News @ M-Media

Tag: US

  • ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာသတင်းများ

    ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာသတင်းများ

    အောက်တိုဘာ ၁၀၊ ၂၀၁၈
    M-Media

    ထရမ့်နှင့် နစ်ကီဟာလေး

    ကုလဆိုင်ရာ အမေရိကန်သံအမတ် နှစ်ကုန်လျှင် နှုတ်ထွက်မည်
    =================
    ကုလဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီ ဟာလေးရဲ့ နှုတ်ထွတ်စာကို လက်ခံလိုက်ပြီး နှစ်ကုန်ရင် ဟာလေးဟာ တာဝန်က အနားယူတော့မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မနေ့မှာ ပြောကြားလိုက်ပါတယ်။ တောင်ကယ်ရိုလိုင်းနား အုပ်ချုပ်ရေးမှူးဟောင်းဖြစ်တဲ့ ဟာလေးဟာ အရင်က ထရမ့်ရဲ့ လူမျိုးရေးခွဲခြားတဲ့ မှတ်ချက်တွေအတွက်လည်း ဝေဖန်ခဲ့သူ ဖြစ်ပါတယ်။ လတ်တလော နိုင်ငံရေးလောကထဲကို ပြန်မ၀င်သေးဘဲ ၂၀၂၀ မှာ သမ္မတအဖြစ် ၀င်အရွေးခံမယ်ဆိုတဲ့ သတင်းတွေကိုလည်း သူမက ငြင်းဆိုခဲ့ပါတယ်။ ထရမ့်က သူ့အစိုးရမှာ ဟာလေးကို နေရာတစ်နေရာပေးပြီး ပြန်ခန့်ဖို့ မျှော်လင့်နေပါတယ်။

    အမေရိကန်ဦးဆောင်သည့် ပင်လယ်ဓားပြတိုက်ဖျက်ရေးလုပ်ငန်းမှ ပါကစ္စတန်နှုတ်ထွက်မည်
    =====================
    အမေရိကန်ဦးဆောင်ပြီး အိန္ဒိယသမုဒ္ဒရာမှာ တာဝန်ထမ်းဆောင်နေတဲ့ ပင်လယ်ဓားပြတိုက်ဖျက်ရေးအဖွဲ့ Combined Task Force (CTF) မှာ မိမိတို့စစ်တပ် ပါဝင်မှာမဟုတ်တော့ဘူးလို့ ပါကစ္စတန်က ကြေငြာလိုက်ပါတယ်။ အမေရိကန်ဟာ အရင်က သဘောတူထားတဲ့အတိုင်း စစ်ရေယာဉ်တွေ ကင်းလှည့်ဖို့ လောင်စာဆီ လုံလုံလောက်လောက် မပေးတဲ့အတွက် ဒီလိုနှုတ်ထွက်ရတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ အခုလိုနှုတ်ထွက်မှုက လတ်တလော မကျေမလည်ဖြစ်နေတဲ့ ပါစ္စတန်-အမေရိကန် ဆက်ဆံရေးကို ပိုမိုဆိုးဝါးစေမှာ ဖြစ်ပါတယ်။ ပါကစ္စတန်စစ်တပ်က သူတို့နှုတ်ထွက်မှုရဲ့ဒဏ်ကို CTF အဖွဲ့ဝင်နိုင်ငံတွေ ကောင်းကောင်းခံစားရမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    တရုတ်သြဇာကိုတွန်းလှန်ရေး ထိုင်ဝမ်က အမျိုးသားလုံခြုံရေး တိုးမြှင့်မည်
    ================
    နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်ပြီး မိမိတို့အစိုးရဟာ တရုတ်နိုင်ငံရဲ့ ဖိနှိပ်မှုကို လက်ခံမှာမဟုတ်ဘူးလို့ ထိုင်ဝမ်သမ္မတ Tsai Ing-wen က ဒီကနေ့ပြုလုပ်တဲ့ အမျိုးသားနေ့အခမ်းအနားမှာ ပြောကြားလိုက်ပါတယ်။ တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို သူတို့ရဲ့ပိုင်နက်အဖြစ် သတ်မှတ်ထားကာ လတ်တလောမှာ စစ်ရေး၊ နိုင်ငံရေးအရ တိုးမြှင့် ဖိအားပေးမှုတွေ ပြုလုပ်လာခဲ့ပါတယ်။ Tsai Ing-wen ကတော့ တရုတ်ဟာ ထိုင်ဝမ်ရေလက်ကြားရဲ့ လက်ရှိအနေအထားကို စိန်ခေါ်နေပြီး မိမိတို့အနေနဲ့ အမှုမဲ့အမှတ်မဲ့ နေသွားမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

