News @ M-Media

Tag: US

  • ရာထူးသက်တမ်းပြည့်သွားသည့် ကန်ဒုတိယသမ္မတ နေစရာအိမ်မရှိ ဖြစ်နေ

    ရာထူးသက်တမ်းပြည့်သွားသည့် ကန်ဒုတိယသမ္မတ နေစရာအိမ်မရှိ ဖြစ်နေ

    ဇန်နဝါရီ ၂၈၊ ၂၀၂၁
    M-Media

    -ရာထူးသက်တမ်း ပြီးဆုံးသွားပြီဖြစ်တဲ့ အမေရိကန်ဒုတိယသမ္မတဟောင်း မိုက်ပန့်စ်ဟာ အတည်တကျ နေစရာအိမ် မရှိဘဲဖြစ်နေတယ်လို့ သိရပါတယ်။

    သမ္မတသစ်ကျမ်းကျိန်တဲ့ ဇန်နဝါရီ ၂၀ ရက်နေ့မှာ မိုက်စ်ပန့်စ်ရဲ့ ဒုတိယသမ္မတသက်တမ်းကုန်ဆုံးသွားတာပါ။ ဝါရှင်တန် ရေတပ်စခန်းက ဒုတိယသမ္မတ အိမ်တော်ကနေ ထွက်ခွာလာပြီးနောက် မိုက်ပန့်စ်ဟာ လက်ရှိမှာ နေစရာမရှိသေးပါဘူး။

    ဇာတိ အင်ဒီယားနားပြည်နယ်ကအိမ်မှာ နေထိုင်မယ်လို့ နောက်ဆုံးမိန့်ခွန်းမှာ ပြောကြားခဲ့ပေမယ့် မှတ်တမ်းတွေအရ လွန်ခဲ့ ၈ နှစ်အတွင်း မိုက်ပန့်စ်တစ်ယောက် အင်ဒီယားနားပြည်နယ်မှာ နေအိမ်ပိုင်ဆိုင်ထားခြင်း မရှိပါဘူး။

    အင်ဒီးယားနား အုပ်ချုပ်ရေးမှူး အဲရစ် ဟိုလ်ကွန့်ဘ် ခေတ္တတည်းခိုရာအဖြစ် အသုံးပြုတဲ့ အိမ်ငယ်လေးတစ်လုံးမှာ မိုက်ပန့်စ်တို့ဇနီးမောင်နှံ လက်ရှိ နေထိုင်နေရတယ်လို့ သတင်းထွက်နေသလို၊ သူနဲ့နီးစပ်တဲ့ ရီပက်ဘလစ်ကန် ပါတီဝင်နှစ်ဦးက မိုက်ပန့်စ်တစ်ယောက် ကိုလံဘတ်စ်မြို့က ညီဖြစ်သူရဲ့အိမ်မှာ နေထိုင်နေတယ်လို့ ဆိုပါတယ်။

    ဒုတိယသမ္မတဟောင်း လက်ရှိ​ ဘယ်မှာနေထိုင်လဲဆိုတဲ့သတင်း အတိအကျ မထွက်လာတာဟာ လုံခြုံရေးအခြေအနေအရ ဖြစ်ပါတယ်။ ဇန်နဝါရီ ၆ ရက်နေ့က လွှတ်တော်ကို ထရမ့်ထောက်ခံသူတွေ ဝင်ရောက်စီးနင်းချိန် သမ္မတဘိုင်ဒန်ရဲ့ ရွေးကောက်ပွဲအောင်နိုင်မှုကို အတည်ပြုတဲ့ ပန့်စ်နဲ့ လွှတ်တော်ဥက္ကဌ နန်စီပီလိုစီတို့ကို သတ်ဖြတ်ဖို့အထိ စီးနင်းသူတွေက စီစဉ်ခဲ့တာပါ။

