News @ M-Media

Tag: US

  • ဟနွိုင်း ထိပ်သီးအစည်းအဝေးတွင် ထရမ့်နှင့် ကင်ဂျုံအွန်တို့ နှစ်ဦးတည်း တွေ့ဆုံမည်

    ဟနွိုင်း ထိပ်သီးအစည်းအဝေးတွင် ထရမ့်နှင့် ကင်ဂျုံအွန်တို့ နှစ်ဦးတည်း တွေ့ဆုံမည်

    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၉
    M-Media

    – လာမယ့်တစ်ပတ် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ပြုလုပ်မယ့် အစည်းအဝေးမှာ သမ္မတထရမ့်ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နဲ့ နှစ်ဦးချင်း သီးသန့်တွေ့ဆုံမယ်လို့ အမေရိကန်အာဏာပိုင်တွေက မနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

    ခေါင်းဆောင်နှစ်ဦးဟာ ပြီးခဲ့တဲ့နှစ် ဇွန်လက စင်ကာပူမှာ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့တာပါ။ ဖေဖော်ဝါရီ ၂၇ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ကြာမြင့်မယ့် ဟနွိုင်းဆွေးနွေးပွဲမှာတော့ သမ္မတထရမ့်က ကင်ကို နျူလက်နက်စွန့်လွှတ်ရေး ထပ်မံ ဆွဲဆောင်ဖွယ် ရှိနေပါတယ်။

    အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးက အခုဆွေးနွေးပွဲပုံစံဟာ စင်ကာပူဆွေးနွေးပွဲ ပုံစံအတိုင်းဖြစ်ပြီး အရင်ဆုံး ခေါင်းဆောင်နှစ်ဦး သီးသန့်တွေ့ဆုံကာ နောက်ပိုင်းမှ နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့တွေ တွေ့ဆုံမယ်လို့ ပြောကြားခဲ့ပါတယ်။

    မြောက်ကိုရီးယားဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် စတီဖင် ဘီဂွန်ဟာ ဟနွိုင်းမြို့ကို ရောက်ရှိနေပြီး မြောက်ကိုရီးယားကိုယ်စားလှယ် ကင်ဟွတ်ချိုနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။

    နှစ်ဖက်ဆွေးနွေးပွဲအပြီး ထုတ်ပြန်မယ့် ကြေငြာချက်မှာ ဘယ်လိုအချက်အလက်တွေ ပါဝင်မလဲဆိုတာကိုတော့ အမေရိကန်အာဏာပိုင်တွေက ထုတ်ပြန်ပြောဆိုဖို့ ငြင်းဆိုခဲ့ပါတယ်။

    ကင်ဂျုံအွန်နဲ့ ဆက်ဆံရေးကို ချီးကျူးတဲ့ ပို့စ်တစ်ခုကို ထရမ့်က ဗုဒ္ဓဟူးနေ့မှာ ရေးသားခဲ့ပေမယ့် ပိတ်ဆို့မှုဖယ်ရှားစေချင်ရင်တော့ နျူလက်နက်ကိစ္စမှာ အဓိပ္ပါယ်ရှိတဲ့ ဆောင်ရွက်ချက်မျိုး လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: CNA

  • ဥရောပတွင် ဒုံးကျည်များချမှုအတွက် အမေရိကန်ကို ရုရှား သတိပေး

    ဥရောပတွင် ဒုံးကျည်များချမှုအတွက် အမေရိကန်ကို ရုရှား သတိပေး

    ဖေဖော်ဝါရီ ၂၁၊ ၂၀၁၉
    M-Media

    – အမေရိကန်က ဥရောပမှာ ဒုံးကျည်အသစ်တွေ ချထားမှုအတွက် ရုရှားက သတိပေးလိုက်ပြီး မိမိတို့ကလည်း လက်နက်အသစ်တွေနဲ့ ဥရောပမြို့ကြီးတွေကို လက်တုန့်ပြန်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။