    Ref: Aljazeer, CNA

  • စီးပွားရေးဆိုင်ရာ နိုဘယ်ဆုကို အမေရိကန်နှစ်ဦး ရရှိ

    စီးပွားရေးဆိုင်ရာ နိုဘယ်ဆုကို အမေရိကန်နှစ်ဦး ရရှိ

    အောက်တိုဘာ ၉၊ ၂၀၁၈
    M-Media

    – ၂၀၁၈ ခုနှစ်အတွက် စီးပွားရေးးဆိုင်ရာ နိုဘယ်ဆုအတွက် အမေရိကန် စီးပွားရေးပညာရှင်နှစ်ဦးဖြစ်တဲ့ ၀ီလီယံ နော့ဒ်ဟက်စ်နဲ့ ပေါလ် ရိုမာတို့ကို ရွေးချယ်လိုက်ပြီး စီးပွားရေးကဏ္ဍမှာ နည်းလမ်းအသစ်တွေ၊ တိုးတက်မှုအသစ်တွေ ရရှိအောင် လုပ်ဆောင်နိုင်တဲ့အတွက်ကြောင့် ဖြစ်တယ်လို့ နိုဘယ်ဆုရွေးချယ်ရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။

    နော့ဒ်ဟက်စ်ဟာ ယေးလ်တက္ကသိုလ်က ပါမောက္ခတစ်ဦးဖြစ်ပြီး၊ လက်ရှိ နယူးယောက်တက္ကသိုလ်ရဲ့ Stern စီးပွားရေးကောလိပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရိုမာဟာ ကမ္ဘာ့ဘဏ်ရဲ့ စီးပွားရေးဆိုင်ရာ အကြီးအကဲဟောင်း ဖြစ်ပါတယ်။

    နိုဘယ်ဆုရွေးချယ်ရေးအဖွဲ့က သူတို့နှစ်ဦးဟာ “စီးပွားရေး ရေရှည်ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လို ဆောင်ရွက်ရမလဲဆိုတဲ့ ယနေ့ခေတ် အခြေခံအကျဆုံး၊ ဖိအားအများဆုံး ပြဿနာကို” ဖြေရှင်းပေးခဲ့တယ်လို့ မနေ့ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြခဲ့ပါတယ်။

    အသက် ၇၇ နှစ်အရွယ် နော့ဒ်ဟက်စ်ဟာ “ရေရှည်စီးပွားရေး သုံးသပ်မှုမှာ ရာသီဥတုပြောင်းလဲမှုကို ထည့်သွင်းခဲ့တဲ့အတွက်” နိုဘယ်ဆုကို ချီးမြှင့်ခံရတာဖြစ်ပြီး၊ အသက် ၆၂ နှစ်အရွယ် ရိုမာက ” စီးပွားရေးဆိုင်ရာ ဆန်းစစ်မှုမှာ နည်းပညာ ဆန်းသစ်မှုတွေကို ထည့်သွင်းခဲ့တဲ့အတွက်” ချီးမြှင့်ခံရတာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့နှစ် စီးပွားရေးဆိုင်ရာ နိုဘယ်ဆုကိုလည်း အမေရိကန် စီးပွားရေးပညာရှင် ရစ်ချက်သာလာက ရရှိခဲ့ပါတယ်။

    Ref: Aljazeera

  • တနင်္လာနေ့မနက် နိုင်ငံတကာသတင်းများ

    တနင်္လာနေ့မနက် နိုင်ငံတကာသတင်းများ

    အောက်တိုဘာ ၉၊ ၂၀၁၈
    M-Media

    နယူးယောက်ပြည်နယ်တွင် ယာဉ်မတော်တဆမှု မြင်ကွင်း

    အင်ဒိုတွင် ငလျင်နှင့် ဆူနာမီကြောင့် သေဆုံးသူ ၂ ထောင်နီးပါး ရှိလာ
    ================
    စက်တင်ဘာ ၂၈ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းမှာ ဖြစ်ပွားခဲ့တဲ့ ငလျင်နဲ့ ဆူနာမီကြောင့် သေဆုံးသူအရေအတွက်ဟာ ၁၉၄၄ ဦးအထိ ရောက်လာခဲ့တယ်လို့ အာဏာပိုင်တွေက ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဒီအဖြစ်အပျက်ကြောင့် ပျောက်ဆုံးသူအရေအတွက်က ၅၀၀၀ လောက် ရှိနေပြီး အောက်တိုဘာ ၁၁ ရက်နေ့အထိ ရှာဖွေမှုတွေကို ဆက်လက်လုပ်ဆောင်ကာ အဲဒီနောက်ပိုင်းမှာ မတွေ့သူတွေကို သေဆုံးသူများအဖြစ် စာရင်းသွင်းမှာ ဖြစ်ပါတယ်။

