News @ M-Media
Tag: US
  • တရားမ၀င်နေထိုင်သူများအား နှင်ထုတ်မည့်အစီအစဉ်ကို ကန်တက္ကသိုလ်များ ဆန့်ကျင်မည်
    တရားမ၀င်နေထိုင်သူများအား နှင်ထုတ်မည့်အစီအစဉ်ကို ကန်တက္ကသိုလ်များ ဆန့်ကျင်မည်
    ဒီဇင်ဘာ ၄၊ ၂၀၁၆
    M-Media
    columbi
    နယူးယောက်ရှိ ကိုလံဘီယာ တက္ကသိုလ်
    – ထရမ့်အစိုးရသစ်လက်ထက်တွင် နှင်ထုတ်ခံရနိုင်သည့် အထောက်အထားမဲ့ ပြောင်းရွှေ့အခြေချ ကျောင်းသားများအား ခိုလှုံခွင့်ပေးရန်အတွက် အမေရိကန်ရှိ တက္ကသိုလ်နှင့် ကောလိပ်များက စဉ်းစားနေသည်ဟု သိရသည်။
    မက္ကဆီကန်များ အများအပြားနေထိုင်သည့် နယူးမက္ကဆီကိုပြည်နယ်မှ ကောလိပ်တာဝန်ရှိသူများမှာ နိုင်ငံအတွင်း တရားမ၀င်နေထိုင်ကာ ကျောင်းတက်နေရသည့် ကျောင်းသားများ ဆက်လက်ပညာသင်ယူနိုင်ရေး အာမခံချက်ပေးနိုင်ရန်အတွက် ညှိနှိုင်းမှု ပြုလုပ်သည်။
    ကယ်လီဖိုးနီးယား၊ ဂျော်ဂျီယာ၊ အီလီနွိုက်စ်၊ မင်နီဆိုတာ၊ တက္ကဆက်ပြည်နယ်မှ တက်ကြွလှုပ်ရှားသူများကလည်း အဆိုပါ ပြောင်းရွှေ့အခြေချ ကျောင်းသားများအား ခိုလှုံခွင့်ပေးရန် ပြည်နယ်ပိုင်နှင့် ပုဂ္ဂလိကပိုင် တက္ကသိုလ်များကို ဖိအားပေးနေသည်။
    အီလီနွိုက်စ် တက္ကသိုလ်မှ ကျောင်းသားများနှင့် ပါမောက္ခများကမူ ၎င်းတို့တက္ကသိုလ်အား အထောက်အထားမဲ့ ကျောင်းသားများအတွက် ခိုလှုံရာနေရာအဖြစ် ပြုလုပ်ပေးရေး အသနားခံစာများကို ဖြန့်ဝေနေပြီး ချီကာဂိုမှ အုပ်စုတစ်ခုက လက်မှတ်ပေါင်း ၁၇၀၀ ရရှိခဲ့ကာ တက္ကသိုလ်တာဝန်ရှိသူများထံ ပေးပို့ခဲ့သည်။
    နီးဗားဒါးပြည်နယ်ရှိ ပညာရေး ပရဟိတအသင်းကလည်း ပြည်နယ်အတွင်းရှိ တက္ကသိုလ်များ ခိုလှုံရာနေရာအဖြစ် ကြေငြာရန် တိုက်တွန်းအားပေးနေသည်။
    ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံအတွင်း တရားမ၀င်နေထိုင်ကာ ကျောင်းတက်နေသည့် ပြောင်းရွှေ့အခြေချသူများအား ယာယီနေထိုင်ခွင့် ပေးထားသည့် ဥပဒေကဲ့သို့ အာဏာတည်သော သမ္မတအမိန့်ကို ပယ်ဖျက်မည်ဟု ကတိပြုထားပြီး၊ တရားမ၀င်နေထိုင်သူများကို နှင်ထုတ်ကာ၊ ၎င်းတို့ကို ထောက်ပံ့ပေးထားသည့် နိုင်ငံတော် ဘက်ဂျက်များကိုလည်း ဖြတ်တောက်ပစ်မည်ဟု ပြောဆိုထားသည်။
    သို့သော်လည်း တက္ကသိုလ်များက ခိုလှုံခွင့် ပေးထားမှုအတွက် မည်သည့် ပြောကြားမှုမှ မရှိခဲ့ပေ။
    နယူးယောက်ရှိ ကိုလံဘီယာ တက္ကသိုလ်ကလည်း ၎င်းတို့အနေဖြင့် ပြောင်းရွှေ့အခြေချသူ ကျောင်းသာများအတွက် ခိုလှုံခွင့်နှင့် ဘဏ္ဍာရေးထောက်ပံ့မှုများ ပေးသွားမည်ဟု မကြာသေးမီက ကြေငြာခဲ့သည်။