    မနေ့က နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ ပူတင်က အမေရိကန်ဟာ ဒုံးကျည်တွေ လွတ်လွတ်လပ်လပ် ထုတ်လုပ်နိုင်ဖို့အတွက် ရုရှားနဲ့ချုပ်ထားတဲ့ ဒုံးကျည်ထိန်းချုပ်ရေးစာချုပ် 1987 Intermediate-Range Nuclear Forces ကနေ နှုတ်ထွက်တာဖြစ်ပြီး ရုရှားကို အပြစ်တင်ဖို့ ကြိုးစားနေတယ်လို့လည်း ဆိုပါတယ်။

    အမေရိကန် ဒီစာချုပ်က နှုတ်ထွက်မှုဟာ အင်အားကြီးနိုင်ငံတွေအကြား လက်နက်ပြိုင်ဆိုင်မှုတစ်ခု စတင်လိုက်တာမျိုး ဖြစ်တယ်လို့ လေ့လာစောင့်ကြည့်သူတွေက သုံးသပ်ကြပါတယ်။

    အမေရိကန်က ဥရောပမှာ ဒုံးကျည်အသစ်တွေ ချထားမှုဟာ ‘ဆိုးရွားတဲ့ခြိမ်းခြောက်မှု’ ဖြစ်တယ်လို့လည်း ပူတင်က ပြောပါတယ်။

    “ဘွင်းဘွင်းရှင်းရှင်းပြောရရင် ကျွန်တော်တို့ကို ခြိမ်းခြောက်နေတဲ့ ဒုံးကျည်စနစ်တွေတည်ရှိရာ အချက်အချာနေရာတွေကို ပစ်ခတ်နိုင်မယ့် ဒုံးကျည်တွေကို ရုရှားက ချထားရတော့မယ့်အနေအထား ဖြစ်လာပါလိမ့်မယ်။ ဒီဒုံးကျည်တွေရဲ့ ရောက်ရှိချိန်နဲ့ ပြင်းအားဟာ ရုရှားအပေါ် ခြိမ်းခြောက်မှုတွေနဲ့အညီ ဖြစ်မှာပါ”

    ရုရှားဟာ ဘယ်လိုလက်နက်သစ်မျိုး ချထားမလဲဆိုတာကို ပူတင်က အသေးစိတ် ပြောကြားခဲ့ခြင်း မရှိပါဘူး။ ပြီးခဲ့တဲ့ တစ်နှစ်အတွင်း ရုရှားက လက်နက်သစ် တော်တော်များများကို ထုတ်ပြခဲ့ပြီး အသံထက်မြန်တဲ့ တိုက်လေယာဉ်တွေကို အခုနှစ်အတွင်း တပ်ဖြန့်ထားမယ်လို့ ဆိုပါတယ်။

    Sarmat လို့ခေါ်တဲ့ တိုက်ချင်းပစ်ဒုံးကျည်အသစ်း၊ နျူစွမ်းအင်သုံး Burevestnik ခရုဇ်ဒုံးကျည်တွေကိုလည်း ရုရှားက စမ်းသပ်နေပြီး နျူစွမ်းအင်သုံး ရေငုပ်ဒရုန်း
    Poseidon က အခုနှစ်နှောင်းပိုင်းမှာ တပ်တော်ဝင်ဖို့ ရှိနေပါတယ်။

    အသံထက် ၉ ဆမြန်ပြီး ကီလိုမီတာ ၁၀၀၀ အထိ ရောက်ရှိနိုင်မယ့် Zircon ဒုံးကျည်ကို ရုရှားရေတပ်မှာ မကြာခင် အသုံးပြုဖို့ ရှိနေတယ်လို့လည်း ပူတင်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    Ref: Aljazeera

