News @ M-Media

Tag: US

  • ကာတာကို အဓိကမဟာမိတ်အဖြစ် သတ်မှတ်ရန် အမေရိကန်က စီစဉ်နေ

    ကာတာကို အဓိကမဟာမိတ်အဖြစ် သတ်မှတ်ရန် အမေရိကန်က စီစဉ်နေ

    စက်တင်ဘာ ၁၈၊ ၂၀၂၀
    M-Media

    မြို့တော်ဒိုဟာ မြင်ကွင်း

    -ကာတာနိုင်ငံကို နေတိုးအဖွဲ့ဝင်မဟုတ်တဲ့ အဓိက မဟာမိတ်နိုင်ငံအဖြစ် သတ်မှတ်မယ့် အစီအစဉ်ကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ အမေရိကန်အစိုးရက တာဝန်ရှိသူတွေက မနေ့မှာ ပြောကြားခဲ့ပါတယ်။

    အဓိကမဟာမိတ်အဖြစ် သတ်မှတ်ခံရတဲ့ နိုင်ငံတွေဟာ အမေရိကန်ရဲ့ စစ်လက်နက်ပစ္စည်းနဲ့ နည်းပညာ ရယူအသုံးပြုခွင့်၊ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနဲ့ စစ်ရေးလေ့ကျင့်မှုမှာ ဦးစားပေးခံရမှု စတဲ့ အခွင့်ထူးတွေ ရရှိမှာ ဖြစ်ပါတယ်။

    အမေရိကန်ရဲ့ ပင်လွယ်ကွေ့ရေးရာဌာန ဒုတိယတာဝန်ရှိသူ တီမောသီ ​လန်ဒါကင်းက ကာတာကို နေတိုးအဖွဲ့ဝင်မဟုတ်တဲ့ အဓိကမဟာမိတ်နိုင်ငံအဖြစ် သတ်မှတ်မယ့်အစီအစဉ်ကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ စက်တင်ဘာ ၁၇ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    လက်ရှိမှာ ကမ္ဘာတစ်ဝှမ်း နိုင်ငံ ၁၇ နိုင်ငံဟာ အမေရိကန်ရဲ့ အဓိက မဟာမိတ်နိုင်ငံတွေအဖြစ် သတ်မှတ်ခံထားရပြီး အဲဒီအထဲမှာ ကူဝိတ်နဲ့ အမေရိကန်ရဲ့ အမှတ် ၅ ရေတပ်စခန်းရှိတဲ့ ဘာရိန်းတို့ ပါဝင်ပါတယ်။

    ကာတာမှာတော့ အရှေ့အလယ်ပိုင်းရဲ့ အကြီးဆုံး အမေရိကန်စစ်စခန်းရှိနေပါတယ်။ ကာတာကို အဓိကမဟာမိတ်နိုင်ငံအဖြစ် အမေရိကန်က သတ်မှတ်မယ်ဆိုတဲ့သတင်းဟာ ယူအေအီးနဲ့ ဘာရိန်းတို့ အစ္စရေးနဲ့ တရားဝင်သံတမန်ဆက်ဆံရေးထူထောင်တဲ့ အခမ်းအနားအပြီးမှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ဆဌမမျိုးဆက် တိုက်လေယာဥ်ကို အမေရိကန်က လျှို့၀ှက်တည်ဆောက်ကာ စမ်းသပ်ပျံသန်းပြီးစီး

    ဆဌမမျိုးဆက် တိုက်လေယာဥ်ကို အမေရိကန်က လျှို့၀ှက်တည်ဆောက်ကာ စမ်းသပ်ပျံသန်းပြီးစီး

    စက်တင်ဘာ ၁၇၊ ၂၀၂၀
    M-Media

    -ဆဌမမြောက် တိုက်လေယာဥ်မျိုးဆက်ဖြစ်လာမယ့် နည်းပညာမြင့် တိုက်လေယာဥ်ကို အမေရိကန်က လျှို့၀ှက်တည်ဆောက်ကာ အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

    အမေရိကန် လေတပ်က နည်းပညာဆိုင်ရာ ဒုတိယအကြီးအကဲ ဒေါက်တာ ၀ီလ်ရိုပါက ဒီလျှို့၀ှက် စီမံကိန်းကို အာကာသနည်းပညာပြပွဲတစ်ခုဖြစ်တဲ့ 2020 Air, Space and Cyber ညီလာခံမှာ ထုတ်ပြောခဲ့တာပါ။