    ကင်ဂျုံအွန်နှင့် ထရမ့်တို့ ဒုတိယအကြိမ် ဆွေးနွေးမည်
    ===================
    သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဒုတိယအကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို အမြန်ဆုံး ဆောင်ရွက်သွားဖို့ သဘောတူကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ပြုံးယမ်ကိုရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွမ်ပီယိုကို ပြောကြားလိုက်ပါတယ်။ ကင်နဲ့ ပွမ်ပီယိုတို့ဟာ ၂ နာရီကြာ ဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံပွဲအသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။ ကင်နဲ့ ထရမ့်တို့ဟာ ဇွန်လက စင်ကာပူမှာ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

    အမေရိကန်တွင် ယာဉ်တိုက်မှုကြောင့် လူ ၂၀ သေဆုံး
    =========
    အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် မြို့တော် အလ်ဘာနီအနီးမှာ စနေနေ့ နေ့လည်ပိုင်းက ဇီမ်ခံကားတစ်စီး လူအုပ်ကို ၀င်တိုက်မှုကြောင့် အနည်းဆုံး လူ ၂၀ သေဆုံးခဲ့ပါတယ်။ ကားနှစ်စီး တိုက်မိရာကနေ တစ်စီးက တောင်ပေါ်ကနေ ထိုးဆင်းသွားပြီး စတိုးဆိုင်နဲ့ ကော်ဖီဆိုင်တစ်ခုမှာ ရှိနေကြတဲ့ လူတွေကို ၀င်တိုက်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်မှာ ကားတိုက်မတော်တဆဖြစ်မှုဟာ လူအမြောက်အများ သေဆုံးရတဲ့ အကြောင်းအရင်းတွေထဲမှာ စတုတ္ထနေရာမှာ ရှိနေပါတယ်။

    ဟောင်ကောင်အတွက် စနစ်မပြောင်းဟု တရုတ်ပြော
    =============
    ဟောင်ကောင်အတွက် နိုင်ငံတစ်နိုင်ငံ စနစ်နှစ်ခု မူဝါဒကို ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ တရုတ်နိုင်ငံပိုင် သတင်းစာ China Daily ရဲ့ ဒီကနေ့ အယ်ဒီတာ့အာဘော်မှာ ရေးသားထားပါတယ်။ ၁၉၉၇ ခုနှစ် ဗြိတိသျှက တရုတ်ပြည်ကို လွှဲပြောင်းပေးပြီးတဲ့နောက်ပိုင်း ဟောင်ကောင်ဟာ တရုတ်ပြည်မကြီးမှာထက် ပိုတဲ့ လွတ်လပ်ခွင့်ကို ရရှိနေတာ ဖြစ်ပါတယ်။ Financial Times သတင်းစာက အာရှရေးရာ အယ်ဒီတာကို ဗီဇာသက်တမ်းမတိုးပေးတာနဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ ဝေဖန်မှုကိုလည်း China Daily က ပယ်ချလိုက်ပြီး အမျိုသားလုံခြုံရေးနဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို ထိခိုက်စေတဲ့အတွက် ဒီလို လုပ်ဆောင်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

