News @ M-Media

Tag: US

  • ၂၀၂၈ ခုနှစ်တွင် တရုတ်က ကမ္ဘာ့စီးပွားရေး၌ အင်အားအကြီးဆုံးနိုင်ငံ ဖြစ်လာမည်

    ၂၀၂၈ ခုနှစ်တွင် တရုတ်က ကမ္ဘာ့စီးပွားရေး၌ အင်အားအကြီးဆုံးနိုင်ငံ ဖြစ်လာမည်

    ဒီဇင်ဘာ ၂၇၊ ၂၀၂၀
    M-Media

    -၂၀၂၈ ခုနှစ်ရောက်ရင် တရုတ်နိုင်ငံဟာ အမေရိကန်ကိုကျော်ပြီး ကမ္ဘာ့ စီးပွားရေးအင်အား အကြီးဆုံးနိုင်ငံ ဖြစ်လာလိမ့်မယ်လို့ အမေရိကန်ရဲ့ ထိပ်တန်း စီးပွားရေးသုတေသနအဖွဲ့ Centre for Economics and Business Research (CEBR) က ​ခန့်မှန်းလိုက်ပါတယ်။

    CEBR ဟာ ကမ္ဘာ့စီးပွားရေးဆိုင်ရာ အစီရင်ခံစာကို ​မနေ့က ထုတ်ပြန်ခဲ့တာပါ။ ၂၀၃၃ လောက်မှ တရုတ်က စီးပွားရေးမှာ အမေရိကန်ကိုကျော်မယ်လို့ အရင်က ခန့်မှန်းထားတာပါ။

    ကိုဗစ်ကပ်ရောဂါနဲ့ အမေရိကန်ရဲ့ စီးပွားရေး ကျဆင်းမှုတွေက တရုတ်ကို အသာရစေခဲ့ပြီး ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း တစ်နှစ်ကို တရုတ်နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှု ၅.၇ ရာခိုင်နှုန်း ရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ နောက်ထပ် ၅ နှစ်မှာတော့ ၄.၅ ရာခိုင်နှုန်း ရှိမယ်လို့ ဆိုပါတယ်။

    ကိုဗစ်အလွန် ၂၀၂၁ ခုနှစ်မှာ အမေရိကန်ရဲ့စီးပွားရေး ပြန်လည်ဦးမော့လာနိုင်ပေမယ့် တစ်နှစ်အတွင်း ​စီးပွားရေးတိုးတက်မှုနှုန်းကတော့ ၂ ရာခိုင်နှုန်းလောက်သာ ရှိမယ်လို့ CEBR က ပြောပါတယ်။

    ဂျပန်က စီးပွားရေးမှာ တတိယအင်အားအကြီးဆုံးနိုင်ငံဖြစ် ၂၀၃၀ ​အကျော်အထိ ဆက်ရှိနေမှာဖြစ်ပြီး၊ လက်ရှိ စတုတ္ထနေရာရှိနေတဲ့ အိန္ဒိယ အဲဒီနောက်ပိုင်း ဂျပန်နေရာကို ရယူနိုင်မှာဖြစ်ကြောင်း၊ ဂျာမနီက အဆင့် ၃ ကနေ ၅ ကို ကျဆင်းကာ ယူကေက ၅ ကနေ ၆ ကို ကျဆင်းမှာဖြစ်ကြောင်း အစီရင်ခံစာမှာ ခန့်မှန်းထားပါတယ်။

    ကိုဗစ်ကပ်ရောဂါ ရိုက်ခတ်မှုကြောင့် ငွေကြေးဖောင်းပွမှုလောက်သာ ကမ္ဘာက ကြုံတွေ့ရမှာဖြစ်ပြီး စီးပွားရေးတိုးတက်မှုကိုတော့ ထိခိုက်မှာမဟုတ်ဘူးလို့လည်း CEBR က သုံးသပ်ခဲ့ပါတယ်။

    Ref: Aljazeera

  • အမေရိကန်တစ်ဦးသေလျှင် စစ်ရေးဖြင့်တုန့်ပြန်မည်ဟု အီရန်ကို ထရမ့် သတိပေး

    အမေရိကန်တစ်ဦးသေလျှင် စစ်ရေးဖြင့်တုန့်ပြန်မည်ဟု အီရန်ကို ထရမ့် သတိပေး

    ဒီဇင်ဘာ ၂၄၊ ၂၀၂၀
    M-Media

    -အီရတ်က အမေရိကန်သံရုံး ဒုံးကျည်နဲ့ တိုက်ခိုက်ခံရမှုဟာ အီရန်ရဲ့လက်ချက်ဖြစ်ပြီး အမေရိကန်တစ်ယောက်သေတာနဲ့ အီရန်ကို စစ်ရေးနဲ့ တုန့်ပြန်သွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မနေ့မှာ သတိပေးလိုက်ပါတယ်။

