News @ M-Media

Tag: US

  • အာဏာလွှဲပြောင်းပေးမည့်အရိပ်ကအမြွတ်ကို သမ္မတထရမ့် ဖွင့်ဟ

    အာဏာလွှဲပြောင်းပေးမည့်အရိပ်ကအမြွတ်ကို သမ္မတထရမ့် ဖွင့်ဟ

    နိုဝင်ဘာ ၁၄၊ ၂၀၂၀
    M-Media

    – ရ​ွေးကောက်ပွ​ဲရလဒ်နဲ့ပတ်သက်ပြီး အချိန်က စကားပြောသွားလိမ့်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပြီး ဒါဟာ အာဏာလွှဲပြောင်းရေးနဲ့ပတ်သက်ပြီး လေသံပျော့ပြောင်းလာတာ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

    နိုဝင်ဘာ ၃ ရက်နေ့မှာ ကျင်းပခဲ့တဲ့ သမ္မရွေးကောက်ပွဲရဲ့ မဲတွေကို လက်ရှိအချိန်အထိ ဆက်လက်ရေတွက်နေပြီး ဒီမိုကရက်တစ်သမ္မတလောင်း ဂျိုးဘိုင်ဒန်က ထောက်ခံမဲ ၃၀၆ မဲ ရရှိထားတယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။ ဒါဟာ လိုအပ်တဲ့ မဲအရေအတွက် ၂၇၀ ထက် ပိုမိုများပြားနေတာပါ။

    ဒေါ်နယ်ထရမ့်ကတော့ ၂၃၂ မဲသာ ရရှိထားပါတယ်။

    ဒါဟာ ရွေးကောက်ပွဲမှာ မသမာမှုတွေရှိတာကြောင့် ဖြစ်တယ်လို့ ထရမ့်က စောစောပိုင်းမှာ စွပ်စွဲခဲ့ပြီး သူ့ရဲ့ မဲဆွယ်ရေးအဖွဲ့ကလည်း ပြည်နယ်တစ်ချို့က တရားရုံးတွေမှာ တရားဝင် တိုင်ကြားကန့်ကွက်တာတွေ ရှိပါတယ်။ ဒါပေမယ့် အထောက်အထားမပြည့်စုံတဲ့အတွက် ပယ်ချခံခဲ့ရပါတယ်။ ထရမ့်ဟာ သူရှုံးနိမ့်ကြောင်း တရားဝင် ဝန်ခံတာမျိုး မရှိသေးပါဘူး။

    မနေ့က ကိုဗစ်ကပ်ရောဂါအတွက် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထရမ့်က လာမယ့် ဇန်နဝါရီလအတွင်း ရာထူးက ဆင်းပေမယ်ဆိုတဲ့ အရိပ်အမြွက်စကားတွေ ပြောကြားခဲ့ပါတယ်။

    “ကျွန်တော်တို့အစိုးရကတော့ တစ်နိုင်ငံလုံးကို လော့ဒေါင်းချမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အနာဂတ်မှာ ဘယ်ဖြစ်မလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ။ ဘယ်အစိုးရတက်မလဲဆိုတာလဲ မပြောနိုင်ပါဘူး။ အချိန်က စကားပြောသွားပါလိမ့်မယ်”

    ရွေးကောက်ခံထားရတဲ့ သမ္မတ ဂျိုးဘိုင်ဒန်က သူတို့အဖွဲ့ဟာ အာဏာရတဲ့အခါ ဦးစားပေးဆောင်ရွက်မယ့် ဥပဒေရေးရာကိစ္စတွေ၊ ဖက်ဒရယ်အစိုးရ ပေါ်လစီတွေကို ဆွေးနွေးနေပြီး ထောင်သောင်းချီတဲ့ အလုပ်အကိုင်နေရာတွေ ဖန်တီးပေးဖို့လည်း စီစဉ်နေတယ်လို့ ပြောကြားထားပါတယ်။

    Ref: Reuters

  • အလ်ကိုင်းဒါးဒုတိယခေါင်းဆောင်ကို အီရန်တွင် အစ္စရေးက လုပ်ကြံဟု နယူးယောက်တိုင်းမ်စ်ဖော်ပြ

    အလ်ကိုင်းဒါးဒုတိယခေါင်းဆောင်ကို အီရန်တွင် အစ္စရေးက လုပ်ကြံဟု နယူးယောက်တိုင်းမ်စ်ဖော်ပြ