    Ref: Aljazeera, CNA

  • စနေန့မနက် နိုင်ငံတကာ သတင်းများ

    စနေန့မနက် နိုင်ငံတကာ သတင်းများ

    အောက်တိုဘာ ၆၊ ၂၀၁၈
    M-Media

    လူမည်းလူငယ်ကို ပစ်သတ်ခဲ့သည့် ရဲအရာရှိဟောင်း ဒိုက်ကီ

    အစ္စရေး၏ ပစ်ခတ်မှုကြောင့် ဂါဇာတွင် ပါလက်စတိုင်း ၃ ဦးထပ်မံသေဆုံး
    ========================
    ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်မှာ မနေ့ကပြုလုပ်တဲ့ Great March of Return ဆန္ဒပြမှုအတွင်း အစ္စရေးစစ်သားတွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အသက် ၁၂ နှစ်အရွယ် ဆယ်ကျော်သက်တစ်ဦး အအပါအ၀င် ပါလက်စတိုင်း ၃ ဦး သေဆုံးခဲ့ပါတယ်။ ၁၉၄၈ ခုနှစ် ပါလက်စတိုင်းပိုင်နက်တွေကို အစ္စရေးရဲ့ ကျူးကျော် သိမ်းပိုက်မှုအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ နေရပ်ပြန်ခွင့်ရရေးအတွက် မတ်လ ၃၀ ရက်နေ့ကတည်းက စတင်ကာ ဂါဇာမှာ အပတ်စဉ် ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။ ဒီဆန္ဒပြမှုအတွင်း အစ္စရေးလက်ချက်ကြောင့် သေဆုံးသူအရေအတွက်ဟာ အနည်းဆုံး ၁၈၃ ဦး ရှိလာခဲ့ပြီး ဒဏ်ရာရသူက ၁၈၀၀၀ ကျော် ရှိနေပါတယ်။

    လူမည်းလူငယ်ကို သတ်ခဲ့သည့် အမေရိကန်ရဲအရာရှိ ထောင်နှစ် ၂၀ အထိ ကျခံရဖွယ်ရှိနေ
    =============
    ၂၀၁၄ ခုနှစ် အောက်တိုဘာ ၂၀ ရက်နေ့မှာ အသက် ၁၇ နှစ်အရွယ် လူမည်းတစ်ဦးကို ပစ်ခတ်သတ်မှုအတွက် ရဲအရာရှိ ဂျေဆန် ဗန် ဒိုက်ကီဟာ အပြစ်ရှိတယ်လို့ ချီကာဂို တရားရုံးက မနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။ ဓားကိုင်ဆောင်ထားတဲ့ လူမည်းလူငယ်ဟာ ဒိုက်ကီရဲ့အဝေးကို လျှောက်သွားခဲ့ပြီး အန္တရာယ်ပေးမယ့်အနေအထား မရှိပေမယ့် ဒိုက်ကီက သေနတ်နဲ့ ၁၆ ချက် ပစ်ခတ်ခဲ့တာကို ရဲတပ်ဖွဲ့က ရိုက်ကူးထားတဲ့ ဗီဒီယိုမှာ တွေ့ခဲ့ရပါတယ်။ တရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်လိုက်တဲ့အတွက် ဒိုက်ကီဟာ အမြင့်ဆုံး ထောင်ဒဏ် နှစ် ၂၀ အထိ ကျခံရမှာ ဖြစ်ပါတယ်။

    တောင်ကိုရီးယားသမ္မတဟောင်း ထောင် ၁၅ နှစ်ကျ
    ===============
    တောင်ကိုရီးယားသမ္မတဟောင်း လီမြောင်ဘတ်ကို လာဘ်ပေးလာဘ်ယူမှု၊ ငွေကြေး ခ၀ါချမှု၊ အာဏာ အလွဲသုံးစားလုပ်မှုတွေနဲ့ မနေ့မှာ ဆိုးလ်တရားရုံးက ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်ပါတယ်။ လီမြောင်ဘတ်ဟာ ဒဏ်ငွေ ၀မ် ၁၃ ဘီလီယံ (ကန်ဒေါ်လာ ၁၁.၅ သန်း) ပေးဆာင်ရမှာ ဖြစ်ပါတယ်။ သူကတော့ ဒီစွဲချက်တွေဟာ နိုင်ငံရေးအရ လုပ်ကြံမှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ လီဟာ စတုတ္ထမြောက် ထောင်ချခံရတဲ့ တောင်ကိုရီးယား သမ္မတဟောင်း ဖြစ်ပါတယ်။ သူ့ကိုဆက်ခံတဲ့ သမ္မတဟောင်း ပက်ဂျုံဟေးကို ဧပြီလမှာ ဆိုးလ်တရားရုံးက အာဏာအလွဲသုံးစားလုပ်မှု၊ အကြပ်ကိုင်မှုတွေနဲ့ ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခဲ့ပါတယ်။

    Ref: Aljazeera, BBC

  • ဆိုက်ဘာတိုက်ခိုက်မှုအတွက် ရုရှားစစ်ထောက်လှမ်းရေး ၇ ဦးကို အမေရိကန် တရားစွဲ

    ဆိုက်ဘာတိုက်ခိုက်မှုအတွက် ရုရှားစစ်ထောက်လှမ်းရေး ၇ ဦးကို အမေရိကန် တရားစွဲ

    အောက်တိုဘာ ၅၊ ၂၀၁၈
    M-Media

    – တားမြစ်ဆေးဆိုင်ရာ အေဂျင်စီတွေနဲ့ အခြားအဖွဲ့အစည်းတွေရဲ့ ကွန်ပျူတာစနစ်တွေထဲကို ထိုးဖောက်ဝင်ရောက်ခဲ့တယ်ဆိုတဲ့ စွဲချက်တွေနဲ့ အမေရိကန်က ရုရှား စစ်ထောက်လှမ်းရေး ၇ ဦးကို မနေ့က တရားစွဲဆိုလိုက်ပါတယ်။