    သမရိုးကျ တိုက်လေယာဥ်တည်ဆောက်မှု၊ လက်နက်၊ ဆင်ဆာတပ်ဆင်မှု စတာတွေမှာ လုံ၀ကွဲထွက်သွားမယ့် မျိုးဆက်သစ် လေကြောင်းကာကွယ်ရေးစီမံကိန်း NGAD ကို အမေရိကန်က အကောင်အထည်ဖော်နေပြီး တိုက်လေယာဥ်သစ်က ဒီစီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

    ရိုပါက တိုက်လေယာဥ်သစ်ကို ကနဦးက ဒစ်ဂျစ်တယ်ကမ္ဘာမှာ တပ်ဆင်၊ တည်ဆောက် စမ်းသပ်ခဲ့ပြီးတဲ့နောက် မကြာခင်ကပဲ တကယ့်အပြင်မှာ တည်ဆောက်ကာ စမ်းသပ်ပျံသန်းနိုင်ခဲ့တယ်လို့ ​​ပြောပါ​တယ်။

    လေယာဥ်ကို သာမန်တည်ဆောက်မှု ပုံစံမျိုးမဟုတ်ဘဲ ပိုပြီး ပြောင်းလွယ်ပြင်လွယ်နိုင်တဲ့ Digital Engineering နည်းပညာကို အသုံးပြု တည်ဆောက်တာ ဖြစ်တယ်လို့ ရို ပါက ဆိုပြီး အသေးစိတ်ကို ထုတ်မပြောခဲ့ပါဘူး။

    ဒီ ဆဌမ တိုက်လေယာဥ်မျိုးဆက်ဟာ လက်ရှိ ရှိနေတဲ့ နောက်ဆုံးပေါ် F-22၊ F-35 တိုက်လေယာဥ်တွေနေရာကို ဆက်ခံမှာ ဖြစ်ပါတယ်။

    Ref; Asia Times

    (ဓာတ်ပုံ – အနာဂတ်တွင်ဖြစ်လာနိုင်သည့် တိုက်လေယာဉ်ပုံစံကို ဘိုးအင်းကုမ္ပဏီက စိတ်ကူးပုံဖော်ထားမှု)

  • သမ္မတထရမ့်ကို နော်ဝေလွှတ်တော်အမတ်က နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် အမည်တင်သွင်း

    သမ္မတထရမ့်ကို နော်ဝေလွှတ်တော်အမတ်က နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် အမည်တင်သွင်း

    စက်တင်ဘာ ၉၊ ၂၀၂၀
    M-Media

    -အစ္စရေးနဲ့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) တို့အကြား ငြိမ်းချမ်းရေးသဘောတူညီချက်ရအောင် စွမ်းဆောင်ပေးနိုင်မှုအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို အခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် စဉ်းစားပေးဖို့ နော်ဝေလွှတ်တော်အမတ်တစ်ဦးက အမည်စာရင်း တင်သွင်းလိုက်ပါတယ်။

    နေတိုးဆိုင်ရာ နော်ဝေကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး နော်ဝေလွှတ်တော်က သက်တမ်းလေးကြိမ်မြောက် လွှတ်တော်အမတ်လည်းဖြစ်တဲ့ Christian Tybring-Gjedde က နိုဘယ်ဆုရွေးချယ်ရေးကော်မတီကို ထရမ့်ရဲ့အမည် တင်သွင်းခဲ့တာပါ။

    ထရမ့်ဟာ နိုင်ငံတွေအကြား ငြိမ်းချမ်းရေးကို နိုဘယ်ဆုရ အခြားသူတွေထက် ပိုမိုလုပ်ဆောင်ခဲ့တယ်လို့ သူက Fox News နဲ့ အင်တာဗျူးမှာ ထည့်သွင်းကြေားခဲ့ပါတယ်။

    အမေရိကန်ရဲ့ကြားဝင်ပေးညှိနှိုင်းပေးမှုကြောင့် အစ္စရေးနဲ့ ယူအေအီးတို့ဟာ ပြီးခဲ့တဲ့လမှာ တရားဝင် သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ပြီး ဂျော်ဒန်၊ အီဂျစ်တို့ပြီးတဲ့နောက် အရှေ့အလယ်ပိုင်းမှာ အစ္စရေးနဲ့ ဆက်ဆံတဲ့ တတိယမြောက်နိုင်ငံ ဖြစ်လာပါတယ်။

