News @ M-Media

Tag: US

  • အမေရိကန်တွင် ပစ်ခတ်မှုတစ်ခုကြောင့် ရဲအရာရှိ ၃ ဦး သေဆုံး

    အမေရိကန်တွင် ပစ်ခတ်မှုတစ်ခုကြောင့် ရဲအရာရှိ ၃ ဦး သေဆုံး

    ဇူလိုင် ၁၈၊ ၂၀၁၆
    M-Media

    law

    – အမေရိကန်ပြည်ထောင်စု လူဝီစီးယားနားပြည်နယ်ရှိ ဒုတိယအကြီးဆုံးမြို့ဖြစ်သော ဘာတန်ရုဂ်ျတွင် လူမည်းတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့သောကြောင့် အနည်းဆုံး ရဲတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    ယမန်နေ့က ဖြစ်ပွားခဲ့သော ထိုအဖြစ်အပျက်တွင် သနတ်ကိုင်ဆောင်ထားသော လူတစ်ဦးရှိနေသည်ဆိုသည့် ဖုန်းဖြင့်သတင်းပေးမှုကို ရဲတပ်ဖွဲ့က တုန့်ပြန်ဆောင်ရွက်မှုအတွင်း ယခုကဲ့သို့ ပစ်သတ်ခံရခြင်းဖြစ်ပြီး သေနတ်သမားမှာလည်း ထိုအဖြစ်အပျက်အတွင်း သေဆုံးခဲ့သည်။

    အမေရိကန်မီဒီယာများကမူ အဆိုပါ သေနတ်သမားမှာ ဂါဗင် လောင်းဆိုသူ လူမည်းတစ်ဦးဖြစ်ကာ မစ်ဇူရီပြည်နယ် ကန်းနက်စ်မြို့မှဖြစ်သည်ဟု ဖော်ပြကြသည်။ သို့သော်လည်း လူမည်းများ ပစ်သတ်ခံရမှုကို အခြေခံကာ မကြာသေးမီက ဖြစ်ပွားခဲ့သော မငြိမ်းသက်မှုများနှင့် ထိုပစ်ခတ်မှု ဆက်စပ်လျက်ရှိလားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

    ရဲတပ်ဖွဲ့ကလည်း ပစ်ခတ်မှု၏ နောက်ကွက်က လှုံ့ဆော်သည့် အကြောင်းအရင်းကို ပြောကြားခြင်း မရှိပေ။

    Ref: Aljazeera

  • ကန် ထိပ်တန်းနည်းပညာရှင်များက ဒေါ်နယ်ထရမ့်၏ သဘောထားကို ဆန့်ကျင်သည့် အိတ်ဖွင့်ပေးစာ ထုတ်ပြန်

    ကန် ထိပ်တန်းနည်းပညာရှင်များက ဒေါ်နယ်ထရမ့်၏ သဘောထားကို ဆန့်ကျင်သည့် အိတ်ဖွင့်ပေးစာ ထုတ်ပြန်

    ဇူလိုင် ၁၇၊ ၂၀၁၆
    M-Media

    tramp

    – ဒီနှစ်ကုန်မှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ ရီပက်ဘလစ်ကန်ပါတီ ကိုယ်စားပြု ယှဉ်ပြိုင်မယ့် ဒေါ်နယ်ထရမ့်ရဲ့ တိုင်းပြည်အတွက် သဘောထားကို ဆန့်ကျင်ရှုတ်ချတဲ့ အိပ်ဖွင့်ပေးစာတစ်စောင်ကို အမေရိကန် ထိပ်တန်း နည်းပညာရှင်များနဲ့ လုပ်ငန်းရှင်များက ထုတ်ပြန်လိုက်ပါတယ်။