    Ref: Aljazeera
  • တစ်နာရီလုပ်ခ ၁၅ ဒေါ်လာရရှိရေး အမေရိကန်ပြည်သူများ အကြီးအကျယ် ဆန္ဒပြ
    တစ်နာရီလုပ်ခ ၁၅ ဒေါ်လာရရှိရေး အမေရိကန်ပြည်သူများ အကြီးအကျယ် ဆန္ဒပြ
    နိုဝင်ဘာ ၃၀၊ ၂၀၁၆
    M-Media
    wage
    – အနိမ့်ဆုံးလစာ တိုးမြှင့်ပေးရေးနှင့် အလုပ်သမားသမဂ္ဂ အခွင့်အရေးများ ပိုမိုရရှိရေးအတွက် အမေရိကန်ပြည်ထောင်စုတစ်ဝှမ်းတွင် ယမန်နေ့က လူထောင်သောင်းချီ ဆန္ဒပြခဲ့ပြီး ရဲတပ်ဖွဲ့က လူရာချီ ဖမ်းဆီးခဲ့သည်ဟု သိရသည်။
    Fight for $15 အမည်ဖြင့် ပြုလုပ်သည့် အဆိုပါဆန္ဒပြမှုမှာ အမေရိကန်အခြေစိုက် နိုင်ငံတကာလှုပ်ရှားမှုဖြစ်ပြီး လစာနည်းသူများအတွက် တစ်နာရီလျှင် အနိမ့်ဆုံးလုပ်ခ ၁၅ ဒေါ်လာရရှိရေး တောင်းဆိုခြင်းဖြစ်သည်။ အမေရိကန်ပြည်သူများမှာ ယမန်နေ့တွင် မြို့ကြီးများဖြစ်သော နယူးယောက်၊ ချီကာဂိုနှင့် လော့စ်အိန်ဂျလိစ်တို့အပါအ၀င် နိုင်ငံတစ်ဝှမ်း ရာနှင့်ချီသောမြို့များ၌ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
    အဆိုပါတောင်းဆိုမှုကို ၂၀၁၂ ခုနှစ်ကတည်းက စတင်ခဲ့သော်လည်း ယခုလှုပ်ရှားမှုမှာ အကြီးကျယ်ဆုံးဖြစ်သည်။ လှုပ်ရှားသူများမှာ မြို့ကြီးပေါင်း ၃၄၀ နှင့် လေဆိပ်ပေါင်း ၂၀ တို့တွင် ဆန္ဒပြမှုပြုလုပ်ရန် စီစဉ်ခဲ့ကြသည်။ ယမန်နေ့ ဆန္ဒပြမှုတွင် လေကြောင်း၊ စားသောက်ဆိုင်၊ ကျန်းမာရေးလုပ်ငန်း၊ တက္ကသိုလ်နှင့် ကောလိပ်မှ ၀န်ထမ်းများအပါအ၀င် အလုပ်သမားများစွ ပါဝင်ခဲ့သည်။
    ရဲတပ်ဖွဲ့က ဆန္ဒပြသူအချို့ကို ဖမ်းဆီးခဲ့ပြီး ထိုအထဲတွင် ယခုလအစောပိုင်းက ရွေးကောက်ပွဲ၌ ရွေးကောက်တင်မြှောက်ခံထားရသူ ၄ ဦး ပါဝင်ခဲ့သည်။
    Ref: Aljazeera
  • မဲပြန်ရေလည်း ရလဒ်မပြောင်းဟု ထရမ့်ပြော
    မဲပြန်ရေလည်း ရလဒ်မပြောင်းဟု ထရမ့်ပြော
    နိုဝင်ဘာ ၂၈၊ ၂၀၁၆
    M-Media
    trump
    – နိုဝင်ဘာ ၈ ရက်နေ့က ပြုလုပ်ခဲ့သည့် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် အဓိကပြည်နယ် ၃ ခု၏ ရလဒ်များကို ပြန်လည်ရေတွက်ရန်အတွက် ကြိုးစားမှုတွင် ဟီလာရီကလင်တန် ပါဝင်လာခြင်းကို ရွေးချယ်ခံသမ္မတ ဒေါ်နယ်ထရမ့်က ဝေဖန်လိုက်ပြီး ‘မည်သည့်ပြောင်းလဲမှုမှ ရှိမည်မဟုတ်’ ဟု ပြောကြားခဲ့သည်။
    တနင်္ဂနွေနေ့မနက်ပိုင်းက Twitter စာမျက်နှာ၌ ရေးသားမှုတွင် ထရမ့်က ၎င်း၏ ဒီမိုကရက်တစ်ပြိုင်ဘက် ဟီလာရီ ကလင်တန်မှာ နိုဝင်ဘာ ၉ ရက်နေ့ မနက်ပိုင်းက ၎င်း အောင်ပွဲခံမိန့်ခွန်းမပြောမီတွင် ရွေးကောက်ပွဲရှုံးနိမ့်ကြောင့် ဖုန်းဆက်ပြောကြားခဲ့သည်ဟု ရေးသားခဲ့သည်။
