News @ M-Media

Tag: US

  • ဆော်ဒီနှင့် ကာတာတို့အကြား တင်းမာမှုအတွက် အဖြေရှာတော့မည်

    ဆော်ဒီနှင့် ကာတာတို့အကြား တင်းမာမှုအတွက် အဖြေရှာတော့မည်

    အောက်တိုဘာ ၁၆၊ ၂၀၂၀
    M-Media

    ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး (ဝဲ) နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး (ယာ)

    -၃ နှစ်တာ ကြာမြင့်နေပြီဖြစ်တဲ့ ကာတာနဲ့ တင်းမာမှုကို ဖြေရှင်းရေး နည်းလမ်းရှာ ဆောင်ရွက်သွားမယ်လို့ ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီး မင်းသား ဖိုက်ဆဲလ် ဘင် ဖာရ်ဟန်က ပြောကြားလိုက်ပါတယ်။

    ကာတာဟာ အကြမ်းဖက်ဝါဒကို ထောက်ခံအားပေးနေပြီး၊ မိမိတို့ရဲ့ ပြည်တွင်းရေးကို နှစ်ပေါင်းများစွာ ဝင်ရောက်စွက်ဖက်တယ်လို့ဆိုကာ ဆော်ဒီ၊ ယူအေအီး၊ ဘာရိန်းနဲ့ အီဂျစ်တို့ဟာ ၂၀၁၇ ခုနှစ်မှာ ကာတာနဲ့ သံတမန်ဆက်ဆံရေး ဖြတ်တောက်ခဲ့ပြီး၊ ကုန်၊ ရေ၊ လေ ပိတ်ဆို့မှုတွေလည်း လုပ်ခဲ့ပါတယ်။

    ကာတာကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုပါတယ်။

    ဒီမကျေလည်မှုကို ဖြေရှင်းရေး အရင်က ကြိုးပမ်းမှုတွေ ရှိ​ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ကာတာအပေါ် ပိတ်ဆို့မှုကို ပြန်ဖွင့်ပေးရေး အမေရိကန်ကလည်း ဆော်ဒီကို လက်ရှိမှာ တွန်းအားပေးနေပါတယ်။

    “အဖြေတစ်ခုရှာဖို့အတွက် ကျွန်တော်တို့ စိတ်ပိုင်းဖြတ်ထားတယ်။ ကာတာက ညီနောင်တွေနဲ့ ဆက်လက်ဆွေးနွေးဖို့လည်း ကျွန်တော်တို့မှာ ဆန္ဒရှိပါတယ်။ ဒီအတွက် သူတို့လည်း စိတ်ပိုင်းဖြတ်ထားတယ်လို့ ကျွန်တော်တို့ ထင်ပါတယ်” လို့ မနေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွမ်ပီယိုနဲ့ တွေ့ဆုံပြီးတဲ့နောက် ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး ဖာရ်ဟန်က ပြောကြားခဲ့ပါတယ်။

    ဒီကိစ္စကိုမှာ မိမိတို့ ၄ နိုင်ငံရဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုကို ဖြေရှင်းဖို့လိုအပ်ပြီး သိပ်မကြာခင်အချိန်အတွင်း အဖြေရမယ့် လမ်းကြောင်းတစ်ခု ရှိနေပြီလို့လည်း ဖာရ်ဟန်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    ဆော်ဒီဦးဆောင်တဲ့အဖွဲ့ရဲ့ အရင်ကတောင်းဆိုမှုတွေထဲမှာ ဒိုဟာအခြေစိုက် အလ်ဂျာဇီးရားသတင်းဌာနကို ပိတ်ပေးရေး၊ ဒေသတွင်း အစ္စလာမ့်မစ်အဖွဲ့တွေနဲ့ ဆက်ဆံရေးထားရှိမှုကို ရပ်ဆိုင်းရေး၊ အီရန်နဲ့ပတ်သက်မှု ကန့်သတ်ရေး၊ ကာတာနိုင်ငံအတွင်း တူရကီတပ်ဖွဲ့တွေကို ဖယ်ရှားရေး စတာတွေ ပါဝင်ပါတယ်။

