News @ M-Media

Tag: US

  • တိုက်တန်းနစ်ဖြစ်ရပ်ဆိုးမှ သမိုင်း၀င်သစ်သားပြား ဒေါ်လာ ၇ သိန်းကျော်ဖြင့် လေလံအောင်

    တိုက်တန်းနစ်ဖြစ်ရပ်ဆိုးမှ သမိုင်း၀င်သစ်သားပြား ဒေါ်လာ ၇ သိန်းကျော်ဖြင့် လေလံအောင်

    မတ် ၂၈၊ ၂၀၂၄

    M-Media 


    -ကမ္ဘာကျော် တိုက်တန်းနစ်ရုပ်ရှင်ထဲက နာမည်ကြီးသစ်သားပြားကို ပြီးခဲ့တဲ့တစ်ပတ် လေလံတင်ရောင်းချရမှာ ဒေါ်လာ ၇၁၈၇၅၀ ရရှိခဲ့ပါတယ်။ 

    မင်းသမီးရို့စ် အသက်ရှင်သန်ရေးအတွက် အရေးပါတဲ့ သစ်သားပြား ဖြစ်ပါတယ်။ တိုက်တန်းနစ်သင်္ဘော တိမ်းမှောက်ပြီး လူတွေ ရေပေါ် မျောနေစဥ်မှာ မင်းသားဂျက်က ရေထဲမှာ မျောလာတဲ့ သစ်သားပြားကို ယူပြီး မင်းသမီးရို့စ်ကို တင်ပေးခဲ့တာပါ။ 

    အဲဒီသစ်သားပြားကြောင့်ပဲ ရို့စ်ဟာ အသက်ရှင်ခဲ့တာ ဖြစ်ပါတယ်။ ရုပ်ရှင်ထဲက ဒီသစ်သားပြားဟာ တကယ့် တိုက်တန်းနစ်သင်္ဘောက ပျက်ဆီးနေတဲ့ သစ်သားပြားကို နမူနာယူကာ အသေးစိတ် ဖန်တီးထားတာ ဖြစ်ပါတယ်။ 

    အငြင်းပွားဖွယ်သစ်သားပြား 

    မင်းသားဂျက် သေဆုံးသွားခဲ့တဲ့ ဒီဇာတ်၀င်ခန်းအတွက် ပရိတ်သတ်တွေထံက ၀ေဖန်မှုတွေ ရခဲ့တယ်လို့ တိုက်တန်းနစ်ဒါရိုက်တာ ဂျိမ်းစ် ကင်မရွန်းက ပြောပါတယ်။ 

    ရို့စ်ဟာ တစ်ကိုယ်ကောင်းဆန်သူဖြစ်ပြီး ဂျက်ကလည်း ငပိန်းတစ်ယောက်ဖြစ်တယ်လို့ ပရိတ်သတ်တွေက ဆိုပါတယ်။ ဒီသစ်သားပြားဟာ ၂ ယောက်စလုံး တက်နေနိုင်တဲ့ အနေအထား ရှိတယ်လို့ စောဒက တက်ခဲ့ကြတာပါ။ 

    အလျား ၈ ပေ၊ အနံ ၃ ပေကျော်ရှိတဲ့ အဲဒီသစ်သားပြားမှာ လူနှစ်ယောက် တက်နေနိုင်တယ်ဆိုတဲ့ အငြင်းပွားမှုတွေ ရှိပေမယ့် ဇာတ်လမ်းအရ မင်းသားဂျက်ဟာ သေဆုံးရမှာဖြစ်တယ်လို့ ဒါရိုက်တာ ကင်မရွန်းက ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ 

    Ref: BBC

  • ဘာလ်တီမိုးတံတားကျိုးကျမှု အနည်းဆုံး ၆ ဦးသေဆုံး

    ဘာလ်တီမိုးတံတားကျိုးကျမှု အနည်းဆုံး ၆ ဦးသေဆုံး

    မတ် ၂၇၊ ၂၀၂၄

    M-Media 


    -အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ် ဘာလ်တီမိုးမြို့က Francis Scott Key တံတား ကျိုးကျမှုအတွင်း အနည်းဆုံး လူ ၆ ဦးသေဆုံးဖွယ်ရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ 

