News @ M-Media

Tag: US

  • အမေရိကန်တွင် လူစီးမီးပုံးပျံ ပျက်ကျ၊ သေဆုံးမှုရှိ

    အမေရိကန်တွင် လူစီးမီးပုံးပျံ ပျက်ကျ၊ သေဆုံးမှုရှိ

    ဇူလိုင် ၃၁၊ ၂၀၁၆
    M-Media

    – အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်တွင် အနည်းဆုံး လူ ၁၆ ဦး လိုက်ပါသွားသည့် မီးပုံပျံ ပျက်ကျမှုကြောင့် အများအပြား သေဆုံးနိုင်ဖွယ်ရှိနေသည်ဟု ဒေသတွင်း အာဏာပိုင်များက ပြောကြားလိုက်သည်။

    ယမန်နေ့က သြစတင်မြို့အပြင်ဘက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုလေကြောင်းစီမံခန့်ခွဲရေးအဖွဲ့ FAA ကလည်း ထိုအဖြစ်အပျက်ကို အတည်ပြုခဲ့သည်။ အသေးစိတ်ကို ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း အနည်းဆုံး ၁၆ ဦး လိုက်ပါသွားသည်ဟု ဆိုသည်။

    အရေးပေါ် ကယ်ဆယ်ရေးသမားများကမူ မီးပုံးပျံတွင် တပ်ဆင်ထားသည့် မီးဖိုမှ မီးမှာ အပေါ်သို့ဟပ်ကာ လောင်ကျွမ်းခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ဆိုပြီး အခင်းဖြစ်ပွားရာသို့ ရောက်ရှိနေသည့် အမျိုးသား သယ်ယူပို့ဆောင်မှု ဘေးအန္တရာယ်ကင်းရှင်းရေးအဖွဲ့ NTSB အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူကမူ သေဆုံးမှု တော်တော်များများရှိသည်ဟု ပြောကြားခဲ့သည်။

    အဆိုပါ မီးပုံးပျံမှာ ဒေသတွင်း ခရီးသွားကုမ္ပဏီတစ်ခုမှ ဖြစ်သည်ဟု သိရသည်။

    Ref: Aljazeera

  • အမေရိကန်တွင် ရဲတပ်ဖွဲ့ကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှု တစ်နှစ်အတွင်း ၅ ထောင်ကျော်ရှိ

    အမေရိကန်တွင် ရဲတပ်ဖွဲ့ကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှု တစ်နှစ်အတွင်း ၅ ထောင်ကျော်ရှိ

    ဇူလိုင် ၂၈၊ ၂၀၁၆
    M-Media

    US

    – အမေရိကန်နိုင်ငံမှာ တစ်နှစ်အတွင်း ရဲတပ်ဖွဲ့ကြောင့် ထိခိုက်ဒဏ်ရာရသေဆုံးသူ ပြည်သူအရေအတွက်ဟာ ၅၀၀၀ ကျော် ရှိနေပြီး၊ သေဆုံးသူအများစုဟာ ဆိုးရွားတဲ့ သေနတ်ဒဏ်ရာ၊ လျှပ်စစ်ရှော့ရိုက်တဲ့ ကိရိယာကို အလွန်အကျွံ သုံးစွဲမှုတွေကြောင့် ဖြစ်တယ်လို့ လေ့လာမှုတစ်ခုမှာ တွေ့ခဲ့ရပါတယ်။

    Perils of police action: a cautionary tale from US data sets ခေါင်းစဉ်နဲ့ ဗြိတိန်ဆေးဘက်ဆိုင်ရာဂျာနယ် Injury Prevention မှာ ဖော်ပြခဲ့တဲ့ အဲဒီလေ့လာမှုအစီရင်ခံစာဟာ ၂၀၁၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တာတွေကို ဖော်ထုတ်ထားတာဖြစ်ပြီး စတင်လေ့လာချိန်ကစလို့ လေးနှစ်အတွင်းမှာ ရဲတပ်ဖွဲ့ရဲ့ ရက်စက်ကြမ်းကြုတ်မှုဟာ တော်တော်လေး မြင့်တက်လာတယ်လို့လည်း ဖော်ပြထားပါတယ်။