    “အချိန်တွေ၊ ငွေတွေ ကုန်တာပဲ အဖတ်တင်လိမ့်မယ်ဗျ။ ရလဒ်က ပြောင်းမှာမဟုတ်ဘူး။ ၀မ်းနည်းဖို့ ကောင်းလိုက်တာ” ဟုလည်း ထည့်သွင်းရေးသားခဲ့ပြီး ‘ဒေါ်နယ်ထရမ့်ဟာ ကျွန်မတို့ရဲ့သမ္မတ ဖြစ်တော့မှာပါ’ ဟု ကလင်တန်က ၎င်းအား ထောက်ခံသူများကို ပြောကြားခဲ့သည့် ဗီဒီယို အစိတ်အပိုင်းတစ်ခုကိုလည်း ထိုစာသားနှင့်အတူ ထရမ့်က လွှင့်တင်ခဲ့သည်။
    Green ပါတီမှ သမ္မတလောင်း ဂျီလ် စတိုင်း၏ တောင်းဆိုမှုကြောင့် ၀စ်ကွန်ဆင်ပြည်နယ်တွယ် မဲပြန်လည်ရေတွက်မှုကို စတင်ပြုလုပ်နေပြီး မီချီဂန်နှင့် ပင်ဆဲလ်ဗားနီးယား ပြည်နယ်တို့တွင်လည်း ပြန်လည်ရေတွက်မှုများ ဖြစ်လာနိုင်သည်။
    ကလင်တန်၏ မဲဆွယ်ရေးအဖွဲ့ကမူ အဆိုပါ မဲပြန်ရေတွက်မှုတွင် ပူးပေါင်းပါဝင်သွားမည်ဟု ယမန်နေ့က ပြောကြားခဲ့သည်။
    Ref: Aljazeera
  • ထရမ့်နိုင်ခဲ့သည့် ၀စ်ကွန်ဆင်ပြည်နယ်မှ မဲကို ပြန်ရေမည်
    ထရမ့်နိုင်ခဲ့သည့် ၀စ်ကွန်ဆင်ပြည်နယ်မှ မဲကို ပြန်ရေမည်
    နိုဝင်ဘာ ၂၅၊ ၂၀၁၆
    M-Media
    trump
    – ယခုလအစောပိုင်းက ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့်က ပွတ်ကာသီကာ အနိုင်ရခဲ့သည့် ၀စ်ကွန်ဆင်ပြည်နယ်မှ မဲများကို ပြန်ရေရန် တောင်းဆိုမှုကို ရရှိခဲ့သည်ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က ပြောကြားလိုက်သည်။
    အဆိုပါ တောင်းဆိုမှုကို Green ပါတီမှ သမ္မတလောင်း ဂျီလ် စတိုင်းက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မီးချီဂန်နှင့် ပင်ဆဲလ်ဗားနီးယားတို့တွင်လည်း ပြန်ရေရန်လည်း ပါဝင်သည်။
    ရွေးကောက်ပွဲကော်မရှင်ကမူ ဒေါက်တာ စတိုင်နှင့် ဒဲလ် လာ ဖွန်တီတို့က မဲပြန်ရေရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်ဟု Twitter စာမျက်နှာတွင် ရေးသားခဲ့ပြီး အသေးစိတ်ကို မကြာမီ ထုတ်ပြန်သွားမည်ဟု ဆိုသည်။
    ဒေါက်တာစတိုင်ကလည်း လာမည့်သီတင်းပတ်တွင် မဲပြန်လည်ရေတွက်မှု စတင်သွားမည်ဖြစ်ပြီး သောကြာနေ့ကို နောက်ဆုံးရက် သတ်မှတ်ပေးထားသည်ဟု ဆိုသည်။ သို့သော်လည်း ပြည်နယ် ၃ ခုစလုံးတွင် မဲပြန်ရေမှုအတွက် ဒေါ်လာသန်းချီ ကုန်ကျစားရိတ် ရှိနိုင်ပြီး ဒေါက်တာစတိုင်၏ ရွေးကောက်ပွဲမဲဆွယ်ရေးအဖွဲ့က ကျခံရမည်ဖြစ်သည်။
    Ref: BBC
  • ကန်ရွေးကောက်ပွဲရလဒ်တစ်ချို့ ပြန်ဆန်းစစ်ခံရမှာလား
    ကန်ရွေးကောက်ပွဲရလဒ်တစ်ချို့ ပြန်ဆန်းစစ်ခံရမှာလား