    လက်ရှိအချိန်အထိ သူ့ရဲ့လုံခြုံရေးကို စိုးရိမ်နေရဆဲဖြစ်ပြီး အမေရိကန် ထောက်လှမ်းရေးက အနည်းဆုံး နောက်ထပ် ၆ လအထိ ကာကွယ်ပေးမှာဖြစ်ပါတယ်။

    Ref: The Independent

  • အမေရိကန်ကို သိက္ခာကျစေသည့် ထရမ့်မူဝါဒ အနည်းဆုံး ၁၅ ခုကို သမ္မတသစ်ပယ်ဖျက်

    အမေရိကန်ကို သိက္ခာကျစေသည့် ထရမ့်မူဝါဒ အနည်းဆုံး ၁၅ ခုကို သမ္မတသစ်ပယ်ဖျက်

    ဇန်နဝါရီ ၂၁၊ ၂၀၂၁
    M-Media

    -ဒေါ်နယ်ထရမ့်လက်ထက်က မူဝါဒ ပယ်ဖျက်တဲ့ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် အနည်းဆုံး ၁၅ ခုလောက်ကို အမေရိကန်သမ္မတသစ် ဂျိုးဘိုင်ဒန်က ကျမ်းကျိန်အပြီးမှာပဲ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။

    ပယ်ဖျက်ခံရတဲ့ မူဝါဒထဲမှာ မြန်မာနဲ့ မွတ်စလင်အများစုရှိရာ နိုင်ငံတွေအပါအဝင် နိုင်ငံတစ်ချို့ကို ပြည်ဝင်ခွင့်ပိတ်ထားမှု၊ မက္ကဆီကိုနယ်စပ်မှာ တံတိုင်းတည်ဆောက်မှုတွေလည်း ပါဝင်ခဲ့ပါတယ်။ ထရမ့်လက်ထက်က ထွက်ခဲ့တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO၊ ပဲရစ် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး သဘောတူညီချက်တို့ကို ပြန်လည်ဝင်ရောက်ကြောင်း အမိန့်တွေကိုလည်း ဘိုင်ဒန်က မနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

    ဒီမူဝါဒတွေဟာ ထရမ့်အစိုးရရဲ့ တိုင်းပြည်ကို အထိခိုက်ဆုံး မူဝါဒတွေ ဖြစ်တယ်လို့ ဘိုင်ဒန်က ကနဦးမှာ ပြောကြားထားတာပါ။

    “ဒီကနေ့ ကျွန်တော် လက်မှတ်ရေးထိုးတဲ့ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်တစ်ချို့ဟာ ကိုဗစ်ပြဿနာ တိုက်ဖျက်ရေး ပြုပြင်ပြောင်းလဲမှုကို အကူအညီဖြစ်စေမှာပါ။ အရင်က မလုပ်ခဲ့ဖူးသေးတဲ့ ပုံစံမျိုးနဲ့ ရာသီဥတု ပြောင်းလဲမှုကို ကျွန်တော်တို့ တိုက်ဖျက်သွားမှာဖြစ်ပြီး ​လူမျိုးပေါင်းစုံ တန်းတူညီရေး၊ အားနည်းတဲ့ လူ့အဖွဲ့အစည်းတွေကို ထောက်ပံ့ရေးကိုလည်း ပိုမိုဆောင်ရွက်သွားပါမယ်” လို့ ဘိုင်ဒန်က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

    ပြည်ဝင်ခွင့်ပိတ်ပင်မှုကို ၂၀၁၇ ခုနှစ်မှာ ထရမ့်က လက်မှတ်ရေးထိုးထုတ်ပြန်တာဖြစ်ပြီး ပထမပိုင်းမှာ မွတ်စလင်အများစုရှိရာ နိုင်ငံတွေသာ စာရင်းမှာ ပါဝင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးစံနှုန်းတွေကို ချိုးဖောက်တဲ့ အခြားနိုင်ငံတွေကိုလည်း စာရင်းထဲမှာ ထည့်သွင်းခဲ့ပါတယ်။