    မတ်လ ၂၆ ရက်နေ့မနက်ပိုင်းက တံတားတိုင်တစ်ခုကို  ကွန်တိန်နာသင်္ဘောကြီး ၀င်တိုက်ခဲ့တာကြောင့် ကျိုးကျခဲ့တာပါ။ အခင်းဖြစ်ပွားစဥ် တံတားပေါ်မှာ လူ ၈ ဦး ရှိခဲ့ပြီး ၂ ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပါတယ်။ 

    ရှာမတွေသေးတဲ့ အခြား ၆ ဦးကို သေဆုံးသွားပြီလို့ ယူဆကြောင်း အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ အန္တရာယ်ရှိတဲ့ အနေအထားကြောင့် ရှာဖွေကယ်ဆယ်မှုတွေကို မတ်လ ၂၈ ရက်နေ့မှ ပြန်လည်လုပ်ဆောင်နိုင်မယ်လို့ ဆိုပါတယ်။ 

    သေဆုံးသွားပြီလို့ ယူဆရသူ ၆ ဦးဟာ ဂွါတီမာလာ၊ အလ်ဆာဗေဒိုးနဲ့ မက္ကဆီကိုတို့က ဆောက်လုပ်ရေးလုပ်သားတွေ ဖြစ်ပါတယ်။

    တံတားကို ၀င်တိုက်ခဲ့တဲ့ ကွန်တိန်နာသင်္ဘော Dali ဟာ စင်ကာပူအလံလွှင့်ထားတဲ့ သင်္ဘောပါ။ တံတားကိုမတိုက်ခင်မှာ ကမ်းခြေစောင့်အဖွဲ့ကို အန္တရာယ်ရှိနေကြောင်း သတင်းပေးပို့ခဲ့ပြီး တံတားက ကားအသွားအလာကို ရှင်းလင်းထားဖို့ အကြောင်းကြားခဲ့ပါတယ်။ 

    တံတားကို၀င်မတိုက်ခင် Dali သင်္ဘောဟာ အင်ဂျင်ရော၊ လျှပ်စစ်စနစ်အားလုံး ပြတ်တောက်သွားကြောင်း ကနဦးစစ်ဆေးမှုမှာ တွေ့ခဲ့ရပါတယ်။ 

    ဒီသင်္ဘောဟာ ပြီးခဲ့တဲ့နှစ်က အင်ဂျင်ပိုင်းနဲ့ စက်ကိရိယာပိုင်းဆိုင်ရာ ပြဿနာကြောင့် ချီလီနိုင်ငံမှာ တစ်ထောက်နား ပြင်ဆင်ခဲ့ရဖူးပါတယ်။ 

    Francis Scott Key တံတား ကျိုးကျမှုကြောင့် အမေရိကန်အရှေ့ဘက်ကမ်းရိုးတန်းက ကုန်သွယ်ရေးကို ထိခိုက်မယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ 

    Ref: CNN 

  • အံ့သြဖွယ် ပျောက်ဆုံးနေသည့် အမေရိကန်၏ F-35 တိုက်လေယာဥ်

    အံ့သြဖွယ် ပျောက်ဆုံးနေသည့် အမေရိကန်၏ F-35 တိုက်လေယာဥ်

    စက်တင်ဘာ ၁၉၊ ၂၀၂၃

    M-Media 


    -အမေရိကန်ပြည်ထောင်စု တောင်ကယ်ရိုလိုင်းနားမှာ နောက်ဆုံးပေါ် F-35B Lightning II တိုက်လေယာဥ်တစ်စင်း တနင်္ဂနွေနေ့က ပျောက်ဆုံးသွားပြီး ရှာဖွေမှုတွေ လုပ်ဆောင်နေပါတယ်။ 

    မောင်းနှင်သွားတဲ့ လေယာဥ်မှုးက လေပေါ်မှာ အရေးပေါ် ခုန်ထွက်ခဲ့ပြီးနောက်ပိုင်း လေယာဥ် ပျောက်ဆုံးသွားတာပါ။ ဘာ့ကြောင့် အရေးပေါ် ခုန်ထွက်ရသလဲဆိုတာ ထုတ်ပြန်ခြင်း မပြုပါဘူး။ 