  • ထရမ့်အစိုးရက နျူနည်းပညာ ဆော်ဒီထံလွှဲပြောင်းပေးမည့်ကိစ္စ ပညာရှင်များ သတိပေး

    ထရမ့်အစိုးရက နျူနည်းပညာ ဆော်ဒီထံလွှဲပြောင်းပေးမည့်ကိစ္စ ပညာရှင်များ သတိပေး

    ဖေဖော်ဝါရီ ၂၀၊ ၂၀၁၉
    M-Media

    ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်နှင့် ထရမ့်

    – ဆော်ဒီမှာ နျူဓာတ်အားပေးစက်ရုံ ဆောက်လုပ်ရေးအတွက် အဆင့်မြင့် နျူနည်းပညာတွေ လွှဲပြောင်းပေးဖို့ ထရမ့်အစိုးရက တက်သုတ်ရိုက် ဆောင်ရွက်နေမှုအပေါ် စိုးရိမ်မိတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြောင်း အမေရိကန်လွှတ်တော် ကော်မတီတစ်ရပ်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ဆော်ဒီကို ဒီလိုနည်းပညာတွေပေးလိုက်ရင် အနာဂတ်မှာ နျူလက်နက် ထုတ်လုပ်လာနိုင်ဖွယ်ရှိတာကြောင့် အရှေ့အလယ်ပိုင်းမှာ လက်နက်ပြိုင်ပွဲ ဖြစ်လာနိုင်တာကို စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

    အမေရိကန်လွှတ်တော် House Oversight and Reform ကော်မတီက သုံးသပ်ပြီး ထုတ်ပြန်ထားတဲ့ အစီရင်ခံစာမှာ ဆော်ဒီမှာ ဆောက်လုပ်ဖို့ရှိနေတဲ့ နျူဓာတ်အားပေးစက်ရုံတွေအတွက် အမေရိကန်က အတိမ်းအစောင်းမခံတဲ့ နျူနည်းပညာတွေကို လွှဲပြောင်းပေးရေး လျင်လျင်မြန်မြန် လုပ်ဆောင်နေတာကို စိုးရိမ်ကြောင်း ဒီကိစ္စနဲ့ နီးစပ်သူတွေက ဖွင့်ဟထားသလို၊ လွှတ်တော်အမတ်တွေကလည်း အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန် ဦးဆောင်တဲ့ ဆော်ဒီခေါင်းဆောင်ပိုင်း တည်ငြိမ်းမှုရှိပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေကိုလည်း အစီရင်ခံစာမှာ တွေ့ရပါတယ်။

    ဆော်ဒီနဲ့ အခြား အာရပ်နိုင်ငံတွေမှာ နျူဓာတ်အားပေးစက်ရုံတွေဆောက်မယ့် စီမံကိန်းကို လုပ်ကိုင်ခွင့်ရရှိရေး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ထံ ချဉ်းကပ်နေတဲ့ကုမ္ပဏီတွေကိစ္စကိုလည်း ကော်မတီက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

    ရွေးကောက်ပွဲ ကာလတွေနဲ့ နောက်ပိုင်းမှာ ထရမ့်ကို လော်ဘီလုပ်ပေးခဲ့တဲ့ နျူလုပ်ငန်းအုပ်စု IP3 က လက်ရှိမှာ ဒီစီမံကိန်း ရရှိရေး အမေရိကန်အစိုးရကို ချဉ်းကပ်နေပြီး ထရမ့်ကလည်း ဖေဖော်ဝါရီ ၁၂ ရက်နေ့က IP3 ကုမ္ပဏီ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

    House Oversight and Reform ကော်မတီ ဥက္ကဌ ဒီမိုကရက်တစ် လွှတ်တော်အမတ် အလီဂျာ ကန်မင်းက IP3 ကုမ္ပဏီနဲ့ ဆွေးနွေးထားတဲ့ အီးမေးလ်တွေ၊ စာရွက်စာတမ်းတွေကို ပေးပို့ဖို့ အိမ်ဖြူတော်ကို တောင်းဆိုထားပါတယ်။