    “မွတ်စလင်တွေ ပြည်ဝင်ခွင့်ပိတ်ပင်ထားမှုကို သမ္မတက ပယ်ဖျက်လိုက်ပါပြီ။ ဒီမူဝါဒဟာ ဘာသာရေးမုန်းထားမှု၊ နိုင်ငံခြားသားကြောက်ရောဂါတွေကနေ ပေါ်လာတာ ဖြစ်ပါတယ်” လို့ အိမ်ဖြူတော် ပြန်ကြားရေးဝန်ရှိသူ ဂျန်ဆာကီက မနေ့က ညနေပိုင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    ဘိုင်ဒန်ဟာ ‘ရက် ၁၀၀ နှာခေါင်းစီးကမ်ပိန်း’ ကို စတင်ခဲ့ပြီး ပြည်ထောင်စုအစိုးရ အဆောက်အဦးအားလုံးမှာ နှာခေါင်းစည်းတွေ မဝတ်မနေရ ဝတ်ဆင်ရမှာ ဖြစ်ပါတယ်။

    နီဘရာဆာကာ ပြည်နယ်ကနေ ကနေဒါနိုင်ငံက အလ်ဘာတာပြည်နယ်ကို ဆက်သွယ်မယ့်ဒေါ်လာဘီလီယံချီ အငြင်းပွားဖွယ် Keystone XL ပိုက်လိုင်းတည်ဆောက်မှုကိုလည်း ဘိုင်ဒန်က ရပ်တန့်ခဲ့ပါတယ်။

    Ref: Reuters

  • မိမိ၏လှုပ်ရှားမှု အစသာရှိသေးဟု ထရမ့်က နောက်ဆုံးမိန့်ခွန်းတွင် ထည့်ပြော

    မိမိ၏လှုပ်ရှားမှု အစသာရှိသေးဟု ထရမ့်က နောက်ဆုံးမိန့်ခွန်းတွင် ထည့်ပြော

    ဇန်နဝါရီ ၂၀၊ ၂၀၂၁
    M-Media

    -မိမိရဲ့ ‘အမေရိကန်သည်သာပထမ’ စီမံကိန်းဟာ အောင်မြင်ခဲ့ပြီး၊ ဒီလှုပ်ရှားမှုဟာ အခုမှ အစသာရှိသေးတယ်လို့ ရာထူးကဆင်းတော့မယ့် သမ္မတထရမ့်က သူ့ရဲ့ နောက်ဆုံး ဗီဒီယိုမိန့်ခွန်းမှာ ပြောကြားလိုက်ပါတယ်။

    ထရမ့်ရဲ့ရာထူးသက်တမ်းဟာ ဒီကနေ့ ပြီးဆုံးမှာဖြစ်ပြီး သမ္မတသစ် ဂျိုးဘိုင်ဒန်က ကျမ်းကျိန်မှာ ဖြစ်ပါတယ်။ ဒီကျမ်းကျိန်ပွဲကို သူ မတက်ဘူးလို့ မိနစ် ၂၀ ကြာတဲ့ မနေ့က ဗီဒီယိုမှာ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    “အစိုးရသစ်ကို ကျွန်တော်တို့ ဆုမွန်ကောင်းတောင်းပေးတယ်။ သူတို့ကို ကံလည်းကောင်းစေချင်ပါတယ်။ ‘ကံ’ ဆိုတာ သိပ်ကို အရေးပါတဲ့ စကားလုံးပါ။ ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းမှာ အစိုးရသစ်ကို အာဏာလွှဲပေးဖို့ ကျွန်တော်တို့ ပြင်ဆင်နေတယ်။ ကျွန်တော်တို့စခဲ့တဲ့ လှုပ်ရှားမှုဟာ အခုမှ အစပဲရှိသေးတယ်ဆိုတာကို ခင်ဗျားတို့ကို ပြောချင်ပါတယ်”

