News @ M-Media

Tag: US

  • အမေရိကန်သမ္မတဟောင်းထရမ့် ဂျော်ဂျီယာအကျဥ်းထောင်သို့ သွားရောက်အဖမ်းခံ

    အမေရိကန်သမ္မတဟောင်းထရမ့် ဂျော်ဂျီယာအကျဥ်းထောင်သို့ သွားရောက်အဖမ်းခံ

    သြဂုတ် ၂၅၊ ၂၀၂၃
    M-Media 

    -၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲဖို့ ကြိုးစားတယ်ဆိုတဲ့ စွဲချက်အတွက် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ ဂျော်ဂျီယာပြည်နယ်မှာ မနေ့က သွားရောက် အဖမ်းခံခဲ့ပါတယ်။ 

    လာရောက်အဖမ်းခံဖို့ သတ်မှတ်ထားတဲ့ နောက်ဆုံးရက်မတိုင်မီ တစ်ရက်အလိုမှာ ဖူလ်တန်ခရိုင်အကျဥ်းထောင်ကို ထရမ့်တစ်ယောက် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

    ဂျော်ဂျီယာပြည်နယ်က မဲရလဒ်ကို ပြောင်းလဲဖို့ ကြိုးပမ်းတယ်ဆိုတဲ့ စွဲချက်နဲ့ တရားစွဲဆိုခံရသူ ၁၉ ဦးရှိပြီး မနေ့က ထရမ့်နဲ့အတူ ၁၁ ဦး လာရောက် အဖမ်းခံခဲ့ပါတယ်။ 

    ထရမ့်ဟာ အကျဥ်းထောင်မှာ မိနစ် ၂၀ လောက် ကြာမြင့်ခဲ့ပြီး၊ ဒေါ်လာ ၂ သိန်းအာမခံနဲ့ ပြန်ထွက်လာပါတယ်။

    ဂျော်ဂျီယာရဲတပ်ဖွဲ့က စွပ်စွဲခံရသူအဖြစ် မှတ်တမ်းယူထားတဲ့ ထရမ့်ရဲ့ဓာတ်ပုံကို နောက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပြီး အမေရိကန်သမိုင်းမှာ ရာဇ၀တ်မှုနဲ့ မှတ်တမ်းတင် ဓာတ်ပုံရိုက်ခံရတဲ့ ပထမဆုံး သမ္မတဟောင်းအဖြစ် မှတ်တမ်း၀င်ခဲ့ပါတယ်။ 

    ရဲမှတ်တမ်းမှာ လူဖြူ၊ အရပ် ၆ ပေ ၃ လက်မ၊ ကိုယ်အလေးချိန် ၂၁၅ ပေါင်၊ ရွှေနဲ့ စတော်ဘယ်ရီရောင် ဆံပင်၊ မျက်လုံးပြာ ရှိသူအဖြစ် ထရမ့်ကို မှတ်တမ်းတင်ထားပြီး အကျဥ်းသားနံပါတ်က P01135809 ဖြစ်ပါတယ်။

    ထောင်ကထွက်လာအပြီး သတင်းစာရှင်းလင်းပွဲမှာ ထရမ့်က သူ့မှာ အပြစ်မရှိဘဲ နိုင်ငံရေးအရ လုပ်ကြံခံရတာလို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။ 

    ၂၀၂၀ ရွေးကောက်ပွဲအပြီး သူ့ကိုထောက်ခံသူတွေက လွှတ်တော်ကို ၀င်ရောက်စီးနင်းမှုမှာ လှုံ့ဆော်အားပေးမှု၊ နိုင်ငံတော်လျှို့၀ှက်ချက်တွေ လက်၀ယ်ထားရှိမှု၊ ပေါက်ကြားမှု စတာတွေနဲ့လည်း ထရမ့်ဟာ တရားစွဲဆို ခံထားရပါတယ်။ 

    Ref: BBC, Reuters

  • သမ္မတဟောင်းထရမ့် အမှုထပ်တိုးခံရ

    သမ္မတဟောင်းထရမ့် အမှုထပ်တိုးခံရ

    ဇူလိုင် ၂၈၊ ၂၀၂၃

    M-Media 


    -နိုင်ငံတော် လျှို့၀ှက်ချက်ဥပဒေနဲ့ တရားစွဲဆိုခံနေရတဲ့ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ နောက်ထပ် ရာဇတ်မှုစွဲချက် ၃ ခု ထပ်တင်ခံလိုက်ရပါတယ်။

