News @ M-Media

Tag: US

  • ၉/၁၁ အလွန် အမေရိကန်၏ ကျူးကျော်စစ်များက ဒေါ်လာ ၅ ထရီလီယံနီးပါး ကုန်ကျ

    ၉/၁၁ အလွန် အမေရိကန်၏ ကျူးကျော်စစ်များက ဒေါ်လာ ၅ ထရီလီယံနီးပါး ကုန်ကျ

    စက်တင်ဘာ ၁၇၊ ၂၀၁၆
    M-Media

    us-war

    – ၂၀၀၁ ခုနှစ် စက်တင်ဘာ အကြမ်းဖက်တိုက်ခိုက်မှုပြီးနောက် အမေရိကန်က အရှေ့အလယ်ပိုင်းတွင် ဆင်နွှဲခဲ့သည့် စစ်ပွဲနှင့် အကြမ်းဖက်မှုအပေါ်ဆင်နွှဲသည့် စစ်ပွဲများအတွက် ဒေါ်လာ ၄.၇၉ ထရီလီယံ ကုန်ကျခဲ့သည်ဟု အစီရင်ခံစာ အသစ်တစ်ခုတွင် ဖော်ပြထားသည်။

    အစီရင်ခံစာမှာ Brown တက္ကသိုလ်၏ Watson Institute က ဆောင်ရွက်သည့် Cost of War Project စီမံကိန်းမှ မကြာသေးမီက ပေါ်ထွက်လာခြင်းဖြစ်ပြီး အာဖဂန်၊ အီရတ်၊ ပါကစ္စတန် နှင့် ဆီးရီးယားတွင်သာမက အကြမ်းဖက်ဝါဒတန်ပြန်စစ်ဆင်ရေးများတွင် အမေရိကန်က သုံးစွဲခဲ့သည့် စုစုပေါင်း စစ်ရေးကုန်ကျစရိတ်ကို တွက်ချက်ထားခြင်း ဖြစ်သည်။

    အဆိုပါ ဒေါ်လာ ၄.၇၉ ထရီလီယံတွင် ၂၀၅၃ ခုနှစ်အထိ စစ်ပွဲအတွက် သုံးစွဲရန် လျာထားသည့် အနာဂတ်ကုန်ကျစရိတ်များ၊ အနာဂတ်တွင် စစ်မှုထမ်းဟောင်းများအတွက် သုံးစွဲမည့် ခန့်မှန်းပမာဏ၊၊ စစ်ဘက်ချေးငွေအတွက် ပေးချေးထားပြီးဖြစ်သည့် အတိုးနှင့် အခြားသော ဆက်စပ်ကုန်ကျစရိတ်များလည်း ပါဝင်သည်။

    ယခုပမာဏမှာ ၂၀၁၅ ခုနှစ်က အဆိုပါအဖွဲ့က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ဖော်ပြထားသည့်ထက် ဒေါ်လာ ၃၀၀ ဘီလီယံ ပိုများသည်။

    ထို့သော်လည်း ထိုတွက်ချက်မှုတွင် စစ်ရေးဆိုင်ရာ ချေးငွေများအတွက် အမေရိကန်က ပေးချေရမည့် အတိုးများ ပါဝင်ခြင်းမရှိပေ။ စစ်ပြန်များအတွက် ပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအစိုးရတို့မှာ သုံးစွဲသည့် ငွေကြေးပမာဏမှာ ခန့်မှန်းရခက်သောကြောင့် ထည့်သွင်းတွက်ချက်ခြင်း မရှိဘဲ၊ စစ်ပွဲကြောင့် လူသေဆုံးမ၊ ထိခိုက်ဒဏ်ရာမှုကြောင့် အမေရိကန်စီးပွားရေး ထိခိုက်မှုများလည်း ပါဝင်ခြင်းမရှိပေ။