    ယင်းအိတ်ဖွင့်ပေးစာကို Yelp ကုမ္ပဏီ အမှုဆောင်ချုပ် ဂျယ် ရီမီ စတော့ပဲလ်မန်၊ Tumblr ကုမ္ပဏီအမှုဆောင်ချုပ် ဒေးဗစ်ကာ့ပ်၊ Apple တွဲဖက်တည်ထောင်သူ စတီဗ် ဝေါ့ဇ်နီအက်၊ Facebook တွဲဖက်တည်ထောင်သူ ဒက်စ်တင် မော်စကိုဗစ်ဇ်၊ Twitter တွဲဖက်တည်ထောင်သူ အီဗ် ၀ီလီယံနဲ့ Reddit တွဲဖက်တည်ထောင်သူ အလက်ဇစ် အိုဟာနီယန်တို့အပါအ၀င် နည်းပညာကုမ္ပဏီတွေက အုပ်ချုပ်သူ ၁၄၅ ယောက်က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

    “အခွင့်အလမ်းတွေ၊ ဖန်တီးနိုင်စွမ်းတွေနဲ့ လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်ခွင့်ပေးမယ့် နိုင်ငံတစ်ခုကိုပဲ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒီအရာတွေကို ဒေါ်နယ်ထရမ့် ဆောင်ကျဉ်းပေးနိုင်မှာ မဟုတ်ပါဘူး” လို့ အိတ်ဖွင့်ပေးစာမှာ ရေးသားထားပြီး ဒေါ်နယ်ထရမ့်ရဲ့မဲဆွယ်မှုဟာ ဒေါသနဲ့ တယူသန်နိုင်လွန်းပြီး အတွေးအခေါ်အသစ်နဲ့ လူသစ်တွေကို ကြောက်ရွံ့မှုပေါ် အခြေခံထားတာဖြစ်ကြောင်း၊ သူရဲ့သဘောထားတွေဟာ လူတွေ လွပ်လပ်စွာ လှုပ်ရှားနိုင်ခွင့်နဲ့ အတွေးအခေါ်တွေ လွတ်လွတ်လပ်လပ် ဖလှယ်နိုင်မှုကို ဆန့်ကျင်နေကြောင်း ထည့်သွင်းဖော်ပြထားပါတယ်။

    “တီထွင်ဖန်တီးနိုင်ရေးအတွက် ထရမ့်ပ်ဟာ ဆူးညောင့်ခလုတ် တစ်ခုပါပဲ” လို့ စာထဲမှာ ရေးသားထားပါတယ်။

    နောက်ပြီး ထရမ့်ရဲ့ လူဝင်မှုကြီးကြပ်ရေးသဘောထားကိုလည်း ရှုတ်ချထားပြီး မတူကွဲပြားမှုတွေက နည်းပညာလောကမှာ အတွေးအခေါ်အသစ်တွေကို ဖန်တီးမောင်းနှင်ပေးတယ်လို့ တုန့်ပြန်ရေးသားထားပါတယ်။

    ပြီးတော့ မိမိတို့အနေနဲ့ ပြောင်းရွှေ့အခြေချသူတွေအပေါ် သဘောထားကြီးကြီးထားနိုင်ပြီး၊ ပိုမိုစည်းလုံးညီညွတ်တဲ့ တန်းတူညီမျှ အခွင့်အရေးရရှိနိုင်တဲ့ နိုင်ငံတစ်ခုကို ဖော်ဆောင်ဖို့ စိတ်အားထက်သန်တဲ့ သမ္မတလောင်းကိုသာ အလိုရှိတယ်လို့လည်း နိဂုံးချုပ် ရေးသားဖော်ပြထားပါတယ်။