    စစ်ဆေးခံနေရတဲ့ Mar-a-Lago ဇိမ်ခံအိမ်မှာ လုံခြုံရေးကင်မရာ ဗီဒီယိုမှတ်တမ်းတွေကို ထရမ့်က သူ့အလုပ်သမားတွေကို ဖျက်ခိုင်းခဲ့တာကြောင့် ဖြစ်ပါတယ်။ 

    အစိုးရရှေ့နေတွေက ထရမ့်ရဲ့ ဒီလုပ်ရပ်ဟာ စုံစမ်းစစ်ဆေးရေးကို နှောက်ယှက်မှု မြောက်တယ်လို့ မနေ့က ထုတ်ပြန်ခဲ့ပါတယ်။ 

    နောက်တိုးအမှု ၃ ခုပါရင် ထရမ့် လက်ရှိ ရင်ဆိုင်နေရတဲ့အမှုပေါင်း ၄၀ ရှိသွားပြီဖြစ်ပါတယ်။ 

    တရားရေးအဖွဲ့တွေ မျက်စိလည်သွားစေဖို့အတွက် ထရမ့်ဟာ Mar-a-Lago အိမ်က ဗီဒီယိုမှတ်တမ်း ဇာတ်လမ်းတွေကို ပြောင်းဖို့လည်း ကြိုးစားခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ထရမ့်ရဲ့ ၀န်ထမ်း ၃ ဦးလည်း တရားစွဲဆိုခံခဲ့ရပါတယ်။ 

    စွဲချက် ၄၀ ထဲမှာ အီရန်ကို ၀င်တိုက်ဖို့ အဆိုပြုထားတဲ့ ထိပ်တန်းလျှို့၀ှက်ချက်ကို ၂၀၂၁ ခုနှစ်က ဂေါက်ကလပ်တစ်ခုမှာ တစ်ခြားသူတွေကို ပြန်ပြောပြတဲ့ ကိစ္စလည်း ပါ၀င်ပါတယ်။ 

    ထရမ့်ကတော့ ဒီစွဲချက်တွေအားလုံးကို ငြင်းဆိုထားပါတယ်။ 

    Ref: Reuters

  • အမေရိကန်သမ္မတဟောင်း၏ ထမင်းချက်ကို သေဆုံးလျက်တွေ့

    အမေရိကန်သမ္မတဟောင်း၏ ထမင်းချက်ကို သေဆုံးလျက်တွေ့

    ဇူလိုင် ၂၅၊ ၂၀၂၃

    M-Media


    – အမေရိကန်သမ္မတဟောင်း ဘာရက်အိုဘားမားရဲ့ ထမင်းချက်ကို မနေ့က ရေကန်တစ်ခုထဲမှာ သေဆုံးလျက် တွေ့ရှိခဲ့ရပါတယ်။ 

    မက်ဆာချူးဆက်ပြည်နယ် လူကုံထံရပ်ကွက် Martha’s Vineyard က ရေကန်ထဲမှာ ဖြစ်ပါတယ်။ အဲဒီရပ်ကွက်မှာ အိုဘားမားနေအိမ်လည်း ရှိပါတယ်။ 

    အသက် ၄၅ နှစ်အရွယ် တာဖာရီ ကမ်းပဲလ်ဆိုသူဟာ အရင်က အိမ်ဖြူတော်မှာ ထမင်းချက်အဖြစ် အလုပ်လုပ်ကိုင်ပြီး သမ္မတ အိုဘားမား ရာထူးကဆင်းသွားတဲ့အချိန် မိသားစုထမင်းချက်အဖြစ် ဆက်လက်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ 

    လူတစ်ယောက်သာ ရပ်လို့ရတဲ့ ဘုတ်ပြားကို မတ်တပ်ရပ်ပြီး တက်နဲ့လှော်တဲ့ အားကစား Paddle Boarding ပြုလုပ်နေစဥ် ကမ်းပဲလ်တစ်ယောက် ရေထဲပြုတ်ကျ သေဆုံးသွားတာပါ။ 

