News @ M-Media

Tag: US

  • မိန်းမကိစ္စအတွက် အဖမ်းခံရနိုင်ချေရှိနေတဲ့ ကန်သမ္မတဟောင်း ထရမ့်

    မိန်းမကိစ္စအတွက် အဖမ်းခံရနိုင်ချေရှိနေတဲ့ ကန်သမ္မတဟောင်း ထရမ့်

    မတ် ၂၁၊ ၂၀၂၃

    M-Media 

    -အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ ရာဇ၀တ်မှုတစ်ခုအတွက် အဖမ်းခံရနိုင်ချေရှိနေပြီး နောက်ဆက်တွဲ မတည်ငြိမ်မှုတွေ ဖြစ်လာနိုင်တာကြောင့် အမေရိကန်မြို့ကြီးတွေမှာ လုံခြုံရေးတိုးမြှင့်ထားပါတယ်။ 

    အပြာမယ် စတော်မီ ဒန်နီယဲလ်နဲ့ ၂၀၁၆ ခုနှစ်က ရှုပ်တဲ့ကိစ္စပါ။ အိမ်ထောင်ရှိထားတဲ့ ထရမ့်ဟာ သူနဲ့ရှုပ်ခဲ့တဲ့အကြောင်း ဖွင့်ချမယ်လို့ စတော်မီက မီဒီယာတွေကို ဆက်သွယ်ပြောကြားခဲ့ပြီး ထရမ့်က ဒီကိစ္စကို နှုတ်ပိတ်ဖို့ သူ့ရှေ့နေ မိုက်ကယ် ကိုဟင်ကနေတစ်ဆင့် ကန်ဒေါ်လာ ၁၃၀၀၀၀ ပေးခဲ့ပါတယ်။ 

    ဒီလိုငွေကြေးပေးတာ ပြစ်မှုမမြောက်ပေမယ့် ဥပဒေရေးရာ ကိစ္စအတွက် ပေးတာဆိုပြီး ရှေ့နေကိုဟင်ကိုပေးတဲ့ ဖြတ်ပိုင်းမှာ ဖော်ပြထားပါတယ်။ 

    နယူးယောက်ပြည်နယ်ဥပဒေအရ ဒါဟာ စီးပွားရေးမှတ်တမ်း မသမာမှုဖြစ်ပြီး ရာဇ၀တ်မှု မြောက်ပါတယ်။ ဒီကိစ္စကို ပြည်သူတွေသိမှာ စိုးတဲ့အတွက် ဖုံးကွယ်ခဲ့ပြီး ဒီဟာကလည်း ရွေးကောက်ပွဲဥပဒေအရ ကြီးလေးတဲ့ ရာဇ၀တ်မှုဖြစ်ပါတယ်။

    နယူးယောက် တရားသူကြီးတွေက ဒီကိစ္စတွေအတွက် ထရမ့်ကို ဖမ်းဆီး တရားစွဲဆိုမှု လုပ်သင့်လား၊ မလုပ်သင့်လားဆိုတာ အခုတစ်ပတ်အတွင်း ဆုံးဖြတ်မှာပါ။

    ထရမ့်ကလည်း သူဟာ အင်္ဂါနေ့မှာ ဖမ်းဆီးခံနိုင်တယ်လို့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပြီး ဆန္ဒပြကြဖို့လည်း ထောက်ခံသူတွေကို တိုက်တွန်းခဲ့ပါတယ်။ 

    ဒီလိုဖမ်းဆီးခံရမယ်ဆိုရင် ထရမ့်ဟာ အမေရိကန်သမိုင်းမှာ ရာဇ၀တ်မှုနဲ့ တရားစွဲဆိုခံရတဲ့ ပထမဆုံး သမ္မတဟောင်းအဖြစ် မှတ်တမ်း၀င်မှာ ဖြစ်ပါတယ်။ 

    ဒီကိစ္စနဲ့ပတ်သက်ပြီး မတည်ငြိမ်မှုတွေ ဖြစ်လာနိုင်တဲ့အတွက် ၀ါရှင်တန်ပါအ၀င် မြို့ကြီးတော်တော်များများမှာ ရဲတပ်ဖွဲ့က လုံခြုံရေး တိုးမြှင့်ထားပါတယ်။ 