    အမေရိကန် အမျိုးသားလုံခြုံရေးဆိုင်ရာ လက်ထောက်ရှေ့နေချုပ် ဂျွန် ဒီမာက ရုရှားဟက်ကာတွေ တိုက်ခိုက်မှုလုပ်ခဲ့တဲ့ အဖွဲ့အစည်းတွေထဲမှာ နယ်သာလန်နိုင်ငံ သည်ဟေ့ဂ်မြို့အခြေစိုက် ဓာတုလက်နက် တိုက်ဖျက်ရေးအဖွဲ့ Prohibition of Chemical Weapons (OPCW)၊ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ၊ အမေရိကန်အခြေစိုက် နိုင်ငံတကာ တားမြစ်ဆေး တိုက်ဖျက်ရေး အေဂျင်စီတွေ၊ အမေရိကန် နျူကလီးယားကုမ္ပဏီ Westinghouse တို့ ပါဝင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဆိုက်ဘာတိုက်ခိုက်မှုဟာ ရုရှားအစိုးရ ကျောထောက်နောက်ခံပြုထားတဲ့ အားကစားသမားတွေ တားမြစ်ဆေးသုံးစွဲမှုအစီအစဉ်ကို ဖော်ထုတ်တဲ့ တာဝန်ရှိသူတွေကို သိရှိနိုင်ဖို့၊ တားမြစ်ဆေး တိုက်ဖျက်ရေးအဖွဲ့တွေကို နာမည်ဖျက်ဖို့ ရည်ရွယ်တယ်လို့ဆိုကာ အမေရိကန် တရားရေးဌာနက တရားစွဲခဲ့တာ ဖြစ်ပါတယ်။

    တရားစွဲဆိုမှုတွေထဲမှာ ငွေကြေးခ၀ါချမှု၊ Bitcoin လို ဒစ်ဂျစ်တယ်ငွေကြေးတွေ အသုံးပြုမှု၊ လိမ်လည်မှု၊ တစ်ခြားသူတွေရဲ့ စာရွက်စာတမ်းတွေ ခိုးယူမှုလည်း ပါဝင်ပါတယ်။

    ဂျွန်ဒီမာက ရန်ညှိုးထားပြီး၊ နာမည်ဖျက်ဖို့ရည်ရွယ်တဲ့ ဆိုက်ဘာတိုက်ခိုက်မှု၊ လွှမ်းမိုးဖို့ ကြိုးစားမှုတွေကို အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက ထိထိရောက်ရောက် တားဆီးအရေးယူသွားမယ်ဆိုတာကို ရုရှားနဲ့ အခြားနိုင်ငံတွေက နားလည်ထားကြဖို့ လိုတယ်လို့ ပြောကြားခဲ့ပါတယ်။

    တစ်ခြားနိုင်ငံတွေလည်း ဖော်ထုတ်

    နယ်သာလန်နိုင်ငံက သူတို့ဟာ ဧပြီလအတွင်းမှာ OPCW ကို ရုရှားထောက်လှမ်းရေးအေးဂျင့်တွေက ဟက်ဖို့ ကြိုးစားမှုကို တားဆီးနိုင်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

    အားကစား၊ သယ်ယူပို့ဆောင်ရေးနဲ့ ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွေမှာ ရှုပ်ထွေးမှုတွေ ဖြစ်ပွားအောင်လုပ်ကာ အနောက်နိုင်ငံတွေရဲ့ ဒီမိုကရေစီ ပျက်ဆီးအောင်ရည်ရွယ်တဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေလုပ်ဖို့ ရုရှားရဲ့ GRU စစ်ဖက်အေဂျင်စီတစ်ခုက ညွှန်ကြားခဲ့တယ်လို့ ယူကေက အခုရက်ပိုင်းအတွင်း စွပ်စွဲထားပါတယ်။

    သည်ဟေ့ဂ်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒက်ခ်ျ ကာကွယ်ရေးဝန်ကြီး အန့် ဘစ်ဂ်ျလေဗယ်က အနောက်နိုင်ငံတွေရဲ့ ဒီမိုကရေစီ ပျက်စီးအောင် ရည်ရွယ်တဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့ ရုရှားကို ဆော်သြခဲ့ပါတယ်။

    Ref: Aljazeera