    မက်ဆာချူးဆက်စ် ရဲတပ်ဖွဲ့ကတော့ သက်ကယ်အင်္ကျီ မ၀တ်ထားတဲ့ ကမ်းပဲလ်ရဲ့အလောင်းကို ရေအောက် ၂ မီတာခွဲလောက်မှာ တွေ့ရှိထားတယ်လို့ ထုတ်ပြန်ပါတယ်။

    အိုဘားမားက ကမ်းပဲလ်ဟာ ချက်ရေးပြုတ်ရေးကို ၀ါသနာထုံသူဖြစ်ပြီး၊ တီထွင်ဉာဏ်ရှိကာ အပေါင်းအသင်းဆန့်သူဖြစ်ကြောင်း၊ ကမ်းပဲလ်သေဆုံးမှုအတွက် အလွန်၀မ်းနည်းကြေကွဲရကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။ 

    အခင်းဖြစ်ပွားချိန်မှာ အိုဘားမားဟာ သူ့နေအိမ်မှာ ရှိမနေပါဘူး။ 

    ကမ်းပဲလ်နဲ့အတူ ရေထဲပြုတ်ကျ ပျောက်ဆုံးနေတဲ့ အခြားသူတစ်ဦးလည်း ရှိပြီး ရဲတပ်ဖွဲ့က ဆက်လက်ရှာဖွေနေပါတယ်။ 

    Ref: Reuters

  • ကန်လေယာဥ်ကို ပစ်ချမည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်

    ကန်လေယာဥ်ကို ပစ်ချမည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်

    ဇူလိုင် ၁၀၊ ၂၀၂၃

    M-Media 


    – မိမိိတို့ရဲ့ လေပိုင်နက်ထဲကို အမေရိကန် ထောက်လှမ်းရေးလေယာဥ်တွေ ၀င်ရောက်လာလေ့ရှိပြီး ပဋိပက္ခမဖြစ်ရေး၀ါဒကို ကိုင်စွဲထားပေမယ့် ပစ်ချတာမျိုးလည်း ဖြစ်လာနိုင်တယ်လို့ မြောက်ကိုရီးယားက ခြိမ်းခြောက်လိုက်ပါတယ်။ 

    မြောက်ကိုရီးယား ကာကွယ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အမေရိကန်ရဲ့ ရန်လိုတဲ့ လုပ်ရပ်တွေနဲ့ပတ်သက်ပြီး မှတ်ချက်ပေးခဲ့တာကို နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့တာပါ။  

    ကိုရီးယားကျွန်းဆွယ်မှာ နျူပဋိပက္ခဖြစ်အောင် အမေရိကန်က ဆောင်ရွက်နေပြီး၊ ထောက်လှမ်းရေးလေယာဥ်တွေ၊ ဒရုန်းတွေကိုလည်း မြောကိုရီးယား လေပိုင်နက်မှာ အသုံးပြုနေတယ်လို့ ဆိုပါတယ်။ ကျွန်းဆွယ်အနီး အမေရိကန်ရေငုပ်သင်္ဘော ချထားတာကိုလည်း ပြောရေးဆိုခွင့်ရှိသူက ထောက်ပြပါတယ်။ 

    “အမေရိကန်လေတပ်ရဲ့ ဗျူဟာမြောက် ထောက်လှမ်းရေးလေယာဥ်ကို ပစ်ချလိုက်တယ်ဆိုတဲ့ ထူးထူးခြားခြား အဖြစ်အပျက်မျိုး ဖြစ်မလာဘူးလို့ ကျွန်တော်တို့ အာမမခံပါဘူး”

    တောင်-မြောက် ကိုရီးယားနယ်စပ်နဲ့ ကျွန်းဆွယ်ပေါ်မှာ ကန်ထောက်လှမ်းရေးလေယာဥ်ကို ပစ်ခတ်တာ၊ တားဆီးဟန့်တားတာမျိုး အရင်က ရှိခဲ့ဖူးတယ်လို့လည်း KCNA ရဲ့ ဖော်ပြချက်မှာ ပါ၀င်ပါတယ်။ 

    ကိုရီးယားကျွန်းဆွယ်မှာ အမေရိကန်ဟာ ဗျူဟာမြောက် နျူလက်နက်တွေ ထားရှိဖို့ စီစဥ်နေပြီး ဒါဟာ နျူအကြပ်ကိုင်တာမျိုး ဖြစ်တယ်လို့လည်း မြောက်ကိုရီးယားက ပြောဆိုထားပါတယ်။ 