    မြို့တော်ဘဂ္ဂဒတ်က ကန်သံရုံး တနင်္ဂနွေနေ့က ဒုံးကျည် ၈ လုံးနဲ့ တိုက်ခိုက်ခံရမှုဟာ တရားမဝင်အဖွဲ့တစ်ခုရဲ့ လက်ချက်ဖြစ်ပြီး အီရတ်လုံခြုံရေးအဖွဲ့ဝင်တစ်ဦး ဒဏ်ရာရကာ အဆောက်အဦးတစ်ချို့ ပျက်ဆီးခဲ့တယ်လို့ အီရတ်အစိုးရက ထုတ်ပြန်ပါတယ်။

    ထရမ့်ကတော့ ဒီတိုက်ခိုက်မှုဟာ အီရန်ရဲ့လက်ချက်ဖြစ်တယ်လို့ မနေ့က Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    “အီရတ်က အမေရိကန်နိုင်ငံသားတွေကို တိုက်ခိုက်မှု ထပ်လုပ်မယ်ဆိုတဲ့ စကားတွေ တစ်စွန်းတစ ကြားနေရပါတယ်။ အမေရိကန်တစ်ယောက် အသတ်ခံရတာနဲ့ ဒီအတွက် အီရန်က ပေးဆပ်ရလိမ့်မယ်ဆိုတာ မိတ်ဆွေစိတ်နဲ့ အကြံပြုလို့ပါတယ်။ သေသေချာချာ စဉ်းစားပြီးမှလုပ်ပါ”

    အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ်ဇာရစ်ဖ်က အမေရိကန်တွေရဲ့အသက်နဲ့ရင်းပြီး ပြည်တွင်းကကျရှုံးမှုတွေကို အာရုံလွှဲလို့ မရဘူးလို့ ထရမ့်ကို Twitter မှာ တုန့်ပြန်ရေးသားခဲ့ပါတယ်။

    သမ္မတအိုဘားမားဟာ အီရန်ကို ဝင်ရောက်တိုက်ခိုက်ခြင်းအားဖြင့် ရွေးကောက်ပွဲမှာ အနိုင်ရအောင် လုပ်လိမ့်မယ်ဆိုတဲ့ ၂၀၁၂ ခုနှစ်က ထရမ့်ရဲ့ Twitter မှာ ရေးသားမှု ၆ ခုကိုလည်း ဇာရစ်ဖ်က လွှင့်တင်ခဲ့ပါတယ်။

    အီရန်နိုင်ငံခြားရေးဌာနက ပြောရေးဆိုခွင့်ရှိသူက အမေရိကန်ရဲ့ ဒီစွပ်စွဲချက်တွေကို ရှုတ်ချခဲ့ပြီး အခြေအနေဆိုးကနေ လွတ်မြောက်ဖို့အတွက် ဒီလို အခြေအမြစ်မရှိတဲ့စကားကို ထရမ့်က ပြောကြားနေတယ်လို့ ဆိုပါတယ်။

    အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ ဗိုလ်ချုပ် ကာစင်ဆိုလိုင်မာနီကို အမေရိကန်က လုပ်ကြံသတ်ဖြတ်မှုဟာ လာမယ့် ဇန်နဝါရီလမှာ တစ်နှစ်ပြည့်မှောက်မှာဖြစ်ပြီး အီရန်က ဒေသတွင်းမှာရှိတဲ့ အမေရိကန်ပစ်မှတ်တွေကို လက်တနု့်ပြန် တိုက်ခိုက်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

    Ref: Aljazeera

  • ဆိုမာလီယာမှာ အမေရိကန်စစ်သားများ စတင်ဆုတ်ခွာ

    ဆိုမာလီယာမှာ အမေရိကန်စစ်သားများ စတင်ဆုတ်ခွာ

    ဒီဇင်ဘာ ၂၃၊ ၂၀၂၀
    M-Media

    -ဆိုမာလီယာမှာချထားတဲ့ တပ်ဖွဲ့ဝင်တစ်ချို့ကို ပြန်လည်ခေါ်ယူဖို့အတွက် လေယာဉ်တင်သင်္ဘော USS Makin Island ဟာ ဆိုမာလီယာကို ရောက်ရှိနေပြီလို့ အမေရိကန် ကာကွယ်ရေးဌာနက မနေ့မှာ ထုတ်ပြန်ပါတယ်။

    အလ်-ရှာဘတ်အကြမ်းဖက်အဖွဲ့ကို တိုက်ခိုက်ဖို့ ချထားတဲ့ တပ်ဖွဲ့တွေကို ပြန်ခေါ်တော့မယ်လို့ သမ္မတထရမ့်က ပြောကြားကြီး ၁၆ ရက်အကြာမှာ ဒီသင်္ဘော ရောက်လာတာပါ။