    ကာတာခေါင်းဆောင် ရှိခ် သာမင် ဘင် ဟာမဒ် အလ် သာနီက တင်းမာမှုလျော့ချရေး ဆွေးနွေးဖို့ အဆင်သင့်ရှိပေမယ့် မိမိတို့ရဲ့ အချုပ်အခြာကို လေးစားတဲ့ အဖြေမျိုးသာ ဖြစ်ရမယ်လို့ ပြောကြားထားပါတယ်။

    Ref: Aljazeera

  • F-35 တိုက်လေယာဉ်ဝယ်ယူရန် ကာတာ၏ ကြိုးပမ်းမှုကို အစ္စရေးက ဆန့်ကျင်မည်

    F-35 တိုက်လေယာဉ်ဝယ်ယူရန် ကာတာ၏ ကြိုးပမ်းမှုကို အစ္စရေးက ဆန့်ကျင်မည်

    အောက်တိုဘာ ၁၂၊ ၂၀၂၀
    M-Media

    -အမေရိကန်က နောက်ဆုံးပေါ် F-35 တိုက်လေယာဉ်တွေ ကာတာထံ ရောင်းချမယ့် ဘယ်လိုအစီအစဉ်မျိုးကိုမဆို မိမိတို့က ဆန့်ကျင်သွားမှာဖြစ်ပြီး၊ အရှေ့အလယ်ပိုင်းမှာ အစ္စရေးကသာ စစ်ရေးအင်အားအသာနဲ့ ရှိနေရမယ်လို့ အစ္စရေးထောက်လှမ်းရေးဝန်ကြီး အလီကိုဟင်က ပြောကြားလိုက်ပါတယ်။

    ကာတာဟာ F-35 တိုက်လေယာဉ်ဝယ်ယူဖို့အတွက် အမေရိကန်ကို တရားဝင်တောင်းဆိုထားတယ်လို့ Reuters သတင်းဌာနက ဖော်ပ​ြပါတယ်။

    ဒီကိစ္စကို ဆန့်ကျင်မှာလားလို့ အစ္စရေးစစ်တပ်ရေဒီယိုက မေးမြန်းရာမှာ အလီကိုဟင်က ​ဆန့်ကျင်သွားမယ်လို့ ဖြေကြားခဲ့ပါတယ်။

    “ကျွန်တော်တို့ ဆန့်ကျင်သွားမှာပါ။ ဒေသတွင်း ကျွန်တော်တို့ရဲ့လုံခြုံရေးနဲ့ စစ်ရေးအသာရမှုဟာ ကျွန်တော်တို့အတွက် အလွန်အရေးကြီးတဲ့ကိစ္စတစ်ခုပါ”

    အမေရိကန်က ကြားဝင်စေ့စပ်ပေးပြီး ဩဂုတ်လမှာ လက်မှတ်ရေးထိုးခဲ့တဲ့ ယူအေအီ-အစ္စရေး ငြိမ်းချမ်းရေး သဘောတူညီချက်မှာ ပင်လယ်ကွေ့နိုင်ငံတွေအားလုံးကို F-35 တိုက်လေယာဉ်တွေရောင်းချရေး အမေရိကန် စဉ်းစားပေးသွားမယ်ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။

    သဘောတူညီချက်ရပြီး သိပ်မကြာခင်မှာပဲ အစ္စရေးက ဒီအချက်ကို မလိုက်နာလိုတဲ့ သဘောထားမျိုးတွေ ပြသလာပြီး ယူအေအီးက F-35 တိုက်လေယာဉ်ဝယ်ယူဖို့ ကြိုးစားမှုကို တားဆီးသွားမယ်လို့ ဆိုပါတယ်။