    Ref: New York Times

  • သမ္မတဖြစ်စဥ်က ယူထားခဲ့သည့် လက်ဆောင်များအတွက် ဖြေရှင်းရအုံးမည့် ထရမ့်

    သမ္မတဖြစ်စဥ်က ယူထားခဲ့သည့် လက်ဆောင်များအတွက် ဖြေရှင်းရအုံးမည့် ထရမ့်

    မတ် ၁၈၊ ၂၀၂၃

    M-Media


    -အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ တာ၀န်ထမ်းဆောင်စဥ် နိုင်ငံခြားတိုင်းပြည်တွေက ပေးအပ်တဲ့ လက်ဆောင်တွေကို စာရင်းတင်ဖို့ ပျက်ကွက်ခဲ့ကြောင်း ဒီမိုကရက်တစ်ပါတီ လွှတ်တော်စောင့်ကြည့်ရေးအဖွဲ့က ပြောကြားလိုက်ပါတယ်။ 

    အဲဒီအထဲမှာ ဂျပန်သမ္မတ ရှင်ဇိုအာဘေးကပေးထားတဲ့ ရွှေဂေါက်တံ၊ ဆော်ဒီတော်၀င်အသိုင်းအ၀ိုင်းက ပေးထားတဲ့ ပစ္စည်းတွေ ပါ၀င်ပါတယ်။ 

    စာရင်းတင်ဖို့ ပျက်ကွက်ခဲ့တဲ့ လက်ဆောင် ၁၀၀ ကျော်လောက်ရှိပြီး စုစုပေါင်း ဒေါ်လာ ၂၅၀၀၀၀ ကျော် တန်ကြေးရှိပါတယ််။ 

    အမေရိကန်ဥပဒေအရ သမ္မတ၊ ဒုသမ္မတနဲ့ သူတို့ရဲ့ မိသားစုတွေဟာ နိုင်ငံခြားတိုင်းပြည်က တာ၀န်ရှိသူတွေ လက်ဆောင်ပေးတဲ့အခါ ဒေါ်လာရာဂဏန်းအထက်ဆိုရင် အစိုးရ သံတမန်ရေးရာ လက်ဆောင်ဌာနကို တင်ပြစာရင်းသွင်းရပါတယ်။ 

    ဆော်ဒီတော်၀င်မိသားစုက ပေးထားတဲ့ လက်ဆောင် စုစုပေါင်း ၁၆ ခုရှိပါတယ်။ စုစုပေါင်း ဒေါ်လာ ၄၅၀၀၀ ကျော် တန်ကြေးရှိပြီး အိတ်ဆောင် ဓားတစ်ချောင်းထဲတင် ၂၄၀၀၀ လောက် တန်ပါတယ်။ 

    အိန္ဒိယအာဏာပိုင်တွေက ပေးထားတဲ့ လက်ဆောင်က ၁၇ ခုရှိပြီး ဒေါ်လာ ၄၆၀၀ တန် တာဂျ်မဟာလ် ပုံတူတစ်ခုလည်း ပါ၀င်ပါတယ်။ 

    ထိပ်တန်း ဒီမိုကရက်တစ်အမတ် ဂျာမီ ရက်စ်ကင်က ထရမ့်ဟာ ဥပဒေကို မထိလေးစားပြုခဲ့တယ်လို့ ၀ေဖန်ခဲ့ပါတယ်။

    ဒီမိုကရက်တစ် လွှတ်တော်စောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဒီလက်ဆောင်တွေ ဘယ်ရောက်နေလဲဆိုတာနဲ့ နိုင်ငံခြားရေးမူ၀ါဒမှာ သမ္မတရဲ့ လုပ်ဆောင်မှုတွေအပေါ် လက်ဆောင်တွေက လွှမ်းမိုးခဲ့လားဆိုတာ စုံစမ်းစစ်ဆေးသွားမယ်လို့ ဖော်ပြထားပါတယ်။ 

    ထရမ့်ယူထားတဲ့ လက်ဆောင်တွေထဲမှာ အလ်ဆာဗေဒိုး သမ္မတက ပေးတဲ့ ထရမ့်ရဲ့ပုံတူ ဧရာမပန်းချီကားတစ်ချပ်လည်း ပါ၀င်ပြီး အဲဒါကို ဖလော်ရီဒါက သူပိုင်တဲ့ ကမ်းခြေအပန်းဖြေအိမ်မှာ ထားရှိပါတယ်။ 