    နိုဝင်ဘာ ၁၄၊ ၂၀၂၀
    M-Media

    -အလ်ကိုင်းဒါးအဖွဲ့ရဲ့ ဒုတိယခေါင်းဆောင် အလ်ဒူလာ အဟ်မဒ် အဘ်ဒူလာ ဩဂုတ်လက အီရန်မြို့တော် တီဟီရန်မှာ သတ်ဖြတ်ခံရမှုဟာ အစ္စရေးထောက်လှမ်းရေးတွေရဲ့ လက်ချက်ဖြစ်တယ်လို့ နယူးယောက်တိုင်းမ်စ်သတင်းစာက မနေ့မှာ ဖော်ပြပါတယ်။

    အဟ်မဒ် အဘ်ဒူလာဟာ အဘူ မိုဟာမက် အလ်-မက်စ်ရီအဖြစ် လူသိများပြီး လက်ရှိခေါင်းဆောင် အေမန် အလ် ဇာဝါဟီရီကို ဆက်ခံမယ့်သူအဖြစ် မှတ်ယူခံရသူဖြစ်ပါတယ်။ ဩဂုတ်လ ၇ ရက်​နေ့ တီဟီရန်မြို့က လမ်းမတစ်ခုမှာ သေနတ်သမား ၂ ဦးက အလ်မဒ် အဘ်ဒူလာကို ဆိုင်ကယ်ပေါ်ကနေ ပစ်ခတ်သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

    ၁၉၉၈ ခုနှစ် အာဖရိကမှာရှိတဲ့ အမေရိကန်သံရုံး ၂ ခု ဗုံးခွဲတိုက်ခိုက်ခံရမှုမှာ စီစဉ်သူတွေကို အလ်မဒ် အဘ်ဒူလာက ကူညီပေးခဲ့တယ်လို့ သတင်းတွေ ထွက်ထားတာပါ။ အခုသတ်ဖြတ်မှုကို အမေရိကန်ရဲ့ ခိုင်းစေမှုကြောင့် အစ္စရေးက လုပ်ပေးတာလို့ ထောက်လှမ်းရေး သတင်းရင်းမြစ်တွေကို ကိုးကားပြီး နယူးယောက်တိုင်းမ်စ် သတင်းဌာနက ဖော်ပြပါတယ်။

    အမေရိကန်ဟာ အဟ်မဒ်အဘ်ဒူလာနဲ့ အီရန်မှာရှိနေတဲ့ အခြား အလ်ကိုင်းဒါး တာဝန်ရှိသူတွေကို နှစ်နဲ့ချီ ခြေရာခံနေပြီး အခုကိစ္စမှာ အမေရိကန်ကိုယ်တိုင် ပါဝင်ခဲ့ခြင်း ရှိ၊ မရှိကို ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့လည်း ဆိုပါတယ်။

    အလ်ကိုင်းဒါးအဖွဲ့ကတော့ အဟ်မဒ်အဘ်ဒူလာ သေဆုံးမှုကို ထုတ်ပြန်ကြေ​ငြာခြင်း မပြုသေးပါဘူး။

    နယူးယောက်တိုင်းမ်စ်သတင်းဌာနရဲ့ ဒီဖော်ပြချက်ကို အီရန်က ငြင်းဆိုခဲ့ပြီး မိမိတို့ရဲ့မြေမှာ အလ်ကိုင်းဒါး အကြမ်းဖက်သမားတွေကို လက်ခံမထားဘူးလို့ တုန့်ပြန်ပြောကြားခဲ့ပါတယ်။

    အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ စအီးဒ် ခါသစ်ဘ်ဇာဒါဟ်က အမေရိကန်နဲ့ အစ္စရေးတို့ဟာ ဒေသတွင်းမှာရှိတဲ့ အလ်ကိုင်းဒါးနဲ့ အခြား အကြမ်းဖက်အဖွဲ့တွေရဲ့ လုပ်ရပ်တွေအတွက် သူတို့မှာ တာဝန်ရှိမှုကို ရှောင်လွှဲဖို့ မီဒီယာတွေကို သတင်းအမှားပေးကာ အီရန်နဲ့ ဒီအဖွဲ့တွေ ချိတ်ဆက်သယောင်ယောင် ဖန်တီးနေကြတယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Reuters