    Ref: Arab News

  • ခရစ္စမတ်မတိုင်မီ ကန်တပ်ဖွဲ့များအားလုံး ရုပ်သိမ်းမည့်အစီအစဉ်ကို တာလီဘန် ကြိုဆို

    ခရစ္စမတ်မတိုင်မီ ကန်တပ်ဖွဲ့များအားလုံး ရုပ်သိမ်းမည့်အစီအစဉ်ကို တာလီဘန် ကြိုဆို

    အောက်တိုဘာ ၉၊ ၂၀၂၀
    M-Media

    -အာဖဂန်နစ္စတန်မှာ ကျန်ရှိနေတဲ့ နောက်ဆုံး အမေရိကန်တပ်ဖွဲ့တွေကို လာမယ့် ခရစ္စမတ်မတိုင်မီ ပြန်ခေါ်ယူသွားမယ်ဆိုတဲ့ သမ္မတထရမ့်ရဲ့ ရေးသားမှုကို ကြိုဆိုတယ်လို့ တာလီဘန်အဖွဲ့က ပြောကြားလိုက်ပါတယ်။

    ထရမ့်ဟာ ဗုဒ္ဓဟူးနေ့က Twitter စာမျက်နှာမှာ ဒီလိုရေးသားခဲ့တာဖြစ်ပြီး ၁၉ နှစ်ဆိုတဲ့အချိန်ဟာ လုံလောက်ခဲ့ပြီလို့လည်း ဆိုပါတယ်။

    တာလီဘန်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇဘီဟွလ္လာ မူဂျာဟစ်က ထရမ့်ရဲ့ ဒီပြောကြားမှုကို ကြိုဆိုပြီး အခုနှစ်အစောပိုင်း အမေရိကန်နဲ့ တာလီဘန်တို့အကြား လက်မှတ်ရေးထိုးခဲ့တဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့အတွက် အပြုသဘောဆောင်တဲ့ ခြေလှမ်းတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    သဘောတူညီချက်မှာ ပါဝင်တဲ့အကြောင်းအရာတွေကို တာလီဘန်က အလေးထားပြီး အနာဂတ်မှာ အမေရိကန်အပါအဝင် နိုင်ငံအားလုံးနဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးထူထောင်ဖို့ မျှော်လင့်တယ်လို့လည်း မူဂျာဟစ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အာဖဂန်အစိုးရရဲ့ အမျိုးသားရင်ကြားစေ့ရေးကောင်စီ အကြီးအကဲ အဘ်ဒူလာ အဘ်ဒူလာက အမေရိကန်တပ်ဖွဲ့တွေ အချိန်မတန်ခင် ရုပ်သိမ်းမှုဟာ တိုင်းပြည်မှာ အနှုတ်လက္ခဏာဆောင်တဲ့ အကျိုးဆက်တွေ ဖြစ်လာလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ အာဖဂန်သမ္မတရုံးကတော့ ထရမ့်ရဲ့မှတ်ချက်နဲ့ပတ်သက်ပြီး ဘာမှ မထုတ်ပြန်သေးပါဘူး။

    တာလီဘန်နဲ့ အာဖဂန်နစ္စတန်တို့ဟာ စက်တင်ဘာလ​အလယ်ပိုင်းလောက်ကတည်းက ကာတာနိုင်ငံဒိုဟာမြို့မှာ ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးခဲ့ပေမယ့် သိသာတဲ့ သဘောတူညီချက်မျိုး မရရှိသေးပါဘူး။

    ဖေဖော်ဝါရီ ၂၉ ရက်နေ့ တာလီဘန်နဲ့ သဘောတူညီချက်ရခဲ့တဲ့အချိန်က အာဖဂန်နစ္စတန်မှာ အမေရိကန်တပ်ဖွဲ့ဝင် ၁၃၀၀၀ လောက်ရှိခဲ့ပြီး အခုအချိန်မှာတော့ ၅၀၀၀ အောက်သာ ရှိပါတော့တယ်။

    Ref: Aljazeera

  • ထိုင်ဝမ်ကျွန်းနားတွင် တရုတ်၏ ရေတပ်အင်အား အကြီးအကျယ်တိုးမြှင့်မှုကို ကန်သတိပေး

    ထိုင်ဝမ်ကျွန်းနားတွင် တရုတ်၏ ရေတပ်အင်အား အကြီးအကျယ်တိုးမြှင့်မှုကို ကန်သတိပေး

    အောက်တိုဘာ ၈၊ ၂၀၂၀
    M-Media

    -ထိုင်ဝမ်ကျွန်းကို စစ်အင်အားသုံးပြီး ကျူးကျော်သိမ်းပိုက်တာမျိုး မလုပ်ဖို့အတွက် အမေရိကန်က တရုတ်ကို သတိပေးလိုက်ပါတယ်။