    Ref : IINA

  • အမေရိကန်က ယခုနှစ်တွင် ဆီးရီးယားဒုက္ခသည် ၁၀၀၀၀ လက်ခံသွားမည်

    အမေရိကန်က ယခုနှစ်တွင် ဆီးရီးယားဒုက္ခသည် ၁၀၀၀၀ လက်ခံသွားမည်

    ဇူလိုင် ၁၄၊ ၂၀၁၆
    M-Media

    kery 2

    – အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက မိမိတို့အစိုးရဟာ ကတိပြုထားတဲ့အတိုင်း အခုနှစ်မှာ ဆီးရီးယားဒုက္ခသည် ၁၀၀၀၀ ကို လက်ခံကြိုဆိုသွားမယ်လို့ ပြောကြားလိုက်ပါတယ်။

    “ယခုဘဏ္ဍာနှစ်အတွင်း အမေရိကန်မှာ ဆီးရီးယားဒုက္ခသည် ၁၀၀၀၀ ကို လက်ခံသွားမယ့် သမ္မတအိုဘားမားရဲ့ ရည်မှန်းချက်ပြည့်ဝအောင် ဆောင်ရွက်သွားမှာဖြစ်တဲ့အကြောင်း ဒီညမှာ ကျွန်တော့်အနေနဲ့ ၀မ်းမြောက်စွာ ကြေငြာလိုပါတယ်” လို့ အင်္ဂါနေ့ညက ၀ါရှင်တန်မှာကျင်းပတဲ့ အီးဒ်နေ့အထိမ်းအမှတ် ညစာစားပွဲမှာ ကယ်ရီက ပြောကြားခဲ့ပါတယ်။

    အခုနှစ်အတွင်းမှာ စက်တင်ဘာလကစလို့ တစ်လကို ဆီးရီးယားဒုက္ခသည် ၁၅၀၀ ၀င်ရောက်ခွင့်ပေးဖို့ စီစဉ်ထားတယ်လို့ အမေရိကန်အစိုးရက ယခင်က ကြေငြာခဲ့ဖူးပါတယ်။ ဧပြီလအထိ အမေရိကန်အစိုးရဟာ ဒုက္ခသည် ၁၃၀၀ လောက်ကို နိုင်ငံအတွင်း နေရာချထားပေးခဲ့ပြီး ပြီးခဲ့တဲ့ စက်တင်ဘာက အိုဘားမား ပထမဆုံးသတ်မှတ်ပေးခဲ့တဲ့ အစီအစဉ်အတိုင်း ရောက်ရှိဖို့ လုပ်ဆောင်စရာတွေ လိုအပ်နေသေးတယ်လို့ ပြောကြားခဲ့ပါတယ်။

    “အမေရိကန်ဟာ အရေးပေါ်အကူအညီပေးရာမှာ အကြီးမားဆုံး ဆောင်ရွက်သူဖြစ်တယ်လို့ ဂုဏ်ယူစွာ ပြောကြားလိုပါတယ်၊ ဒါပေမယ့် လတ်စသတ်ရမယ့် အရာတွေ အများကြီးကျန်နေသေးတာကိုလည်း ကျွန်တော်တို့အားလုံးသိထားကြပါတယ်” လို့ ဂျွန်ကယ်ရီက ထပ်လောင်းပြောကြားခဲ့ပါတယ်။

    နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကတော့ အိုဘားမားအစိုးရအနေနဲ့ ဒုက္ခသည်တွေကို နေရာချတဲ့နေရာမှာ သိပ်နှေးကွေးလွန်းတယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်၊ တစ်ဖက်မှာလည်း အတိုက်အခံတွေက နိုင်ငံတော်လုံခြုံရေးကို ထိခိုက်လာမယ့်အကြောင်း သတိပေးပြောဆိုနေကြပါတယ်။