    နိုဝင်ဘာက သမ္မတရွေးကောက်ပွဲမှာ မသမာမှုတွေရှိခဲ့တယ်လို့ ထရမ့်က ရွေးကောက်ပွဲနောက်ပိုင်း တောက်လျှောက်ပြောကြားခဲ့ပြီး သူ့ကိုထောက်ခံသူတွေ လွှတ်တော်ကို ဝင်ရောက်စီးနင်းပြီး နောက်တစ်ရက် ဇန်နဝါရီ ၇ ရက်နေ့ရောက်မှသာ အာဏာလွှဲပေးမယ်လို့ အတည်ပြုခဲ့တာပါ။

    လူ ၅ ဦးသေဆုံးခဲ့တဲ့ လွှတ်တော်စီးနင်းမှုကို ထရမ့်က မနေ့က ဗီဒီယိုမှာ ရှုတ်ချခဲ့ပြီး ဒီလုပ်ရပ်ကြောင့် အမေရိကန်ပြည်သူအားလုံး ထိတ်လန့်တုန်လှုပ်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

    “နိုင်ငံရေးအကြမ်းဖက်မှုဟာ အမေရိကန်တွေ မြတ်နိုးတန်ဖိုးထားတဲ့ အရာတိုင်းအပေါ် တိုက်ခိုက်မှုပါ။ ဒါမျိုးကို သည်းခံနေလို့ မရပါဘူး”

    လွှတ်တော်ကို စီးနင်းမှုဟာ ထရမ့်ရဲ့လှုံ့ဆော်မှုကြောင့် ဖြစ်ပေါ်လာတာလို့ လွှတ်တော်အမတ်တွေက စွပ်စွဲခဲ့ပြီး ရာဇဝတ်မှုနဲ့ ထရမ့်ကို လွှတ်တော်မှာ စစ်ဆေးဖို့လည်း အမတ်တွေက က​ြိုးပမ်းနေပါတယ်။

    အပြစ်ရှိကြောင်းတွေ့ရရင် ထရမ့်ဟာ နောက်ပိုင်းမှာ ပြည်ထောင်စုအစိုးရ ရာထူးတွေကို ထမ်းဆောင်ခွင့် ရှိတော့မှာ မဟုတ်ပါဘူး။ လက်ရှိ သမ္မတသက်တမ်း တစ်ကြိမ်သာ ထမ်းဆောင်ထားတာကြောင့် ထရမ့်ဟာ ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ပြန်လည်ယှဉ်ပြိုင်ခွင့် ရှိနေတာ ဖြစ်ပါတယ်။

    မနေ့ကမိန့်ခွန်းမှာ မိသားစုဝင်တွေ၊ အစိုးရအဖွဲ့နဲ့ ဒုတိယသမ္မတ မိုက်ပန့်စ်တို့ကို ကျေးဇူးတင်တယ်လို့ ထရမ့်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • မော်ရိုကို သမ္မတထရမ့်ကို နိုင်ငံ၏ အမြင့်ဆုံး ဆုတံဆိပ်ချီးမြှင့်

    မော်ရိုကို သမ္မတထရမ့်ကို နိုင်ငံ၏ အမြင့်ဆုံး ဆုတံဆိပ်ချီးမြှင့်

    ဇန်နဝါရီ ၁၆၊ ၂၀၂၁
    M-Media

    -အစ္စရေး-မော်ရိုကို သံတမန်ဆက်ဆံရေး အကောင်အထည်ပေါ်လာအောင် စွမ်းဆောင်ပေးခဲ့တဲ့အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို မော်ရိုကိုက နိုင်ငံရဲ့ အမြင့်ဆုံးဂုဏ်ပြုဆု ချီးမြှင့်လိုက်ပါတယ်။