    Ref; Rt

  • တောင်တရုတ်ပင်လယ်တွင် ဂျပန်၏ စစ်ရေးလှုပ်ရှားမှုအစီအစဉ် အမေရိကန်ထောက်ခံ

    တောင်တရုတ်ပင်လယ်တွင် ဂျပန်၏ စစ်ရေးလှုပ်ရှားမှုအစီအစဉ် အမေရိကန်ထောက်ခံ

    စက်တင်ဘာ ၁၇၊ ၂၀၁၆
    M-Media

    us-back

    – တောင်တရုတ်ပင်လယ်အတွင်း ဂျပန်က စစ်ရေးလှုပ်ရှား လုပ်ငန်းများ တိုးမြှင့်ရန် စိတ်ဝင်စားမှုကို အမေရိကန်စစ်တပ်က ကြိုဆိုလိုက်ပြီး ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆိုသည်။

    ကြာသပတေးနေ့က ရေတပ်မှ ထုတ်ပြန်ခဲ့သည့် ကြေငြာချက်တွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ဒေသတွင်း လုံခြုံရေးကို အကူအညီဖြစ်စေရေးအတွက်လည်း ဂျပန်နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားမည်ဟုလည်း ဖော်ပြထားသည်။

    “တောင်တရုတ်ပင်လယ်မှာ ဂျပန်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ တိုးချဲ့ဖို့ စိတ်ဝင်တစားရှိတဲ့အပေါ် အမေရိကန်က ကြိုဆိုပါတယ်။ ဒေသတွင်း အေးချမ်းတည်ငြိမ်ရေးအတွက် အမေရိကန်-ဂျပန် ပူးပေါင်းဆောင်ရွက်ဖို့ နည်းလမ်းသစ်တွေကိုလည်း ဆက်လက်ရှာဖွေသွားမှာပါ” ဟု အမေရိကန် ရေတပ်က ဆိုသည်။

    ဂျပန်နိုင်ငံက တောင်တရုတ်ပင်လယ်ပြင်၌ အမေရိကန်နှင့်အတူ ပူးပေါင်း၍ ကင်းလှည့်သင်္ဘောများကို သင်တန်းပေးမှု၊ ဒေသတွင်း ရေတပ်များနှင့် ပူးပေါင်း၍ နှစ်နိုင်ငံပူးတွဲ သို့မဟုတ် နိုင်ငံများစွာ ပူးတွဲစစ်ရေးလေ့ကျင့်မှုတို့တွင် မိမိတို့၏ ပါဝင်မှု တိုးမြှင့်သွားမည်ဟု ကာကွယ်ရေးဝန်ကြီး တိုမိုမီ အီနာဒါက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

    ဂျပန်မှာ အရှေ့တရုတ်ပင်လယ်တွင်လည်း တရုတ်နိုင်ငံနှင့် ပိုင်ဆိုင်မှုအငြင်းပွားနေပြီး အီနာဒါကမူ မိမိတို့အနေဖြင့် တောင်တရုတ်ပင်လယ် ကမ်းရိုးတမ်းတွင် အင်အားဖြည့်တင်းရေး ကူညီသွားမည်ဟုလည်း ပြောကြားခဲ့သည်။

    ယခင်ကလည်း တောင်တရုတ်ပင်လယ် အငြင်းပွားမှုတွင် ပါဝင်နေသည့် ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့ကိုလည်း ကင်းလှည့်သင်္ဘောများ၊ ထောက်လှမ်းရေး လေယာဉ်များ ထောက်ပံ့ပေးမည်ဟု ဂျပန်က ပြောကြားထားဖူးသည်။