    Ref: Presstv

  • လူမည်းများအသတ်ခံရမှုကို ဆန့်ကျင်သည့် ဆန္ဒပြမှု အမေရိကန်တစ်ဝှမ်း ပြုလုပ်

    လူမည်းများအသတ်ခံရမှုကို ဆန့်ကျင်သည့် ဆန္ဒပြမှု အမေရိကန်တစ်ဝှမ်း ပြုလုပ်

    ဇူလိုင် ၁၁၊ ၂၀၁၆
    M-Media

    us 2

    – လူမည်းတွေကို ရဲတပ်ဖွဲ့က တရားလက်လွတ်ပစ်သတ်မှုနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုတွေဟာ ၅ ရက်မြောက်လာခဲ့ပြီး၊ ရဲတပ်ဖွဲ့ကတော့ အကြမ်းဖက်မှုနဲ့ ဖျက်လိုဖျက်ဆီး ပြုလုပ်မှုတွေအတွက် ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူတစ်ဦးအပါအ၀င် လူတော်တော်များများကို ဖမ်းဆီးခဲ့ပါတယ်။

    Black Lives Matter ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြုလုပ်တဲ့ အဲဒီဆန္ဒပြမှုတွေဟာ လွန်ခဲ့တဲ့ ၅ ရက်က လူဝီစီးယားနားပြည်နယ် ဘာတန် ရက်ဂ်မြို့မှာ ကလေး ၅ ယောက်ဖခင် အသက် ၃၇ နှစ် အရွယ် အလ်တန် စတာလင်လို့ခေါ်တဲ့ လူမည်းတစ်ဦးကို လူဖြူရဲတပ်ဖွဲ့ဝင်တွေက ပစ်သတ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။

    စတာလင်အသတ်ခံရမှု မတိုင်ခင် မင်နီဆိုတာပြည်နယ် စာသင်ကျောင်းတစ်ခုမှာ မုန့်ရောင်းတဲ့ ဖီလန်ဒို ကက်စ်တီလီဆိုတဲ့ လူမည်းတစ်ဦးကို ရဲတပ်ဖွဲ့က ပစ်သတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ဒီအဖြစ်အပျက်ကို ကက်စ်တီလီရဲ့ ချစ်သူက ဗီဒီယိုရိုက်ကာ Facebook စာမျက်နှာမှာ လွှင့်တင်ခဲ့ပါတယ်။

    ဒီကိစ္စတွေကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေအတွင်း ကြာသာပတေးနေ့က ဒါးလက်စ်မြို့မှာ အမေရိကန်စစ်သားဟောင်းတစ်ဦးဖြစ်သူ မီကာ ဂျွန်ဆင်က လူဖြူ ရဲအရာရှိ ၅ ဦးကို စနိုက်ပါနဲ့ ပစ်သတ်ခဲ့ပြီး သူက မိမိအနေနဲ့ လူဖြူတွေကို သတ်ပစ်ချင်တယ်လို့ ပြောခဲ့ပါတယ်။

    အမေရိကန်သမ္မတ ဘာရက်အိုဘားမားကတော့ ဒီသီတင်းပတ်ဟာ ခက်ခဲကြမ်းတမ်းတဲ့ သီတင်းပတ်ဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ရဲတွေကို ပစ်သတ်မှုကို အမေရိကန်က လူမျိုးပေါင်းစုံကနေ ဒေါသထွက်တာ မှန်ကန်ကြောင်း၊ စတာလင်နဲ့ ကက်စ်တီလီတို့ ရက်ရက်စက်စက် အသက်ခံရမှုအတွက် ၀မ်းနည်းပြီး ဒေါသဖြစ်တာကလည်း မှန်ကန်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ယူအေအီးနိုင်ငံသားကို IS အဖွဲ့ဝင်အဖြစ် မှားယွင်းဖမ်းဆီးခဲ့သည့်အတွက် အမေရိကန် ပြန်တောင်းပန်

    ယူအေအီးနိုင်ငံသားကို IS အဖွဲ့ဝင်အဖြစ် မှားယွင်းဖမ်းဆီးခဲ့သည့်အတွက် အမေရိကန် ပြန်တောင်းပန်