    F-35 လေယာဥ်တစ်စီးဟာ အနည်းဆုံး ဒေါ်လာ သန်း ၈၀ တန်ဖိုးရှိပြီး အဓိက အားသာချက်က ကိုယ်ပျောက်နိုင်တာပါ။ ဘယ်ရေဒါနဲ့မှ ဖမ်းလို့ မရပါဘူး။ 

    လက်ရှိမှာ အမေရိကန် စစ်ဖက်၊ အရပ်ဖက် အဖွဲ့ပေါင်းစုံက ရှာဖွေမှုတွေ လုပ်ဆောင်နေပြီး၊ အများပြည်သူကိုလည်း တွေ့ရင် အကြောင်းကြားဖို့ မေတ္တာရပ်ခံထားပါတယ်။ 

    လေယာဥ်ပျောက်ဆုံးရာ နော့သ် ချာလ်စတန်ဒေသ လွှတ်တော်အမတ် နန်စီ မေ့စ်က နောက်ဆုံးပေါ် ခြေရာခံကိရိယာတွေ တပ်ဆင်ထားတဲ့ လေယာဥ်ကို ရှာမတွေ့ဘူးဆိုတဲ့အတွက် အစိုးရနဲ့ စစ်တပ်ကို ဆိုရှယ်မီဒီယာကနေ ၀ေဖန်ခဲ့ပါတယ်။ 

    “F-35 ကို ဘယ်လိုတောင် ဖျောက်လိုက်ကြတာလဲ။ တပ်ထားတဲ့ခြေရာခံ ကိရိယာတွေက ဘာလုပ်ဖို့လဲ။ ပြည်သူတွေကို ရှာပြီး၊ ပြန်အပ်ပေးပါလို့ ပြောနေရပြီလား”

    Ref: Reuters

  • ၁၉၉၀ ကတည်းက ဆံပင်မညှပ်ခဲ့သည့် အမျိုးသမီး

    ၁၉၉၀ ကတည်းက ဆံပင်မညှပ်ခဲ့သည့် အမျိုးသမီး

    စက်တင်ဘာ ၅၊ ၂၀၂၃

    M-Media 


    -အမေရိကန်ပြည်ထောင်စု တန်နက်ဆီပြည်နယ်က အမျိုးသမီးတစ်ဦးဟာ ဆံပင်အရှည် ၅ ပေ ၈ လက်မနဲ့ ကမ္ဘာ့ဆံပင်အရှည်ဆုံး အကြေကောက်ဆံပင်အဖြစ် ဂင်းနစ်စံချိန် ၀င်ခဲ့ပါတယ်။ 

    တာမီ မာနစ်ဆိုတဲ့ အဲဒီအမျိုးသမီးဟာ အသက် ၅၈ နှစ် ရှိပါပြီ။ အသက် ၂၅ နှစ်အရွယ် ၁၉၉၀ ကတည်းက ဆံပင်မညှပ်ဘဲ အရှည်ထားခဲ့တာပါ။ 

    လက်ရှိမှာတော့ သူမရဲ့ဆံပင်ဟာ သူမအရပ်ထက်တောင် ရှည်ခဲ့ပြီ ဖြစ်ပါတယ်။  

    ၁၉၈၀ ပြည့်နှစ်တွေက အဆိုတော်တစ်ဦး ကျစ်ဆံမြီးကျစ်ထားတာကို အားကျပြီး ၁၉၉၀ ပြည့်နှစ် ဖေဖော၀ါရီက ၉ ရက်နေ့ကစလို့ ဆံပင်အရှည် စထားဖြစ်တာလို့ သူမက ဆိုပါတယ်။ 

    “ဆံပင်တွေရှည်လာတာကို ကျွန်မနှစ်သက်ခဲ့ပြီး အခုတော့ ကမ္ဘာ့အရှည်ဆုံး အကြေကောက်ဆံပင်အဖြစ် မှတ်တမ်း၀င်ခဲ့ပါပြီ။ ပျော်ရွှင်ရပါတယ်”

