News @ M-Media
Tag: US
  • ထရမ့်နဲ့ ပူတင်တို့ရဲ့ နျူလေသေနတ်နဲ့ စိုးရိမ်မှုမြင့်တက်လာတဲ့ ကမ္ဘာကြီး
    ထရမ့်နဲ့ ပူတင်တို့ရဲ့ နျူလေသေနတ်နဲ့ စိုးရိမ်မှုမြင့်တက်လာတဲ့ ကမ္ဘာကြီး
    ဒီဇင်ဘာ ၂၃၊ ၂၀၁၆
    M-Media
    nu
    – မိမိတို့နိုင်ငံရဲ့ နျူကလီးယားလက်နက်တွေကို ပိုမိုအားကောင်းအောင် ဆောင်ရွက်သွားမယ်လို့ ရုရှားသမ္မတ ပူတင်နဲ့ လာမယ့်လမှာ အာဏာရယူမယ့် အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်တို့က ပြောကြားလိုက်ပြီး ကမ္ဘာကြီးကတော့ စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။
    ပူတင်ဟာ ယမန်နေ့မှာ ပြုလုပ်ခဲ့တဲ့ ကာကွယ်ရေးအကြီးအကဲတွေနဲ့ နှစ်ပတ်လည်တွေ့ဆုံမှုမှာ ဒီလိုပြောကြားလိုက်တာဖြစ်ပြီး ရုရှားစစ်တပ်ဟာ ဘယ်လိုရန်သူမျိုးကိုမဆို ချေမှုန်းနိုင်ပေမယ့် မိမိတို့ရဲ့ နျူကလီးယား လက်နက်ပိုင်ဆိုင်မှုကိုတော့ ပိုမိုအားကောင်းအောင် လုပ်ရမယ်လို့ ပြောကြားလိုက်တာပါ။
    ၂၀၁၇ ခုနှစ်မှာ အဓိကလုပ်ဆောင်သွားမယ့် ရည်မှန်းချက်ကလည်း နျူကလီးယားလက်နက်ပိုင်ဆိုင်မှုကို တိုးမြှင့်တာ ဖြစ်တယ်လို့လည်း ပူတင်က ဆိုပါတယ်။
    “ကျွန်တော်တို့ဟာ မဟာဗျူဟာကျတဲ့ စစ်ဖက်ရေးရာ နျူကလီးယားအင်အားကို ဖွံ့ဖြိုးအောင်လုပ်ဖို့ လိုပါတယ်။ အထူးသဖြင့် လက်ရှိ ရှိနေတဲ့၊ နောက်ထပ်ရှိလာမယ့် ဒုံးခွင်းစနစ်တွေကို သေသေချာချာ ဖောက်ထွက်နိုင်မယ့် ဒုံးပျံတွေပါ”
    အမေရိကန်သမ္မတစ် ဒေါ်နယ်ထရမ့်ကလည်း တိုင်းပြည်ရဲ့ နျူကလီးယားလက်နက် ပိုင်ဆိုင်မှုကို ချဲ့ထွင်ပြီး အားကောင်းအောင်ပြုလုပ်သွားမယ်လို့ မနေ့က Twitter စာမျက်နှာမှာ ရေးသားခဲ့ပြီး ကျန်ကမ္ဘာကြီးက နျူလက်နက်နဲ့ပတ်သက်လို့ နားလည်သဘောပေါက်လာတဲ့အချိန်အထိ ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
    ထရမ့်ရဲ့ အသွင်ကူးပြောင်းရေးအဖွဲ့ကတော့ တိုင်းပြည်ရဲ့ကာကွယ်နိုင်စွမ်း ထိရောက်နေစေဖို့အတွက် ထရမ့်ဟာ တိုင်းပြည်ရဲ့ နျူလက်နက်တွေကို အဆင့်မြှင့်တင်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    အမေရိကန်ဟာ လက်ရှိမှာ နျူထိပ်ဖူး ၇၀၀၀ လောက်ရှိနေပြီး ကမ္ဘာ့အများဆုံးဖြစ်ကာ ရုရှားကတော့ နျူထိပ်ဖူး ရာပေါင်းများစွာနဲ့ ဒုတိယလိုက်နေပါတယ်။