    Ref: Reuters 

  • ပျံသန်းနေတဲ့ အမည်မသိအရာ၀တ္ထုတွေအကြောင်း အမေရိကန်အာဏာပိုင်တွေ ဘာပြောသလဲ

    ပျံသန်းနေတဲ့ အမည်မသိအရာ၀တ္ထုတွေအကြောင်း အမေရိကန်အာဏာပိုင်တွေ ဘာပြောသလဲ

    ဖေဖော်၀ါရီ ၁၄၊ ၂၀၂၃

    M-Media 


    -ပြီးခဲ့တဲ့ရက်ပိုင်းက ဆက်တိုက် ပစ်ချခဲ့ရတဲ့ ပျံသန်းနေတဲ့ အရာ၀တ္ထုတွေအကြောင်း တစ်ချို့အချက်အလက်တွေကို အမေရိကန်က ထုတ်ပြောလာပါတယ်။ 

    သောကြာနေ့ကစတင်ပြီး အမေရိကန်နဲ့ ကနေဒါတို့မှာ ပျံသန်းနေတဲ့ အရာ၀တ္ထု ၃ ခုကို အမေရိကန်တိုက်လေယာဥ်တွေ ပျံတက်ပြီး ပစ်ချခဲ့ရပါတယ်။ 

    ဒီအရာ၀တ္ထုတွေဟာ လူမဲ့ပျံသန်းနေတဲ့ အရာတွေဖြစ်ပြီး သတင်းအချက်အလက် ရယူပေးပို့တဲ့ အခြေအနေမျိုး ကနဦးစစ်ဆေးမှုမှာ မတွေ့ရဘူးလို့ အိမ်ဖြူတော်ရဲ့ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကီရ်ဘီက မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

    ထောက်လှမ်းရေးလုပ်တယ်လို့ ပြောလို့မရသလို၊ မလုပ်ဘူးလို့လည်း ပြောလို့မရကြောင်း၊ မြေပြင်က ပြည်သူတွေအတွက် ခြိမ်းခြောက်မှု မရှိကြောင်း ကီရ်ဘီက ဆိုပါတယ်။ 

    အမေရိကန်ဟာ ဖေဖော်၀ါရီ ၄ ရက်နေ့က တောင်ကယ်ရိုလိုင်းနားမှာ တရုတ်ရဲ့ စပိုင်မိုးပျံပူဖောင်းကို ပစ်ချခဲ့ရပါတယ်။ တရုတ်ဖက်ကတော့ ဒါဟာ စပိုင်ပူဖောင်းမဟုတ်ဘဲ ရိုးရိုး သုတေသန လုပ်ဖို့ဖြစ်ကြောင်း၊ နည်းပညာအမှားအယွင်းကြောင့် အမေရိကန်လေပိုင်နက်ထဲ ၀င်သွားခဲ့တာဖြစ်ကြောင်း တုန့်ပြန်ပြောဆိုထားပါတယ်။ 

    ဖေဖော်၀ါရီ ၁၀၊ ၁၁ နဲ့ ၁၂ ရက်နေ့မှာ တွေ့ရတဲ့ ပျံသန်းနေတဲ့အရာတွေဟာ တရုတ်စပိုင်ပူဖောင်းနဲ့ ပတ်သက်မှုမရှိဘူးလို့ အမေရိကန်အာဏာပိုင်တွေက ပြောပါတယ်။

    Ref: Reuters

  • ပျံသန်းနေသည့် အမည်အသိအရာများကို အမေရိကန် ပစ်ချနေရ

    ပျံသန်းနေသည့် အမည်အသိအရာများကို အမေရိကန် ပစ်ချနေရ

    ဖေဖော်၀ါရီ ၁၃၊ ၂၀၂၃

    M-Media 


    -ကနေဒါနယ်စပ်နားက Lake Huron ရေကန်ပေါ်မှာ ပျံသန်းနေတဲ့ အရာ၀တ္ထုတစ်ခုကို အမေရိကန်စစ်တပ်က တနင်္ဂနွေနေ့မှာ ပစ်ချလိုက်ပါတယ်။ 

    ဒီအရာ၀တ္ထုကို စနေနေ့က မွန်တားနားပြည်နယ် စစ်စခန်းတွေရဲ့ အပေါ်တည့်တည့်မှာ တွေ့ခဲ့ရတာဖြစ်ပါတယ်။ စစ်ဖက်ဆိုင်ရာ ခြိမ်းခြောက်နိုင်တဲ့အရာမျိုး မဟုတ်ဘူးလို့ ယူဆရပေမယ့် အရက်ဖက်လေကြောင်းသွားလာရေးအတွက် အနှောက်အယှက်ဖြစ်နိုင်တာကြောင့် ပစ်ချလိုက်တာလို့ အမေရိကန် ကာကွယ်ရေး၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။  

    အခုလအတွင်း အမေရိကန်နဲ့ မြောက်အမေရိကတစ်၀ှမ်း ပျံသန်းနေတဲ့ အမည်မသိအရာ၀တ္ထုတွေကို ပစ်ချရတာ ၄ ကြိမ်မြောက်ရှိပါပြီ။ 