    ၂၀၁၂ ခုနှစ်အတွင်း အမေရိကန်ရဲ့ တပ်ဖွဲ့ရဲ့ အာဏာအလွဲသုံးစားလုပ်မှု ဒါမှမဟုတ် ကြောက်ရွံ့မှုနဲ့ ဒေါသဖြစ်မှုတွေကို မထိန်းချုပ်နိုင်မှုတွေကြောင့် သားကောင်ဖြစ်ခဲ့ရသူ ပြည်သူ စုစုပေါင်း ၅၅၄၀ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ လူ ၁၂.၃ သန်း အနက်မှာ ၁၀၆၃ ယောက်ဟာ ရဲတပ်ဖွဲ့ရဲ့ သေနတ်ဖြင့်အပစ်ခံရခြင်း သို့မဟုတ် လျှပ်စစ်ရှော့ခ်ရိုက်ခံရခြင်းတွေကြောင့် သေဆုံးခဲ့ရပါတယ်။

    ဖမ်းဆီးခံရသူ ၁၀၀၀ မှာ ရဲများလက်ချက်ကြောင့် ဒဏ်ရာအပြင်းအထန်ရပြီး ဆေးရုံတက်ရသူ ဒါမှမဟုတ် သေဆုံးခဲ့သူဟာ ပျမ်းမျှအားဖြင့် ၃၄ ဦးခန့် ရှိတယ်လို့လည်း ဆိုပါတယ်။ လေ့လာမှုမှာ လူမျိုး၊ မျိုးနွယ် ဒါမှမဟုတ် အသက်အရွယ်ကို အခြေခံတဲ့ လေ့လာမှုတွေလည်း ပါဝင်ခဲ့ပါတယ်။

    “လူမည်းတွေ၊ ဌာနေအမေရိကန်တွေနဲ့ စပိန်စကားပြောအနွယ်တွေဟာ စပိန်စကားပြောမဟုတ်သူတွေ၊ အာရှသားတွေထက်စာရင် ဖမ်းဆီးခံရမှု ပိုမြင့်ပါတယ်။ သမိုင်းနဲ့ချီတဲ့ လူမျိုးရေးခွဲခြားမှုကို ထည့်တွက်ရင် ရဲတပ်ဖွဲ့ကြောင့် လူမည်းတွေ သေဆုံးမှု ပျမ်းမျှအချက်အလက်ဟာ ဝေဖန်သုံးသပ်သူတွေ၊ ပညာပေးသူတွေနဲ့ သတင်းသမားတွေအတွက် စိုရိမ်စရာကောင်းနေပါတယ်” လို့ အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ၂၀၁၅ ခုနှစ်အတွင်းမှာ အမေရိကန်တစ်ဝှမ်း ရဲတပ်ဖွဲ့လက်ချက်ကြောင့် သေဆုံးရသူအရေအတွက်ဟာ ၁၂၀၇ ဦး ရှိတယ်လို့ အချက်အလက်တွေအရ သိရပါတယ်။

    Ref : RT

  • ထရမ့်ဟာ အခွင့်အရေးသမား၊ အကောင်းမမြင်တတ်သူဟု အမေရိကန်ဒုသမ္မတ ပြော

    ထရမ့်ဟာ အခွင့်အရေးသမား၊ အကောင်းမမြင်တတ်သူဟု အမေရိကန်ဒုသမ္မတ ပြော

    ဇူလိုင် ၂၈၊ ၂၀၁၆
    M-Media

    baiden

    – ရီပက်ဘလစ်ကန်ပါတီ၏ သမ္မတလောင်းအဖြစ် ရွေးချယ်ခံထားရသည့် ဒေါ်နယ်ထရမ့်မှာ အခွင့်အရေးသမားဖြစ်ပြီး အမေရိကန်ကို ကြီးကျယ်အောင်လုပ်နိုင်သည့် အရည်အချင်းမျိုး မရှိဟု အမေရိကန်ဒုတိယသမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားလိုက်သည်။

    ယမန်နေ့က ဒီမိုရက်တစ်ပါတီ၏ နိုင်ငံလုံးဆိုင်ရာညီလာခံ မိန့်ခွန်း၌ ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး မဲဆွယ်ပွဲများတွင် ထရမ့် ပြောကြားနေကြစကားဖြစ်သော ‘ခင်ဗျားကို ထုတ်လိုက်ပြီ’ ဆိုသည့် စကားလုံးကိုလည်း ဝေဖန်ခဲ့ကာ ထရမ့်မှာ အကောင်းမြင်စိတ်မရှိဟု ဆိုသည်။