    တရုတ်အစိုးရက ထိုင်ဝမ်ဟာ ပြည်မကြီးနဲ့ ပေါင်းစည်းရမယ့် တရုတ်ပိုင်နက်အဖြစ် သတ်မှတ်ထားပြီး ဒါကို လက်မခံဘူးဆိုရင် အင်အားသုံးသင့် သုံးရလိမ့်မယ်လို့လည်း လူသိရှင်ကြား ထုတ်ပြန်ပြောဆိုထားပါတယ်။

    လက်ရှိမှာ တရုတ်ဟာ ထိုင်ဝမ်ကျွန်းနားမှာ ရေတပ်အင်အား အကြီးအကျယ် တိုးမြှင့်နေပြီး ဒါဟာ ပထမကမ္ဘာစစ်မတိုင်ခင် ဗြိတိန်ရေတပ်ကို အားပြိုင်ဖို့အတွက် ဂျာမနီက ကြိုးပမ်းမှုနောက်ပိုင်း ​အကြီးမားဆုံး ရေတပ်အင်အားတိုးချဲ့မှု ဖြစ်တယ်လို့ မနေ့က လက်စ်ဗီးဂက်စ်က နီဗားဒါးတက္ကသိုလ်မှာ အမေရိကန် နိုင်ငံတော်လုံခြုံရေးအကြံပေး ရောဘတ် အိုဘရိုင်ယန်က ပြောကြားခဲ့ပါတယ်။

    “ဒီတိုးမြှင့်မှု တစ်စိတ်တစ်ပိုင်းက ကျွန်တော်တို့ကို ပစိဖိတ်အနောက်ခြမ်းကနေ ​ဖယ်ထုတ်ဖို့ဖြစ်ပြီး ဒါမှ ထိုင်ဝမ်ကို ကမ်းတက်ပြီး သိမ်းနိုင်မှာ ဖြစ်ပါတယ်”

    ဒါပေမယ့် ဒီလို ကမ်းတက်သိမ်းတာဟာ လွယ်ကူမှာ မဟုတ်ဘူးလို့လည်း အိုဘရိုင်ယန်က ထောက်ပြပြောဆိုခဲ့ပါတယ်။

    ထိုင်ဝမ်ကို တရုတ်ကျူးကျော်ရင် အမေရိကန်က ကာကွယ်ပေးမလားလို့ မေးမြန်းရာမှာ အမေရိကန်ရဲ့ မဟာဗျူဟာအရ တိတိကျကျ ဆုံးဖြတ်ထားခြင်းမရှိဘူးလို့ အိုဘရိုင်ယန်က ဖြေကြားခဲ့ပါတယ်။

    အမေရိကန်ဟာ ထိုင်ဝမ်ကိစ္စကမှာ စစ်ရေးအရ ပ ါဝင်ပတ်သက်ဖို့အတွက် ဥပဒေအရ ခွင့်ပြုချက်လိုအပ်မှာ ဖြစ်ပါတယ်။ အိုဘရိုင်ယန်က စစ်ဖက်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့နဲ့​ ကာကွယ်ရေးအတွက် ငွေကြေး ပိုမိုသုံးစွဲဖို့လည်း ဘရိုင်ယန်က ထိုင်ဝမ်ကို တိုက်တွန်းခဲ့ပါတယ်။

    Ref: Aljazeera

  • ၂၀၂၀ ခုနှစ် ဆေးဘက်ဆိုင်ရာ နိုဘယ်ဆုကို အသည်းကင်ဆာပိုး ဖော်ထုတ်နိုင်သူများ ဆွတ်ခူး