    အမေရိကန်ရဲ့ nuclear triad လို့ခေါ်တဲ့ နျူလက်နက်သုံးမျိုး (ရေငုပ်သင်္ဘောမှ ပစ်နိုင်သည့် တိုက်ချင်းပစ် နျူလက်နက်၊ ဗုံးကြဲလေယာဉ်ဖြင့် ကြဲနိုင်သည့် နျူလက်နက်၊ မြေပြင်ပစ် နျူလက်နက်) တွေဟာ လာမယ့် ၁၀ စုနှစ်တစ်ခုအတွင်းမှာ အသက်ဝင်မှု ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။
    ဒါ့ကြောင့် အမေရိကန်အနေနဲ့ နျူလက်နက်တွေကို အဆင့်မြှင့်တင်ဖို့ နှစ်ပေါင်း ၃၀ အတွင်း ကန်ဒေါ်လာ ၁ ထရီလီယံလောက် ကုန်ကျမှာပါ။
    ၂၀၀၉ ခုနှစ် ချက်နိုင်ငံ ပရေ့ဂ်မြို့မှာ အမေရိကန်သမ္မတ ဘာရက်အိုဘားမားက နျူလက်နက်တွေ လုံးဝ ဖျက်သိမ်းဖို့ ပြောခဲ့တဲ့ စကားနဲ့ဆိုရင်တော့ ထရမ့်ရဲ့ ရည်ရွယ်ချက်ဟာ လုံးဝ ဆန့်ကျင်ဖက် ဖြစ်နေပါတယ်။
    “ဒီလို တာသွားတဲ့ကြေငြာချက်မျိုးကို ဘာရှင်းပြမှုမှမရှိဘဲ ပြောတာဟာ သိပ်ကို တာဝန်မဲ့ရာကျလွန်းတယ်ရှင့်။ နျူကလီးယားကပ်ဆိုးကြီး တကယ်ဖြစ်လာနိုင်တဲ့ စစ်အေးခတ်အကြောင်းကို ကျွန်မတို့ ပြောနေရမှလား။ ရုရှားရဲ့ ပြောဆိုမှုကလည်း ဒီလမ်းကြောင်းခင်းနေတာမျိုးပါ။ စစ်အေးခေတ်ပြန်ရောက်ဖို့ သိပ်မကြာတော့ဘူး”
    ထရမ့်ဟာ ဗုဒ္ဓဟူးနေ့က ပင်တဂွန်အကြီးအကဲတွေနဲ့ တွေ့ခဲ့သလို နိုင်ငံရဲ့အကြီးဆုံး ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းတွေဖြစ်တဲ့ Lockheed Martin Corp၊ Boeing Co တို့နဲ့လည်း တွေ့ခဲ့ပါသေးတယ်။
    စိုးရိမ်မှုမြင့်တက်
    အမေရိကန်ဟာ ၂၀၁၁ ခုနှစ်က ရုရှားနဲ့ New START ဆိုတဲ့ သဘောတူညီချက်တစ်ခုကို ရရှိထားပြီး၊ အမေရိကန်ရဲ့ မဟာဗျူဟာကျ လက်နက်တွေနဲ့ တပ်ဖြန့်ချထားမှုတွေကို ကန့်သတ်ထားတဲ့ သဘောတူညီချက်ဖြစ်ပါတယ်။
    ထရမ့်ရဲ့ မနေ့ကမှတ်ချက်ဟာ ဒီသဘောတူညီချက်ကို ချိုးဖောက်ချင်တာလား၊ ဒါမှမဟုတ် တပ်ဖြန့်မချထားတဲ့ လက်နက်တွေကို ချဲ့ထွင်ချင်နေတာလားဆိုပြီး ကျွမ်းကျင်သူတွေကတော့ မေးခွန်းတွေ ထုတ်ထားပါတယ်။
    အမေရိကန်ဟာ နျူကလီးယားလက်နက် မပြန့်ပွားရး စာချုပ်အရ နျူလက်နက်တွကို ပိုင်ဆိုင်ခွင့်ရှိနေတဲ့ ၅ နိုင်ငံထဲက တစ်နိုင်ငံဖြစ်ပြီး ကျန်တဲ့ ၄ နိုင်ငံကတော့ ရုရှား၊ ဗြိတိန်၊ ပြင်သစ်နဲ့ တရုတ်တို့ ဖြစ်ပါတယ်။
    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ဟွာ ချန်ယင်းက တရုတ်အစိုးရအနေနဲ့ ထရမ့်အစိုးရသစ်ရဲ့ နျူပေါ်လစီကို စောင့်ကြည့်နေပြီး မိမိတို့ကတော့ နျူကလီးယာလက်နက် ဖျက်သိမ်းရေးမူကို စွဲကိုင်ထားတယ်လို့ ဆိုပါတယ်။