    “စဉ်စားကြည့်ရင် – ထုတ်လိုက်ပြီဆိုကတည်းက ဘယ်လိုလုပ် ပျော်ရွှင်မှု ရနိုင်တော့မလဲ။ အမေရိကကို ကြီးကျယ်အောင် လုပ်နိုင်တယ်လို့ ယုံကြည်ရတဲ့ အရည်အချင်းမျိုး သူ့မှာ မရှိပါဘူး။ တကယ်ပါ။ အခုအချိန်အထိ အဲဒီလို အရည်အချင်းမျိုး မရှိပါဘူး”

    ထို့ပြင် နိုဝင်ဘာ ၈ ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ထရမ့်မှာ ရွေးချယ်ခံရရန် မသင့်တော်ကြောင်း၊ ထရမ့်အား သမ္မတအဖြစ် ရွေးချယ်ပါက ခြိမ်းခြောက်မှု ကြီးမားမည်ဖြစ်ကြောင်း ဘိုင်ဒန်က ပြောကြားခဲ့သည်။

    ဒီမိုကရက်တစ်ပါတီကမူ သမ္မတလောင်းအဖြစ် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်ကို ရွေးချယ်ထားသည်။

    Ref: Aljazeera

  • အမေရိကန်သမ္မတလောင်းအဖြစ် ဟီလာရီကလင်တန်ကို ဒီမိုကရက်တစ်ပါတီ ရွေးချယ်

    အမေရိကန်သမ္မတလောင်းအဖြစ် ဟီလာရီကလင်တန်ကို ဒီမိုကရက်တစ်ပါတီ ရွေးချယ်

    ဇူလိုင် ၂၇၊ ၂၀၁၆
    M-Media

    clinton

    – နှစ်ကုန်တွင် ပြုလုပ်မည့် အမေရိကန်သမ္မတ ရွေးကောက်ပွဲ၌ ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရန် ဒီမိုကရက်တစ်ပါတီက နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်ကို ရွေးချယ်လိုက်သည်ဟု သိရသည်။

    ဖီလာဒဲလ်ဖီးယားတွင် ပြုလုပ်သည့် ဒီမိုကရက်တစ်ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် ထိုကဲ့သို့ ကြေငြာခဲ့ခြင်းဖြစ်ပြီး ဟီလာရီကလင်တန်မှာ အဓိက ပါတီတစ်ခုကို ဦးဆောင်ကာ သမ္မတရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရသည့် အမျိုးသမီးအဖြစ် သမိုင်းသစ်ရေးထိုးနိုင်ခဲ့သည်။

    ဗီဒီယိုမှတစ်ဆင့် ညီလာခံတက်ရောက်လာသူ ပရိတ်သတ်များအား ပြောကြားရာတွင် ကလင်တန်က ထိုကဲ့သို့ သမ္မလောင်းအဖြစ် ရွေးချယ်ခံရသည့်အတွက် ပျော်ရွှင်မိပြီး၊ ကြီးကျယ်သည့် နေ့တစ်နေ့ဖြစ်ကြောင်း၊ ထိုကဲ့သို့ ရွေးချယ်ခြင်းမှာ မယုံကြည်နိုင်လောက်သည့် ဂုဏ်ပြုမှုဖြစ်ကြောင်း၊ ယခုကဲ့သို့ဖြစ်အောင် လုပ်ပေးခဲ့သည့်အတွက် အားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

    “ဒီအစီအစဉ်ကို မအိပ်ဘဲ စောင့်ကြည့်နေတဲ့ ကလေးမလးတွေ ရှိမယ်ဆိုရင် ကျွန်မပြောချင်တာက – ကျွန်မဟာ နိုင်ငံရဲ့ ပထမဆုံးအမျိုးသမီးသမ္မတ ဖြစ်ချင်မှဖြစ်လာနိုင်သလို၊ သမီးတို့ထဲက တစ်ယောက်ကလည်း တစ်ချိန်မှာ အမျိုးသမီးသမ္မတ ဖြစ်လာနိုင်ပါတယ်” ဟု ဟီလာရီကလင်တန်က ပြောကြားခဲ့သည်။

    ကလင်တန်မှာ ရွေးကောက်ပွဲတွင် ရီပက်ဘလစ်ကန်ပါတီမှ သမ္မတလောင်းအဖြစ် ရွေးချယ်ထားသည့် ဒေါ်နယ်ထရမ့်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

    Ref: Aljazeera