  • ကာမာလာ ဟာရစ် (သို့) အမေရိကန်၏ ပထမဆုံး အာဖရိက-အိန္ဒိယ နွယ်ဖွား ဒုတိယသမ္မတ

    ကာမာလာ ဟာရစ် (သို့) အမေရိကန်၏ ပထမဆုံး အာဖရိက-အိန္ဒိယ နွယ်ဖွား ဒုတိယသမ္မတ

    နိုဝင်ဘာ ၈၊ ၂၀၂၀
    M-Media

    -နိုဝင်ဘာ ၃ ရက်နေ့က ကျင်းပခဲ့တဲ့ အမေရိကန်ရဲ့ သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီက သမ္မတလလောင်း ဂျိုးဘိုင်ဒန်က လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်ကို အနိုင်ရသွားခဲ့ပါတယ်။

    ဒုတိယသမ္မတနေရာအတွက် အနိုင်ရသူကလည်း ဒီမိုကရက်တစ်ပါတီက အသက် ၅၆ နှစ်အရွယ် အမျိုးသမီး ကာမာလာ ဟာရစ် ဖြစ်ပါတယ်။ ကာမာလာဟာ ကယ်လီဖိုးနီးယားပြည်နယ် ကိုယ်စားပြုတဲ့ ပထမဆုံး လူမည်းအမျိုးသမီးအမတ်အဖြစ် မှတ်တမ်းဝင်သလို၊ အခုအချိန်မှာတော့ ပထမဆုံး အမျိုးသမီး ဒုတိယသမ္မတ၊ ပထမဆုံး အာဖရိက-အိန္ဒိယ သွေးနှော ဒုတိယသမ္မတ ဖြစ်ပါတယ်။

    ကယ်လီဖိုးနီးယားပြည်နယ်ကိုစားပြု အထက်လွှတ်တော်အမတ်ဖြစ်တဲ့ ကာမာလာ ဟာရစ်ဟာ အမေရိကန်ကို ပြောင်းရွှေ့အခြေချတဲ့ မိဘနှစ်ပါးကနေ ပေါက်ဖွားလာတာပါ။

    ကာမာလာ၏မိခင် ဂိုပါလန်

    မိခင်က အိန္ဒိယနိုင်ငံ တမီလ်နာဒူးကနေ အမေရိကန်ကို အလုပ်လုပ်ဖို့လာတဲ့ တမီလ်လူမျိုး ရှာမာလာ ဂိုပါလန် ဖြစ်ပြီး၊ ဖခင်က ဂျမေကာနိုင်ငံကနေ ကျောင်းတက်ဖို့လာတဲ့ လူမည်းအမျိုးသား ဒေါ်နယ် ဂျေ ဟာရစ် ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဂျေဟာရစ်က စီးပွားရေးပါရဂူတစ်ဦးဖြစ်လာပြီး၊ မိခင် ဂိုပါလန်က ဇီ၀ဆေးဝါးဆိုင်ရာ သိပ္ပံပညာရှင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။

    ဟောင်းဝပ်တက္ကသိုလ်ကနေ ဘီအေဘွဲ့၊ ကယ်လီဖိုးနီးရားတက္ကသိုလ်ကနေ ဥပဒေဒေါက်တာဘွဲ့ရခဲ့တဲ့ ကာမာလာဟာ ရှေ့နေ့တစ်ဦးဖြစ်ပြီး ဒီမိုကရက်တစ်ပါတီမှာ ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း တစ်ဖြည်းဖြည်း အရေးပါသူတစ်ဦး ဖြစ်လာတာပါ။ ဆန်ဖရန်စစ္စကို ခရိုင်ရှေ့နေချုပ်အဖြစ် ၂၀၀၄ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ တာ၀န်ထမ်းဆောင်ခဲ့ပြီး၊ ကယ်လီဖိုးနီးယားပြည်နယ်ရှေ့နေချုပ် တာဝန်တွေကိုတော့ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ကာမာလာဟာ အထက်လွှတ်တော်မှာ ပြည်နယ်ကိုယ်စားပြု အမတ် ဖြစ်လာပါတယ်။