    “နျူလက်နက်အများဆုံးရှိတဲ့ နိုင်ငံတွေက နောက်ဆုံးမှာ နျူလက်နက်တွေ လုံးဝ ဖျက်သိမ်းရေး၊ နျူလက်နက် သိသိသာသာလျှော့ချရေး ဦးဆောင်ဖို့ အဓိကတာဝန်ရှိပါတယ်”
    Ref: Aljazeera, CNA
  • သိမ်းထားသည့် အမေရိကန်ရေအောက်ဒရုန်းကို တရုတ်ပြန်ပေး
    သိမ်းထားသည့် အမေရိကန်ရေအောက်ဒရုန်းကို တရုတ်ပြန်ပေး
    ဒီဇင်ဘာ ၂၀၊ ၂၀၁၆
    M-Media
    drone-2
    တရုတ်က သိမ်းဆည်းခဲ့သည့် အမေရိကန် ရေအောက်ဒရုန်း
    – ပြီးခဲ့သည့်တစ်ပတ်က တောင်တရုတ်ပင်လယ်အတွင်း ဖမ်းဆီးခဲ့သည့် အမေရိကန် ရေအောက်ဒရုန်းတစ်စင်းကို တရုတ်က ပြန်လည်ပေးအပ်လိုက်သည်ဟု တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
    အမေရိကန် ရေတပ်ပိုင်ဖြစ်ပြီး ‘ရေတပ် ဂလိုက်ဒါ’ ဟု အမည်ပေးထားသည့် အဆိုပါ ရေအောက်ဒရုန်းကို ဆူဘစ်ပယ်လယ်အော်ရှိ နိုင်ငံတကာရေပိုင်နက်တွင် အမေရိကန်သမုဒ္ဒရာဗေဒသင်္ဘောက စေလွှတ်ထားစဉ် တရုတ်က သိမ်းဆည်းခဲ့ခြင်းဖြစ်သည်။
    အမေရိကန်ကမူ အဆိုပါဒရုန်းကို ရေအောက်လမ်းကြောင်းများ သတ်မှတ်ရာတွင် အကူအညီဖြစ်စေရန်အတွက် ရေ၏ ဆားပါဝင်မှုနှင့် အပူချိန်တို့ကို တိုင်းတာရန် အသုံးပြုခြင်းဖြစ်သည်ဟု ပြောကြားခဲ့ပြီး တရုတ်၏ ထိုသိမ်းဆည်းမှုကိုလည်း ကန့်ကွက်ရှုတ်ချခဲ့သည်။
    တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက အဆိုပါဒရုန်းကို ပြန်ပေးခဲ့ကြောင်း ၎င်း၏ ၀ဘ်ဆိုက်တွင် ယနေ့မနက်ပိုင်းက လွှင့်တင်ခဲ့ပြီး၊ နှစ်ဖက် ရင်းနှီးဖော်ရွေစွာ ဆွေးနွေးခဲ့ပြီးနောက်ပိုင်း လက်လွှဲမှုမှာ ချော့မွေ့စွာ ပြီးဆုံးခဲ့သည်ဟု ဖော်ပြထားသည်။
    အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်မှ ယမန်နေ့ညပိုင်းတွင် ထုတ်ပြန်သည့် ကြငြာချက်တွင် သတင်းထုတ်ပြန်ရေးတာဝန်ရှိသူ ပီတာကွတ်ကမူ အဆိုပါဒရုန်းကို ဖမ်းဆီးထားသည့်နေရာ မလှမ်းမကမ်းတွင် တရုတ်ရေတပ်သင်္ဘောက ပြန်လည်ပေးအပ်ခဲ့သည်ဟု ပြောကြားခဲ့သည်။
    တရုတ်ကမူ အဆိုပါ ဒရုန်းမှာ အခြားသော သင်္ဘောများ၏ ဘေးအန္တရာယ်ကင်းရှင်းရေးကို ထိခိုက်စေမည့်ပုံရသောကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
    Ref : Aljazeera
  • ပါလက်စတိုင်းကျူးကျော်ရေး စိတ်ဓာတ်ရှိသူကို အစ္စရေးသံအမတ်အဖြစ် ထရမ့် အဆိုပြု
    ပါလက်စတိုင်းကျူးကျော်ရေး စိတ်ဓာတ်ရှိသူကို အစ္စရေးသံအမတ်အဖြစ် ထရမ့် အဆိုပြု
    ဒီဇင်ဘာ ၁၇၊ ၂၀၁၆
