တင်းမာမှု မြင့်တက်

    တံတိုင်းကာမည့်ကိစ္စအတွက် မက္ကဆီကိုနှင့် အမေရိကန်တို့ တင်းမာမှု မြင့်တက်

    ဇန်န၀ါရီ ၂၈၊ ၂၀၁၇
    M-Media

    – မက္ကဆီကိုနယ်စပ်တွင် တံတိုင်းကာမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမိန့်ထုတ်ပြန်မှုကြောင့် နှစ်နိုင်ငံအကြား အငြင်းပွားမှုမြင့်တက်လာချိန်တွင် မက္ကဆီကိုသမ္မတ ပီနာ နီယက်တိုက လာမည့်တစ်ပတ် ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံမည်အစီအစဉ်ကို ဖျက်သိမ်းလိုက်သည်ဟု ကြေငြာခဲ့သည်။

    “နောက်တစ်ပတ် အင်္ဂါနေ့မှာ အမေရိကန်သမ္မတနဲ့ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ လုပ်ငန်းဆိုင်ရာ အစည်းအဝေးကို ကျွန်တော် တက်မှာမဟုတ်ဘူးလို့ အိမ်ဖြူတော်ကို ဒီမနက်ပဲ အကြောင်းကြားခဲ့ပြီးပါပြီ။ နှစ်နိုင်ငံအတွက် ကောင်းကျိုးဖြစ်စေမယ့် သဘောတူညီချက်တွေ ရရှိဖို့အတွက် မက္ကဆီကိုဟာ အမေရိကန်နဲ့ တွဲလုပ်ဖို့ ဆန္ဒရှိတယ်ဆိုတဲ့အကြောင်းကို ထပ်ပြောချင်ပါတယ်” ဟု နီယက်တိုက ကြာသာပတေးနေ့တွင် ၎င်း၏ Twitter စာမျက်နှာ၌ ရေးသားဖော်ပြခဲ့သည်။

    ဒေါ်နယ်ထရမ့်က မက္ကဆီကိုအနေဖြင့် နယ်စပ်တံတိုင်းအတွက် အကုန်အကျမခံချင်ပါက ၀ါရှန်တန်သို့ လာရောက်ရန် စီစဉ်ထားမှုကို ပယ်ဖျက်ခြင်းက ပိုကောင်းမည်ဟု ပြောကြားခဲ့ပြီးနောက်ပိုင်း နီယက်တို၏ ယခုဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

    အဆိုပါ တံတိုင်းကာမှုအား မည်သူက အကုန်အကျခံရမည်ဆိုသည်နှင့် ပတ်သက်၍ ငြင်းခုံမှုများ ပေါ်ထွက်နေပြီး ထရမ့်က ၎င်း၏ မဲဆွယ်မှုအတွင်း မက္ကဆီကိုက ထိုကိစ္စအတွက် အကုန်အကျခံရမည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း မက္ကဆီကိုက လက်မခံခဲ့ပေ။

    ကြာသာပတေးနေ့ အိမ်ဖြူတော်၏ ထုတ်ပြန်မှုတွင် ထရမ့်မှာ တံတိုင်းအတွက် အကုန်အကျခံနိုင်ရန် မက္ကဆီကိုမှ တင်သွင်းလာသော ကုန်ပစ္စည်းများကို ၂၀ ရာခိုင်နှုန်း အခွန်ကောက်ချင်နေသည်ဟု ဖော်ပြထားသည်။

    Reef : Aljazeera

  • ဒေါ်နယ်ထရမ့်ကြောင့် ကမ္ဘာပျက်မည့်အချိန် ပိုနီးလာသည်ဟု သိပ္ပံပညာရှင်များပြော

    ဒေါ်နယ်ထရမ့်ကြောင့် ကမ္ဘာပျက်မည့်အချိန် ပိုနီးလာသည်ဟု သိပ္ပံပညာရှင်များပြော

    ဇန်န၀ါရီ ၂၇၊ ၂၀၁၇
    M-Media

    – အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ စကားများ၊ လုပ်ရပ်များကြောင့် ကမ္ဘာ့ပျက်မည့်အချိန်မှာ ပို၍ နီးလာခဲ့ပြီဟု ကမ္ဘာကြီး၏ လုံခြုံရေးကို နှစ်ပေါင်း ၇၀ ခန့် လေ့လာခဲ့သည့် သိပ္ပံပညာရှင်များအဖွဲ့ Bulletin of the Atomic Scientists က ပြောကြားလိုက်သည်။