    Ref : Presstv

  • အမေရိကန်က အစ္စရေးအပေါ် စစ်ရေးအကူအညီ စံချိန်တင်တိုးမြှင့်

    အမေရိကန်က အစ္စရေးအပေါ် စစ်ရေးအကူအညီ စံချိန်တင်တိုးမြှင့်

    စက်တင်ဘာ ၁၅၊ ၂၀၁၆
    M-Media

    is

    – အမေရိကန်မှာ အစ္စရေးအပေါ် စံချိန်တင် စစ်ရေးအကူအညီအဖြစ် နှစ်စဉ် ကန်ဒေါ်လာ ၃.၈ ဘီလီယံ ထောက်ပံ့ပေးရန် နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့ကြပြီး၊ ထိုသဘောတူညီချက်သက်တမ်းမှာ ၁၀ နှစ်ကြာမြင့်မည်ဟု သိရသည်။

    ၁၀ လကြာ အပြင်းအထန် ဆွေးနွေးခဲ့ပြီးနောက် ယမန်နေ့က ၀ါရှင်တန်ဒီစီတွင် လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းဖြစ်ကာ ယခင်က အစ္စရေးမှာ အမေရိကန်ထံမှ တစ်နှစ်လျှင် စစ်ရေးအကူအညီ ၃.၁ ဘီလီယံ ရရှိနေပြီး ထိုသဘောတူညီချက်မှာ ၂၀၁၈ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်သည်။

    ထို့ကြောင့် လက်ရှိနားလည်မှုစာချွန်လွှာအရ ၂၀၁၉ ခုနှစ်မှစ၍ အမေရိကန်က အစ္စရေးအား စစ်ရေးအကူအညီ ၃.၈ ဘီလီယံ ပေးအပ်သွားမည်ဖြစ်ပြီး အမေရိကန်သမိုင်းတွင် နိုင်ငံတစ်နိုင်ငံအား စစ်ရေးကူညီမှုပမာဏ အများဆုံး ပေးအပ်ခြင်းလည်းဖြစ်သည်။

    သို့သော်လည်း အမေရိကန်ကွန်ဂရက်မှ နှစ်စဉ်ထောက်ပံ့ကြေးများ ထပ်မံတောင်းဆိုခြင်းမပြုရန် ယခုစာချွန်လွှာတွင် အစ္စရေးက သဘောတူခဲ့ရသည်။

    ကျွမ်းကျင်သူများကမူ အမေရိကန်မှာ ၂၀၁၅ ခုနှစ်တွင် အစ္စရေးအား စစ်ရေးထောက်ပံ့မှု ၃.၁ ဘီလီယံအပြင် ကန်ဒေါ်လာ သန်း ၆၂၀ တန်ဖိုးရှိ ဒုံးကျည်ကာကွယ်ရေးစနစ်ကိုလည်း ပေးခဲ့ခြင်းကြောင့် ယခုကဲ့သို့ ပမာဏတိုးမြှင့်မှုမှာ အမှန်တကယ်တွင် ယခင်ကထက် ကြီးမားသည့် ကွာဟချက်မျိုး မဖြစ်နိုင်ဟု သုံးသပ်မှုများ ရှိနေသည်။

    Ref: Aljazeera

  • ရွေးကောက်ပွဲအကြို စစ်တမ်းကောက်ယူမှုတွင် ကလင်တန်က ထရမ့်ကို အသာရ

    ရွေးကောက်ပွဲအကြို စစ်တမ်းကောက်ယူမှုတွင် ကလင်တန်က ထရမ့်ကို အသာရ

    သြဂုတ် ၂၀၊ ၂၀၁၆
    M-Media

    clinton

    – ၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲအကြို စစ်တမ်းကောက်ယူမှုတွင် ဒီမိုကရက်တစ်ပါတီမှ သမ္မတလောင်းအဖြစ် ရွေးချယ်ခံထားရသည့် ဟီလာရီကလင်တန်က ရီပက်ဘလစ်ကန်ပါတီမှ သမ္မတလောင်းအဖြစ် ရွေးချယ်ခံထားရသည့် ဒေါ်နယ် ထရမ့်ထက် ၈ ရာခိုင်နှုန်း အသာရနေသည်ဟု သိရသည်။