    ဆော်ဒီကို နျူနည်းပညာ လွှဲပြောင်းရေး ဆောင်ရွက်ရာမှာ အိမ်ဖြူတော်ဟာ မလျော်ကန်တဲ့ အလုပ်တွေကို လုပ်နေပြီး ဒီကိစ္စကို ရပ်တန့်ဖို့ အကြီးတန်းအကြံပေးတွေရဲ့ ညွှန်ကြားချက်တွေကို လစ်လျူရှုနေတယ်လို့လည်း နီးစပ်သူတွေက ပြောပါတယ်။

    အမေရိကန်ဥပဒေအရ ဆော်ဒီကို နျူစွမ်းအင်နည်းပညာ ရောင်းမယ်ဆိုရင် လွှတ်တော်ရဲ့ ကြိုတင်သဘောတူညီချက် ရယူရပါတယ်။

    ထရမ့်အစိုးရဟာ ဘဏ္ဍာရေးနဲ့ အီရန်ကို ရင်ဆိုင်ရေး ကိစ္စတွေကြောင့် ဆော်ဒီကို မျက်နှာသာပေးနေတာဖြစ်ပြီး ဆော်ဒီဟာ နျူစွမ်းအင် မလိုအပ်သေးကြောင်း၊ နျူနည်းပညာ လွှဲပြောင်းပေးလိုက်မယ်ဆိုရင် ရပ်ဆိုင်းထားတဲ့ အီရန်ရဲ့ နျူအစီအစဉ် ပြန်စဖို့ တွန်းအားပေးလို ဖြစ်သွားနိုင်ကြောင်း ထောက်ပြမှုတွေလည်း ရှိနေပါတယ်။

    အီရန်ဟာ အင်အားကြီး ၆ နိုင်ငံနဲ့ ၂၀၁၅ ခုနှစ်မှာ နျူသဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးနိုင်ခဲ့ပေမယ့် ထရမ့်က အီရန်ဟာ သဘောတူညီချက်ကို မလိုက်နာဘူးလို့ စွပ်စွဲကာ ၂၀၁၈ ခုနှစ် မေလက စာချုပ်ကနေ နှုတ်ထွက်ခဲ့ပါတယ်။

    Ref: Aljazeera

  • အမေရိကန်ရှိ ပြည်နယ် ၁၆ ခုက သမ္မတထရမ့်ကို တရားစွဲ

    အမေရိကန်ရှိ ပြည်နယ် ၁၆ ခုက သမ္မတထရမ့်ကို တရားစွဲ

    ဖေဖော်ဝါရီ ၁၉၊ ၂၀၁၉
    M-Media

    – မက္ကဆီကိုနယ်စပ်မှာ တံတိုင်းတည်ဆောက်ရေး ရန်ပုံငွေရဖို့အတွက် အရေးပေါ်အခြေအနေ ကြေငြာမှုကို မကျေနပ်တာကြောင့် ပြည်နယ် ၁၆ ခုက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို မနေ့မှာ တရားစွဲဆိုလိုက်ပါတယ်။

    ကယ်လီဖိုးနီးပြည်နယ် အနောက်ပိုင်းခရိုင် တရားရုံးမှာ မနေ့က တရားစွဲဆိုလိုက်တာဖြစ်ပြီး ကယ်လီဖိုးနီးယားပြည်နယ် ရှေ့နေချုပ် ဇာဗီယာ ဘီဆာရာက ထရမ့်ရဲ့ အရေးပေါ်အခြေအနေ ကြေငြာမှုဟာ ဖွဲ့စည်းပုံကို ချိုးဖောက်ရာရောက်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “သမ္မတထရမ့်ဟာ သူ့ရဲ့ မလိုမုန်းထားမှုနဲ့ တရားဥပဒေကို အသုံးပြုတယ်။ နယ်စပ်မှာ ပြဿနာကြီး ဖြစ်မနေဘူးဆိုတာကို သူသိပါတယ်။ အရေးပေါ်အခြေအနေ ကြေငြာမှုဟာ အကျိုးအကြောင်း မညီညွတ်ဘူးဆိုတာကိုလည်း သူသိပါတယ်။ တရားရုံးသွားရင် ဒီကိစ္စ ရှုံးမယ်ဆိုတာကိုလည်း သူ ၀န်ခံထားပါတယ်”