    မော်ရိုကိုဘုရင် မိုဟာမက်ကို ကိုယ်စားပြုတဲ့ Order of Muhammad ဘွဲ့ကို အမေရိကန်ဆိုင်ရာ မော်ရိုကိုသံအမတ် တော်ဝင်မင်းသား လာလာ ဂျူမာလာ အလူဝီက အိမ်ဖြူတော်မှာ ထရမ့်ကို အခမ်းအနားနဲ့ ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ Order of Muhammad ဘွဲ့ဟာ နိုင်ငံ့ခေါင်းဆောင်တွေကိုသာ ပေးအပ်တာ ဖြစ်ပါတယ်။

    ထရမ့်ရဲ့သားမက်ဖြစ်ပြီး အိမ်ဖြူတော် အရှေ့အလယ်ပိုင်းဆိုင်ရာ အကြံပေး ဂျရဒ် ကက်ရှ်နာ၊ အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန်ကိုယ်စားလှယ် အဗီ ဘာကိုဝစ်ဇ်တို့ကိုလည်း မော်ရိုကိုက ဂုဏ်ပြုဆုတံဆိပ်တွေ ချီးမြှင့်ခဲ့ပါတယ်။ သူတို့ နှစ်ဦးစလုံးဟာ အစ္စရေး-မော်ရိုကို သံတမန်ဆက်ဆံရေး ထူထောင်ဖို့ ကြိုးပမ်းပေးခဲ့ကြတာပါ။

    မော်ရိုကိုဟာ ဒီဇင်ဘာလက အစ္စရေးနဲ့ တရားဝင် ဆက်ဆံရေးထူထောင်ခဲ့ပြီး ယူအေအီး၊ ဘာရိန်းနဲ့ ဆူဒန်တို့ပြီးတဲ့နောက် ၂၀၂၀ ခုနှစ်အတွင်း အစ္စရေးနဲ့ ဆက်ဆံရေးထူထောင်တဲ့ မွတ်စလင်ကမ္ဘာက စတုတ္ထမြောက်နိုင်ငံ ဖြစ်လာပါတယ်။

    အလ်ဂျီးရီးယား ကျောထောက်နောက်ခံပြုထားတဲ့ Polisario Front လက်နက်ကိုင်အဖွဲ့နဲ့ မော်ရိုကိုတို့အကြား ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ အနောက်ဖက် ဆာဟာရဒေသကို အမေရိကန်က မော်ရိုကိုပိုင်အဖြစ် အသိအမှတ်ပြုခဲ့မှုအတွက်လည်း ထရမ့်တစ်ယောက် ဝေဖန်ခံခဲ့ရပါတယ်။

    Ref: Reuters

  • လူဖြူအမျိုးသားရေးဝါဒနှင့် လူဖြူအစွန်းရောက်ဝါဒ အန္တရာယ်ကို အမေရိကန် ရင်ဆိုင်လာရ

    လူဖြူအမျိုးသားရေးဝါဒနှင့် လူဖြူအစွန်းရောက်ဝါဒ အန္တရာယ်ကို အမေရိကန် ရင်ဆိုင်လာရ

    ဒီဇင်ဘာ ၁၆၊ ၂၀၂၁
    M-Media

    လူဖြူအစွန်းရောက်များ၏ ဆန္ဒပြပွဲတစ်ခု

    -ထရမ့်ကိုထောက်ခံတဲ့ လူဖြူအစွန်းရောက်အဖွဲ့တွေ၊ လူဖြူအမျိုးသားရေးအဖွဲ့တွေဟာ နိုင်ငံတစ်ဝှမ်း အဖျက်အမှောင့်လုပ်ငန်းတွေ၊ အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့အထိ ရည်ရွယ်ထားကြတယ်လို့ အမေရိကန် အမုန်းစကားတိုက်ဖျက်ရေးအဖွဲ့ Southern Poverty Law Center (SPLC) က မနေ့မှာ သတိပေးလိုက်ပါတယ်။