    ဖေဖော်၀ါရီ ၄ ရက်နေ့က တောင်ကယ်ရိုလိုင်းနားမှာ တရုတ်ရဲ့ စပိုင်မိုးပျံပူဖောင်းကို အမေရိကန်စစ်တပ်က ပစ်ချခဲ့မှုဟာ နာမည်ကြီးပါတယ်။ 

    အဲဒီနောက်ပိုင်း ပြီးခဲ့တဲ့ သောကြာနေ့က အလာစကာပြည်နယ်မှာ တစ်ကြိမ်၊ စနေနေ့က ကနေဒါအနောက်မြောက်ပိုင်းမှာတစ်ကြိမ် ပျံသန်းနေတဲ့ အရာ၀တ္ထုတွေကို ပစ်ချခဲ့ရပါတယ်။ 

    လက်ရှိမှာတော့ အပျက်အဆီးတွေကို အမေရိကန်နဲ့ ကနေဒါတို့က ပူးပေါင်းရှာဖွေနေပြီး ဘာတွေလည်းဆိုတာကို သုတေသနပြု ထုတ်ပြန်ဖို့ ရှိနေပါတယ်။ 

    Ref: BBC

  • တရုတ် စပိုင်မိုးပျံပူဖောင်းကို အမေရိကန်က ပစ်ချလိုက်ပြီ

    တရုတ် စပိုင်မိုးပျံပူဖောင်းကို အမေရိကန်က ပစ်ချလိုက်ပြီ

    ဖေဖော်၀ါရီ ၅၊ ၂၀၂၃

    M-Media 


    -အမေရိကန်အစိုးရကို သီတင်းပတ်တစ်ပတ်လောက် ခေါင်းကိုက်စေခဲ့တဲ့ တရုတ် စပိုင်ပူဖောင်းကို ကန်စစ်တပ်က ဒုံးကျည်နဲ့ ဖျက်ဆီးပစ်ချလိုက်ပါတယ်။ 

    တရုတ်ဖက်တော့ အရပ်ဖက်သုံး လူမဲ့ပူဖောင်းတစ်ခုကို လက်နက်သုံး ဖျက်ဆီးတဲ့အတွက် မကျေနပ်ဘူးလို့ ထုတ်ပြန်ပါတယ်။ 

    ပူဖောင်းကို F22 တိုက်လေယာဥ်ကနေ AIM-9X Sidewinder ဒုံးကျည်နဲ့ ပစ်ချလိုက်တာကို အမေရိကန် ပြည်တွင်း သတင်းဌာနတွေက ဒီကနေ့မှာ ဖော်ပြခဲ့ပါတယ်။

    အပျက်အဆီးတွေဟာ တောင်ကယ်ရိုလိုင်းနားက မာတဲလ်ကမ်းခြေက ရေပြင်မှာ ကျသွားခဲ့ပြီး ရေတပ်က လိုက်လံသိမ်းဆည်းကာ လေ့လာသွားမယ်လို့ အမေရိကန် ကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။

    တရုတ်ရဲ့ စပိုင်ပူဖောင်းကို ပြီးခဲ့တဲ့တစ်ပတ်က မွန်တားနားပြည်နယ် လေပိုင်နက်မှာ စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ မွန်တားနားမှာ အမေရိကန်ရဲ့ ဗျူဟာမြောက် ဒုံးကျည်စခန်းတစ်ခု ရှိပါတယ်။

    ပူပေါင်းကို ဖျက်ဆီးဖို့ သမ္မတဂျိုးဘိုင်ဒန်က ဗုဒ္ဓဟူးနေ့မှာ အမိန့်ပေးခဲ့ပြီး စစ်တပ်က ဘေးကင်းတဲ့နေရာအထိရောက်အောင် စောင့်ကာ ပစ်ချခဲ့တာပါ။ 

    ပစ်ချခံရပြီး သိပ်မကြာခင်မှာ ထုတ်ပြန်တဲ့ တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာနရဲ့ ကြေငြာချက်မှာ ပူဖောင်းဟာ အရပ်ဖက်အတွက် အသုံးပြုတာဖြစ်ပြီး မတော်တဆ အမေရိကန်ပိုင်နက်ထဲ ၀င်ရောက်တာဖြစ်တယ်လို့ ကန်အာဏာပိုင်တွေကို အကြိမ်ကြိမ်ပြောကြားထားကြောင်း ဖော်ပြထားပါတယ်။ 

    Ref: BBC