    Reuters နှင့် Ipsos တို့မှ ပြုလုပ်သည့် စစ်တမ်းကောက်ယူမှုဖြစ်ပြီး ရလဒ်များကို ယမန်နေ့ညနေပိုင်းက ထုတ်ပြန်ခဲ့ရာ ဟီလာရီကလင်တန်က ထောက်ခံမဲ ၄၂ ရာခိုင်နှုန်း၊ ထရမ့်က ၃၄ ရာခိုင်နှုန်း ရရှိခဲ့ကာ ကျန်သည့် ၂၃ ရာခိုင်နှုန်းကမူ နှစ်ဦးစလုံးကို ပေးခဲ့ကြသည်။

    သို့သော်လည်း လေဘာပါတီမှ သမ္မတလောင်း ဂရေးဂျွန်ဆင်၊ ဂရင်းပါတီမှ သမ္မတလောင်း ဂျီလ်စတိန်းတို့ပါ ထည့်တွက်ပါက ဟီလာရီ၏ ထရမ့်အပေါ် အသာရမှုမှာ အနည်းငယ်သာ ရှိနေသည်။ အဆိုပါ စစ်တမ်းကောက်ယူမှုကို သြဂုတ်လ ၁၄ ရက်နေ့မှ ၁၈ ရက်နေအတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အရွယ်ရောက်ပြီးသူ ၁၁၁၈ ဦးနှင့် မဲပေးမည့်သူ ၁၁၁၉ ဦးတို့အား မေးမြန်းခဲ့ခြင်းဖြစ်သည်။

    Reuters သတင်းဌာနကမူ လွန်ခဲ့သည့် ၄ နှစ် ယခုအချိန်မျိုးတွင် သမ္မတ အိုဘားမားမှာ ရီပက်ဘလစ်ကန်မှ ပြိုင်ဘက် မစ် ရွမ်နေးအား ၂ ရာခိုင်နှုန်းပျော့ပျော့အသာဖြင့် ဦးဆောင်ခဲ့သည်ဟု ဖော်ပြထားသည်။

    Pew Research က ကြာသာပတေးနေ့တွင်ထုတ်ပြန်သည့် အစီရင်ခံစာတွင် အမေရိကန်ပြည်သူ အများစုမှာ ထရမ့်အပေါ် နှစ်မြို့ခြင်း မရှိဘဲ ၅၅ ရာခိုင်နှုန်းကမူ ထရမ့်မှာ ညံ့ဖျင်းသည့် သို့မဟုတ် ဆိုးရွားသည့်သမ္မတ ဖြစ်လာနိုင်သည်ဟု ပြောကြားခဲ့ပြီး ကလင်တန်အတွက်မူ ၄၅ ရာခိုင်နှုန်းက ထိုကဲ့သို့ ပြောကြားခဲ့သည်။

    သမ္မတကောင်းဖြစ်မည်ဟု ပြောကြားခဲ့သည့် ရာခိုင်နှုန်းမှာ ကလင်တန်အတွက် ၃၁ ရာခိုင်နှုန်းရှိပြီး ထရမ့်အတွက် ၂၇ ရာခိုင်နှုန်းရှိသည်။

    Ref: PressTV

  • ဂွါတာနာမိုတွင် အပြစ်မရှိဘဲ ထိန်းသိမ်းထားသည့် အကျဉ်းသားများကို ယူအေအီးသို့ ကန် လွှဲပေး

    ဂွါတာနာမိုတွင် အပြစ်မရှိဘဲ ထိန်းသိမ်းထားသည့် အကျဉ်းသားများကို ယူအေအီးသို့ ကန် လွှဲပေး

    သြဂုတ် ၁၇၊ ၂၀၁၆
    M-Media

    guatanamo

    – အမေရိကန်စစ်တပ်က စီမံခန့်ခွဲပြီး မကောင်းသတင်းဖြင့် ကျော်ဇောသည့် ဂွါတာနာမိုအကျဉ်းစခန်းမှ အကျဉ်းသား ၁၅ ဦးကို ယမန်နေ့က အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံသို့ အမေရိကန်က လွှဲပြောင်းပးခဲ့သည်ဟု သိရသည်။