    အမေရိကန်ရဲ့ အာဖရိကစစ်ဌာနချုပ်က ဆိုမာလီယာကနေ ပြန်ခေါ်မယ့် စစ်သားတွေကို အာဖရိက အခြားနေရာတွေမှာ ချထားမှာဖြစ်ပြီး အကြမ်းဖက်တိုက်ဖျက်ရေး၊ မဟာမိတ်တွေကို ကူညီရေး ဆက်လက်လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ပါတယ်။

    ဆိုမာလီယာက ဆုတ်ခွာမယ့် ကန်စစ်သား ၇၀၀ ဟာ ကင်ညာ ဒါမှမဟုတ် ဒီဘောက်တီတို့မှာ ချထားမှာဖြစ်ပြီး အလ်-ရှာဘတ်ကို ဆက်လက် ဖိအားပေး တိုက်ခိုက်စေမှာ ဖြစ်ပါတယ်။

    သမ္မတထရမ့်ဟာ ဇန်နဝါရီလအလယ်မတိုင်ခင် အာဖဂန်နစ္စတန်နဲ့ အီရတ်တို့က တပ်ဖွဲ့ဝင် ၂၅၀၀၀ လောက် လျှော့ချဖို့လည်း အမိန့်ပေးထားပါတယ်။

    Ref: AFP

  • အီရတ်ရှိ အမေရိကန်သံရုံး ဒုံးကျည်ဖြင့် အ​ပစ်ခံရ

    အီရတ်ရှိ အမေရိကန်သံရုံး ဒုံးကျည်ဖြင့် အ​ပစ်ခံရ

    ဒီဇင်ဘာ ၂၁၊ ၂၀၂၀
    M-Media

    -မြို့တော် ဘဂ္ဂဒတ်မှာရှိတဲ့ အမေရိကန်သံရုံးဟာ မနေ့က ဒုံးကျည် ၈ လုံးနဲ့ တိုက်ခိုက်ခံလိုက်ရတယ်လို့ အီရတ်အစိုးရက ထုတ်ပြန်ပါတယ်။

    နိုင်ငံတကာသံရုံးတွေရှိတဲ့ ဘဂ္ဂဒတ်က ရပ်ကွက်ကို အစိမ်းရောင်ဇုန်အဖြစ် အီရတ်အစိုးရက သတ်မှတ်ထားတာပါ။ မနေ့က တိုက်ခိုက်မှုကြောင့် အီရတ်လုံခြုံရေးအစောင့်တစ်ဦးဒဏ်ရာရခဲ့ကာ ကားအချို့နဲ့ အနီးအနားက လူမနေတဲ့ နေအိမ်အချို့ ထိခိုက်ပျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

    အမေရိကန်သံရုံးက ထုတ်ပြန်တဲ့ကြေငြာချက်မှာ တိုက်ခိုက်မှုဖြစ်ကြောင်း အတည်ပြုခဲ့ပြီး ဒုံးခွင်းစနစ် C-RAM ကို အသုံးပြုခဲ့ရကြောင်း၊ ဒီလိုတိုက်ခိုက်မှုမျိုး နောက်မဖြစ်အောင် တားဆီးဖို့နဲ့ တိုက်ခိုက်သူကို အရေးယူဖို့အတွက် အီရတ်အစိုးရနဲ့ နိုင်ငံ​ရေးခေါင်းဆောင်တွေကို တိုက်တွန်းကြောင်း ဖော်ပြထားပါတယ်။ တိုက်ခိုက်မှုကြောင့် သံရုံးအဆောက်အဦး ပျက်ဆီးခဲ့တယ်လို့လည်း ကြေငြာချက်က ဆိုပါတယ်။

    အခုနှစ် ဇန်နဝါရီက အီရန်ဗိုလ်ချုပ် ကာစင်ဆိုလိုင်မာနီကို အမေရိကန်က အီရတ်မှာ လုပ်ကြံ သတ်ဖြတ်ခဲ့ပြီးတဲ့နောက်ပိုင်း ဘဂ္ဂဒတ်က အမေရိကန်သံရုံးကို လက်နက်ကိုင်အဖွဲ့အချို့က ပစ်မှတ်ထားတိုက်ခိုက်မှု လုပ်လာတဲ့အတွက် အမေရိကန်ဟာ C-RAM ဒုံးခွင်းစနစ်ကို အခုနှစ်အစောပိုင်းမှာ တပ်ဆင်ခဲ့တာပါ။

    ဆိုလိုင်မာနီ လုပ်ကြံမှု တစ်နှစ်ပြည့်မှာ လက်တုန့်ပြန်တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် သံရုံးဝန်ထမ်းတစ်ချို့ကို အခုလအစောပိုင်းမှာ အမေရိကန်က ပြန်ခေါ်ခဲ့ပါတယ်။