    ရွေးကောက်ပွဲ ကတိက၀တ်ဖြစ်တဲ့ မက္ကဆီကိုယ်နယ်စပ်မှာ တံတိုင်းဆောက်ရေး ကန်ဒေါ်လာ ၅.၇ ဘီလီယံ တောင်းခံမှုကို လွှတ်တော်က ငြင်းဆိုခဲ့တာကြောင့် ထရမ့်က အရေးပေါ်အခြေအနေ ကြေငြာလိုက်တာ ဖြစ်ပါတယ်။ ဒီလိုအကြေငြာလိုက်မှုကြောင့် ထရမ့်အစိုးရဟာ စစ်ရေး၊ သဘာဝဘေးအန္တရာယ် အသုံးစားရိတ် ဘက်ဂျက်တွေကနေ တံတိုင်းကာဖို့အတွက် ငွေကြေးထုတ်နိုင်မှာ ဖြစ်ပါတယ်။

    ပြည်နယ်တွေက သူတို့ရဲ့ စစ်ရေးအသုံးစားရိတ်တွေ၊ ဘေးအန္တရာယ် ကူညီထောက်ပံ့ရေးနဲ့ အခြားအသုံးစားရိတ်တွေ လျော့မှာ စိုးရိမ်တဲ့အတွက် ထရမ့်ရဲ့ ဒီလုပ်ရပ်ကို မကျေနပ်ဘဲ ဥပဒေကြောင်းနဲ့ တုန့်ပြန်ဖို့ စီစဉ်ခဲ့ကြတာ ဖြစ်ပါတယ်။

    ထရမ့်အစိုးရကို တရားစွဲဆိုခဲ့တဲ့ ပြည်နယ်တွေထဲမှာ ကိုလိုရာဒို၊ ကွန်နက်တီကတ်၊ မေရီလန်း၊ မီချီဂန်၊ မင်နီဆိုတာ စတဲ့ ပြည်နယ်တွေလည်း ပါဝင်ပါတယ်။

    တရားရုံးတင်ထားတဲ့ စွဲဆိုချက်မှာ ငွေကြေးသုံးစွဲမှုကို လွှတ်တော်ကသာ ကိုင်တွယ်ရမှာဖြစ်တဲ့အတွက် ထရမ့်မှာ ဒီလို အခွင့်အာဏာမျိုး မရှိကြောင်း ဖော်ပြထားပါတယ်။

    ပြီးခဲ့တဲ့ သောကြာနေ့က တက္ကဆက်ပြည်နယ်က မြေပိုင်ရှင် ၃ ဦးနဲ့ သဘာဝပတ်ဝန်းကျင် အဖွဲ့တစ်ခုက ထရမ့်ဟာ အခြေခံဥပဒေနဲ့ သူတို့ရဲ့ မြေနေရာပိုင်ဆိုင်ခွင့် ဥပဒေတွေကို ချိုးဖောက်တယ်လို့ဆိုတာ တရားစွဲဆိုခဲ့ပါတယ်။

    အခုလို တရားစွဲဆိုမှုတွေကြောင့် မက္ကဆီကိုနယ်စပ်မှာ တံတိုင်းတည်ဆောက်မယ့်ကိစ္စဟာ ထပ်မံကြာမြင့်မှာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • သမိုင်းအချိုးအကွေ့တစ်ခုကို ရောက်နေပြီဟု မြောက်ကိုရီးယားပြော