    ၂၀၂၀ ခုနှစ် ဆေးဘက်ဆိုင်ရာ နိုဘယ်ဆုကို အသည်းကင်ဆာပိုး ဖော်ထုတ်နိုင်သူများ ဆွတ်ခူး

    အောက်တိုဘာ ၆၊ ၂၀၂၀
    M-Media

    ဆေးဘက်ဆို်င်ရာနိုဘယ်ဆုရရှိခဲ့သည့် ပညာရှင် ၃ ဦး

    -၂၀၂၀ ခုနှစ်အတွက် ဆေးဘက်ဆိုင်ရာ နိုဘယ်ဆုကို Hepatitis C ဗိုင်းရပ်စ်ကို ဖော်ထုတ်နိုင်ခဲ့တဲ့ ဆရာ၀န် ၃ ဦးက ရရှိသွားပါတယ်။

    Hepatitis C ဗိုင်းရပ်စ်ဟာ အသည်းကြွပ်ရောဂါနဲ့ အသင်းကင်ဆာရောဂါတို့ကို ဖြစ်ပွားစေတဲ့ပိုးဖြစ်ပြီး အမေရိကန် သိပ္ပံပညာရှင်တွေဖြစ်တဲ့ ဟာဗေး ဂျေ အလ်တာနဲ့ မိုက်ကယ် ဟူတန်၊ ဗြိတိန် သိပ္ပံပညာရှင်ဖြစ်တဲ့ ချားလ်စ် အမ် ရိုက်စ်တို့က ရှာဖွေ ဖော်ထုတ်နိုင်ခဲ့တာပါ။

    အရင်က Hepatitis A နဲ့ Hepatitis B ဗိုင်းရပ်စ်တွေကို တွေ့ရှိခဲ့တာဟာ ဆေးပညာမှာ အရေးပါတဲ့ တိုးတက်မှုတစ်ခုဖြစ်ခဲ့ပြီး Hepatitis C ကို တွေ့ရှိမှုကြောင့် အသည်းရောဂါနဲ့ပတ်သက်တဲ့ ကျန်ရှိနေတဲ့ ပဟေဠိကို ဖော်ထုတ်နိုင်ခဲ့ကာ ရောဂါစစ်ဆေးမှု၊ ကုသမှု နည်းလမ်းအသစ်တွေ ပေါ်လာပြီး ကမ္ဘာတစ်၀ှမ်းက သန်းပေါင်းများစွာသောလူတွေရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့တယ်လို့ နိုဘယ်ဆုချီးမြှင့်ရေးကော်မတီက ထုတ်ပြန်တဲ့ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    “သမိုင်းမှာ ပထမဆုံးအဖြစ် ဒီရောဂါကို ကုသနိုင်လာပြီး Hepatitis C ဗိုင်းရပ်စ်ကို ကမ္ဘာပေါ်ကနေ ပပျောက်အောင် လုပ်နိုင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေလည်း မြင့်တက်လာပါတယ်”

    နိုဘယ်ဆုကို တည်ထောင်ခဲ့သူ ဆွီဒင်သိပ္ပံပညာရှင် အဲလ်ဖရဒ် နိုဘယ် ကွယ်လွန်တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ဆုချီးမြှင့်ပွဲအခမ်းနားကို ပုံမှန် ကျင်းပလေ့ရှိပေမယ့် ဒီနှစ်မှာတော့ ကိုရိုနာကပ်ရောဂါကြောင့် ကျင်းပနိုင်ခြင်း မရှိပါဘူး။

    သိပ္ပံပညာရှင် ၃ ဦးဟာ ဆုကြေး ဆွီဒင်ခရ​ောင်း ၁၀ သန်း (ဒေါ်လာ ၁.၁ သန်း) ရရှိမှာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့နှစ် ဆေးဘက်ဆိုင်ရာ နိုဘယ်ဆုကို လူ့ခန္ဓာကိုယ်က ဆဲလ်တွေရဲ့ တုန့်ပြန်မှုအကြောင်း ဖော်ထုတ်ခဲ့သူ သိပ္ပံပညာရှင်တွေက ရရှိခဲ့ပါတယ်။

    ရူပဗေဒ၊ ဓာတုဗေဒ၊ စာပေနဲ့ ငြိမ်းချမ်းရေး နိုဘယ်ဆုတွေကို အခုတစ်ပတ်အတွင်း ထုတ်ပြန်ကြေငြာသွားမှာ ဖြစ်ပါတယ်။

    Ref: Aljazeera