    Christian Tybring-Gjedde ရဲ့ အမည်စာရင်းတင်သွင်းတဲ့ လျှောက်ထားလွှာမှာ နှစ်နိုင်ငံအကြား မကျေလည်မှုတွေ လျော့ပါးရေး ထရမ့်ဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ကြောင်း၊ အခြား အရှေ့အလယ်ပိုင်းနိုင်ငံတွေလည်း ဒီလမ်းကြောင်းကို ဆက်လျှောက်မယ်လို့ မျှော်လင့်ရတာကြောင့် ဒေသတွင်း ငြိမ်းချမ်းရေး၊ သာယာ၀ပြောရေးမှာ ဒီသဘောတူညီချက်က အလှည့်အပြောင်းတစ်ခု ဖြစ်လာနိုင်ကြောင်း ရေးသားဖော်ပြထားပါတယ်။

    အိန္ဒိယနဲ့ ပါကစ္စတန်တို့အကြား ရှိနေတဲ့ ကက်ရှ်မီးယားကိစ္စ၊ တောင်-မြောက် ကိုရီးယားနှစ်နိုင်ငံ တင်းမာမှု လျော့ပါးရေးကိစ္စတွေမှာ ထရမ့်က ကြာင်းဝင်ဆောင်ရွက်ပေးခဲ့မှုတွေကို ဒီလျှောက်ထားလွှာမှာ ထောက်ပြထားသလို၊ အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်တပ်ဖွဲ့တွေ လျော့ချမယ့် ထရမ့်ရဲ့အစီအစဉ်ကိုလည်း ချီးကျူးခဲ့ပါတယ်။

    ထရမ့်အနေနဲ့ နိုဘယ်ငြိမ်းချမ်းရေးဆု အမည်စာရင်းတင်သွင်းခံရမှုဟာ ဒါက ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ကိုရီးယားကျွန်းဆွယ် နျူကင်းစင်ရေးအတွက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နဲ့ သဘောတူညီချက်ရခဲ့တဲ့ ၂၀၁၈ ခုနှစ်ကလည်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ထရမ့်ကို အမည်စာရင်းတင်သွင်းခဲ့ဖူးတယ်လို့ သတင်းထွက်ခဲ့ပါတယ်။

    ထရမ့်ကို အမည်စာရင်းတင်သွင်းတာဟာ အရမ်းနှစ်သက်လို့မဟုတ်ကြောင်း၊ သူ့ရဲ့အပြုအမူထက် သူလုပ်ခဲ့တာတွေကို ကော်မတီက သုံးသပ်သင့်ကြောင်း၊ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိခဲ့သူတွေဟာ ထရမ့်လောက် အလုပ်မလုပ်နိုင်ခဲ့ကြောင်း Tybring-Gjedde က Fox News နဲ့ အင်တာဗျူါ်မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: The Hill

  • ပါလက်စတိုင်းနိုင်ငံပေါ်လာရေး အရေးကြီးသည်ဟု ကာတာက အမေရိကန်ကိုပြော

    ပါလက်စတိုင်းနိုင်ငံပေါ်လာရေး အရေးကြီးသည်ဟု ကာတာက အမေရိကန်ကိုပြော

    စက်တင်ဘာ ၄၊ ၂၀၂၀
    M-Media

    အိမ်ဖြူတ​ော်အကြံပေး ဂျရဒ် ကက်ရှ်နာနှင့် ကာတာခေါင်းဆောင် အလ် သာနီ

    -လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံပေါ်လာမှ အစ္စရေးနဲ့ ဆက်ဆံရေးထူထောင်မယ်ဆိုတဲ့မူကို မိမိတို့က လက်ကိုင်ထားတယ်လို့ ကာတာက အိမ်ဖြူတော် အရှေ့အလယ်ပိုင်းဆိုင်ရာ အကြံပေးကို ပြောကြားလိုက်ပါတယ်။

    ကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ သားမက်ဖြစ်တဲ့ အိမ်ဖြူတော်အကြံပေး ဂျာရဒ် ကက်ရှ်နာဟာ မနေ့က ကာတာနိုင်ငံ ဒိုဟာမြို့မှာ ကာတာခေါင်းဆောင် ရှိခ် သာမင် ဘင် ဟာမဒ် အလ် သာနီနဲ့ တွေ့ဆုံခဲ့ပါတယ်။

    ကက်ရှ်နာနဲ့ အလ် သာနီတို့ဟာ နှစ်နိုင်ငံအကြားရှိနေတဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေးကို သုံးသပ်ခဲ့ကြပြီး၊ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးအပါအ၀င် ကိစ္စတော်တော်များများကို ဆွေးနွေးခဲ့ကြပါတယ်။