    သမိုင်းအချိုးအကွေ့တစ်ခုကို ရောက်နေပြီဟု မြောက်ကိုရီးယားပြော

    ဖေဖော်ဝါရီ ၁၈၊ ၂၀၁၉
    M-Media

    ခေါင်းဆောင်နှစ်ဦး စင်ကာပူတွင် တွေ့ဆုံမှု

    – မိမိတို့တိုင်းပြည်ဟာ ‘အရေးပါတဲ့ သမိုင်းအချိုးအကွေ့တစ်ခုကို’ ရောက်ရှိနေပြီလို့ မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက ဒီကနေ့မှာ ရေးသားဖော်ပြခဲ့ပြီး ခေါင်းဆောင် ကင်ဂျုံအွန်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ ဗီယက်နမ်မှာ တွေ့ဆုံမယ့်ကိစ္စကို ရည်ညွှန်းတယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

    ခေါင်းဆောင်နှစ်ဦးဟာ ဖေဖော်ဝါရီ ၂၇ နဲ့ ၂၈ ရက်တွေမှာ ဗီယက်နမ်နိုင်ငံမြို့တော် ဟနွိုင်းမှာ တွေ့ဆုံဖို့ ရှိနေပြီး တစ်နှစ်အတွင်း ၂ ကြိမ်မြောက် တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လက စင်ကာပူနိုင်ငံမှာ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့တာပါ။

    လာမယ့်တစ်ပတ် တွေ့ဆုံမှုအတွင်း အမေရိကန်က ပိတ်ဆို့မှုတွေ လျှော့ပေးမယ်ဆိုတဲ့ ကမ်းလှမ်းမှုမျိုး လုပ်နိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

    “အရေးပါတဲ့ ဒီလိုအချိန်မှာ ရည်ရွယ်ချက် ကြီးကြီးမားမားထားပြီး ကျွန်တော်တို့ရဲ့ ဖိနပ်ကြိုးတွေကိုချည်ကာ မြန်မြန်ပြေးရမယ့်အချိန် ရောက်ပါပြီ။ ကျွန်တော်တို့တိုင်းပြည်ဟာ အရေးပါတဲ့ သမိုင်းဝင်အလှည့်အပြောင်းတစ်ခုကို ရင်ဆိုင်နေရပါပြီ” လို့ နိုင်ငံပိုင် Rodong Sinmun သတင်းစာရဲ့ အယ်ဒီတာ့အာဘော်မှာ ရေးသားထားပါတယ်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားဟာ ကင်ဂျုံအွန်လက်ထက်မှာ ကြီးမားတဲ့ စီးပွားရေး မောင်းနှင်အားတစ်ခု ဖြစ်လာမယ်လို့ အခုလအစောပိုင်းက Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    Rodong Sinmun သတင်းစာက မြောက်ကိုရီးယား ပြည်သူတွေအနေနဲ့ စီးပွားရေးတိုးတက်ဖို့အတွက် ကြိုးပမ်းအားထုတ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

    ကိုရီးယားကျွန်းဆွယ်ရဲ့ ကြွယ်ဝတဲ့ သဘာဝ သယံဇာတ ရင်းမြစ်တွေဟာ မြောက်ကိုရီးယားဖက်မှာ အများစုရှိပြီး အရင်က တောင်ကိုရီးယားထက် ကြွယ်ဝပေမယ့် စီမံခန့်ခွဲမှု ညံ့ဖျင်းတာ၊ တစ်ချိန်က ကျောထောက်နောက်ခံပြုထားတဲ့ ဆိုဗီယက်ယူနီယံ ပြိုကွဲသွားတာတွေကြောင့် အဆင်းရဲဆုံးနိုင်ငံအဖြစ်ကို ရောက်ရှိသွားခဲ့ပါတယ်။

    Ref: CNA