    အဆိုပါ အကျဉ်းသားများမှာ ယီမင်နိုင်ငံသား ၁၂ ဦး၊ အာဖဂန် ၃ ဦးတို့ဖြစ်ကြပြီး ၎င်းတို့ထဲမှ အချို့မှာ မည်သည့် အပြစ်မှ မကျူးလွန်ခဲ့သောကြောင့် တရားစွဲဆိုမှု မခံရဘဲ ၁၄ နှစ်ကြာ ချုပ်နှောင်ခံခဲ့ရသူများ ဖြစ်သည်။ ၎င်းတို့ကို ယူအေအီးတွင် ပြန်လည်နေရာချထားပေးမည်ဖြစ်ပြီး အိုဘားမားလက်ထက် ဂွါတာနာမို အကျဉ်းသားများကို တစ်ကြိမ်းတည်း အများဆုံး လွှဲပြောင်းပေးမှုလည်း ဖြစ်သည်။

    ပင်တဂွန်မှထုတ်ပြန်သော ကြေငြာချက်တွင် ဂွာတာနာမိုအကျဉ်းစခန်းအား ပိတ်ပစ်ရေးအတွက် အမရိကန်၏ အားထုတ်မှုကို လိုလိုချင်ချင် ပံ့ပိုးပေးမှုနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အပြုအမူများအတွက် ယူအေအီးကို ကျေးဇူးတင်သည်ဟု ဖော်ပြထားသည်။

    ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ အကြမ်းဖက်တိုက်ခိုက်မှု နောက်ပိုင်းတွင် ဂွာတာနာမိုအကျဉ်းစခန်း၌ ထိန်းသိမ်းထားသည့် အကျဉ်းသားအရေအတွက်မှာ ၇၈၀ ခန့် ရှိခဲ့သည်။

    လူ့အခွင့်အရေးအဖွဲ့ဖြစ်သော Amnesty International USA ကမူ အမေရိကန်အစိုးရ၏ ထိုဆောင်ရွက်မှုကို ကြိုဆိုခဲ့ပြီး နာမည်ဆိုးဖြင့်ကျော်ကြားသည့် ဂွါတာနာမိုအကျဉ်းစခန်းအား ရာထူးသက်တမ်းမကုန်ခင် ပိတ်ပစ်ရေး အိုဘားမား၏ အလေးထားဆောင်ရွက်မှုလက္ခဏာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ဂွါတာနာမိုအကျဉ်းစခန်းမှ ထိန်းသိမ်းထားသူများတွင် ၉ ဦးမှာ ထိန်းသိမ်းခံရစဉ်အတွင်း သေဆုံးခဲ့သည်။ သမ္မတဘုရှ်လက်ထက်တွင် အကျဉ်းသား ၅၃၂ ဦးကို လွှတ်ပေးခဲ့ပြီး၊ သမ္မတအိုဘားမား လက်ထက်တွင် ၂၄၂ ဦး လွှတ်ပေးခဲ့ကာ၊ လက်ရှိတွင် အကျဉ်းစခန်း၌ ၆၁ ဦး ကျန်ရှိနေသည်။

    ထိုအထဲမှ ၂၁ ဦးမှာ အပြစ်မရှိကြောင်း လုံးဝ ရှင်းလင်းနေပြီဖြစ်သည်။ ဂွါတာနာမိုအကျဉ်းစခန်းသက်တမ်းတစ်လျှောက် ထိန်းသိမ်းခဲ့သည့် အကျဉ်းသား ၇၈၀ တွင် ၉/၁၁ တိုက်ခိုက်မှုမှ ၅ ဦး အပါအ၀င် ၁၀ ဦးသာ အပြစ်ရှိကြောင်း တွေ့ရှိရ၍ တရားစွဲဆိုနိုင်ခဲ့သည်။

    Ref : Aljazeera