    ထိုအဖွဲ့မှာ ‘ကမ္ဘာပျက်မည့် နာရီ’ (Doomsday Clock) တွင် စက္ကန့် ၃၀ ရှေ့တိုးခဲ့ပြီး လက်ရှိ ကမ္ဘာပျက်ရန်အချိန်မှာ ၂ မိနစ်ခွဲသာ လိုတော့သည်ဟု ဆိုသည်။ ထိုကဲ့သို့ ရှေ့တိုးရခြင်းအတွက် အကြောင်းအရင်းများစွာ ရှိနေပြီး ထရမ့်က နျူလက်နက်အင်အား ပိုမိုဖြည့်တင်းလိုမှု၊ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သဘောတူညီချက်ကို ငြင်းဆန်မှုတို့က အဓိကအကြောင်းအရင်း ဖြစ်နေသည်။

    “အာဏာ အခုမှ စရတာဖြစ်ပေမယ့် သမ္မတရဲ့ စည်းမစောင့်တဲ့ ထုတ်ပြန်ချက်တွေ၊ ကျွမ်းကျင်သူတွေထံက အကြံမယူတာတွေ၊ မေးခွန်းထုတ်စရာကောင်းတဲ့ ရာထူးခန့်အပ်မှုတွေဟာ သိပ်မကောင်းတဲ့ နိုင်ငံတကာလုံခြုံရးကို ပိုပြီး ဆိုးဝါးစေပါတယ်” ဟု သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။

    ထရမ့်အပြင် Bulletin of the Atomic Scientists အဖွဲ့က ထည့်သွင်းတွက်ချက်ခဲ့သော အခြား အကြောင်းအရင်းများတွင် ကမ္ဘာ့နျူလက်နက် ၉၀ ရာခိုင်နှုန်းကျော်ပိုင်ဆိုင်သာ အမေရိကန်နှင့် ရုရှားတို့အကြား ဆက်ဆံရေး တင်းမာမှု၊ မြောက်ကိုရီးယား၏ မြေအောက် နျူကလီးယား စမ်းသပ်မှုလည်း ပါဝင်သည်။

    ထိုကဲ့သို့ စက္ကန့် ၃၀ ရှေ့တိုမှုနှင့်ပတ်သက်၍ အဖွဲ့မှ ထုတ်ပြန်သော ၁၈ မျက်နှာရှိသည့် ကြေငြာချက်တွင် သိပ္ပံပညာရှင်များက နိုင်ငံတကာ အသိုင်းအ၀ိုင်းမှာ ပြီးခဲ့သည့်နှစ်အတွင်း နျူးကလီးယား လက်နက်များနှင့် ရာသီဥတုပြောင်းလဲမှုကို ထိထိရောက်ရောက် ထိန်းချုပ်မှု မပြုလုပ်နိုင်ခဲ့ဟု ဖော်ပြထားသည်။

    Doomsday Clock ကို အမေရိကန်က ကမ္ဘာ့ပထမဆုံး နျူလက်နက်ထုတ်လုပ်ရေး စီမံကိန်းဖြစ်သော Manhattan Project တွင် ပါဝင်ခဲ့သည့် သိပ္ပံပညာရှင်များက ၁၉၄၇ ခုနှစ်တွင် ဖန်တီးခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် သိပ္ပံပညာရှင်များမှာ ရာသီဥတုပြောင်းလဲခြင်းက ကမ္ဘာ့ပျက်စေမည့် ထပ်တိုး ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ခဲ့သည်။

    Ref: Aljazeera

  • မက္ကဆီကိုနယ်စပ်တွင် တံတိုင်းကာရန်နှင့် အထောက်အထားမဲ့များကို ဖမ်းရန် ထရမ့် အမိန့်ထုတ်

    မက္ကဆီကိုနယ်စပ်တွင် တံတိုင်းကာရန်နှင့် အထောက်အထားမဲ့များကို ဖမ်းရန် ထရမ့် အမိန့်ထုတ်

    ဇန်န၀ါရီ ၂၆၊ ၂၀၁၇
    M-Media

    – မက္ကဆီကိုယ်နယ်စပ်တွင် တံတိုင်းကာရန်နှင့် အချို့မြို့များတွင် အထောက်အထားမရှိသော ပြောင်းရွှေ့အခြေချသူများအား လွတ်လပ်စွာနေထိုင်ခွင့်ပေးထားမှုကို ဖျက်သိမ်းရန် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်နှစ်ခုကို အမေရိကန်သမ္မတသစ် ထရမ့်က ယမန်နေ့တွင် လက်မှတ်ရေးထိုးလိုက်ပြီး ဝေဖန်မှုများလည်း မြင့်တက်လာခဲ့သည်။