    နိုဝင်ဘာ သမ္မတရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒန်အနိုင်ရတာကို မကျေနပ်မှုကနေ စတင်ခဲ့တဲ့ ထရမ်​့ရဲ့ လှုံ့ဆော်မှုတွေကြောင့် သူ့ကိုထောက်ခံသူ​တွေဟာ ဇန်နဝါရီ ၆ ရက်နေ့က လွှတ်တော်ကို ဝင်ရောက်စီးနင်းတာမျိုးအထိ လုပ်ဆောင်ခဲ့ပါတယ်။

    SPLC အဖွဲ့က ထရမ့်ကိုထောက်ခံတဲ့ လူဖြူအမျိုးသားရေး အုပ်စုတွေ၊ လူဖြူအစွန်းရောက်အုပ်စုတွေ၊ ပြည်သူ့စစ်တွေ စုပေါင်းကာ ထရမ့် အာဏာတည်မြဲရေး၊ ဆိုရှယ်မီဒီယာမှာ သူတို့အဖွဲ့တွေ ပိတ်ပင်ခံရမှုကို တိုက်ဖျက်ရေး လုပ်ဆောင်ဖို့၊ ပြည်နယ် ၅၀ စလုံးမှာ လက်နက်ကိုင် ဆန္ဒပြမှုတွေ လုပ်ဖို့ စီစဉ်နေကြတယ်လို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    “ဘယ်လုပ်လုပ်ရမလဲဆိုတဲ့ နည်းလမ်းတွေ၊ သူတို့ပစ်မှတ်ထားမယ့်သူတွေကို အွန်လိုင်းမှာ မျှဝေတာတွေ လုပ်နေတယ်။ ထရမ့် အမည်စာရင်းပေးတာနဲ့ အဲဒီလူတွေကို သတ်ဖြတ်ဖို့ အဆင်သင့်ရှိတယ်ဆိုတာမျိုးတွေလည်း ပြောနေကြပါတယ်။ ဒါတွေ တစ်ကယ်လုပ်မယ်ဆိုတာ ယုံကြည်ရလောက်တဲ့ အကြောင်းအရင်းတွေ ရှိနေပါတယ်” လို့ SPLC ဥက္ကဌ မာဂရက် ဟူအန်က ပြောကြားခဲ့ပါတယ်။

    အွန်လိုင်းမှာ လူစု

    ဘိုင်ဒန်ရဲ့ ရွေးကောက်ပွဲအောင်နိုင်မှုကို လွှတ်တော်က အတည်ပြုမယ့် ဇန်နဝါရီ ၆ ရက်နေ့က လွှတ်တော်ကို ထရမ့်ထောက်ခံသူတွေ ဝင်ရောက်စီးနင်းမှုမှာ ဒုတိယသမ္မတ မိုက်ပန့်စ်နဲ့ လွှတ်တော်အမတ်တွေကို ပြန်ပေးဆွဲဖို့ တိုက်ခိုက်ဖို့အထိ စီစဉ်ထားတယ်ဆိုတဲ့ အထောက်အထားတွေကိုလည်း တွေ့ခဲ့ရပါတယ်။

    ဒီအဖြစ်အပျက်မှာ ရဲတပ်ဖွဲ့ဝင်တွေအပါအဝင် အနည်းဆုံး လူ ၅ ဦးသေဆုံးခဲ့ပါတယ်။

    SPLC အဖွဲ့က ပြောရေးဆိုခွင့်ရှိသူဖြစ်ပြီး စုံစမ်းဖော်ထုတ်ရေး ဂျာနယ်လစ်လည်းဖြစ်တဲ့ မိုက်ကယ် အက်ဒီဆင်ဟေဒန်က ရဲတပ်ဖွဲ့က စောင့်ကြည့်မှုတွေ လုပ်ဆောင်လာတာကြောင့် လူဖြူအမျိုးသားရေး အစွန်းရောက်အဖွဲ့တွေဟာ ဆိုရှယ်မီဒီယာတွေမှာ စကားဝှက်တွေကို အသုံးပြုပြီး ဆက်သွယ်လာကြတယ်လို့ ပြောကြားခဲ့ပါတယ်။