    ဘဂ္ဂဒတ်က အမေရိကန်သံရုံး အရင်က တိုက်ခိုက်ခံရမှုတွေမှာ အီရန်ကျောထောက်နောက်ခံပြု လက်နက်ကိုင်အဖွဲ့ Kataib Hezbollah လုပ်တာလို့ သတင်းတွေထွက်ခဲ့ပြီး မနေ့က တိုက်ခိုက်မှုကတော့ သူတို့လက်ချက်မဟုတ်ဘူးလို့ ဒီအဖွဲ့က ထုတ်ပြန်ထားပါတယ်။

    Ref: Aljazeera

  • သမ္မထရမ့် ရာထူးမှဆင်းရမည်ကို ပျော်ရွှင်မိသည်ဟု အီရန်သမ္မတပြော

    သမ္မထရမ့် ရာထူးမှဆင်းရမည်ကို ပျော်ရွှင်မိသည်ဟု အီရန်သမ္မတပြော

    ဒီဇင်ဘာ ၁၆၊ ၂၀၂၀
    M-Media

    -အမေရိကန်သမ္မတသစ် ဂျိုးဘိုင်ဒန်ဖြစ်လာမှာကို စိတ်လှုပ်ရှားမှု မရှိပေမယ့် ထရမ့်ဆင်းသွားတာကို ပျော်ရွှင်မိတယ်လို့ အီရန်သမ္မတ ဟာဆန် ရူဟာနီက ပြောကြားလိုက်ပါတယ်။

    အွန်လိုင်းကနေ ဒီကနေ့ပြုလုပ်တဲ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ ရူဟာနီက ထရမ့်ဟာ ‘လူပေလူတေ’ တစ်ယောက် ‘အမေရိကန်မှာ ဥပဒေအချိုးဖောက်ဆုံး လူတစ်ယောက်’ လို့လည်း ပြောကြားခဲ့ပါတယ်။

    “ထရမ့်ဟာ ရက်စက်ကြမ်းကြုတ်မှုတွေ အများပြားကျူးလွန်သူ၊ လူသတ်သမား၊ အကြမ်းဖက်သမား၊ ကာကွယ်ဆေးရဖို့ ကျွန်တော်တို့ရဲ့ ကြိုးပမ်းမှုကိုတောင် အလွတ်မပေးတဲ့သူ ဖြစ်ပါတယ်။ ​ဒီလူဟာ အဲဒီလောက်တောင် ​လူ့ကျင့်ဝတ် ကင်းမဲ့သူပါ”

    အီရန်ဟာ အရှေ့အလယ်ပိုင်းမှာ ကိုဗစ်ကပ်ရောဂါ အဆိုးရွားဆုံးခံရတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကနေ ကာကွယ်ဆေးရဖို့ အီရန်ရဲ့ ကြိုးစားမှုကို ထရမ့်အစိုးရက တားဆီးပိတ်ပင်ခဲ့ပါတယ်။

    ၂၀၁၅ ခုနှစ်က အီရန်နဲ့ အင်အားကြီး ၅ နိုင်ငံတို့ ချုပ်ဆိုထားတဲ့ နျူသဘောတူညီချက်နေ ထရမ့်အစိုးရဟာ ၂၀၁၈ ခုနှစ်မှာ နှုတ်ထွက်ခဲ့ပြီး အီရန်အပေါ် စီးပွားရေးပိတ်ဆို့မှုတွေ အရင်ကထက် ပိုမို လုပ်ဆောင်ခဲ့ပါတယ်။

    နောက်တက်မယ့် သမ္မတ ဘိုင်ဒန်က ဒီသဘောတူညီချက်ကို ပြန်လည်လက်ခံကာ အီရန်အပေါ် ပိတ်ဆို့မှုတွေ ဖယ်ရှားပေးမယ်လို့ ပြောဆိုထားပေမယ့် အီရန်ရဲ့ ဒုံးကျည်စီမံကိန်း၊ ဒေသတွင်း ပါဝင်ပတ်သက်မှုတွေကိုတော့ ညှိနှိုင်းရမယ်လို့ ဆိုပါတယ်။

    ရူဟာနီက အီရန်ရဲ့ လက်ရှိအခြေအနေဟာ ၂၀၁၅ ခုနှစ်တုန်းကလို မဟုတ်တော့ဘဲ ပိုမိုခိုင်မာတောင့်တင်းလာကာ စစ်အင်အား၊ ဒုံးကျည်အင်အားနဲ့ နျူစီမံကိန်းလည်း ပိုမိုအားကောင်းလာတဲ့အတွက် ၂၀၁၅ ခုနှစ်ကထက်ပိုတဲ့ လိုက်လျောမှုတွေ လုပ်ဆောင်ပေးရလိမ့်မယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: Aljazeera