    အလ် သာနီက ၁၉၆၇ ခုနှစ်စစ်ပွဲမှာ ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းဒေသတွေက အစ္စရေးတပ်တွေ ထွက်သွားပြီး၊အရှေ့ဂျေရုစလင်ကို မြို့တော်ထားတဲ့ လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ ပေါ်ပေါက်မှ အစ္စရေးနဲ့ ဆက်ဆံရေးတည်ဆောက်မယ်ဆိုတဲ့ ၂၀၀၂ ခုနှစ် အာရပ်ငြိမ်းချမ်းရေး အစီအစဥ်ကို ဆက်လက်ဆွဲကိုင်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

    အစ္စေရးနဲ့ ယူအေအီးတို့ ပြီးခဲ့တဲ့လမှာ ပုံမှန်ဆက်ဆံရေး ထူထောင်ခဲ့ပြီးတဲ့နောက် ပင်လယ်ကွေ့က အာရပ်နိုင်ငံတွေလည်း ဒီလမ်းစဥ်ကိုလိုက်ဖို့ အမေရိကန်က မျှော်လင့်နေတာ ဖြစ်ပါတယ်။

    ဂျော်ဒန်နဲ့ အီဂျစ်တို့ပြီးတဲ့နောက် ယူအေအီးဟာ အစ္စရေးနဲ့ ဆက်ဆံရေးထူထောင်တဲ့ တတိယမြောက် အရှေ့အလယ်ပိုင်းနိုင်ငံ ဖြစ်လာတာပါ။ ယူအေအီးရဲ့ဒီလုပ်ရပ်ကို ပါလက်စတိုင်းခေါင်းဆောင်တွေနဲ့ ပြည်သူတွေက ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။

    Ref: Aljazeera

  • တရုတ်၏ ဒုံးကျည်စမ်းသပ်မှုမှာ ဒေသအတွင်း ခြိမ်းခြောက်မှုဟု ကန်ပြော

    တရုတ်၏ ဒုံးကျည်စမ်းသပ်မှုမှာ ဒေသအတွင်း ခြိမ်းခြောက်မှုဟု ကန်ပြော

    သြဂုတ် ၂၈၊ ၂၀၂၀
    M-Media

    -တောင်တရုတ်ပင်လယ်မှာ တရုတ်က တိုက်ချင်းပစ် ဒုံးကျည်တွေ စမ်းသပ်ပစ်လွှတ်မှုဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်မှုတစ်ခု ဖြစ်တယ်လို့ အမေရိကန် ကာကွယ်ရေး၀န်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

    ပြီးခဲ့ရက်ပိုင်းက စစ်ရေးလေ့ကျင့်မှုအတွင်း တရုတ်ဟာ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ပါရာဆဲလ်ကျွန်းနားကို ဒုံးကျည် ၄ လုံးထက်မနည်း ပစ်လွှတ်ခဲ့တာပါ။

    မနေ့က အမေရိကန် ကာကွယ်ရေး၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ တရုတ်ဟာ အငြင်းပွားဧရိယာတွေမှာ ရန်လိုတဲ့ လုပ်ရပ်တွေ မလုပ်ရဘူးဆိုတဲ့ ၂၀၀၂ ခုနှစ် ကတိက၀တ်ကို လိုက်နာမှု မရှိဘူးလို့ ဖော်ပြထားပါတယ်။

    “တောင်တရုတ်ပင်လယ်က အငြင်းပွား နယ်မြေတွေမှာ စစ်ရေးလေ့ကျင့်မှု လုပ်ဆောင်တာဟာ တင်းမာမှုလျော့ချရေး၊ တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရေးတွေနဲ့ ပြဒါတစ်လမ်း သံတစ်လမ်းပါပဲ”

    ပတ်၀န်းကျင် နိုင်ငံတစ်ချို့နဲ့ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်က ဒေသတစ်ချို့မှာ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း တရုတ်က စစ်စခန်းတွေ၊ ကျွန်းတုတွေ ဆောက်လုပ်လာပါတယ်။

    ဗုဒ္ဓဟူးနေ့က တရုတ်ရဲ့ ဒုံးကျည်ပစ်ခတ်စမ်းသပ်မှုမှာ လေယာဥ်တင်သဘ်ောဖျက် ဒုံးကျည်လည်း ပါ၀င်ပါတယ်။ တရုတ်က ဒီပစ်ခတ်မှုဟာ တောင်တရုတ်ပင်လယ်က လေယာဥ်မပျံရဇုန်အတွင်း အမေရိကန် ထောက်လှမ်းရေးလေယာဥ် ပျံသန်းမှုကို တုန့်ပြန်တာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    Ref: Aljazeera