    M-Media
    david
    အစ္စရေးသံအမတ်အဖြစ် ထရမ့်က အဆိုပြုထားသည့် ဒေးဗစ်ဖရိဒ်မန်း
    – ပါလက်စတိုင်းပိုင်နက်များတွင် တရားမ၀င် ကျူးကျော်အိမ်ယာများ ဆောက်လုပ်ကာ နယ်မြေ ကျူးကျော်သိမ်းပိုက်နေသော အစ္စရေး၏လုပ်ရပ်ကို ထောက်ခံသည့် လက်ယာနိုင်ငံရေးသမားတစ်ဦးကို အစ္စရေးဆိုင်ရာ အမရိကန်သံအမတ်အဖြစ် ဒေါ်နယ်ထရမ့်က အဆိုပြုလိုက်သည်ဟု သိရသည်။
    ဒေးဗစ် ဖရိဒ်မန်းဆိုသူဖြစ်ပြီး သံတမန်အတွေ့အကြုံ လုံးဝမရှိဘဲ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းနှင့် အရှေ့ဂျေရုစလင်တို့တွင် အစ္စရေးက ဂျူးအခြေချအိမ်ယာများ ဆောက်လုပ်မှုကို ထောက်ခံသူလည်းဖြစ်သည်။ အဆိုပါအိမ်ယာများမှာ နိုင်ငံတကာဥပဒေအရ တရားမ၀င်သောကြောင့် နိုင်ငံတကာအသိုင်းအ၀ိုင်းက ကန့်ကွက်မှုများ ပြုလုပ်ထားသည်။
    အနောက်ဖက်ကမ်းရှိ အစ္စရေး၏ အဆိုပါ တရားမ၀င်အိမ်ယာများတွင် နေထိုင်သူအရေအတွက်မှာ လက်ရှိတွင် ၅ သိန်း ၃ သောင်းကျော် ရှိနေသည်။
    ကြာသာပတေးနေ့တွင် ထရမ့်၏ ထိုကြေငြာချက် ထွက်လာပြီးနောက်ပိုင်း ဖရိဒ်မန်းမှာ ၁၉၆၇ ခုနှစ်ကတည်းက နိုင်ငံတကာအသိုင်းအ၀ိုင်းက ပါလက်စတိုင်းပိုင်နက်အဖြစ် သတ်မှတ်ပေးထားသော အရှေ့ဂျေရုစလင်တွင် အစ္စရေးဆိုင်ရာ အမေရိကန်သံရုံ ပြောင်းရွှေ့အခြေစိုက်ရန် ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သောကြောင့် နိုင်ငံတကာက စိုးရိမ်မှုများ မြင့်တက်လာသည်။
    လက်ရှိတွင် အမေရိကန်သံရုံးမှာ တဲလ်အဗီးတွင် ရှိနေသည်။
    ရာမာလာအခြေစိုက် ပါလက်စတိုင်းအာဏာပိုင်အဖွဲ့မှာ ၎င်းတို့၏ အနာဂတ် ပါလက်စတိုင်းနိုင်ငံတော်ကို အရှေ့ဂျေရုစလင်အပါအ၀င် အနောက်ဖက်ကမ်းတွင် တည်ထောင်ရန် မျှော်လင့်ထားပြီး၊ အစ္စရေးက အရှေ့ဂျေရုစလင်အား ပိုင်ဆိုင်ရန် ကြိုးပမ်းမှုကို ဥရောပနှင့် အာရပ်နိုင်ငံအများစုက ကန့်ကွက်ထားသည်။
    ထရမ့်ကမူ ဖရိဒ်မန်းမှာ အမေရိကန်နှင့် အစ္စရေးအကြား ‘ထူးခြားသော ဆက်ဆံရေးကို ထိန်းသိမ်းထားမည်’ ဟု ပြောကြားခဲ့သည်။ ထရမ့်၏ ထိုအဆိုပြုမှုကို လွှတ်တော်က မဲခွဲဆုံးဖြတ်မည်ဖြစ်သည်။
    Ref : Aljazeera
  • အမေရိကန်၏ ရေအောက်ဒရုန်းတစ်ခုကို တရုတ်သိမ်းဆည်း
    အမေရိကန်၏ ရေအောက်ဒရုန်းတစ်ခုကို တရုတ်သိမ်းဆည်း
    ဒီဇင်ဘာ ၁၇၊ ၂၀၁၆
    M-Media
    drone