    ၂၀၂၀ ခုနှစ် အမေရိကန် အကြေကောက်ဆံပင် ချန်ပီယံရှစ် ပြိုင်ပွဲမှာ မာနစ်ဟာ ဒုတိယဆု ရခဲ့ပါတယ်။ 

    Ref: Sky News 

  • အမေရိကန်သမ္မတဟောင်းထရမ့် ဂျော်ဂျီယာအကျဥ်းထောင်သို့ သွားရောက်အဖမ်းခံ

    အမေရိကန်သမ္မတဟောင်းထရမ့် ဂျော်ဂျီယာအကျဥ်းထောင်သို့ သွားရောက်အဖမ်းခံ

    သြဂုတ် ၂၅၊ ၂၀၂၃
    M-Media 

    -၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲဖို့ ကြိုးစားတယ်ဆိုတဲ့ စွဲချက်အတွက် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ ဂျော်ဂျီယာပြည်နယ်မှာ မနေ့က သွားရောက် အဖမ်းခံခဲ့ပါတယ်။ 

    လာရောက်အဖမ်းခံဖို့ သတ်မှတ်ထားတဲ့ နောက်ဆုံးရက်မတိုင်မီ တစ်ရက်အလိုမှာ ဖူလ်တန်ခရိုင်အကျဥ်းထောင်ကို ထရမ့်တစ်ယောက် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

    ဂျော်ဂျီယာပြည်နယ်က မဲရလဒ်ကို ပြောင်းလဲဖို့ ကြိုးပမ်းတယ်ဆိုတဲ့ စွဲချက်နဲ့ တရားစွဲဆိုခံရသူ ၁၉ ဦးရှိပြီး မနေ့က ထရမ့်နဲ့အတူ ၁၁ ဦး လာရောက် အဖမ်းခံခဲ့ပါတယ်။ 

    ထရမ့်ဟာ အကျဥ်းထောင်မှာ မိနစ် ၂၀ လောက် ကြာမြင့်ခဲ့ပြီး၊ ဒေါ်လာ ၂ သိန်းအာမခံနဲ့ ပြန်ထွက်လာပါတယ်။

    ဂျော်ဂျီယာရဲတပ်ဖွဲ့က စွပ်စွဲခံရသူအဖြစ် မှတ်တမ်းယူထားတဲ့ ထရမ့်ရဲ့ဓာတ်ပုံကို နောက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပြီး အမေရိကန်သမိုင်းမှာ ရာဇ၀တ်မှုနဲ့ မှတ်တမ်းတင် ဓာတ်ပုံရိုက်ခံရတဲ့ ပထမဆုံး သမ္မတဟောင်းအဖြစ် မှတ်တမ်း၀င်ခဲ့ပါတယ်။ 

    ရဲမှတ်တမ်းမှာ လူဖြူ၊ အရပ် ၆ ပေ ၃ လက်မ၊ ကိုယ်အလေးချိန် ၂၁၅ ပေါင်၊ ရွှေနဲ့ စတော်ဘယ်ရီရောင် ဆံပင်၊ မျက်လုံးပြာ ရှိသူအဖြစ် ထရမ့်ကို မှတ်တမ်းတင်ထားပြီး အကျဥ်းသားနံပါတ်က P01135809 ဖြစ်ပါတယ်။

    ထောင်ကထွက်လာအပြီး သတင်းစာရှင်းလင်းပွဲမှာ ထရမ့်က သူ့မှာ အပြစ်မရှိဘဲ နိုင်ငံရေးအရ လုပ်ကြံခံရတာလို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။ 

    ၂၀၂၀ ရွေးကောက်ပွဲအပြီး သူ့ကိုထောက်ခံသူတွေက လွှတ်တော်ကို ၀င်ရောက်စီးနင်းမှုမှာ လှုံ့ဆော်အားပေးမှု၊ နိုင်ငံတော်လျှို့၀ှက်ချက်တွေ လက်၀ယ်ထားရှိမှု၊ ပေါက်ကြားမှု စတာတွေနဲ့လည်း ထရမ့်ဟာ တရားစွဲဆို ခံထားရပါတယ်။ 

    Ref: BBC, Reuters