    ဇူလိုင် ၅၊ ၂၀၁၆
    M-Media

    uae

    – ပြီးခဲ့တဲ့တစ်ပတ်က အိုဟိုင်းယိုးပြည်နယ်မှာ ယူအေအီးနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို IS အဖွဲ့ဝင်ထင်ကာ မှားယွင်းဖမ်းဆီးမိတဲ့အတွက် အမေရိကန်က အာရပ်စော်ဘွားများနိုင်ငံ (UAE) ကို တောင်းပန်လိုက်ပါတယ်။

    ဇွန်လ ၂၉ ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ အဲဒီအဖြစ်အပျက်မှာ အာရပ်အမျိုးသားဝတ်စုံဝင်ထားတဲ့ အဟ်မဒ် အလ်-မန်ဟာလီဆိုတဲ့ အမျိုးသားတစ်ဦးကို IS အဖွဲ့ဝင်အဖြစ် သံသယ၀င်တဲ့အတွက် ဟိုတယ်စာရေးအဖြစ်လုပ်ကိုင်နေသူ အမျိုးသမီးက အကြောင်းကြားခဲ့ရာကနေ ရဲတွေက ဒီအမျိုးသားကို အင်အားသုံးလှဲချကာ လက်ထိပ်ခတ် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

    အလ်-မန်ဟာလီဟာ ယူအေအီးမှာ လေဖြတ်ဝေဒနာခံစားရပြီးနောက် ဆေးဝါးကုသဖို့ ကလိဗ်လင်းကို ခရီးထွက်လာတာ ဖြစ်ပါတယ်။ အခုလို ဖမ်းဆီးခံရလိုက်ရတာကြောင့် နောက်ထပ်လေသင်တုန်းဝေဒနာတစ်ခု ခံစားရနိုင်တယ်လို့ သူက အမေရိကန် မီဒီယာတစ်ခုကို ပြောကြားခဲ့ပါတယ်။

    ခရိုင်ရဲတပ်ဖွဲ့ဝင်တွေကတော့ သူတို့ လူမှားဖမ်းဆီးမိတာကို သိရှိပြီးတဲ့နောက်ပိုင်း အလ်-မန်ဟာလီကို ပြန်လွှတ်ပေးခဲ့ပေမယ့် လွှတ်ပေးပြီး သိပ်မကြာခင်မှာပဲ မြေပြင်ပေါ်လဲကျသွားတာကြောင့် နီးစပ်ရာဆေးရုံကို ပို့ဆောင်ပေးခဲ့ရပါတယ်။

    မှားယွင်းစွပ်စွဲခဲ့တဲ့ စာရင်းကိုင်အမျိုးသမီးကိုတော့ တရားစွဲဖို့ တာဝန်ရှိသူများက ဆောင်ရွက်နေပြီး
    အေဗွန်မြို့တော်ဝန်နဲ့ ရဲအုပ်တို့ကလည်း စနေနေ့မှာ အလ်-မန်ဟာလီကို တောင်းပန်ခဲ့ပါတယ်။

    အဲဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ကြေငြာချက်မှာ မိမိတို့အနေနဲ့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကို ဆင့်ခေါ်ကာ ဖြေရှင်းချက်တောင်းကပြီး အဲဒီတာဝန်ရှိသူကလည်း တောင်းပန်ခဲ့တယ်လို့ ဆိုပါတယ်။

    “အမေရိကန်ပြည်ထောင်စုဟာ နိုင်ငံတွေက အမျိုးသားဝတ်စုံတွေ ၀င်ဆင်ခွင့်ကို လေးစားခွင့်ပြုပါတယ်လို့ သူက ပြောကြားခဲ့ပြီး အခုဖြစ်သွားတဲ့ အဖြစ်အပျက်ဟာ လုံးဝ လက်မခံနိုင်တဲ့ အဖြစ်အပျက်မျိုးပဲလို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်” လို့ ကြေငြာချက်မှာ ဖော်ပြခဲ့ပါတယ်။

    Ref: Presstv