    ကာမာလာဟာ ၂၀၂၀ သမ္မတရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် ဂျိုးဘိုင်ဒန်ကို မကျော်နိုင်ခဲပါဘူး။ ဒါပေမယ့် ဂျိုးဘိုင်ဒန်က ဒုတိယသမ္မတလောင်းအဖြစ် ဝင်ပြိုင်ဖို့ ဆွဲဆောင်ခဲ့ပါတယ်။ ဂျိုးဘိုင်ဒန်ရဲ့ ရွေးကောက်ပွဲ မဲဆွယ်ရေးအဖွဲ့ကို ကာမာလာ ဝင်ရောက်လာကတည်းက လူမည်းတွေ၊ အာရှနွယ်ဖွားတွေရဲ့ ထောက်ခံမှုကို တစ်ခဲနက်ရခဲ့ပြီး ပထမလေးနာရီအတွင်းမှာပဲ မဲဆွယ်ရေးအဖွဲ့ဟာ အလှူငွေ ကန်ဒေါ်လာ ၁၁ သန်း ရခဲ့ပါတယ်။

    အသက် ၇၈ နှစ်အရွယ် ဂျိုးဘိုင်ဒန်ဟာ သမ္မတသက်တမ်း တစ်ကြိမ် ၄ နှစ်သာ တာဝန်ထမ်းဆောင်ဖို့ရှိပြီး ကာမာလာကို ဆက်ခံသူအဖြစ်ထားဖို့ ရည်ရွယ်ထားတယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။

    ဘိုင်ဒန်က ကာမာလာဟာ ‘အကြောက်တရားကင်းတဲ့ တိုက်စစ်မှူးတစ်ဦး၊ အကောင်းဆုံး ပြည်သူ့ဝန်ထမ်းတွေထဲကတစ်ဦး​ ဖြစ်တယ်’ လို့ ချီးကျူးပြောကြားခဲ့ပါတယ်။

    ဒုတိယသမ္မတလောင်းအဖြစ် ရွေးချယ်ခံရပြီးနောက် လက်ရှိဒုတိယသမ္မတ မိုက်ပန့်စ်နဲ့ စကားစစ်ထိုးပွဲမှာ ချက်ကျလက်ကျပြောနိုင်မှုအတွက် အမေရိကန်နိုင်ငံရေးအသိုင်းအဝိုင်းရဲ့ ချီးကျူးဩဘာပေးမှုကိုလည်း ကာမာလာတစ်ယောက် ရရှိခဲ့ပါတယ်။

    ရွေးကောက်ပွဲ အနိုင်ရမိန့်ခွန်းမှာ ကာမာလာက နောင်အနာဂတ် အမေရိကန်နိုင်ငံမှာ မိမိလိုသမိုင်းသစ်ရေးမယ့် အမျိုးသမီးတွေ ပေါ်ထွက်လာလိမ့်မယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “ကျွန်မဟာ အိမ်ဖြူတော်မှာ ပထမဆုံး အမျိုးသမီး ဒုတိယသမ္မတ ဖြစ်လာပေမယ့် ကျွန်မနဲ့ပဲ အဆုံးသတ်သွားမှာ မဟုတ်ပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်မတို့တိုင်းပြည်မှာ မဖြစ်နိုင်တာ မရှိဘူးဆိုတာကို မိန်းကလေးငယ်တိုင်းက​ ဒီညမှာ မြင်သွားကြလို့ပါပဲ”

    ဘ၀တိုးတက်ရေး အပတ်တကုတ်ကြိုးစားအားထုတ်ဖို့လိုအပ်တယ်ဆိုတဲ့ မိခင်ရဲ့ ခံယူချက်ကနေ အားအင်တွေရရှိခဲ့သလို၊ မိမိ ဒီလိုအခြေအနေရောက်လာဖို့အတွက် အရင့်အရင်က အမေရိကန်အမျိုးသမီးတွေ လမ်းခင်းပေးခဲ့တယ်လို့လည်း ကာမာလာက ဆိုပါတယ်။

    “အမေ့အကြောင်း၊ လူမည်းအမျိုးသမီးတွေအကြောင်း ကျွန်မစဉ်းစားတွေးတောလေ့ ရှိပါတယ်။ ဒီညမှာ ဒီလိုအခြေအနေမျိုး ရဖို့အတွက် အာရှသားတွေ၊ လူဖြူတွေ၊ လက်တင်သားတွေနဲ့ ဌာနေအမေရိကန်တွေဟာ သမိုင်းတစ်လျှောက် လမ်းခင်းပေးခဲ့ကြတာပါ။ လူသားအားလုံး တန်းတူညီမျှရေး၊ လွတ်လပ်ခွင့်နဲ့ တရားမျှတမှုတွေအတွက် အမျိုးသမီးတွေေ အကြီးအကျယ် စွန့်လွှတ်စတေးပြီး တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ဒီတိုက်ပွဲမှာ ပါဝင်ခဲ့ကြတဲ့ လူမည်းအမျိုးသမီးတွေဟာ မကြာခဏ လစ်လျူရှု ခံခဲ့ရပါတယ်။ ဒါပေမယ့် သူတို့ဟာ ဒီမိုကရေစီရဲ့ကျောရိုးဆိုတာကို အခွင့်အရေးရတိုင်း ကိုယ်တိုင်ကိုယ်ကျ သက်သေပြခဲ့ကြပါတယ်”

    ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ကြမ်းတမ်းခက်ခဲမှု ကြုံတွေ့ခဲ့ရတာကို ပြန်လည်ကုစားသွားမယ်လို့ ကာမာလာက ပြောကြားခဲ့ပြီး ပြည်သူအားလုံး စုစည်းညီညွတ်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    Ref : Reuters, Aljazeera

  • နောက်ဆုံးတွင် မိမိသာ သမ္မတဖြစ်မည်ဟု ဂျိုးဘိုင်ဒန်ပြော

    နောက်ဆုံးတွင် မိမိသာ သမ္မတဖြစ်မည်ဟု ဂျိုးဘိုင်ဒန်ပြော

    နိုဝင်ဘာ ၇၊ ၂၀၂၀
    M-Media

    -မဲရေတွက်နေစဉ်အတွင်း တည်တည်ငြိမ်ငြိမ်ရှိကြဖို့ ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်း ဂျိုးဘိုင်ဒန်က ထောက်ခံသူတွေကို တိုက်တွန်းလိုက်ပြီး နောက်ဆုံးမှာ မိမိသာလျှင် အနိုင်ရလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    အမေရိကန်ရဲ့ သမ္မတရွေးကောက်ပွဲကို နိုဝင်ဘာ ၃ ရက်နေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ၇ ရက်နေ့အထိ မဲရေတွက်မှု မပြီးသေးပါဘူး။ ထောက်ခံမဲ ၂၇၀ ရတဲ့သူက သမ္မတဖြစ်လာမှာ ဖြစ်ပါတယ်။ ဒီမိုကရက်တစ်သမ္မတလောင်း ဂျိုးဘိုင်ဒန်က လက်ရှိမှာ ၂၆၄ မဲ ရထားပြီး လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်က ၂၁၄ မဲ ရထားပါတယ်။

    “တစ်နိုင်ငံလုံးက အရေအတွက်ကို ကြည့်မယ်ဆိုရင် ဒီရွေးကောက်ပွဲမှာ ကျွန်တော်တို့ မဲအသာနဲ့ ပြတ်ပြတ်သားသား အနိုင်ရတော့မှာပါ။ တစ်နိုင်ငံလုံးက ကျွန်တော်တို့နောက်မှာရှိနေတယ်။ ထောက်ခံမဲ ၇၄ သန်း ကျော်လည်း ရထားပါတယ်” လို့ မနေ့က မိန့်ခွန်းမှာ ဘိုင်ဒန်က ပြောကြားခဲ့ပါတယ်။

    အရီဇိုးနားနဲ့ ဂျော်ဂျီယာပြည်နယ်တွေမှာ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ် ဒီမိုကရက်တစ်ပါတီက သမ္မတလောင်း အနိုင်ရတာကိုလည်း ဘိုင်ဒန်က ထောက်ပြခဲ့ပါတယ်။ မိမိတို့အစိုးရဖွဲ့တဲ့အခါ ကိုဗစ်ကပ်ရောဂါကို ကိုင်တွယ်ဖို့နဲ့ စီးပွားရေးကို ပြန်ထိန်းဖို့အတွက် ဒုတိယသမ္မတလောင်းအဖြစ် ဝင်ရောက်အရွေးခံထားတဲ့ ကာရ်မာလာ ဟာရစ်က ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေ၊ စီးပွားရေးကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့လည်း သူက ဆိုပါတယ်။

    ထရမ့်ကတော့ ရွေးကောက်ပွဲမှာ မသမာမှုတွေရှိတယ်လို့ တစ်စိုက်မတ်မတ် စွပ်စွဲထားပြီး တရားရုံးကို တိုင်ကြားမှုတွေ ပြုလုပ်ထားပါတယ်။ ဘိုင်ဒန်အနေနဲ့ ရွေးကောက်ပွဲ အနိုင်ရပြီလို့ ကြွေးကျော်တာမျိုး မလုပ်ဖို့လည်း မနေ့က Twitter မှာ ရေးသားခဲ့ပါတယ်။