    – တောင်တရုတ်ပင်လယ် နိုင်ငံတကာရေပိုင်နက်ရှိ အမေရိကန်၏ သမုဒ္ဒရာဗေဒ သင်္ဘောမှ စေလွှတ်လိုက်သော ရေအောက် ဒရုန်းတစ်စင်းကို တရုတ်ရေတပ်သင်္ဘောက သိမ်းဆည်းလိုက်သည်ဟု သိရသည်။
    ကြာသာပတေးနေ့က သိမ်းဆည်းလိုက်ခြင်းဖြစ်ပြီး မိမိတို့ကလည်း သံတမန်နည်းလမ်းဖြင့် ထိုလုပ်ရပ်ကို ဆန့်ကျင်ကြောင်း ပြောကြားခဲ့ကာ အဆိုပါဒရုန်းကိုလည်း ပြန်တောင်းခဲ့သည်ဟု ကန်ကာကွယ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
    ‘ရေအောက် ဂလိုက်ဒါ’ ဟုခေါ်သည့် အဆိုပါဒရုန်းမှာ ရေအောက်လမ်းကြောင်း ရှာဖွေသတ်မှတ်ရာတွင် အကူအညီဖြစ်စေရန်အတွက် ရေ၏ ဆားပါဝင်မှုနှင့် အပူချိန်တို့ကို တိုင်းတာရန်ဖြစ်ပြီး တောင်တရုတ်ပင်လယ်ရှိ ဆူဘစ်ပင်လယ်အော်မှ ၅၀ မီတာအကွာ နိုင်ငံတကာရေပိုင်နက်တွင် တရုတ်က သိမ်းယူခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။
    တရုတ်စစ်တပ်၏ သင်္ဘောမှာ သင်္ဘောငယ်တစ်စင်းကို ရေထဲသို့လွှတ်၍ ကန် သမုဒ္ဒရာဗေဒသင်္ဘော USNS Bowditch က ပြန်လည် ယူဆောင်ရန် ဆောင်ရွက်နေသော ရေအောက်ဒရုန်းနှစ်ခုမှ တစ်ခုကို သိမ်းဆည်းခဲ့ခြင်းဖြစ်သည်။ အမေရိကန်ကမူ အဆိုပါဒရုန်းအား ပြန်ပေးရန် ရေဒီယိုမှတစ်ဆင့် တောင်းဆိုခဲ့သော်လည်း တရုတ်က လစ်လျူရှုခဲ့သည်ဟု ဆိုသည်။
    တရုတ်မှာ တောင်တရုတ်ပင်လယ်ရှိ ၎င်းတို့၏ ကျွန်းတုများတွင် လေကြောင်းကာကွယ်ရေး လက်နက်များ တပ်ဆင်ထားသည်ဟု အမေရိကန် တတ်သိပညာရှင်များအဖွဲ့က ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပြောကြားခဲ့ပြီး တင်းမာမှု မြင့်တက်နေစဉ် ယခုအဖြစ်အပျက် ဖြစ်လာခြင်းဖြစ်သည်။
    တောင်တရုတ်ပင်လယ်တွင် အမေရိကန်က ၎င်းတို့၏လေယာဉ်များ၊ သင်္ဘောများဖြင့် လေ့ကျင့်မှုများ၊ ကင်းလှည့်မှုများ ပြုလုပ်နေပြီး လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်အောက်တွင် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ပြောကြားထားသည်။
    Ref: Aljazeera
  • ခရစ်ယာန်ဘုရားကျောင်းကို ၀င်ပစ်သည့် ကန်အမျိုးသားရေးဝါဒီ သေဒဏ်ကျခံရဖွယ် ရှိနေ
    ခရစ်ယာန်ဘုရားကျောင်းကို ၀င်ပစ်သည့် ကန်အမျိုးသားရေးဝါဒီ သေဒဏ်ကျခံရဖွယ် ရှိနေ
    ဒီဇင်ဘာ ၁၆၊ ၂၀၁၆
    M-Media
    dylann
    ချာလ်စတန် ခရစ်ယာန်ဘုရားကျောင်းကို တိုက်ခိုက်ခဲ့သည့် လူဖြူအမျိုးသားရေးအစွန်းရောက် ဒိုင်လန် ရုဖ်