    လက်မှတ်ရေးထိုးပွဲအပြီးတွင် ထရမ့်က နယ်စပ်တွင် တံတိုင်းကာမှုမှာ နှစ်နိုင်ငံစလုံး၏ လုံခြုံရေးအတွက် ဖြစ်သည်ဟု ပြောကြားခဲ့ပြီး၊ ယခုအချိန်မှစတင်၍ အမေရိကန်မှာ မိမိတို့၏ နယ်စပ်များကို ထိန်းချုပ်သွားမည်ဟု ဆိုသည်။

    “ဒါက မူးယစ်ဂိုဏ်းတွေကို ဖြိုခွဲဖို့၊ တရားမ၀င်လက်နက်တွေ သိမ်းဆည်းဖို့၊ အမေရိကန်ငွေကြေးတွေ မက္ကဆီကိုဘက် စီးဆင်းမှုကို တားဆီးဖို့ အကူအညီဖြစ်စေမှာပါ” ဟု ထရမ့်က ထည့်သွင်းပြောကြားခဲ့သည်။

    ဒုတိယသမ္မတ စပိုက်ဆာကလည်း အဆိုပါအမိန့်မှာ မဲဆွယ်ပွဲ ကတိကို ဖြည့်ဆည်းပေးခြင်းသာမကဘဲ၊ နယ်စပ် အမှန်တကယ်လုံခြုံရေး ပထမအဆင့်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းက မူးယစ်ဆေး၊ ရာဇ၀တ်မှု၊ တရားမ၀င် ပြောင်းရွှေ့အခြေချမှုများကို ရပ်တန့်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ယခုအမိန့်ကြောင့် နယ်စပ်တွင် လုံခြုံရးတပ်ဖွဲ့ဝင်များ တိုးမြှင့်ချထားခြင်း၊ အထောက်အထားမရှိသော ပြောင်းရွှေ့ အခြေချသူများအား ထိန်းသိမ်းထားမှု၊ နယ်နှင်ဒဏ်ပေးမှု တိုးမြှင့်ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ရန်ရှိနေသည်။

    ထရမ့်၏ ထိုလုပ်ရပ်အား လက်တင်အမေရိကနိုင်ငံများမှ ခေါင်းဆောင်များက ကန့်ကွက်ရှုတ်ချခဲ့ကြသည်။

    “ပြောင်းရွှေ့အခြေချသူတွေကို ဖိနှိပ်ချုပ်ချယ်မယ့် အဓမ္မပေါ်လစီအတွက် ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ကာကွယ်သွားပါမယ်။ လူ့အခွင့်အရေးကို တိုက်ခိုက်မှုက ကျွန်တော်တို့ ဒီထိပ်သီးအစည်းအဝေး ကျင်းပရခြင်းရဲ့ အဓိကအကြောင်းအရင်းတွေထဲက တစ်ခုဖြစ်ပါတယ်” ဟု ဒိုမီနီကန်နိုင်ငံတွင်ပြုလုပ်နေသည့် လက်တင်အမေရိကနှင့် ကာရစ်ဘီယံနိုင်ငံများအဖွဲ့ CELAC ၏ နှစ်ပတ်လည်အစည်းအဝေးကို ရောက်ရှိလာသည့် အီကွေဒေါသမ္မတ ရာဖေးလ် ကိုရီယာက ပြောကြားခဲ့သည်။

    ဒိုမီနီကန်သမ္မတ ဒါနီလို မီဒီနာကလည်း ကာကွယ်ရေးဝါဒနှင့် နယ်စပ်များအား ပိတ်ပင်ခြင်းမှာ ဆိုးရွားသည့် နောက်ဆက်တွဲများ ဖြစ်လာမည်ဖြစ်ကြောင်း၊ အတိတ်ခေတ်ကာလသို့ ပြန်သွားရန် ကြိုးပမ်းမှုအား တားဆီးရန် အရာအာလုံးကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ထရမ့်၏ ဒုတိယအမိန့်မှာ တရားမ၀င် ပြောင်းရွှေ့အခြေချသူများအား ဖမ်ဆီးခြင်းမပြုရဟု စည်းကမ်းသတ်မှတ်ထားသည့် ပြည်နယ်များနှင့် မြို့များတွင် ထိုအမိန့်ကို ပြန်လည်ရုပ်သိမ်းခြင်းဖြစ်သည်။ အဆိုပါ ဒေသအများစုကို ဒီမိုကရက်များက အုပ်ချုပ်နေသည်။

    Ref: Aljazeera