    အမေရိကန်က နာဇီလက်သစ်အဖွဲ့တွေ၊ လူဖြူအမျိုးသားရေးအစွန်းရောက်အဖွဲ့တွေဟာ IS နဲ့ အလ်ကိုင်းဒါးတို့လို အကြမ်းဖက်အဖွဲ့တွေလို ဝါဒဖြန့် လူစုတာမျိုး လုပ်​နေတယ်လို့လည်း ဟေဒန်က ဆိုပါတယ်။

    ဇန်နဝါရီ ၂၀ ရက်နေ့ သမ္မသစ် ဂျိုးဘိုင်ဒန် ကျမ်းသစ္စာမကျိန်ခင် မြို့တော်ဝါရှင်တန်မှာ အရေးပေါ်အခြေအနေ ကြေငြာထားပြီး လွှတ်တော်အဆောက်အဦးအပါဝင် မြို့တစ်ဝှမ်း နိုင်ငံတော် အစောင့်တပ်က တပ်ဖွဲ့ဝင် ၂ သောင်းကျော် ချထားပါတယ်။ လွှတ်တော်စီးနင်းမှုမှာ ပါဝင်တဲ့သူတွေကို ဖမ်းဆီးနိုင်ဖို့အတွက် ပြည်ထောင်စုအစိုးရက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

    ဟေဒန်က ဝါရှင်တန်နဲ့ နိုင်ငံတစ်ဝှမ်းမှာ အကြမ်းဖက်မှုတွေ ထပ်ဖြစ်လာနိုင်တယ်လို့လည်း သတိပေးခဲ့ပါတယ်။

    ဆိုရှယ်မီဒီယာတွေက အရေးယူ

    ထရမ့်ကိုထောက်ခံသူတွေက လွှတ်တော်အဆောက်အဦးကို ဝင်ရောက်စီးနင်းခဲ့ပြီးနောက်ပိုင်း Twitter၊ Facebook နဲ့ အခြား ဆိုရှယ်မီဒီယာတွေဟာ ထရမ့်ရဲ့အကောင့်ကို ဖယ်ရှားတာမျိုး လုပ်ခဲ့သလို လူဖြူအမျိုးသားရေးဝါဒီတွေရဲ့ ဝါဒဖြန့် အက်ပလီကေးရှင်း Parler ကို Amazon က ဖြုတ်ချခဲ့ပါတယ်။

    Amzon ရဲ့ ရှေ့နေတွေက Parler အက်ပလီကေးရှင်းမှာ အထက်လွှတ်တော်က လူနည်းစုအမတ်များအဖွဲ့ခေါင်းဆောင် ချက်ရှူမာနဲ့ အောက်လွှတ်တော်ဥက္ကဌ နန်စီပီလိုစီတို့ကို သတ်ဖြတ်ဖို့ လှုံ့ဆော်မှုတွေ ရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    ​​ဒီမိုကရက်တစ်ပါတီ ဆန့်ကျင်ရေးအဖွဲ့နဲ့ လူဖြူအမျိုးသားရေးအစွန်းရောက်အဖွဲ့တွေ ပူးပေါင်းဖို့ ကြိုးစားနေတာမျိုး ရှိနေပြီး ဒါဟာ အင်မတန်ကြောက်စရာကောင်းကြောင်း၊ ရီပက်ဘလစ်ကန်ပါတီအနေနဲ့ အမျိုးသားရေးအစွန်းရောက်တွေ ဒီလိုပူးပေါင်းတာမျိုးကို တားဆီးဖို့ လိုအပ်ကြောင်း ဟေဒန်က သတိပေးခဲ့ပါတယ်။

    Ref: Aljazeera