    – ပြီးခဲ့သည့်နှစ်က တောင်ကယ်ရိုလိုင်းနားပြည်နယ် ချာလ်စတန်မြို့ရှိ သမိုင်းဝင် ခရစ်ယာန်ဘုရားကျောင်းတွင် အာဖရိကန်-အမေရိကန် ၉ ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့သူ လူဖြူအမျိုးသားရေးအစွန်းရောက် ဒိုင်လန် ရုဖ်မှာ အပြစ်ရှိကြောင်း တွေ့ရှိရသည်ဟု တရားရုံးက ဆုံးဖြတ်ခဲ့ပြီး သေဒဏ်ချခံရမည့် အခြေအနေ ရှိနေသည်။
    ချာလ်စတန်တရားရုံးက ယမန်နေ့တွင် ၂ နာရီကြာ ကြားနာပြီးနောက် အသက် ၂၂ နှစ်အရွယ် ရုဖ်ကို အသက်သေဆုံးစေခဲ့သည့် အမုန်းရာဇ၀တ်မှုအပါအ၀င် စွဲချက်ပေါင်း ၃၃ ခုအတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
    ချာလ်စတန်ရှိ Mother Emanuel ဟုသိကြသည့် မက်သဒစ် ခရစ်ယာန်ဘုရားကျောင်းမှ သမ္မာကျမ်းစာ လေ့လာမှုအတန်းကို ရုဖ်၏ ၀င်ရောက်ပစ်ခတ်မှုမှာ အမေရိကန်တစ်နိုင်ငံလုံးကို တုန်လှုပ်သွားစေခဲ့ပြီး လူမျိုးရေးခွဲခြားမှုနှင့် သေနတ်ကိုင်ဆောင်ခွင့်တို့အတွက် ဝေဖန်အပြစ်တင်မှုများ ကျယ်ကျယ်လောင်လောင် ပေါ်ထွက်လာခဲ့သည်။
    “အဲဒီသူတွေဟာ တိရစ္ဆာန်ထက်မပိုဘူးလို့ သူက ယုံကြည်တာကြောင့် ဒီလို ပစ်သတ်ခဲ့တာပါ။ ဘုရားကျောင်းထဲက သူ့ရဲ့လုပ်ရပ်တွေဟာ သူ့ရဲ့ အမုန်းမီးတောက်လောင်မှုကို ရောင်ပြန်ဟပ်နေပါတယ်” ဟု တရားလိုရှေ့နေ နသ်ဟန် ၀ီလီယံက ပြောကြားခဲ့သည်။
    ယခုကဲ့သို့ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရပြီးနောက် နောက်ဆုံးပြစ်ဒဏ်ကို ဇန်န၀ါရီ ၃ ရက်နေ့တွင် ချမှတ်မည်ဖြစ်ပြီး တရားလိုရှေ့နေကမူ သေဒဏ်ချမှတ်ရန် တောင်းဆိုသွားမည်ဟု ပြောကြားခဲ့သည်။
    ရုဖ်က ၂၀၁၅ ခုနှစ် ဇွန်လ ၁၇ ရက်နေ့ ၎င်း၏ ထိုတိုက်ခိုက်မှုမှာ လူမည်းများက လူဖြူများအပေါ် ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများအတွက် လက်စားချေခြင်းဖြစ်သည်ဟု ပြီးခဲ့သည့်တစ်ပတ်တွင် ဗီဒီယိုဖြင့် တရားရုံးတွင် ထွက်ဆိုခဲ့သည်။
    တရားခံရှေ့နေ ဒေးဗစ် ဘရက်ကမူ ၎င်း၏အမှုသည်မှာ စိတ်ရောဂါရှိသည်ဟု လျှောက်လဲချက်နောက်ဆုံးတွင် အရိပ်အမြွက် ထည့်သွင်းပြောကြားခဲ့ပြီး လူမျိုးရေးခွဲခြားမှု သဘောထားရှိသည့် မိသားစုတွင် ကြီးပြင်းလာခြင်းမဟုတ်ကြောင်း၊ လူဖြူအမျိုးသားရေး အစွန်းရောက်များနှင့် ဆက်သွယ်မှုမရှိကြောင်း၊ လူမျိုးရေးခွဲခြားမှု အစွန်းရောက်စိတ်ဓာတ်များမှာ အင်တာနက်မှတစ်ဆင့် ၀င်ရောက်လာခြင်းဖြစ်ကြောင်း ခုခံချေပခဲ့သည်။
    Ref: Aljazeera