    နိုဝင်ဘာ ၂၄၊ ၂၀၁၆
    M-Media
    election
    – နိုဝင်ဘာ ၈ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ အမေရိကန်သမ္မရွေးကောက်ပွဲမှာ ပြည်နယ် ၃ ခုက မဲရလဒ်တွေနဲ့ပတ်သက်လို့ စစ်ဆေးပေးဖို့အတွက် ဟီလာရီကလင်တန်ရဲ့ မဲဆွယ်ရေးအဖွဲ့က ထိပ်တန်း ကွန်ပျူတာပညာရှင်တွေကို တိုက်တွန်းလိုက်တယ်လို့ အဲဒီအဖွဲ့နဲ့ နည်းစပ်တဲ့ သတင်းရင်းမြစ်က ပြောကြားလိုက်ပါတယ်။
    အဲဒီ သိပ္ပံပညာရှင်တွေထဲမှာ မီချီဂန်တက္ကသိုလ်က ကွန်ပျူတာလုံခြုံရေးနဲ့ လူ့အဖွဲ့အစည်းဆိုင်ရာ စင်တာက ဒါရိုက်တာဂျေ အဲလက်စ် ဟဲလ်ဒါမန်လည်း ပါဝင်ပြီး၊ သူက စာရွက်၊ စကန်နာတွေနဲ့မဲထည့်တဲ့ ကောင်တီတွေထက် ကွန်ပျူတာစနစ် အသုံးပြုတဲ့ ကောင်တီတွေမှာ ကလင်တန်ရဲ့ မဲရလဒ် ဆိုးဝါးခဲ့တာနဲ့ပတ်သက်လို့ မေးခွန်းထုတ်စရာ အခြေအနေတွေရှိတယ်လို့ ကလင်တန်ရဲ့ အကြံပေးတွေကို ပြောပြခဲ့တာပါ။
    အဲဒီသိပ္ပံပညာရှင်အုပ်စုဟာ ကလင်တန်မဲဆွယ်ရေးအဖွဲ့ ဥက္ကဌ ဂျွန် ပိုဒက်ဆာနဲ့ အထွေထွေအကြံပေး မာ့ခ် အီလီယက်စ်တို့ကို အသိပေးခဲ့တာဖြစ်ပြီး ကွန်ပျူတာအသုံးပြုတဲ့ ခရိုင်တွေမှာ ကလင်တန်ဟာ ၇ ရာခိုင်နှုန်းအောက်ပဲ မဲရခဲ့တယ်ဆိုတာဟာ ဟက်ခံရတယ်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
    ဒါပေမယ့် သေချာတဲ့ အထောက်အထားတော့ မတွေ့ရသေးဘဲ လွတ်လပ်တဲ့ သုံးသပ်မှုမျိုး လုပ်ဖို့လိုတယ်လို့ ဆိုပါတယ်။
    ဒီလို စုံစမ်းစစ်ဆေးဖို့ တောင်းဆိုတယ်ဆိုတဲ့ သတင်းအတွက် ဟဲလ်ဒါမန်နဲ့ ဒီကိစ္စမှာပါဝင်တဲ့ ရှေ့နေ ဂျွန် ဘိုနီဖက်ဇ်တို့ကတော့ မှတ်ချက်ပေးခဲ့ခြင်း မရှိသလို ထရမ့်ရဲ့ အသွင်ကူးပြောင်းရေးအဖွဲ့ကလည်း ဘာမှ မတုန့်န်ပြန်ခဲ့ပါဘူး။
    ဒီရွေးကောက်ပွဲမှာ ကွန်ပျူတာစနစ်တွေ ဟက်ခံရတယ်ဆိုတဲ့ စိုးရိမ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိခဲ့ပြီး အိုဘားမားအစိုးရဟာ မဲပေးခွင့်ရှိသူတွေရဲ့ အချက်တွေကို ဖောက်ယူဖို့ ကြိုးစားတယ်လို့ စွပ်စွဲခဲ့ဖူးပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ တာဝန်ရှိသူတွေနဲ့ ဆိုက်ဘာလုံခြုံရေး ကျွမ်းကျင်သူတွေကတော့ ရွေးကောက်ပွဲရလဒ်ကို လွှမ်းမိုးနိုင်လောက်အောင် ရုရှားက မလုပ်နိုင်ဘူးလို့ ဆိုပါတယ်။
    ဒီလို မဲရလဒ်တွေကို ပြန်လည်စစ်ဆေးဖို့ တိုက်တွန်းခဲ့သလားဆိုတာနဲ့ပတ်သက်လို့ မေးမြန်းမှုကိုတော့ ကလင်တန်ရဲ့ အကြံပေးဟောင်းတစ်ဦးက ဖြေဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။
    Ref: CNN