    ဒီတိုင်ကြားမှုတွေက ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲနိုင်မှာ မဟုတ်ဘူးလို့ နိုင်ငံရေးကျွမ်းကျင်သူတွေက သုံးသပ်နေကြပြီး ပြည်နယ်တစ်ချို့မှာလည်း ထရမ့်ရဲ့ တိုင်ကြားမှုတွေကို တရားရုံးက ပယ်ချခဲ့ပါတယ်။

    Ref: Aljazeera

  • ရွေးကောက်ပွဲ မသာမာမှုအတွက် အမေရိကန်သမ္မတ ထရမ့်က တရားစွဲ

    ရွေးကောက်ပွဲ မသာမာမှုအတွက် အမေရိကန်သမ္မတ ထရမ့်က တရားစွဲ

    နိုဝင်ဘာ ၅၊ ၂၀၂၀
    M-Media

    -သမ္မတရွေးကောက်ပွဲအတွက် အမေရိကန်နိုင်ငံတစ်ဝှမ်းမှာ မဲတွေ ရေတွက်လို့ မပြီးခင်မှာပဲ သမ္မတထရမ့်ရဲ့ အောင်နိုင်ရေးအဖွဲ့က ပြည်နယ်အချို့မှာ ရွေးကောက်ပွဲ မသမာမှုတွေ ရှိတယ်ဆိုပြီး တရားစွဲဆိုလိုက်ပါတယ်။

    ရီပက်ဘလစ်ကန်ပါတီက ထရမ့်နဲ့ ဒီမိုကရက်တစ်ပါတီက ဂျိုးဘိုင်ဒန်တို့ အဓိကယှဉ်ပြိုင်တဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲကို နိုဝင်ဘာ ၃ ရက်နေ့မှာ စတင်ပြုလုပ်ခဲ့ပြီး လက်ရှိအချိန်အထိ ​ဘိုင်ဒန်က ၂၆၄ မဲ၊ ထရမ့်က ၂၁၄ မဲ ရရှိထားပါတယ်။ ထောက်ခံမဲ ၂၇၀ ရရှိတဲ့သူဟာ သမ္မတဖြစ်လာမှာပါ။ ပြည်နယ် ၅၀ ရှိရာမှာ ၄၃ ခုက မဲတွေကို ရေတွက်ပြီးဖြစ်ပါတယ်။

    သမ္မထရမ့်က မဲရေတွက်မှုမှာ မသမာမှုတွေရှိတယ်လို့ ပြောကြားခဲ့ပြီး သူ့ရဲ့ အောင်နိုင်ရေးအဖွဲ့ကလည်း မီချီဂန်၊ ပင်ဆဲလ်ဗားနီးယားနဲ့ ဂျော်ဂျီယာ ပြည်နယ်တို့မှာ မဲရေတွက်မှု ရပ်ဆိုင်းဖို့၊ ကြိုတင်မဲတွေကို ထည့်မရေဖို့၊ မဲပြန်ရေဖို့ တရားရုံးကို တိုင်ကြားထားပါတယ်။ ထရမ့်ရဲ့ စွပ်စွဲချက်ဟာ အထောက်အထားမရှိတဲ့ စွပ်စွဲချက်တွေဖြစ်ပြီး ဒါဟာ ဒီမိုကရေစီတန်ဖိုးကို ကျစေတယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်ဝေဖန်သူတွေက ဝေဖန်ခဲ့ကြပါတယ်။

    ထရမ့်ကိုထောက်ခံသူတွေက ပြည်နယ်တစ်ချို့မှာ လက်နက်တွေကိုင်ကာ စုဝေးဆန္ဒပြမှုတွေ ပြုလုပ်နေပြီး၊ ထရမ့်ကို ဆန့်ကျင်ကာ မဲဆက်ရေတွက်ရေ းတိုက်တွန်းတဲ့ ဆန္ဒပြမှုတွေလည်း ပေါ်ပေါက်လာပါတယ်။

    အမေရိကန်ရဲ့ အခုနှစ်သမ္မတရွေးကောက်ပွဲမှာ မဲလာပေးသူအရေအတွက်ဟာ နှစ်ပေါင်း ၁၂၀ အတွင်း အများဆုံးဖြစ်ပါတယ်။

    ဂျိုဘိုင်ဒန်က မဲရေတွက်တာ မပြီးသေးပေမယ့် မိမိအနိုင်ရမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Reuters