    Ref: CNA

  • မိန်းမကိစ္စအတွက် အဖမ်းခံရနိုင်ချေရှိနေတဲ့ ကန်သမ္မတဟောင်း ထရမ့်

    မိန်းမကိစ္စအတွက် အဖမ်းခံရနိုင်ချေရှိနေတဲ့ ကန်သမ္မတဟောင်း ထရမ့်

    မတ် ၂၁၊ ၂၀၂၃

    M-Media 

    -အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ ရာဇ၀တ်မှုတစ်ခုအတွက် အဖမ်းခံရနိုင်ချေရှိနေပြီး နောက်ဆက်တွဲ မတည်ငြိမ်မှုတွေ ဖြစ်လာနိုင်တာကြောင့် အမေရိကန်မြို့ကြီးတွေမှာ လုံခြုံရေးတိုးမြှင့်ထားပါတယ်။ 

    အပြာမယ် စတော်မီ ဒန်နီယဲလ်နဲ့ ၂၀၁၆ ခုနှစ်က ရှုပ်တဲ့ကိစ္စပါ။ အိမ်ထောင်ရှိထားတဲ့ ထရမ့်ဟာ သူနဲ့ရှုပ်ခဲ့တဲ့အကြောင်း ဖွင့်ချမယ်လို့ စတော်မီက မီဒီယာတွေကို ဆက်သွယ်ပြောကြားခဲ့ပြီး ထရမ့်က ဒီကိစ္စကို နှုတ်ပိတ်ဖို့ သူ့ရှေ့နေ မိုက်ကယ် ကိုဟင်ကနေတစ်ဆင့် ကန်ဒေါ်လာ ၁၃၀၀၀၀ ပေးခဲ့ပါတယ်။ 

    ဒီလိုငွေကြေးပေးတာ ပြစ်မှုမမြောက်ပေမယ့် ဥပဒေရေးရာ ကိစ္စအတွက် ပေးတာဆိုပြီး ရှေ့နေကိုဟင်ကိုပေးတဲ့ ဖြတ်ပိုင်းမှာ ဖော်ပြထားပါတယ်။ 

    နယူးယောက်ပြည်နယ်ဥပဒေအရ ဒါဟာ စီးပွားရေးမှတ်တမ်း မသမာမှုဖြစ်ပြီး ရာဇ၀တ်မှု မြောက်ပါတယ်။ ဒီကိစ္စကို ပြည်သူတွေသိမှာ စိုးတဲ့အတွက် ဖုံးကွယ်ခဲ့ပြီး ဒီဟာကလည်း ရွေးကောက်ပွဲဥပဒေအရ ကြီးလေးတဲ့ ရာဇ၀တ်မှုဖြစ်ပါတယ်။

    နယူးယောက် တရားသူကြီးတွေက ဒီကိစ္စတွေအတွက် ထရမ့်ကို ဖမ်းဆီး တရားစွဲဆိုမှု လုပ်သင့်လား၊ မလုပ်သင့်လားဆိုတာ အခုတစ်ပတ်အတွင်း ဆုံးဖြတ်မှာပါ။

    ထရမ့်ကလည်း သူဟာ အင်္ဂါနေ့မှာ ဖမ်းဆီးခံနိုင်တယ်လို့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပြီး ဆန္ဒပြကြဖို့လည်း ထောက်ခံသူတွေကို တိုက်တွန်းခဲ့ပါတယ်။ 

    ဒီလိုဖမ်းဆီးခံရမယ်ဆိုရင် ထရမ့်ဟာ အမေရိကန်သမိုင်းမှာ ရာဇ၀တ်မှုနဲ့ တရားစွဲဆိုခံရတဲ့ ပထမဆုံး သမ္မတဟောင်းအဖြစ် မှတ်တမ်း၀င်မှာ ဖြစ်ပါတယ်။ 

    ဒီကိစ္စနဲ့ပတ်သက်ပြီး မတည်ငြိမ်မှုတွေ ဖြစ်လာနိုင်တဲ့အတွက် ၀ါရှင်တန်ပါအ၀င် မြို့ကြီးတော်တော်များများမှာ ရဲတပ်ဖွဲ့က လုံခြုံရေး တိုးမြှင့်ထားပါတယ်။ 

    Ref: New York Times